ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဇွန် စာ. ၁၄-၁၉
  • စိတ်ဖိစီးချိန်မှာ ယေဟောဝါကို အားကိုးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဖိစီးချိန်မှာ ယေဟောဝါကို အားကိုးပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့” ဧလိယ
  • ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီမလဲ
  • ဟန္န၊ ဒါဝိဒ်၊ ဆာလံဆရာတစ်ယောက် ယေဟောဝါကို အားကိုးခဲ့
  • ယေဟောဝါကို အားကိုးပြီး ရင်ဆိုင်ပါ
  • ဘုရားသခင်ဆီကနေ သူ နှစ်သိမ့်မှုရခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ဘုရားသခင်ဆီကနေ နှစ်သိမ့်မှုရရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • တစ်ယောက်တည်းဖြစ်ပြီး ကြောက်နေတဲ့ ကလေး
    ကလေးတွေကို သင်ပေးပါ
  • သင်သည် ဧလိယကဲ့သို့ သစ္စာရှိမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဇွန် စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၂၅

စိတ်ဖိစီးချိန်မှာ ယေဟောဝါကို အားကိုးပါ

“ကျွန်မ စိတ်ဖိစီးမှု များလွန်းလို့ပါ။”—၁ ရှ. ၁:၁၅။

သီချင်း ၃၀ ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ

အကြိုသုံးသပ်ချက်a

၁။ ယေရှုရဲ့ သတိပေးချက်ကို ဘာကြောင့် နာခံသင့်သလဲ။

နောက်ဆုံးကာလအကြောင်း ပရောဖက်ပြုချက်မှာ ယေရှုက “ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့် စိတ်နှလုံး ဝန်ပိမနေဖို့ ခင်ဗျားတို့ သတိထားကြပါ” လို့ ပြောတယ်။ စားဝတ်နေရေးနဲ့ နေ့စဉ် ဘဝအတွက် စိုးရိမ်ပူပန်စရာတွေကို ပြောနေတာ။ (လု. ၂၁:၃၄) အဲဒီသတိပေးချက်ကို နာခံသင့်တယ်။ ဘာကြောင့်လဲ။ တခြားသူတွေလိုပဲ ကျွန်တော်တို့လည်း စိတ်ဖိစီးစရာ ပြဿနာတွေ ကြုံနေရလို့ပါ။

၂။ ညီအစ်ကို/မတွေဟာ ဘယ်စိတ်ဖိစီးစရာ ပြဿနာတွေ ရင်ဆိုင်နေရသလဲ။

၂ တစ်ခါတလေ စိတ်ဖိစီးစရာ ပြဿနာတွေကို တစ်ပြိုင်တည်း ပြုံပြီး ကြုံရတတ်တယ်။ ဥပမာ၊ ညီအစ်ကို ဂျွန်b ဟာ နာတာရှည် အာရုံကြောရောဂါ ခံစားနေရတယ်။ အိမ်ထောင်သက် ၁၉ နှစ်မှာ ဇနီးက စွန့်သွားတယ်။ သမီးနှစ်ယောက်က ယေဟောဝါကို ဆက်ဝတ်မပြုတော့ဘူး။ ဘော့နဲ့ လင်ဒါဆိုတဲ့ ဇနီးမောင်နှံလည်း အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတယ်။ နှစ်ယောက်စလုံး အလုပ်ပြုတ်သွားတယ်။ လက်ရှိနေတဲ့အိမ်မှာ ဆက်မနေနိုင်တော့ဘူး။ ဒါ့အပြင် လင်ဒါဟာ ပြင်းထန်တဲ့ နှလုံးရောဂါ ခံစားနေရမှန်း၊ ကိုယ်ခံအား ပျက်စီးစေတဲ့ရောဂါ ရှိနေမှန်း သိလိုက်ရတယ်။

၃။ ဖိလိပ္ပိ ၄:၆၊ ၇ အရ ကျွန်တော်တို့ ဘာကို စိတ်ချနိုင်သလဲ။

၃ ကျွန်တော်တို့ ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ဖန်ဆင်းရှင်၊ မေတ္တာရှင် ဖခင် ယေဟောဝါ နားလည်ကြောင်း စိတ်ချနိုင်ပါတယ်။ အဲဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးချင်တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။) ကျမ်းစာမှာ ဘုရားရဲ့ ကျေးကျွန်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေအကြောင်း၊ အဲဒီအခက်အခဲတွေကို ရင်ဆိုင်နိုင်အောင် ယေဟောဝါ ကူညီပေးပုံအကြောင်း ဖော်ပြထားတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ကြစို့။

“ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့” ဧလိယ

၄။ ဘယ်အခက်အခဲတွေကို ဧလိယ ရင်ဆိုင်ခဲ့ရသလဲ။ ဧလိယ ဘာခံစားခဲ့ရသလဲ။

၄ ခက်ခဲချိန်တစ်လျှောက် ဧလိယဟာ ယေဟောဝါကို ကိုးကွယ်ခဲ့တယ်။ ကြီးမားတဲ့ အခက်အခဲတွေလည်း ရင်ဆိုင်ခဲ့ရတယ်။ သစ္စာမဲ့ ဘုရင် အာဟပ်က ဗာလဝတ်ပြုသူ ယေဇဗေလကို လက်ထပ်ပြီး တစ်ပြည်လုံးကို ဗာလဝတ်ပြုရေးနဲ့ ပြည့်စေခဲ့တယ်။ သူတို့နှစ်ယောက် ယေဟောဝါရဲ့ ပရောဖက်တွေကို သတ်ပစ်လို့ ဧလိယ အသက်လုပြီး ထွက်ပြေးရတယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် အငတ်ဘေးကနေ လွတ်မြောက်သွားတယ်။ (၁ ဘု. ၁၇:၂-၄၊ ၁၄-၁၆) မှားယွင်းတဲ့ ပရောဖက်တွေ၊ ဗာလဝတ်ပြုသူတွေနဲ့ ရင်ဆိုင်ရချိန်မှာ ယေဟောဝါကို ဧလိယ အားကိုးတယ်။ ယေဟောဝါကို ဝတ်ပြုဖို့ အစ္စရေးတွေကို အားပေးတယ်။ (၁ ဘု. ၁၈:၂၁-၂၄၊ ၃၆-၃၈) အဲဒီလို ဖိစီးမှုကြုံရချိန် တစ်လျှောက်လုံးမှာ ယေဟောဝါရဲ့ ထောက်မကာကွယ်ပေးမှုကို ဧလိယ ခံစားခဲ့ရတယ်။

ဧလိယကို ကောင်းကင်တမန် အားပေးနေ

ဧလိယကို ခွန်အားပေးဖို့ ကောင်းကင်တမန်ကို ယေဟောဝါ စေလွှတ် (အပိုဒ် ၅-၆ ကိုကြည့်ပါ)c

၅-၆။ ၁ ဘုရင်များ ၁၉:၁-၄ အရ ဧလိယ ဘယ်လို ခံစားရသလဲ။ ဧလိယကို ချစ်ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။

၅ ၁ ဘုရင်များ ၁၉:၁-၄ ကိုဖတ်ပါ။ မိဖုရား ယေဇဗေလက သတ်မယ်လို့ ခြိမ်းခြောက်တဲ့အခါ ဧလိယ ကြောက်လန့်ပြီး ဗေရရှေဘမြို့ကို ထွက်ပြေးတယ်။ စိတ်ဓာတ်ကျလွန်းလို့ “သေပါရစေလို့ ဆုတောင်း” တယ်။ ဧလိယ ဘာကြောင့် အဲဒီလို ခံစားရတာလဲ။ သူဟာ “ကျွန်တော်တို့လိုပဲ ခံစားချက်ရှိတဲ့လူ၊” မစုံလင်တဲ့လူ ဖြစ်လို့ပဲ။ (ယာ. ၅:၁၇) စိတ်ဖိစီးပြီး မောပန်းလွန်းလို့လည်း ဖြစ်နိုင်တယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို မြှင့်တင်ပေးတဲ့ မိမိရဲ့ လုပ်ဆောင်မှုတွေ အရာမထင်ဘူး၊ အစ္စရေးတွေရဲ့ အခြေအနေ မတိုးတက်လာဘူး၊ ယေဟောဝါကို ဝတ်ပြုသူဆိုလို့ မိမိတစ်ယောက်တည်းပဲ ကျန်တယ်လို့ ထင်နေပုံရတယ်။ (၁ ဘု. ၁၈:၃၊ ၄၊ ၁၃။ ၁၉:၁၀၊ ၁၄) ဒီသစ္စာရှိ ပရောဖက်ရဲ့ ခံစားချက်ကို ကျွန်တော်တို့ အံ့ဩမိနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကတော့ ဧလိယရဲ့ ခံစားချက်ကို နားလည်ပေးတယ်။

၆ ခံစားချက်တွေ ရင်ဖွင့်ပြောပြတဲ့ ဧလိယကို ယေဟောဝါ အပြစ်တင်မယ့်အစား ခွန်အား ပြန်ရှိလာအောင် ကူညီပေးတယ်။ (၁ ဘု. ၁၉:၅-၇) နောက်ပိုင်း မိမိရဲ့ တန်ခိုးကို ထင်ရှားပြပြီး ဧလိယရဲ့ အတွေးအခေါ်ကို ကြင်နာစွာ တည့်မတ်ပေးတယ်။ အစ္စရေးပြည်မှာ ဗာလကို ဝတ်မပြုသူ ၇,၀၀၀ ရှိသေးတယ်လို့ ယေဟောဝါ ပြောတယ်။ (၁ ဘု. ၁၉:၁၁-၁၈) ဒါတွေဟာ ဧလိယကို ချစ်ကြောင်း လက်တွေ့ကျနည်းတွေနဲ့ ယေဟောဝါ ဖော်ပြလိုက်တာပဲ။

ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီမလဲ

၇။ ဧလိယကို ယေဟောဝါ ကူညီပေးပုံကနေ ကျွန်တော်တို့ ဘယ်လို ခွန်အားရသလဲ။

၇ စိတ်ဖိစီးစရာ အခြေအနေတွေကို သင် ကြုံနေရသလား။ ဧလိယရဲ့ ခံစားချက်တွေကို ယေဟောဝါ နားလည်ပေးကြောင်း သိရခြင်းက နှစ်သိမ့်မှု ရစေတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဒုက္ခတွေကိုလည်း ဘုရား နားလည်ပေးကြောင်း စိတ်ချစေတယ်။ ကျွန်တော်တို့ရဲ့ ကန့်သတ်ချက်တွေကို သိပြီး ဘာတွေ တွေးနေတယ်၊ ခံစားနေတယ်ဆိုတာတောင် သိတယ်။ (ဆာ. ၁၀၃:၁၄။ ၁၃၉:၃၊ ၄) ဧလိယကို တုပပြီး ယေဟောဝါကို အားကိုးမယ်ဆိုရင် ဖိစီးမှု ဖြစ်စေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘုရား ကူညီပေးပါလိမ့်မယ်။—ဆာ. ၅၅:၂၂။

၈။ ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ယေဟောဝါ ဘယ်လို ကူညီပေးမလဲ။

၈ ဖိစီးမှုကြောင့် အပျက်သဘောတွေ ဝင်လာပြီး စိတ်ဓာတ်ကျလာနိုင်တယ်။ အဲဒီလိုဖြစ်ရင် ဖိစီးမှုတွေကို ဖြေရှင်းနိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ သတိရပါ။ ဘယ်လို ကူညီပေးမလဲ။ စိုးရိမ်သောကတွေကို ရင်ဖွင့်ပြောပြဖို့ ဘုရား ဖိတ်ခေါ်ထားတယ်။ သင် အကူအညီတောင်းတဲ့အခါ ဖြေကြားပေးပါလိမ့်မယ်။ (ဆာ. ၅:၃။ ၁ ပေ. ၅:၇) ဒါကြောင့် ကိုယ့်ရဲ့ ပြဿနာတွေအကြောင်း ယေဟောဝါကို ဆုတောင်းပြောပြပါ။ ဧလိယလို သင့်ကို ဘုရားသခင် တိုက်ရိုက် စကားပြောမှာ မဟုတ်ပေမဲ့ ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် စကားပြောပါလိမ့်မယ်။ ကျမ်းစာမှတ်တမ်းတွေက နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် ပေးပါလိမ့်မယ်။ ညီအစ်ကို/မတွေကလည်း သင့်ကို အားပေးနိုင်ပါတယ်။—ရော. ၁၅:၄။ ဟီ. ၁၀:၂၄၊ ၂၅။

၉။ စိတ်ချရတဲ့ မိတ်ဆွေက ဘယ်လို ကူညီပေးနိုင်သလဲ။

၉ ဧလိရှဲဆီ တာဝန်လွှဲပေးဖို့ ယေဟောဝါ ပြောတာက ဧလိယ အလွန်လိုအပ်နေတဲ့ အဖော်ကို ပြင်ဆင်ပေးလိုက်တာပဲ။ ဧလိရှဲဟာ ဧလိယရဲ့ စိတ်သောကတွေကို ခံရပ်နိုင်အောင် ကူညီပေးမှာ သေချာတယ်။ ကျွန်တော်တို့လည်း စိတ်ချရတဲ့ မိတ်ဆွေဆီ ရင်ဖွင့်တဲ့အခါ စိတ်သောကတွေကို ခံရပ်နိုင်အောင် သူ ကူညီပေးနိုင်တယ်။ (၂ ဘု. ၂:၂။ ပညာ. ၁၇:၁၇) ရင်ဖွင့်စရာ တစ်ယောက်မှ မရှိဘူးလို့ ခံစားနေရရင် စိတ်ပိုင်းဆိုင်ရာ ထောက်မပေးနိုင်မယ့် ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ယောက် ရှာတွေ့နိုင်အောင် ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပါ။

၁၀။ ဧလိယမှတ်တမ်းက မျှော်လင့်ချက် ဘယ်လို ရှိစေသလဲ။ ဟေရှာယ ၄၀:၂၈၊ ၂၉ မှာပါတဲ့ ကတိက ဘယ်လို ကူညီပေးနိုင်သလဲ။

၁၀ ဖိစီးမှုကို ရင်ဆိုင်ပြီး နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်နိုင်ဖို့ ဧလိယကို ယေဟောဝါ ကူညီပေးတယ်။ ဧလိယရဲ့ မှတ်တမ်းက ကျွန်တော်တို့ကို မျှော်လင့်ချက် ရှိစေတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း ချုံးချုံးကျစေတဲ့ ဖိစီးမှုတွေကို ကျွန်တော်တို့ ကြုံနေရတာ ဖြစ်နိုင်တယ်။ ယေဟောဝါကို အားကိုးမယ်ဆိုရင် ဆက်အမှုဆောင်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းခွန်အားကို ပေးပါလိမ့်မယ်။—ဟေရှာယ ၄၀:၂၈၊ ၂၉ ကိုဖတ်ပါ။

ဟန္န၊ ဒါဝိဒ်၊ ဆာလံဆရာတစ်ယောက် ယေဟောဝါကို အားကိုးခဲ့

၁၁-၁၃။ ဘုရားသခင့် သစ္စာရှိကျေးကျွန် သုံးယောက် ဘယ်လို စိတ်ဖိစီးစရာ အခြေအနေတွေ ကြုံခဲ့ရသလဲ။

၁၁ ကျမ်းစာပါ တခြားသူတွေလည်း စိတ်ဖိစီးမှု ကြုံခဲ့ရတယ်။ ဥပမာ၊ ဟန္နဟာ သားသမီး မရှိလို့ အရှက်ခွဲခံရသလို ပြိုင်ဘက်မိန်းမ ပေနိန္န ကဲ့ရဲ့လှောင်ပြောင်တာကိုလည်း ခံရတယ်။ (၁ ရှ. ၁:၂၊ ၆) စိတ်ဖိစီးလွန်းလို့ မစားနိုင်၊ မသောက်နိုင်ဘဲ ငိုခဲ့ရတယ်။—၁ ရှ. ၁:၇၊ ၁၀။

၁၂ ဘုရင်ဒါဝိဒ်လည်း ဖိစီးမှုတွေ ကြုံရတယ်။ သူကြုံရတဲ့ အခက်အခဲတွေကို စဉ်းစားကြည့်ပါ။ ပြုမိတဲ့ အမှားတွေကြောင့် ဝန်ပိနေတယ်။ (ဆာ. ၄၀:၁၂) ချစ်ရတဲ့သား အဗရှလုံက သူ့ကို ပုန်ကန်ပြီး အသတ်ခံလိုက်ရတယ်။ (၂ ရှ. ၁၅:၁၃၊ ၁၄။ ၁၈:၃၃) အရင်းနှီးဆုံး မိတ်ဆွေက သစ္စာဖောက်သွားတယ်။ (၂ ရှ. ၁၆:၂၃–၁၇:၂။ ဆာလံ ၅၅:၁၂-၁၄) ဒါဝိဒ်ရေးတဲ့ ဆာလံသီချင်းများစွာမှာ သူ့ရဲ့ စိတ်ဓာတ်ကျမှုနဲ့ ယေဟောဝါအပေါ် ယုံကြည်ကိုးစားမှုကို ဖော်ပြထားတယ်။—ဆာ. ၃၈:၅-၁၀။ ၉၄:၁၇-၁၉။

အာသပ်ရဲ့ သားမြေးဖြစ်တဲ့ ဆာလံဆရာဟာ ဆာလံသီချင်းတွေ ရေးစပ်ပြီး လေဝိအမျိုးသားချင်းတွေနဲ့ သီဆိုနေ

ဘုရားအမှုတော်မှာ ပြန်ပျော်ရွှင်လာဖို့ ဆာလံဆရာကို ဘာက ကူညီပေးသလဲ (အပိုဒ် ၁၃-၁၅ ကိုကြည့်ပါ)d

၁၃ နောက်ပိုင်း ဆာလံဆရာတစ်ယောက်က လူဆိုးတွေကို မနာလိုဖြစ်မိတယ်။ သူဟာ လေဝိအမျိုးသား အာသပ်ရဲ့ သားမြေး ဖြစ်နိုင်တယ်။ “ဘုရားသခင်ရဲ့ ခမ်းနားတဲ့ သန့်ရှင်းရာဌာနတော်” မှာ အမှုဆောင်နေသူဖြစ်တယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုကြောင့် ပျော်ရွှင်ကျေနပ်မှု မရှိတော့ဘူး။ ဘုရားအမှုဆောင်ခြင်းကနေ ရတဲ့ ကောင်းချီးတွေကိုတောင် သံသယဝင်လာတယ်။—ဆာ. ၇၃:၂-၅၊ ၇၊ ၁၂-၁၄၊ ၁၆၊ ၁၇၊ ၂၁။

၁၄-၁၅။ ယေဟောဝါဆီ အကူအညီတောင်းခဲ့တဲ့ ကျမ်းစာပုံနမူနာ သုံးခုကနေ ဘာသင်ယူနိုင်သလဲ။

၁၄ သူတို့သုံးယောက်စလုံးဟာ အကူအညီရဖို့ ယေဟောဝါကို အားကိုးကြတယ်။ စိုးရိမ်ပူပန်မှုတွေကို ရင်ဖွင့်ဆုတောင်းကြတယ်။ စိတ်ဖိစီးရတဲ့ အကြောင်းရင်းကို ဘုရားဆီ ပွင့်ပွင့်လင်းလင်း ပြောပြကြတယ်။ ယေဟောဝါကို ဝတ်ပြုတဲ့နေရာဆီ သွားမြဲသွားခဲ့ကြတယ်။—၁ ရှ. ၁:၉၊ ၁၀။ ဆာ. ၅၅:၂၂။ ၇၃:၁၇။ ၁၂၂:၁။

၁၅ ယေဟောဝါက သူတို့ တစ်ယောက်စီကို ကြင်ကြင်နာနာ တုံ့ပြန်တယ်။ ဟန္န စိတ်ငြိမ်သက်မှု ရခဲ့တယ်။ (၁ ရှ. ၁:၁၈) ဒါဝိဒ်က “ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရပေမဲ့ ယေဟောဝါက အခက်အခဲ မှန်သမျှကနေ သူ့ကို ကယ်တင်တယ်” လို့ ရေးတယ်။ (ဆာ. ၃၄:၁၉) ဆာလံဆရာက မိမိရဲ့ “ညာလက်ကို ကိုယ်တော် ဆုပ်ကိုင်ထား” ပြီး လမ်းပြညွှန်ကြားနေတယ်လို့ ခံစားခဲ့ရတယ်။ “ကျွန်တော့်အတွက်တော့ ဘုရားသခင့် အနီးအပါးမှာ နေရတာ အကျိုးရှိပါတယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါဆီမှာ ကျွန်တော် ခိုလှုံနေပါတယ်” လို့ ရေးခဲ့တယ်။ (ဆာ. ၇၃:၂၃၊ ၂၄၊ ၂၈) အဲဒီမှတ်တမ်းတွေကနေ ဘာသင်ယူရသလဲ။ ကျွန်တော်တို့လည်း စိတ်ဖိစီးမှု ဖြစ်စေတဲ့ ပြဿနာတွေနဲ့ ဝန်ပိနေနိုင်တယ်။ ဒါပေမဲ့ တခြားသူတွေကို ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း တွေးတောဆင်ခြင်မယ်၊ ဘုရားဆီ ဆုတောင်းပြီး အားကိုးမယ်၊ ဘုရား တောင်းဆိုတာတွေကို နာခံမယ်ဆိုရင် ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။—ဆာ. ၁၄၃:၁၊ ၄-၈။

ယေဟောဝါကို အားကိုးပြီး ရင်ဆိုင်ပါ

ညီအစ်မတစ်ယောက် တသီးတခြား နေချိန်မှာ စိတ်ညစ်နေပေမဲ့ ဘီးတပ်ကုလားထိုင်နဲ့ပဲ နေရတဲ့ အမျိုးသမီးကို သက်သေခံချိန်မှာ တခြားသူတွေကို ကိုယ်ချင်းစာတတ်လာ

ညီအစ်မတစ်ယောက်က အစပိုင်းမှာ တသီးတခြားနေပေမဲ့ တခြားသူတွေကို ကူညီပေးတဲ့အခါ အခြေအနေ ပြောင်းလဲလာ (အပိုဒ် ၁၆-၁၇ ကိုကြည့်ပါ)

၁၆-၁၇။ (က) ဘာကြောင့် တသီးတခြား မနေသင့်သလဲ။ (ခ) ခွန်အား ဘယ်လို ပြန်ရနိုင်သလဲ။

၁၆ အဲဒီကျမ်းစာမှတ်တမ်း သုံးခုကနေ အရေးကြီး သင်ခန်းစာ နောက်တစ်ခု ရနိုင်တယ်– ယေဟောဝါနဲ့၊ ဘုရားလူမျိုးနဲ့ ဘယ်တော့မှ တသီးတခြား မနေသင့်ဘူး။ (ပညာ. ၁၈:၁) ခင်ပွန်း စွန့်သွားလို့ အကြီးအကျယ် စိတ်ဖိစီးခဲ့တဲ့ ညီအစ်မ နန်စီက “တစ်ခါတလေ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး။ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး။ ဒါပေမဲ့ တစ်ယောက်တည်းနေလေ ပိုစိတ်ညစ်လေပဲ” လို့ ပြောတယ်။ ပြဿနာ ကြုံနေရသူတွေကို ကူညီပေးတဲ့အခါ နန်စီရဲ့ အခြေအနေ ပြောင်းလဲလာတယ်။ “ပြဿနာတွေအကြောင်း တခြားသူတွေ ပြောပြတဲ့အခါ ကျွန်မ နားထောင်ပေးတယ်။ သူတို့ကို ကိုယ်ချင်းစာလေ ကိုယ့်ကိုယ်ကိုယ် သနားစိတ် လျော့သွားလေပဲဆိုတာ သတိထားမိတယ်” လို့ သူပြောတယ်။

၁၇ အသင်းတော် အစည်းအဝေးတွေ တက်ခြင်းအားဖြင့်လည်း ခွန်အားရနိုင်တယ်။ အစည်းအဝေးတက်ခြင်းက ကျွန်တော်တို့ကို ‘ကူညီမစ၊ နှစ်သိမ့်ပေး’ ဖို့ ယေဟောဝါကို အခွင့်အရေး ပေးရာရောက်တယ်။ (ဆာ. ၈၆:၁၇) သန့်ရှင်းသော စွမ်းအားတော်၊ ကျမ်းစာ၊ လူမျိုးတော်အားဖြင့် ကျွန်တော်တို့ကို ဘုရား ခွန်အားပေးနေတယ်။ အစည်းအဝေးတွေက “အပြန်အလှန် အားပေးခွင့်” ရစေတယ်။ (ရော. ၁:၁၁၊ ၁၂) ဆိုဖီယာဆိုတဲ့ ညီအစ်မက “ကျွန်မ ခံရပ်နိုင်အောင် ယေဟောဝါနဲ့ ညီအစ်ကို/မတွေ ကူညီပေးကြတယ်။ ကျွန်မအတွက် အရေးကြီးဆုံးက အစည်းအဝေးတက်ခြင်းပါပဲ။ အမှုဆောင်နဲ့ အသင်းတော်မှာ ပိုပါဝင်လေ စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်လေပဲ” လို့ ပြောတယ်။

၁၈။ ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါ ယေဟောဝါ ဘာလုပ်ပေးနိုင်သလဲ။

၁၈ ကျွန်တော်တို့ စိတ်ဓာတ်ကျတဲ့အခါ ယေဟောဝါရဲ့ အနာဂတ်ကတိတွေကိုသာမက လောလောဆယ် စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးမယ်ဆိုတဲ့ ကတိတွေကိုလည်း သတိရကြပါစို့။ စိတ်ဓာတ်ကျတာ၊ မျှော်လင့်ချက်မဲ့တာတွေကို ရင်ဆိုင်ဖြေရှင်းချင်စိတ်ကိုသာမက ဖြေရှင်းနိုင်စွမ်းကိုပါ ဘုရားသခင် ပေးပါလိမ့်မယ်။—ဖိ. ၂:၁၃။

၁၉။ ရောမ ၈:၃၇-၃၉ မှာ ဘယ်အာမခံချက် ပေးထားသလဲ။

၁၉ ရောမ ၈:၃၇-၃၉ ကိုဖတ်ပါ။ ဘုရားမေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘာကမှ မတားဆီးနိုင်ဘူးလို့ တမန်တော် ပေါလု ပြောတယ်။ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနေရတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်မလဲ။ စိတ်ဖိစီးနေတဲ့ ညီအစ်ကို/မတွေကို ထောက်မခြင်း၊ ထောက်ထားစာနာမှု ပြခြင်းအားဖြင့် ယေဟောဝါကို ဘယ်လို တုပနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • စိတ်ဖိစီးနေတဲ့ ဧလိယကို ယေဟောဝါ ကူညီပုံကနေ ဘာသင်ယူနိုင်သလဲ။

  • စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာမှတ်တမ်း သုံးခုက ဘာဖော်ပြသလဲ။

  • စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်း နိုင်ဖို့ ဘာတွေ လုပ်ဆောင် နိုင်သလဲ။

သီချင်း ၄၄ နိမ့်ကျသူရဲ့ ဆုတောင်းစကား

a စိတ်ဖိစီးမှု များလွန်းတာ၊ ရေရှည် စိတ်ဖိစီးနေတာက ရုပ်ပိုင်း၊ စိတ်ပိုင်းကို ထိခိုက်နိုင်တယ်။ ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။ စိတ်ဖိစီးနေတဲ့ ဧလိယကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့ကြောင်း သုံးသပ်ကြပါမယ်။ စိတ်ဖိစီးချိန်မှာ ယေဟောဝါကို ဘယ်လို အားကိုးနိုင်ကြောင်း ဖော်ပြတဲ့ တခြားကျမ်းစာ ပုံနမူနာတွေကိုလည်း လေ့လာကြပါမယ်။

b အမည်လွှဲများ။

c ပုံအညွှန်း– ယေဟောဝါရဲ့ ကောင်းကင်တမန်က ဧလိယကို ညင်ညင်သာသာ နှိုးပြီး မုန့်နဲ့ ရေ ပေးနေ။

d ပုံအညွှန်း– အာသပ်ရဲ့ သားမြေးဖြစ်နိုင်တဲ့ ဆာလံဆရာက လေဝိအမျိုးသားတွေနဲ့အတူ ဆာလံသီချင်းတွေ ရေးစပ် သီဆိုနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ