ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဩဂုတ် စာ. ၁၄-၁၉
  • သင့်ရဲ့ ‘သွန်သင်ချက်ကို နားထောင်သူတွေ ကယ်တင်ခြင်း ရလိမ့်မယ်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ရဲ့ ‘သွန်သင်ချက်ကို နားထောင်သူတွေ ကယ်တင်ခြင်း ရလိမ့်မယ်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆွေမျိုးတွေကို ဘာကြောင့် သက်သေခံသင့်သလဲ
  • ဆွေမျိုးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ
  • အသင်းတော်က ဘယ်လို ကူညီပေးနိုင်သလဲ
  • ဆွေမျိုးများအား သက်သေခံခြင်း—မည်သို့နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၄
  • မယုံကြည်တဲ့ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
    ကင်းမျှော်စင်—မယုံကြည်တဲ့ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ
  • အမှန်တရားက “ငြိမ်သက်ခြင်းအစား ဓားကို” ယူဆောင်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • သင့်ဆွေမျိုးများကော မည်သို့နည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဩဂုတ် စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၃၃

သင့်ရဲ့ “သွန်သင်ချက်ကို နားထောင်သူတွေ” ကယ်တင်ခြင်း ရလိမ့်မယ်

“ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ သွန်သင်ချက်ကိုပါ အမြဲ ဂရုစိုက်ပါ။ အဲဒီအရာတွေကို မဆုတ်မနစ် လုပ်ဆောင်ပါ။ အဲဒီလိုလုပ်မယ်ဆိုရင် ကိုယ်တိုင်သာမက ကိုယ့်ရဲ့ သွန်သင်ချက်ကို နားထောင်သူတွေပါ ကယ်တင်ခြင်း ရလိမ့်မယ်။”—၁ တိ. ၄:၁၆။

သီချင်း ၆၇ “တရားစကားကို ဟောပြောပါ”

အကြိုသုံးသပ်ချက်a

၁။ ဆွေမျိုးတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ဘယ်လို ဆန္ဒရှိကြသလဲ။

“အမှန်တရား စသိကတည်းက မိသားစုဝင်တိုင်းကို ကိုယ်နဲ့အတူ ပရဒိသုမှာ ရှိစေချင်တယ်။ အထူးသဖြင့် ကျွန်မယောက်ျား ဝိန်းနဲ့ သားလေးကိုပေါ့” လို့ ညီအစ်မ ပေါ်လင်းb ပြောတယ်။ သင့်မှာကော ယေဟောဝါကို ဝတ်မပြုသေးတဲ့ ဆွေမျိုးတွေ ရှိသလား။ ဒါဆိုရင် ပေါ်လင်းလို ခံစားရနိုင်တယ်။

၂။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

၂ သတင်းကောင်း လက်ခံလာဖို့ ဆွေမျိုးတွေကို အတင်းဖိအားပေးလို့ မရပေမဲ့ စိတ်ဝင်စားလာအောင် ကူညီပေးလို့တော့ ရတယ်။ (၂ တိ. ၃:၁၄၊ ၁၅) ဆွေမျိုးတွေကို ဘာကြောင့် သက်သေခံသင့်သလဲ။ ဘာကြောင့် စာနာမှု ပြသင့်သလဲ။ ယေဟောဝါကို ချစ်လာအောင် ဆွေမျိုးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ။ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတွေ ဘယ်လို ကူညီပေးနိုင်မလဲ။

ဆွေမျိုးတွေကို ဘာကြောင့် သက်သေခံသင့်သလဲ

၃။ ၂ ပေတရု ၃:၉ အရ ဆွေမျိုးတွေကို ဘာကြောင့် သက်သေခံသင့်သလဲ။

၃ မကြာခင် ဒီစနစ်ဆိုးကို ယေဟောဝါ အဆုံးတိုင်စေပါတော့မယ်။ “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစားတဲ့သူတွေ” ပဲ လွတ်မြောက်မယ်။ (တ. ၁၃:၄၈) ကျွန်တော်တို့ဟာ ရပ်ကွက်မှာ သူစိမ်းတွေကိုတောင် အချိန်နဲ့ ခွန်အားများစွာ စိုက်ထုတ်ပြီး ဟောနေတဲ့အတွက် ဆွေမျိုးတွေကိုလည်း ယေဟောဝါကို ဝတ်ပြုသူတွေ ဖြစ်လာစေချင်ကြတယ်။ မေတ္တာရှင် ဖခင် ယေဟောဝါဟာ ‘ဘယ်သူ့ကိုမှ မပျက်စီးစေချင်ဘူး။ လူအားလုံးကို နောင်တရစေချင်တယ်။’—၂ ပေတရု ၃:၉ ကိုဖတ်ပါ။

၄။ ဆွေမျိုးတွေကို သက်သေခံတဲ့အခါ ဘယ်အမှား လုပ်မိနိုင်သလဲ။

၄ ကယ်တင်ခြင်းသတင်း ဝေမျှရာမှာ မှန်တဲ့နည်းနဲ့ မှားတဲ့နည်း ရှိတယ်ဆိုတာ သတိရသင့်တယ်။ ကျွန်တော်တို့က သူစိမ်းတစ်ယောက်ကို လိမ္မာပါးနပ်စွာ ဟောပေမဲ့ ဆွေမျိုးတွေကိုတော့ တုတ်ထိုးအိုးပေါက် ပြောမိနိုင်တယ်။

၅။ ဆွေမျိုးတွေကို အမှန်တရားအကြောင်း မပြောခင် ဘယ်အချက်တွေကို သတိရသင့်သလဲ။

၅ ဆွေမျိုးတွေကို စသက်သေခံတုန်းကအကြောင်း ပြန်စဉ်းစားလိုက်တဲ့အခါ အဲဒီလိုပုံစံနဲ့ မပြောခဲ့ရင် အကောင်းသားလို့ တွေးပြီး နောင်တရမိနိုင်တယ်။ “ဆားခတ်ထားတဲ့ အစာဟာ အရသာရှိသလို ယဉ်ကျေးတဲ့စကားတွေဟာ နှစ်သက်စရာ ဖြစ်စေတယ်။ ဒါကြောင့် စကားပြောဆိုတဲ့အခါ အမြဲ ယဉ်ကျေးသိမ်မွေ့ကြပါ။ ဒါဆိုရင် လူတိုင်းကို ဘယ်လို ပြန်ပြောရမယ်ဆိုတာ သိလိမ့်မယ်” လို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု အကြံပေးတယ်။ (ကော. ၄:၅၊ ၆) ဆွေမျိုးတွေကို ဟောတဲ့အခါ အဲဒီအကြံပြုချက်ကို သတိရသင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် သူတို့ကို ဆွဲခေါ်မယ့်အစား တွန်းထုတ်သလို ဖြစ်သွားနိုင်တယ်။

ဆွေမျိုးတွေကို ဘယ်လို ကူညီပေးနိုင်သလဲ

ညီအစ်မတစ်ယောက်က မယုံကြည်သူ ခင်ပွန်း တစ်နေ့တာ အလုပ်တွေအကြောင်း ပြောပြတာကို နားထောင်နေ။ နောက်ပိုင်း မိသားစုနဲ့အတူ အပန်းဖြေနေ

သင့်ရဲ့ စာနာမှုနဲ့ လုပ်ရပ်က သက်သေခံချက်ကောင်း ဖြစ်စေနိုင် (အပိုဒ် ၆-၈ ကိုကြည့်ပါ)d

၆-၇။ မယုံကြည်သူ အိမ်ထောင်ဖက်ကို စာနာမှုပြဖို့ လိုကြောင်း ဖော်ပြတဲ့ ဥပမာတစ်ခု ပေးပါ။

၆ စာနာမှု ပြပါ။ အစောပိုင်းမှာ ဖော်ပြတဲ့ ပေါ်လင်းက “အစပိုင်းမှာ ကျွန်မယောက်ျားကို ကျမ်းစာအကြောင်းပဲ ပြောပြချင်နေတယ်။ တခြားအကြောင်း မပြောဖြစ်သလောက်ပဲ” လို့ ပြောတယ်။ ဒါပေမဲ့ ပေါ်လင်းရဲ့ ယောက်ျား ဝိန်းဟာ ကျမ်းစာအကြောင်း သိပ်မသိဘူး။ ပေါ်လင်း ပြောတာတွေကိုလည်း နားမလည်ဘူး။ သူ့ဘာသာအကြောင်းပဲ စဉ်းစားနေတယ်လို့ ဝိန်း ထင်သွားတယ်။ အန္တရာယ်ရှိတဲ့ဂိုဏ်းနဲ့ ပေါင်းမိမှာ၊ လှည့်စားခံရမှာကို စိုးရိမ်လာတယ်။

၇ ညနေပိုင်းတွေ၊ စနေ တနင်္ဂနွေနေ့တွေမှာဆို အစည်းအဝေးတက်၊ အမှုဆောင်ထွက်၊ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းမှုလုပ်ရင်း အချိန်ကုန်သွားလေ့ရှိတယ်လို့ ပေါ်လင်း ဝန်ခံတယ်။ “တစ်ခါတလေ ဝိန်း အိမ်ပြန်လာတဲ့အခါ ဘယ်သူမှ မရှိလို့ အထီးကျန်နေတတ်တယ်” လို့ ပေါ်လင်း ပြောတယ်။ အိမ်ပြန်ရောက်တာနဲ့ ဇနီးနဲ့ သားကို တွေ့ချင်မှာပဲ။ သူတို့ ဘယ်သူတွေနဲ့ ရှိနေမှန်း ဝိန်း မသိဘူး။ ပေါ်လင်းအတွက် မိတ်ဆွေသစ်တွေက သူ့ထက် ပိုအရေးကြီးနေပုံရတယ်။ ဒါကြောင့် ကွာရှင်းမယ်လို့ ခြိမ်းခြောက်တယ်။ ပေါ်လင်းဘက်က စာနာမှု ပိုပြနိုင်တဲ့နည်းတွေ ရှိမလား။

၈။ ၁ ပေတရု ၃:၁၊ ၂ အရ ဆွေမျိုးတွေက ဘယ်အချက်ကို ပိုသတိထားမိကြသလဲ။

၈ ပုံသက်သေကောင်းပြပါ။ ဆွေမျိုးတွေက ကျွန်တော်တို့ရဲ့ အပြောထက် လုပ်ရပ်ကို ပိုသတိပြုမိကြတယ်။ (၁ ပေတရု ၃:၁၊ ၂ ကိုဖတ်ပါ။) အဲဒီအချက်ကို ပေါ်လင်း သိလာတယ်။ “ဝိန်းက ကျွန်မတို့ကို ချစ်မှန်း၊ တကယ်ကွာရှင်းချင်တာ မဟုတ်မှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ ဒီလိုခြိမ်းခြောက်လိုက်တဲ့အတွက် ယေဟောဝါရဲ့ နည်းလမ်းအတိုင်း လုပ်ဖို့ လိုနေပြီဆိုတာ ကျွန်မ သိလာတယ်။ အပြောထက် အလုပ်နဲ့ ပုံသက်သေကောင်း ပြရတော့မယ်” လို့ ပေါ်လင်းပြောတယ်။ ကျမ်းစာအကြောင်း ဆွေးနွေးဖို့ ဝိန်းကို ဖိအားမပေးတော့ဘူး။ တစ်နေ့တာ အဖြစ်အပျက်တွေကို အပြန်အလှန်ပြောတယ်။ ဝိန်းဟာ သူ့ဇနီး ပူညံပူညံ မလုပ်တော့တာ၊ သားဖြစ်သူ ပိုယဉ်ကျေးလိမ္မာလာတာကို သတိပြုမိတယ်။ (ပညာ. ၃၁:၁၈၊ ၂၇၊ ၂၈) ကျမ်းစာက သူ့မိသားစုကို ကောင်းကျိုးပြုမှန်း သိလာတဲ့အခါ ကျမ်းစာအကြောင်း နည်းနည်း စိတ်ဝင်စားလာတယ်။—၁ ကော. ၇:၁၂-၁၄၊ ၁၆။

၉။ ဆွေမျိုးတွေကို ဘာကြောင့် ဆက်ကူညီနေရမလဲ။

၉ ဆွေမျိုးတွေကို ဆက်ကူညီပေးပါ။ ကျွန်တော်တို့အတွက် ယေဟောဝါ ပုံသက်သေကောင်း ပြခဲ့တယ်။ သတင်းကောင်းကို လူတွေ လက်ခံဖို့ “အကြိမ်ကြိမ်” အခွင့်အရေး ပေးတယ်။ (ယေ. ၄၄:၄) တခြားသူတွေကို ဆက်ကူညီပေးဖို့ တိမောသေကို တမန်တော် ပေါလု ပြောတယ်။ ဆက်ကူညီပေးမှ ကိုယ်တိုင်နဲ့ နားထောင်သူတွေပါ ကယ်တင်ခြင်းရမယ်။ (၁ တိ. ၄:၁၆) ဆွေမျိုးတွေကို ကျွန်တော်တို့ ချစ်လို့ ကျမ်းစာအမှန်တရားကို သိစေချင်တယ်။ ပေါ်လင်းရဲ့ အပြောနဲ့ လုပ်ရပ်က မိသားစုအပေါ် ကောင်းကျိုးသက်ရောက်ခဲ့တယ်။ အခုဆိုရင် ခင်ပွန်းဟာ သူနဲ့အတူ ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုနေပြီ။ နှစ်ယောက်စလုံး ရှေ့ဆောင်လုပ်နေပြီး ဝိန်းဟာ အကြီးအကဲအဖြစ် အမှုဆောင်နေတယ်။

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကနေ အကျိုးရယူပါ

ညီအစ်ကိုငယ်တစ်ယောက်က မယုံကြည်သူဖခင် ကားပြင်နေတာကို ဝိုင်းကူပေးနေ။ သင့်တော်တဲ့ အချိန်မှာ jw.org ထဲက ဗီဒီယိုကို ပြနေ

(အပိုဒ် ၁၀ ကိုလည်းကြည့်ပါ)c

အပြော၊ အလုပ်နဲ့သာမက ကျမ်းစာ အခြေပြုစာပေတွေ ဝေမျှခြင်းအားဖြင့် ဆွေမျိုးတွေကို ယေဟောဝါဆီ ဆွဲဆောင်နိုင်တယ်။ အရင်တုန်းက လူတွေဟာ ပုံနှိပ်ထားတဲ့ စာအုပ်၊ မဂ္ဂဇင်း၊ ဝေစာတွေ ဖတ်ရတာကို ကြိုက်တယ်။ အခုတော့ လူများစွာဟာ အွန်လိုင်းကနေပဲ ဖတ်ချင်ကြတယ်။ ဗီဒီယိုကြည့်တာကို ကြိုက်ကြတယ်။ ယေဟောဝါအကြောင်း သိလာအောင် ဆွေမျိုးတွေကို ကူညီတဲ့အခါ jw.org® နဲ့ JW® ရုပ်သံအစီအစဉ်ကို ဝင်ကြည့်ဖို့ ဖိတ်ခေါ်ပါ။ ဒီနည်းနဲ့ သူတို့ကြိုက်နှစ်သက်ရာကို အဆင်ပြေတဲ့အချိန်မှာ ကြည့်ရှု နိုင်ပါလိမ့်မယ်။

၁၀။ စိတ်ရှည်ဖို့ ဘာကြောင့် လိုသလဲ။

၁၀ စိတ်ရှည်ပါ။ ဘုရားသခင့် စံနှုန်းတွေအတိုင်း နေထိုင်တဲ့အခါ ဆွေမျိုးတွေက ကျွန်တော်တို့ရဲ့ ယုံကြည်ချက်အသစ်နဲ့ ဘဝပုံစံကို လက်ခံဖို့ ခက်နိုင်တယ်။ ဘာသာရေးပွဲတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ မပါဝင်တော့တာကို သူတို့ သတိထားမိကြတယ်။ ဆွေမျိုးတချို့က ဒေါသတောင် ထွက်နိုင်တယ်။ (မ. ၁၀:၃၅၊ ၃၆) ဒါပေမဲ့ လက်မလျှော့ပါနဲ့။ ကိုယ့်ယုံကြည်ချက်အကြောင်း သူတို့သိလာအောင် မကူညီတော့ဘူးဆိုရင် ထာဝရအသက် မရထိုက်သူတွေအဖြစ် စီရင်ဆုံးဖြတ်လိုက်ရာရောက်တယ်။ အဲဒီလို စီရင်ဆုံးဖြတ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ တာဝန် မပေးထားဘူး။ ယေရှုကိုပဲ ပေးထားတယ်။ (ယော. ၅:၂၂) ကျွန်တော်တို့ စိတ်ရှည်မယ်ဆိုရင် ဆွေမျိုးတွေ သတင်းကောင်းကို နားထောင်လာနိုင်တယ်။—“ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကနေ အကျိုးရယူပါ” လေးထောင့်ကွက်ကို ကြည့်ပါ။

၁၁-၁၃။ မိဘတွေကို အဲလစ် ဆက်ဆံပုံကနေ ဘာသင်ယူရသလဲ။

၁၁ လိမ္မာပါးနပ်ပြီး ခိုင်မာပြတ်သားပါ။ (ပညာ. ၁၅:၂) အဲလစ်အကြောင်း သုံးသပ်ကြည့်ပါ။ အဲလစ်ဟာ မိဘတွေနဲ့ ဝေးတဲ့ နိုင်ငံရပ်ခြားမှာနေတုန်း ယေဟောဝါအကြောင်း သိလာတယ်။ မိဘတွေဟာ ဘုရားကို မယုံတဲ့ နိုင်ငံရေးသမားတွေပါ။ သိလာတာတွေကို ချက်ချင်း ပြောပြဖို့ လိုတယ်ဆိုတာ သူ သဘောပေါက်တယ်။ “ယုံကြည်ချက်တွေ၊ အမူအကျင့်တွေ ပြောင်းပြီးမှ ပြောရင် ပိုစိတ်ဆိုးကြမှာပေါ့” လို့ အဲလစ်ပြောတယ်။ ဒါကြောင့် မိဘတွေ စိတ်ဝင်စားမယ့် မေတ္တာအကြောင်း စတဲ့ ကျမ်းစာသွန်သင်ချက်တွေကို စာရေးပြီး သူတို့ရဲ့ သဘောထားကို မေးတယ်။ (၁ ကော. ၁၃:၁-၁၃) ကျွေးမွေးစောင့်ရှောက်ခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောပြီး လက်ဆောင်တွေ ပို့ပေးတယ်။ မိဘရဲ့အိမ်ကို ပြန်တဲ့အခါ အိမ်အလုပ်တွေ ဝိုင်းကူပေးတယ်။ မိဘတွေက အဲလစ်ရဲ့ ယုံကြည်ချက်အသစ်ကို အစပိုင်းမှာ မကြိုက်ကြဘူး။

၁၂ အဲလစ်ဟာ မိဘအိမ် ရောက်နေချိန်မှာလည်း ဇယားအတိုင်း ကျမ်းစာဆက်ဖတ်တယ်။ “ဒါကြောင့် ကျွန်မအတွက် ကျမ်းစာဟာ ဘယ်လောက် အရေးကြီးမှန်း အမေ သိလာတယ်” လို့ အဲလစ်ပြောတယ်။ ဒီအတောအတွင်း သမီးရဲ့ အတွေးအခေါ် ဘာကြောင့် ပြောင်းလဲသွားကြောင်း နားလည်ဖို့၊ ကျမ်းစာကို အပြစ်ရှာဖို့ ကျမ်းစာလေ့လာမယ်ဆိုပြီး အဲလစ်ရဲ့ အဖေ ဆုံးဖြတ်လိုက်တယ်။ “အဖေ့ကို ကျမ်းစာတစ်အုပ် ပေးလိုက်တယ်။ ကျမ်းစာထဲမှာ အဖေ့အတွက် မှတ်ချက်တိုလေး ရေးပေးလိုက်တယ်” လို့ အဲလစ်ပြောတယ်။ အပြစ်ရှာတွေ့မယ့်အစား ကျမ်းစာထဲက ဖတ်ရတဲ့အရာတွေကို အဲလစ်ရဲ့အဖေ သိပ်ကြိုက်သွားတယ်။

၁၃ ကျွန်တော်တို့ဟာ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာတောင် ခိုင်မာပြတ်သားဖို့၊ လိမ္မာပါးနပ်ဖို့ လိုတယ်။ (၁ ကော. ၄:၁၂) ဥပမာ၊ အဲလစ်ဟာ အမေရဲ့ ဆန့်ကျင်မှု ကြုံရတယ်။ “ကျွန်မ နှစ်ခြင်းခံတော့ အမေက ကျွန်မကို ‘သမီးမိုက်’ တဲ့။” အဲလစ် ဘယ်လို တုံ့ပြန်သလဲ။ “ပြဿနာကို ရှောင်မယ့်အစား ယေဟောဝါသက်သေ လုပ်ဖို့ ဆုံးဖြတ်ထားကြောင်း၊ ဆုံးဖြတ်တဲ့အတိုင်း လုပ်မှာဖြစ်ကြောင်း လေးလေးစားစား ရှင်းပြလိုက်တယ်။ အမေ့ကို တကယ်ချစ်ကြောင်း ပြောပြတယ်။ နှစ်ယောက်စလုံး ငိုကြတယ်။ ပြီးတော့ အမေ့အတွက် ဟင်းတစ်ခွက် ချက်ပေးလိုက်တယ်။ ကျမ်းစာက ကျွန်မကို လိမ္မာတဲ့သမီး ဖြစ်စေတယ်ဆိုတာ အမေ သဘောပေါက်လာတယ်။”

၁၄။ ဖိအားကို ဘာကြောင့် အလျှော့မပေးသင့်သလဲ။

၁၄ ဝတ်ပြုရေးကို ကျွန်တော်တို့ ဘယ်လောက် အလေးထားကြောင်း ဆွေမျိုးတွေ နားလည်လာဖို့ အချိန်လိုတယ်။ ဥပမာ၊ အဲလစ်ဟာ မိဘတွေ ရွေးပေးတဲ့ အလုပ်ကို လုပ်မယ့်အစား ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်တဲ့အခါ အမေ ငိုပြန်တယ်။ ဒီကိစ္စမှာလည်း အဲလစ် ခိုင်မာပြတ်သားတယ်။ “ကိစ္စတစ်ခုကို အလျှော့ပေးလိုက်ရင် တခြားကိစ္စတွေမှာလည်း ဖိအားပေးလာလိမ့်မယ်။ ကြင်နာပေမဲ့ ခိုင်မာပြတ်သားရင် ကိုယ်ပြောတာကို မိသားစုဝင်တချို့ နားထောင်လာနိုင်တယ်” လို့ အဲလစ် ပြောပြတယ်။ အဲလစ်ကိစ္စမှာ အဲဒီအတိုင်း ဖြစ်ခဲ့တယ်။ အခု မိဘတွေဟာ ရှေ့ဆောင်လုပ်နေကြပြီး အဖေက အကြီးအကဲအဖြစ် အမှုဆောင်နေတယ်။

အသင်းတော်က ဘယ်လို ကူညီပေးနိုင်သလဲ

ညီအစ်မက ညီအစ်ကို/မ တချို့ကို ခင်ပွန်းနဲ့ ရင်းနှီးလာအောင် အိမ်ကို ဖိတ်ခေါ်။ နောက်ပိုင်း ခင်ပွန်းက ဇနီးနဲ့အတူ အောက်မေ့ရာပွဲ တက်နေ

မယုံကြည်သူ မိသားစုဝင်တွေကို အသင်းတော်က ဘယ်လို ကူညီပေးနိုင်သလဲ (အပိုဒ် ၁၅-၁၆ ကိုကြည့်ပါ)e

၁၅။ မဿဲ ၅:၁၄-၁၆ နဲ့ ၁ ပေတရု ၂:၁၂ အရ တခြားသူတွေရဲ့ “အကျင့်ကောင်း” က ဆွေမျိုးတွေကို ဘယ်လို အကူအညီ ဖြစ်စေသလဲ။

၁၅ အသင်းတော်မှာရှိတဲ့ ခရစ်ယာန်တွေရဲ့ “အကျင့်ကောင်း” အားဖြင့် လူတွေကို ယေဟောဝါ ဆွဲဆောင်တယ်။ (မဿဲ ၅:၁၄-၁၆။ ၁ ပေတရု ၂:၁၂ တို့ကိုဖတ်ပါ။) ယေဟောဝါသက်သေ မဟုတ်တဲ့ သင့်အိမ်ထောင်ဖက်ဟာ အသင်းတော်က ညီအစ်ကို/မတွေနဲ့ ဆုံဖူးသလား။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ပေါ်လင်းက ညီအစ်ကို/မတွေကို ခင်ပွန်းဖြစ်သူ ဝိန်းနဲ့ ရင်းနှီးလာအောင် အိမ်ကို ဖိတ်ခေါ်တယ်။ သက်သေခံတွေအပေါ် အမြင်ကြည်လာအောင် ညီအစ်ကိုတစ်ယောက် ကူညီပေးပုံကို ဝိန်း အမှတ်ရနေတုန်းပဲ။ “သူ အလုပ်ကနေ တစ်ရက် ခွင့်ယူပြီး ကျွန်တော်နဲ့အတူ အားကစားပြိုင်ပွဲ လာကြည့်တယ်။ အဲဒီအခါ ‘သူကတော့ တစ်ယူသန်သမား မဟုတ်ဘူး’ လို့ တွေးမိတယ်” ဆိုပြီး ဝိန်း ပြောပြတယ်။

၁၆။ ဆွေမျိုးတွေကို အစည်းအဝေးတက်ဖို့ ဘာကြောင့် ဖိတ်ခေါ်သင့်သလဲ။

၁၆ ဆွေမျိုးတွေကို ကူညီနိုင်တဲ့ အကောင်းဆုံးနည်းကတော့ အစည်းအဝေး လိုက်တက်ဖို့ ဖိတ်ခေါ်ခြင်းပါပဲ။ (၁ ကော. ၁၄:၂၄၊ ၂၅) ဝိန်း တက်တဲ့ ပထမဆုံး အစည်းအဝေးကတော့ အောက်မေ့ရာပွဲ ဖြစ်တယ်။ အလုပ်ချိန် နောက်ပိုင်းဖြစ်ပြီး အစီအစဉ်ကလည်း တိုလို့ တက်ဖြစ်တာ။ “ဘာအကြောင်း ဟောနေမှန်း မသိပေမဲ့ လူတွေကိုတော့ သတိထားမိတယ်။ ကျွန်တော့်ဆီ လာပြီး ကြိုဆိုနှုတ်ဆက်ကြတယ်။ သူတို့ဟာ ရိုးသားတဲ့သူတွေပါပဲ” လို့ ပြောတယ်။ အထူးသဖြင့် မောင်နှံတစ်စုံက ပေါ်လင်းကို ဂရုစိုက်တယ်။ အစည်းအဝေးနဲ့ အမှုဆောင်မှာ သားလေးကို ထိန်းပေးတယ်။ ဒါကြောင့် ဝိန်းဟာ ပေါ်လင်းရဲ့ ယုံကြည်ချက်အသစ်အကြောင်း သိအောင်လုပ်ဖို့ ဆုံးဖြတ်ပြီး ကျမ်းစာသင်ပေးဖို့ အဲဒီမောင်နှံကို တောင်းဆိုခဲ့တယ်။

၁၇။ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် အပြစ်မတင်သင့်သလဲ။ ဒါပေမဲ့ ဆွေမျိုးတွေကို ဘာကြောင့် လက်မလျှော့ဘဲ ဆက်ကူညီသင့်သလဲ။

၁၇ ဆွေမျိုးအားလုံး ယေဟောဝါကို ဝတ်ပြုလာမယ်လို့ မျှော်လင့်ပြီး အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ ဖြစ်မလာတာလည်း ရှိနိုင်တယ်။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ကိုယ့်ယုံကြည်ချက်တွေကို လက်ခံဖို့ ဘယ်သူ့ကိုမှ ဖိအားပေးလို့ မရဘူး။ ဒါပေမဲ့ ယေဟောဝါကို ဝတ်ပြုလို့ သင် ပျော်ရွှင်နေတာကို သူတို့ သတိထားမိတဲ့အခါ သူတို့အပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်။ သူတို့အတွက် ဆုတောင်းပေးပါ။ ပါးပါးနပ်နပ် စကားပြောပါ။ လက်မလျှော့ဘဲ ဆက်ကူညီပေးပါ။ (တ. ၂၀:၂၀) သင့်ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါ။ နားထောင်ဖို့ ရွေးချယ်တဲ့ ဆွေမျိုးတွေ ကယ်တင်ခြင်း ရပါလိမ့်မယ်။

ဆွေမျိုးတွေနဲ့ ဆက်ဆံတဲ့အခါ အောက်ပါအရည်အသွေးတွေကို ဘယ်လို တင်ပြနိုင်သလဲ

  • စာနာမှု

  • စိတ်ရှည်မှု

  • ပါးနပ်မှု

သီချင်း ၅၇ လူအမျိုးမျိုးကို ဟောပြောခြင်း

a ဆွေမျိုးတွေကို ယေဟောဝါအကြောင်း သိစေချင်ပေမဲ့ ဘုရားကို ဝတ်ပြု၊ မပြုကတော့ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ သတင်းကောင်းကို ဆွေမျိုးတွေ နားထောင်ရလွယ်အောင် ဘာလုပ်နိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b အမည်လွှဲများ။ ဒီဆောင်းပါးမှာ “ဆွေမျိုး” ဆိုတာ ယေဟောဝါကို ဝတ်မပြုသေးတဲ့ မိသားစုဝင်တွေကို ဆိုလိုတယ်။

c ပုံအညွှန်း– မယုံကြည်သူဖခင် ကားပြင်နေတာကို ညီအစ်ကိုငယ်တစ်ယောက် ဝိုင်းကူ ပေးနေ။ သင့်တော်တဲ့ အချိန်မှာ jw.org® ထဲက ဗီဒီယိုကို ပြနေ။

d ပုံအညွှန်း– ညီအစ်မတစ်ယောက်က မယုံကြည်သူ ခင်ပွန်း တစ်နေ့တာ အလုပ်တွေအကြောင်း ပြောပြတာကို အာရုံစိုက် နားထောင်နေ။ နောက်ပိုင်း မိသားစုနဲ့အတူ အပန်းဖြေနေ။

e ပုံအညွှန်း– ညီအစ်မက အသင်းတော်ထဲက တချို့ကို အိမ်လာဖို့ ဖိတ်ခေါ်။ သူတို့က ညီအစ်မရဲ့ ခင်ပွန်းနဲ့ ရင်းနှီးလာအောင် ကြိုးစား။ နောက်ပိုင်း ခင်ပွန်းက ဇနီးနဲ့အတူ အောက်မေ့ရာပွဲ တက်နေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ