တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း
၁ တစ်မှတစ်အိမ်သွား၍ သူစိမ်းများထံလည်ပတ်သွားရခြင်းသည် စစ်မှန်သောဝတ်ပြုရေးထမ်းဆောင်သူ များစွာအတွက် တကယ့်စိန်ခေါ်ချက်ဖြစ်သည်။ သို့သော် ယေဟောဝါကိုအမှန်ချစ်မြတ်နိုးသောသဘောက ဤစိန်ခေါ်ချက်ကို ရင်ဆိုင်ရန် အကူအညီဖြစ်စေသည်။ သို့ဖြင့် ဗီဇအားဖြင့် အလွန်ရှက်ကြောက်တတ်သူများပင်လျှင် သတင်းကောင်းကို အချိန်ပြည့်ဟောပြောသူများ ဖြစ်လာကြသည်အထိ တိုးတက်လာခဲ့ကြပြီ။
၂ ရှေးခရစ်ယာန်များသည် တစ်အိမ်မှတစ်အိမ်သွား၍ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခဲ့ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထား၏။ (တ၊ ၅:၄၂။ ၂၀:၂၀၊ ၂၁) ဤ ၂၀ ရာစု ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့လည်း ဤလုပ်ငန်း၌ ပါဝင်ကြ၏။ ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်နှင့်စပ်ဆိုင်သူကိုလည်းကောင်း ကျွန်ုပ်တို့ချစ်သောကြောင့် စိတ်မဝင်စားမှု၊ စိတ်တိုခြင်း၊ မခန့်မညားပြုခံရခြင်း သို့မဟုတ် တိုက်ရိုက်အတိုက်အခံပြုခြင်းကို တွေ့ကြုံရဦးတော့ ဤလုပ်ငန်းကိုလုပ်ကိုင်ရန် လှုံ့ဆော်ပေးခံရသည်။
၃ စိန်ခေါ်ချက်ကိုရင်ဆိုင်ခြင်းက ဖြစ်ထွန်းစေသည့်အကျိုး။ လည်ပတ်ရောက်ရှိတိုင်း သမ္မာတရားမျိုးစေ့ အနည်းအကျဉ်း ကြဲလိုက်ခြင်းအားဖြင့် နောက်ဆုံးတွင် နိုင်ငံတော်အသီး သီးပွင့်လာစေရန် ကျွန်ုပ်တို့ကြိုးစားကြသည်။ (ဒေ၊ ၁၁:၆) တစ်ဦးစီ၏အခြေအနေသည် တူမည်မဟုတ်ပါ။ ကျွန်ုပ်တို့တစ်ဦးတစ်ယောက်ပြောဆိုလိုက်သောစကားကြောင့် အိမ်ရှင်သည် စဉ်းစားစရာပေါ်လာ၍ နောက်တစ်ဖန် လည်ပတ်ရောက်ရှိသွားသည့်အခါ သတင်းတရားကို လက်ခံလိုစိတ်ရှိနိုင်ပါသည်။
၄ ကျွန်ုပ်တို့၏တစ်အိမ်မှတစ်အိမ် ဓမ္မအမှုကြောင့် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို မြတ်နိုးသူများအား ယေဟောဝါနှင့် ကိုယ်တော်၏ရည်ရွယ်ချက်များကို သင်ယူစေကာ ထာဝရအသက်လမ်းပေါ် စတင်သွားလာစေသည်။ ထိုကြောင့် ယေဟောဝါ၏စိတ်တော်တွေ့မှုကိုရလိုလျှင် ပြောင်းလဲဖို့လိုကြောင်း လောကီအပျော်အပါးလိုက်စားသူများအား မေတ္တာရှေ့ထား သတိပေးခံရကြသည်။ ထို့ပြင် ဤဓမ္မအမှုကြောင့် အိမ်ရှင်များ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ယေဟောဝါ၏နာမတော်ထင်ရှားလာ၍ ကိုယ်တော်အား ရိုသေလေးမြတ်ခြင်းရှိစေသည်။—ယေဇ၊ ၃:၁၁။
၅ ဓမ္မအမှု၌လုပ်ဆောင်ခြင်းက ကိုယ်ကျိုးမဖက်ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် စိတ်ရှည်ခြင်း အစရှိသည့် ဝိညာဉ်အသီးများကိုသီးရန် အကူအညီပေးသည်။ (ဂလ၊ ၅:၂၂) နှိမ့်ချမှုရှိကာ ကိုယ်ချင်းစာနာတတ်ရန် အကူအညီပေးသည်။ အကြောင်းမှာ၊ သူတစ်ပါးအကျိုးဆောင်ခြင်းနှင့် သက်ဆိုင်၏။ ယေဟောဝါ၏လုပ်ငန်းတော်တွင် အလုပ်များနေခြင်းက လောကမှ အကာအကွယ်ပေးပါသည်။—၁ ကော၊ ၁၅:၅၈။
၆ စိန်ခေါ်ချက်ကိုရင်ဆိုင်ရန် အကူအညီ။ ဤစိတ်အားတက်စရာလုပ်ငန်း၌ ပါဝင်လုပ်ဆောင်တတ်ရန် လူသစ်များ သင်ယူဖို့လိုပါသည်။ သူတို့ကိုယ်ကို စိတ်ချလက်ချမရှိကြ၍ တစ်အိမ်မှတစ်အိမ်သွားရမည်ကို စဉ်းစား၍ပင် စိတ်ဓာတ်ကျပေမည်။ အများအသုံးပြုတတ်သည့် ဆန့်ကျင်ကန့်ကွက်ချက်များကို တင်ပြကာ ယင်းတို့ကို မည်သို့ပြန်ဖြေဆိုနိုင်ကြောင်း သူတို့နှင့်ဆွေးနွေးနိုင်သည်။ Reasoning စာအုပ်ပါ အပြန်အလှန်ပြောဆိုမှုကို ရပ်တန့်စေသူများအား ဖြေဆိုခြင်းနှင့်ပတ်သက်၍ အကြံပြုချက်ကောင်းများကို လေ့ကျင့်နိုင်သည်။ လယ်ကွင်းဓမ္မအမှုအတွက် ပြင်ဆင်ပေးမည်ဟု ကမ်းလှမ်းပေးပါ။ လယ်ကွင်းလုပ်ငန်းအစည်းအဝေးများကို မှန်မှန်တက်ခြင်းအားဖြင့်လည်း အကူအညီရရှိပြီး အတွေ့အကြုံပိုရှိသောကြေညာသူများနှင့် တွဲအမှုဆောင်နိုင်လိမ့်မည်။ အုပ်စုနှင့်အမှုဆောင်သွားခြင်းသည် အမှန်အားရှိစရာဖြစ်သည်။
၇ တစ်အိမ်မှတစ်အိမ်သွားကြရာတွင် ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါကို ကိုယ်စားပြုခွင့်ရရှိကြသည်။ ဘုရားသခင့်တွဲဘက်လုပ်သားတစ်ဦးဖြစ်ခြင်းထက်သာ၍ကြီးမားသော အဘယ်ဂုဏ်အသရေရှိပါသေးသနည်း။ (၁ ကော၊ ၃:၉) ကိုယ်တော်ကို အားထားမည်ဆိုလျှင် တစ်အိမ်မှတစ်အိမ် ဓမ္မအမှု၏ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်းငှာ ကိုယ်တော်၏ဝိညာဉ်တော်သည် အကူအညီပေးပါလိမ့်မည်။—၂ ကော၊ ၃:၅။