စိတ်ဝင်စားသူများကို ကူညီပေးခြင်းငှာ ဝမ်းမြောက်စွာ ပြန်လည်ပတ်သွား
၁ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ပါဝင်သူတိုင်းသည် စိတ်ဝင်စားသူများကို ကူညီပေးလိုကြသည်။ ဤသို့ကူညီခြင်းအားဖြင့် ပျော်ရွှင်မှုနှင့်ကျေနပ်မှုအပြည့် ရရှိကြပါသည်။ (ဆာလံ ၁၂၆:၅၊ ၆ နှိုင်းယှဉ်။) ယင်းသို့ပြုရန် အသင့်ပြင်ဆင်ထားဖို့လိုသည်။
၂ ပြင်ဆင်မှုပြုရာတွင် ကျွန်ုပ်တို့၏တစ်အိမ်မှတစ်အိမ်မှတ်တမ်းပေါ် မှတ်ချက်များကို အသေးစိတ်ရေးမှတ်ခြင်းနှင့် စတင်ရမည်။ ပထမအကြိမ်လည်ပတ်မှုတွင် ဆွေးနွေးခဲ့သောအကြောင်းနှင့် အိမ်ရှင်၏တုံ့ပြန်မှုကို မှတ်ထားပါ။ ပြန်လည်ပတ်သွားသည့်အခါ မည်သို့စကားစမြည်စတင်လိုမည်ကိုပင် ရေးမှတ်ထားလိုမည်။
၃ ဥပမာ၊ ပထမအကြိမ်တွင် သခင့်ပတ္ထနာကို သင်ကိုးကားခဲ့၍ “အစိုးရ” ဘရိုရှာကို ဝေငှခဲ့မည်ဆိုလျှင် ဤသို့အတိုချုပ်ပြောနိုင်မည်။
▪ “အရင်တစ်ခါလာတုံးက မြေကြီးပေါ်မှာ ဘုရားသခင့်အလိုတော် ဘယ်လိုပြည့်စုံလာမယ့်အကြောင်းနဲ့ အသက်တာတစ်လျှောက် အဘက်ဘက်မှာ ငြိမ်သက်မယ့်အကြောင်းကို ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်ချန်ထားခဲ့တဲ့ ဘရိုရှာမှာ စာမျက်နှာ ၂၉ က ဘုရားသခင့်နိုင်ငံတော်ရဲ့ အခြားကောင်းချီးတွေအကြောင်း ဘယ်လိုတင်ပြထားတယ်ဆိုတာကို သတိပြုပါ။”
၄ အိမ်ရှင်သည် ဘုရားကိုမယုံကြည်ဟန်ရှိခဲ့မည်ဆိုလျှင် ဤသို့ပြောပါ။
▪ “အရင်တစ်ခါက ဟေဗြဲ ၃:၄ မှာ ပေါလုတင်ပြထားတဲ့အကြောင်းကို ကျွန်ုပ်တို့ဆွေးနွေးခဲ့တယ်။ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ အသိဉာဏ်ရှိပုဂ္ဂိုလ် ရှိရမယ့် ဆင်ခြင်တုံတရားနဲ့ညီတဲ့ အချက်များတင်ပြခဲ့တယ်။” ကျမ်းချက်ကိုပြန်ဖတ်ပြီး ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော ဘရိုရှာ၏ စာမျက်နှာ ၄ မှ ၉ ကိုကိုးကားပါ။ ပထမအကြိမ်တွင် နောက်ဆုံးဆွေးနွေးခဲ့သည့်အချက်မှ ဆက်ပြောပါ။ မေးခွန်းမေးပြီး အပိုဒ်ကိုဖတ်ပြ။ အိမ်ရှင်အား အဖြေပေးခွင့်ပြုပါ။ အဆင်ပြေလျှင် အိမ်ရှင်အား ဘရိုရှာကိုယူစေကာ အကြောင်းအရာကို အတူတကွသုံးသပ်ဆွေးနွေးပါ။
၅ သင်၏ပထမအကြိမ် လည်ပတ်ချိန်တွင် အိမ်ရှင်သည် ပစ္စည်းဥစ္စာအလုံအလောက်ရှိပုံ၊ ကျေနပ်နေပုံရှိလျှင် ဤလောက ဆက်လက်တည်ရှိမည်လော ဝေစာကို ကိုးကား၍ စာမျက်နှာ ၆ ပါအကြောင်းကို ဖတ်ပါ။ လှပတင့်တယ်သော ကမ္ဘာ့ပရဒိသုတွင် အသက်ရှင်လိုသလောဟု အိမ်ရှင်အားမေးမြန်းပါ။ သူ၏စိတ်ဝင်စားမှုကို တိုး၍သိရှိနိုင်ရန် သင်အသုံးပြုနေသော မဂ္ဂဇင်းပါ အားရှိစရာရုပ်ပုံ၊ သို့မဟုတ် စကားတစ်ခွန်းကို သူမည်သို့ယူမှတ်ကြောင်း မေးမြန်းနိုင်သည်။
၆ ကင်းမျှော်စင် သို့မဟုတ် နိုးလော့ ပါဆောင်းပါးတစ်ခုကို ဆွေးနွေးခဲ့မည်ဆိုလျှင် ဤအခြေခံချဉ်းကပ်နည်းကို အသုံးပြုနိုင်ပါသည်။ ပထမအကြိမ်လည်ပတ်ချိန်က သင်ဖော်ပြခဲ့သည့်ဆောင်းပါးကို ညွှန်းကာ ထိုဆောင်းပါးပါ အခြားစိတ်ဝင်စားစရာအချက်တစ်ချက်၊ သို့မဟုတ် သင်နှင့်ပါလာသော အခြားစာစောင်တစ်ခုကို ဖော်ပြနိုင်သည်။ ဖြစ်နိုင်မည်ဆိုလျှင် ကျမ်းချက်တစ်ချက်ကို အတူတကွဖတ်ပြီး အိမ်ရှင်မည်သို့သဘောရသည်ကို မေးမြန်းပါ။
၇ စိတ်ဝင်စားမှုတင်ပြမည်ဆိုလျှင် နှစ်စဉ်ကြေးကမ်းလှမ်းပါ။ အိမ်တွင်းကျမ်းစာသင်အံမှု စတင်နိုင်ရန်လည်း ကြိုးစားနိုင်ပေမည်။
၈ ပထမအကြိမ်လည်ပတ်ချိန်က မအောင်မြင်ခဲ့သည့်တိုင် ကျမ်းစာသင်အံမှုစလိုသည့် သင့်ပန်းတိုင်ကို အမြဲစိတ်စွဲလမ်းပါ။ အများအားဖြင့်ဆိုလျှင် ထိုအခြေအနေအထိရောက်လာနိုင်ရန် စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးရန် အကြိမ်ကြိမ်လည်ပတ်ဖို့ လိုကောင်းလိုမည်။ အစောဆုံးပြန်လည်ပတ်သွားခြင်းအားဖြင့် အိမ်ရှင်၏အကျိုးကိုလိုလားကြောင်း တင်ပြပါ။
၉ ကျွန်ုပ်တို့ဟောပြောနေသောသတင်းကောင်းသည် များစွာရွှင်လန်းအားရမှုဖြစ်စေသည်။ (လု၊ ၂:၁၀) စိတ်ဝင်စားသူများသည် ကျွန်ုပ်တို့၏ကြိုးပမ်းမှုကို လက်သင့်ခံတုံ့ပြန်ကြသောအခါ ရွှင်လန်းအားရစရာပင်ဖြစ်သည်။ (ဖိ၊ ၄:၁) လယ်ကွင်းတွင် ကျွန်ုပ်တို့တွေ့ဆုံသည့် စိတ်ဝင်စားသူများကို ကူညီပေးရန် ပြန်လည်ပတ်သွားခြင်းအားဖြင့် ဤကဲ့သို့သောရွှင်လန်းမှုကို ခံစားကြစို့လေ။