၁၉၉၄ “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲကြီး
၁ အာဗေလနှင့် နောဧတို့၏ ခေတ်ကတည်းက ယနေ့ထိတိုင်အောင် ယုံကြည်ခြင်းရှိသူများသည် “ဘုရားရေးရာကြောက်ရွံ့ခြင်း” ကိုတင်ပြခဲ့ကြပြီ။ (ဟေ. ၁၁:၄၊ ၇၊ ကဘ) ဘုရားရေးရာကြောက်ရွံ့ခြင်း တင်ပြခြင်းမည်သည် “ဖန်ဆင်းရှင်ကို အလွန်စိုးရွံ့ရိုသေပြီး ကိုယ်တော်၏စိတ်တော်ငြိုငြင်မည်ကို ထိုက်သင့်လျော်ကန်စွာ စိုးရိမ်နေခြင်း” ကိုတင်ပြခြင်းဖြစ်သည်။ (it-1 p. 818) အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများတွင် “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲကြီးကို တက်ကြခြင်းဖြင့် ဤသို့သောအလွန်ရိုသေမြတ်နိုးစိတ်ကို တင်ပြကြမည်။ အဖွင့်သီချင်းမှ နိဂုံးချုပ် ဆုတောင်းချက်တိုင်အောင် အစီအစဉ်တစ်ခုလုံးမှ ပျော်ရွှင်မှုရရှိရန် သင်ရောက်ရှိနေမည်လော။
၂ ခရိုင်စည်းဝေးပွဲကြီးကို ကျွန်ုပ်တို့နှစ်စဉ် စောင့်မျှော်ကြသည်။ အတော်အတန် ကြိုးစားပမ်းစားဖြင့်တက်ကြရရုံမက ငွေအင်အားပါအကုန်ခံကြရမည်ဖြစ်သော်လည်း ရရှိသောကောင်းချီးများမှာ ပေါများလှပေသည်။ ပျော်ပျော်ပါးပါးနှင့် အိမ်ပြန်သွားကြရာတွင် ကျေနပ်ရောင့်ရဲမှုနှင့် ဝိညာဏတည်ဆောက်မှုကိုပါ ရရှိကြသည်။ (၃ ရာ. ၈:၆၆ နှိုင်းယှဉ်။) ပေါင်းသင်းမှုသည် အားတက်စရာဖြစ်ပြီး စည်းဝေးပွဲသည် လုပ်ရိုးလုပ်စဉ်မှ အပြောင်းအလဲတစ်ခုဖြစ်စေသည်။ သို့သော် ယေဟောဝါကို ဝတ်ပြုကြရန် စုဝေးလာကြကြောင်းကို သတိရပါ။ ဤသို့ပြုရန် ကိုယ်တော် မိန့်မှာတော်မူ၏။ ကိုယ်တော်၏သွန်သင်မှုမှ ကျွန်ုပ်တို့အကျိုးခံစားရလိမ့်မည်။—တရား. ၃၁:၁၂၊ ၁၃; ဆာ. ၁၂၂:၁။
၃ သုံးရက်စည်းဝေးပွဲ– ဤနှစ်အတွင်း စည်းဝေးပွဲကြီးလေးခုတွင် အစီအစဉ်ကို တင်ဆက်ပါမည်။ ၁၉၉၄ ဖေဖော်ဝါရီ ၁၅ ကင်းမျှော်စင် နှင့် ကျွန်ုပ်တို့၏နိုင်ငံတော် ဓမ္မအမှုက ခါတိုင်းကဲ့သို့ပင် စည်းဝေးပွဲကျင်းပရာနေရာများစာရင်းကို ဖော်ပြထားသည်။
၄ အစီအစဉ်သည် သောကြာနေ့ နံနက် ၉:၂၀ တွင်စတင်၍ တနင်္ဂနွေနေ့ ညနေ ၄:၁၀ ခန့်တွင် ပြီးဆုံးမည်။ စနေနှင့်တနင်္ဂနွေနေ့များတွင် အစီအစဉ်သည် နံနက် ၈:၃၀ အချိန်တွင် စတင်လိမ့်မည်။ တံခါးများကို နံနက် ၇:၃၀ တွင်ဖွင့်ထားပါမည်။ အလုပ်တာဝန်ရှိသူများသာလျှင် ထိုအချိန်မတိုင်မီ ဝင်ခွင့်ရှိပါလိမ့်မည်။
၅ ယေဟောဝါကို အလွန်ရိုသေလေးမြတ်စိတ်က တက်ရောက်ရန် တိုက်တွန်း– ဟေဗြဲခရစ်ယာန်များအား “ဘုရားရေးရာကြောက်ရွံ့ခြင်းနှင့် စိုးရွံ့ခြင်းဖြင့် ဘုရားသခင်အား မြင့်မြတ်သောဝတ်ကိုပြု” ရန် ပေါလုမှာကြားသည်။ (ဟေ. ၁၂:၂၈၊ ကဘ) ယင်းသို့ပြုစေနိုင်ရန် ဤနှစ်ခရိုင်စည်းဝေးပွဲကြီးကို စီစဉ်ထားသည်။ တက်ရောက်ရန် ရည်ရွယ်ချက်ကို ဖျက်ဆီးမည့် အတားအဆီးများကို ကျွန်ုပ်တို့ရင်ဆိုင်ရပေမည်။ ယင်းတို့သည် တောင်ကြီးများပမာဖြစ်ကြမည်ဖြစ်သော်လည်း ယေဟောဝါ၏အကူအညီဖြင့် ၎င်းတို့ကို အောင်မြင်ကျော်လွှားနိုင်ပါလိမ့်မည်။ (မ. ၁၇:၂၀) သောကြာနေ့ နံနက်မှ တနင်္ဂနွေနေ့ ညနေအထိ စည်းဝေးပွဲအစီအစဉ်တစ်ခုလုံးကို တက်ရောက်ရန် သင်အားလပ်ချိန်ယူချိန်နှင့် ကိုက်ညီရန်မဖြစ်နိုင်ပါက ထိုအတောအတွင်း ခွင့်ရက်ရရန် ဆုတောင်းပြီးနောက် သင့်အလုပ်ရှင်ထံ ချဉ်းကပ်ခဲ့ပြီလော။ (ယာ. ၁:၆-၈) ကျောင်းဖွင့်ချိန်တွင် စည်းဝေးပွဲတစ်ခုခုကို တက်မည့် ကျောင်းတက်နေရသော ကလေးများသည် မိမိတို့၏ ဘာသာရေးဝတ်ပြုမှုတွင် အရေးကြီးကဏ္ဍ၌ပါဝင်သည့် စည်းဝေးပွဲကိုတက်ရောက်ရန် သောကြာနေ့တွင် ကျောင်းပျက်မည့်အကြောင်း ဆရာဆရာမများကို ရိုသေလေးစားစွာဖြင့် တိုင်ကြားထားသင့်သည်။
၆ မြှုပ်နှံထားသည့်အရင်းအနှီးမှ အကျိုးရယူလေ– အဘယ်အရင်းအနှီး မြှုပ်နှံခြင်းနည်း။ စည်းဝေးပွဲကြီးတက်ရန် အချိန်နှင့်ခွန်အားကို စိုက်ထုတ်ထားခြင်းဖြစ်သည်။ ခရိုင်စည်းဝေးပွဲကြီးကို တက်ရောက်မည်ဟု အသေအချာစီစဉ်ပြီးနောက်မှ တနင်္ဂနွေနေ့ ညနေချိန်တွင် အိမ်ပြန်ရောက်သည့်အခါ စည်းဝေးပွဲအစီအစဉ် အတော်များများကို မကြားနာခဲ့ရခြင်းသည် ပညာမဲ့ရာရောက်သည်။ စားသောက်ပွဲကြီးအလယ်တွင် အခြားကိစ္စများကို ဆောင်ရွက်ရန် ခွင့်တောင်း၍ ထွက်သွားပါမည်လော။ လွန်ခဲ့သောနှစ်က စည်းဝေးပွဲကြီး အတော်များများတွင် နံနက်ပိုင်းအစီအစဉ်ပြီးနောက် ပြန်သွားကြသူ များစွာရှိကြောင်းကို တွေ့ရှိခဲ့ရသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ဝိညာဏရင့်ကျက်မှုနှင့် ဘုရားရေးရာကြောက်ရွံ့ခြင်းသဘောက ကျွန်ုပ်တို့အတွက် ယေဟောဝါပြင်ဆင်ထားတော်မူသမျှကို လက်လွတ်ဆုံးရှုံးမှုရှိရန် ခွင့်မပြုသင့်ပါ။—၁ ကော. ၂:၉၊ ၁၀ နှိုင်းယှဉ်
၇ စောစောစီးစီး ပြန်သွားရန် ကျွန်ုပ်တို့စဉ်းစားကြမည်မဟုတ်ပါ။ သို့တိုင် အစီအစဉ် အတော်များများကို လက်လွတ်ဆုံးရှုံးသွားနိုင်သည်။ မည်သို့အားဖြင့်နည်း။ ကြားနာရသမျှမှ အကျိုးအများဆုံးခံစားရရန် ကြိုတင်မပြင်ဆင်ခြင်းအားဖြင့်ဖြစ်သည်။ နံနက်စာ အလုံအလောက်စားရန်၊ စည်းဝေးအစီအစဉ်မစမီ ထိုင်ခုံတွင် ရှိနေရန်၊ ကိစ္စအဝဝကို ဆောင်ရွက်ထားနိုင်ရန် တစ်နေ့တာကို စောစောစတင်ဖို့ စီစဉ်ထားရမည်။ နိုးနိုးကြားကြားရှိပြီး တစ်နေ့လုံးအစီအစဉ်ကို အာရုံစူးစိုက်နိုင်ရန် အိပ်ရေးဝဖို့လည်း အရေးကြီးသည်။
၈ အစီအစဉ်မှ အကျိုးအများဆုံးရသည့် အကောင်းဆုံးနည်းမှာ မှတ်စုများယူခြင်းဖြစ်သည်။ လူကြီးများ မှတ်စုယူရန် အရေးကြီးသလို လူငယ်များအတွက်လည်း အရေးကြီးသည်။ အသက် ၁၆ နှစ်အရွယ်ရှိ ကြေညာသူတစ်ဦးက “အိမ်ပြန်ရောက်သည့်အခါ ပြန်ဖတ်ကြည့်နိုင်ဖို့ ဟောပြောချက်ပေးစဉ် ကျမ်းချက်များကို ကျွန်မရေးသားထားသည်” ဟုဆိုသည်။ အခြား ၁၆ နှစ်သားတစ်ဦးက “အဓိကအချက်များကို ကျွန်တော်မှတ်ထားသည့်အတွက် အာရုံစူးစိုက်နိုင်ရန် အကူအညီရသည်” ဟုဆိုသည်။ အများအားဖြင့် စည်းဝေးအစီအစဉ်တွင် အသင်တကယ်လိုအပ်သည်မှာ သင့်ကျမ်းစာအုပ်၊ သီချင်းစာအုပ်၊ မှတ်စုစာအုပ်နှင့် ခဲတံ သို့မဟုတ် ဖောင်တိန်ဖြစ်သည်။ ကလေးငယ်ရှိသော မိဘများမူကား သူတို့အတွက် ဝေယျာဝစ္စများကိုပါ သယ်ဆောင်လာရပေမည်။ သို့သော် အပိုပစ္စည်းများကို ယူဆောင်လာခြင်းအားဖြင့် ကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း အနှောင့်အယှက်မဖြစ်စေခြင်းသည် အကောင်းဆုံးဖြစ်မည်။
၉ ညီအစ်ကိုအချို့သည် ပြန်ဖွင့်ကြည့်ရန် အစီအစဉ်ကို အသံသွင်းထားခြင်း သို့မဟုတ် ဗီဒီယိုရိုက်ထားခြင်းပြုတတ်ကြသည်။ ယင်းသို့ပြုသည်မပြုသည်ကား ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်သည်။ သို့သော် ပြန်နားထောင်ရန် အချိန်မရှိလှကြောင်း အချို့သူများက သတိပြုမိခဲ့ပြီ။ ထို့ပြင် အသံသွင်းစက်ကို ကိုင်တွယ်တပ်ဆင်နေစဉ်တွင် ဟောပြောချက်တစ်ခု၏ အဓိကအချက်အချို့ကို မကြားမိဘဲ ဖြစ်သွားနိုင်ပါသည်။
၁၀ အစီအစဉ်မစမီ မိမိထိုင်ခုံတွင် ရှိနေရန် ကြိုးစားသင့်သည်။ အစီအစဉ်စတော့မည်ဟု သဘာပတိက ကြေညာလိုက်သည့်အခါ မိတ်ဟောင်းဆွေဟောင်းများနှင့် စကားကောင်းနေမည်ဖြစ်သော်လည်း ချက်ချင်းစကားဖြတ်တောက်ပြီး မိမိထိုင်ခုံများတွင် နေရာယူခြင်းအားဖြင့် အစီအစဉ်တွင် ပါဝင်သူများနှင့် ညီအစ်ကိုအများကိုပါ လေးစားမှုပြရာကျမည်။
၁၁ ယေဟောဝါ၏ ကြွယ်ဝသောကောင်းချီးများကို ခံစားရချိန်ဖြစ်သောကြောင့် ခရိုင်စည်းဝေးပွဲများသည် အမြဲဝမ်းသာအားရစရာအချိန်များ ဖြစ်လေ့ရှိသည်။ ဝိညာဏနှင့် ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ ရရှိကြ၏။ စည်းဝေးပွဲခန်းမကို ငှားရမ်းရခြင်းသည် တန်ဖိုးကြီးကြောင်း သတိရထားသင့်သည်။ ထို့ပြင် စားစရာများ၏ ဈေးနှုန်းများလည်း တစ်နေ့တခြား တိုးများလာနေသည်။ စည်းဝေးတွင် ကောင်းစွာစားသုံးနိုင်ရန်လည်း အသင်းမက ဝယ်ခြမ်းပြင်ဆင်ပေးပါသည်။ ယင်းအကုန်အကျစရိတ်များကို မည်သို့ကာမိသနည်း။ စေတနာနှင့် လှူဒါန်းထားသည့်အတွက်ဖြစ်သည်။ ယင်းသည် ‘ယေဟောဝါ၏ဘုန်းတော်ကို ဝန်ခံ၍ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် တံတိုင်းတော်သို့ဝင်’ လော့ဟုအားပေးသော ဆာလံ ၉၆:၈ နှင့်အညီဖြစ်သည်။
၁၂ သင့်အကျင့်အကြံသည် ချီးမွမ်းစရာဖြစ်မည်လော– နှစ်စဉ်ပင် စည်းဝေးပွဲကြီးမတိုင်မီ စည်းဝေးပွဲကြီးတက်ကြစဉ် အမူအကျင့်ကောင်းတင်ပြကြရန် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် သတိပေးလေ့ရှိသည်။ ကျွန်ုပ်တို့၏အမူအကျင့်သည် အစဉ်အမြဲချီးမွမ်းစရာကောင်းသင့်သည်မှန်သော်လည်း လူစုလူဝေးအနေနှင့် ရှိကြသည့်အခါ သမ္မာတရား၌မရှိသူများသည် ကျွန်ုပ်တို့အား ပိုဂရုစိုက်တတ်ကြသည်။ ကျွန်ုပ်တို့၏အမူအကျင့် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းက ဟောပြောခြင်းထက် စွဲမှတ်သွားစရာ ဖြစ်တတ်ပါသည်။ ကျွန်ုပ်တို့ပြောသမျှ၊ ပြုသမျှအားဖြင့် ယေဟောဝါ၏ ဘုန်းတော်ကို ထင်ရှားစေလိုကြသည်။—သု. ၂၇:၂; ၁ ပေ. ၂:၁၂။
၁၃ လွန်ခဲ့သောနှစ်၏ “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီးပြီးနောက် အမေရိကန်နိုင်ငံရှိ မိုတလ်တစ်ခုမှ လုံခြုံရေးမှူးတစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်တွေ့ဖူးခဲ့တဲ့ လူငယ်တွေထဲမှာ ဒီအုပ်စုဟာ အလိမ္မာဆုံးပဲ။” အခြားလူငယ်များ၏ အမူအကျင့်ဆိုးနှင့် ဖျက်ဆီးတတ်သည့်အကျင့်အကြောင်း ပြောပြပြီးနောက် သက်သေခံကလေးများအကြောင်း ဤသို့ထပ်ဆင့်ပြောသည်– “သူတို့ကျတော့ လိမ္မာတယ်။ သူတို့နဲ့ပေါင်းသင်းလို့ကောင်းတယ်။ တခြားစည်းဝေးပွဲများလည်း ဒီလိုမျိုးပဲဆိုရင် သိပ်ကောင်းမယ်။”
၁၄ စည်းဝေးပွဲနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦးက အနောက်အလယ်ပိုင်းသတင်းစာတစ်စောင်တွင် ဤသို့ကောက်ချက်ချသည်– “အမျိုးသမီးများနှင့် မိန်းကလေးများသည် ရှုစဖွယ်ကောင်းသောအဝတ်များဝတ်ပြီး အမျိုးသားများနှင့် ယောက်ျားကလေးများသည် ကုတ်နှင့်တိုင်များ ဝတ်ဆင်ကြသည်။ ဟောပြောချက်များကို လေးရက်တိုင် နားထောင်ကြစဉ် မှတ်စုများကို ဂရုတစိုက်ယူကြသည်။ သန့်ရှင်းသပ်ရပ်မှုသည် ဘုရားတရားရှိခြင်းကို တင်ပြသည်ဟုဆိုခြင်းသည်မှန်ကန်လျှင် ယေဟောဝါသက်သေများသည် ထိုယူဆချက်ကို အဆင့်မြင့်မြင့် ထင်ရှားစေကြသည်။” သို့သော် ကြားခဲ့သမျှ သတင်းအားလုံး ဤမျှမကောင်းပါ။
၁၅ မြန်မာနိုင်ငံတွင် စည်းဝေးပွဲအချို့၌ စည်းဝေးအစီအစဉ်ကျင်းပနေစဉ် လူသွားလူလာ များလွန်းကြောင်း သတင်းရသည်။ ယင်းက မိဘလေ့ကျင့်မှုနည်းကြောင်း အုပ်ထိန်းမှု များစွာလိုအပ်နေသေးကြောင်း ထင်ရှားပါသည်။ ဤသို့ သွားလာလှုပ်ရှားခြင်းသည် ကြိုးစားနားထောင်နေသူများအတွက် အနှောင့်အယှက်ဖြစ်သည်။ အစီအစဉ်အတွင်း ဆောင်ရွက်ရသည့်ကိစ္စများရှိမည့်သူ အနည်းအကျဉ်းရှိပေမည်။ သို့သော် ကျွန်ုပ်တို့အများစုသည် မိမိနေရာတွင် အေးအေးဆေးဆေးထိုင်၍ အာရုံစူးစိုက်နေသင့်သည်မဟုတ်လော။
၁၆ ပတ်စဉ် အသင်းတော်အစည်းအဝေးများကို တက်ခြင်းနှင့်ပတ်သက်၍ မိဘအများသည် ကလေးများကို ဂရုစိုက်အုပ်ထိန်းပေးလေ့ရှိသည်။ စည်းဝေးကြီးအစီအစဉ်အတွင်း မိမိသားသမီးများအား သွားလာလှုပ်ရှားနေခွင့်ပြုမည့်အစား မိမိတို့အနားတွင် ထိုင်လျက်နေကြရန် မအုပ်ထိန်းသင့်ပေလော။ အားလပ်ချိန်တွင် အချို့ကလေးသူငယ်များသည် စည်းဝေးပွဲခန်းမကို ကစားကွင်းဖြစ်စေတတ်ကြသည်။ စည်းဝေးပွဲအတွက် အသုံးပြုသော ခန်းမဆောင်ကို နိုင်ငံတော်ခန်းမဆောင်ကြီးတစ်ခုအဖြစ် အသုံးပြုကြပါသည်။ သို့သော် စာတန်၏စနစ်တွင် ကျွန်ုပ်တို့ရှိနေသေး၍ မသမာသူများသည် ကောက်ကျစ်သောရည်ရွယ်ချက်များနှင့် အဆောက်အဦအတွင်း ဝင်လာရန် လွယ်ကူသည်။ သင့်ကလေးများ အဘယ်နေရာတွင်ရှိသည်၊ အချိန်အခါမရွေး ဘာလုပ်နေသည်ကို သင်သိရှိနေရန် အရေးကြီးသည်။
၁၇ ဝတ်စားဖြီးလိမ်းပုံ– တော်ရိလျော်ရိမက ဖိုသီဖတ်သီဝတ်စားခြင်းကို လက်သင့်ခံသည့် ခေတ်သမယတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ လူအများသည် ချာ့ချ်တက်သည့်အခါ၊ ပြပွဲများ သို့မဟုတ် ပျော်ပွဲစားရုံတွင် ညစာစားရာတွင် တော်ရိလျော်ရိ အဝတ်အစားများကိုသာ ဝတ်ဆင်တတ်ကြသည်။ သို့သော် အထူးသဖြင့် ဝတ်ပြုစည်းဝေးချိန်တွင် ဣန္ဒြေရှိရှိ ဝတ်စားဆင်ယင်မှုကို ချီးမွမ်းသူများ ရှိနေသေးကြောင်း အပိုဒ် ၁၃ နှင့် ၁၄ တွင်ကိုးကားဖော်ပြထားသည့်စကားများက ထင်ရှားပြသည်။ တော်ရိလျောရိ ဝတ်စားခြင်း၊ ဖိုသီဖတ်သီ ဖြီးလိမ်းဝတ်ဆင်ခြင်းက ကျွန်ုပ်တို့၏ရုပ်စစ် သဏ္ဌာန်စစ်ကို ထုတ်ဖော်သည်။ စည်းဝေးပွဲခန်းမသည် နိုင်ငံတော်ခန်းမဆောင်ကြီးဖြစ်နေသည်ကို ဘယ်သောအခါမျှ မမေ့လျော့ပါနှင့်။ စည်းဝေးပွဲတက်ကြစဉ် အချို့သူတို့သည် သပ်သပ်ရပ်ရပ် ဝတ်ဆင်ကြသော်လည်း အစီအစဉ်များပြီးနောက် ဒေသခံ ပျော်ပွဲစားရုံများ သို့မဟုတ် အခြားနေရာများသို့ သွားလာသည့်အခါ မတော်မလျော်သော သို့မဟုတ် ဣန္ဒြေမရှိသော အဝတ်အစားများကို ဝတ်ဆင်တတ်ကြသည်။
၁၈ နှစ်ခြင်းယူချိန်တွင် ဝတ်စားမည့်အဝတ်အစားသည် ဣန္ဒြေရှိပြီး ကြည့်ကောင်းရှုကောင်းဖြစ်ရမည်ဖြစ်ကြောင်း နှစ်ခြင်းယူမည့်သူများအား သတိပေးသင့်သည်။ မည်သူက ဆုံးဖြတ်ပေးရမည်နည်း။ အကြီးအကဲများသည်မိမိတို့အသင်းတော်မှ နှစ်ခြင်းယူမည့်သူ တစ်ဦးတစ်ယောက်မျှ ထိမိ၍လဲစရာဖြစ်စေသူမဖြစ်ရန် တာဝန်ယူရမည်။ (၂ ကော. ၆:၃၊ ၄) ဤတွင် မလုံမလဲရေကူးဝတ်စုံနှင့် လောကဆန်သောစာသားများပါ၊ သို့မဟုတ် ကြော်ငြာများပါ စွပ်ကျယ်များ မဝတ်ကြရန် ဖြစ်သည်။ မိမိတို့၏ဓမ္မအမှု စာအုပ်ပါ မေးခွန်းများကို နှစ်ခြင်းခံမည့်သူနှင့် ပြန်လေ့လာကြရာတွင် ဤကိစ္စကို အကြီးအကဲများ ထည့်ဆွေးနွေးခြင်းသည် သင့်တော်ပါသည်။
၁၉ အသံသွင်းကိရိယာများ– အစောပိုင်းတွင် ဖော်ပြထားသည့်အတိုင်း အသံသွင်းစက်များနှင့် အထူးသဖြင့် ဗီဒီယိုရိုက်အသံသွင်းခြင်းသည် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်။ အသံသွင်းလိုကြလျှင် မိမိတို့ပတ်ဝန်းကျင်ရှိသူများကို ကျေးဇူးပြု၍ ကိုယ်ချင်းစာနာမှုပြကြစေလိုပါသည်။ မိမိထိုင်ခုံမှမထဘဲ အသံသွင်းသည့်တိုင် အနှောင့်အယှက်ဖြစ်နိုင်သည်။ ဗီဒီယိုရိုက်စဉ် စည်းဝေးပွဲတက်သူချင်းတို့၏ မြင်ကွင်းကို မကာဆီးသင့်ပါ။ ထို့ပြင် မည်သည့်အသံသွင်းကိရိယာကိုမျှ လျှပ်စစ် သို့မဟုတ် အသံချဲ့အစီအစဉ်များနှင့် ဆက်သွယ်ခွင့်မရှိသလို လူသွားလမ်းတို့ကိုလည်း ပိတ်ဆို့မနေသင့်ပါ။
၂၀ ထိုင်ခုံများ– ထိုင်ခုံဦးခြင်းကိစ္စကို သတိပြုရန် လိုအပ်နေပါသေးသည်။ ဤတွင်တစ်ဖန် သတိပေးလိုသည်ကား– သင့်မိသားစုအတွက်နှင့် သင်နှင့်အတူ တစ်ကားတည်းစီးသူများအတွက်သာ ထိုင်ခုံများ ဦးထားသင့်သည်။
၂၁ စည်းဝေးကြီးတိုင်းတွင် အထူးလိုအပ်သူများဖြစ်သည့် သက်ကြီးရွယ်အိုများနှင့် မသန်မစွမ်းသူများအတွက် ပြင်ဆင်ပေးထားရာများ ရှိပါသည်။ ဤကဲ့သို့သောသူများမဟုတ်လျှင် သူတို့အတွက် သီးသန့်ထားသည့် နေရာရှိထိုင်ခုံများတွင် မထိုင်မိရန် သတိပြုပါ။ အထူးအကူအညီလိုအပ်သူများသည် အဖော်မပါလျှင် သူတို့အားကူညီပေးရန် သတိပြုပါ။
၂၂ စာအုပ်စာတမ်းနှင့် အစားအသောက်– ခရိုင်စည်းဝေးပွဲတွင် ကျွန်ုပ်တို့စုဝေးလာကြသည့်အခါ ကာယနှင့်ဝိညာဏအစာ အလျှံပယ်စားသုံးရကြသည်။ ဤနှစ်မျိုးစလုံးကို ဖြုန်းတီးခြင်းလုံးဝမရှိဘဲ ကျေးဇူးတင်စွာ အသုံးပြုသင့်သည်။ (၆ ရာ. ၃၁:၁၀; သု. ၃:၁၀; ယော. ၆:၁၂) ယေဟောဝါ၏ ပြင်ဆင်ချက်အားလုံးကို တန်ဖိုးထားကြောင်း တင်ပြလိုကြသလော။ သို့ဖြစ်လျှင် စားသုံးနိုင်သလောက်သာယူစားပြီး လုံးဝစွန့်ပစ်လိမ့်မည်မဟုတ်ပါ။ စားစရာများကို မဖြုန်းတီးခြင်းသည် အရေးကြီးကြောင်းကို သင့်သားသမီးများ သဘောပေါက်ကြသလော။ ဤကိစ္စတွင် မိဘများသည် ပုံသက်သေကောင်း ဖြစ်ရမည်။
၂၃ ၁၉၉၄၊ အောက်တိုဘာ ၂၁ ရက်နေ့တွင် “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲများအနက် ပထမဆုံးတစ်ခုသည် ရန်ကုန်မြို့တွင် စတင်လိမ့်မည်။ ကြိုတင်ပြင်ဆင်မှုများကို သင်ပြုလုပ်ပြီးပြီလော။ သုံးရက်တာ ပျော်ရွှင်သော ပေါင်းသင်းမှုနှင့် ဝိညာဏခဲဖွယ်စားဖွယ်များကို စားသုံးရန် ယခု သင်အသင့်ရှိနေပါသလော။ “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲကြီးသို့ ယေဟောဝါ၏ စားပွဲတော်၌ ခဲဖွယ်စားဖွယ်များကို စားသုံးရန် လာတက်ရောက်ဖို့ သင့်ကြိုးစားမှုများကို ယေဟောဝါ ကောင်းချီးပေးပါရန် ကျွန်ုပ်တို့စိတ်ရင်းမှန်ဖြင့် ဆုပတ္ထနာပြုကြပါသည်။