၁၉၉၇ ခုနှစ် “ဘုရားသခင့်နှုတ်ကပါဌ်တော်၌ ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီး
၁ တမန်တော်ပေါလုက တိမောသေအား “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” ကြောင်း သတိပေးနှိုးဆော်ခဲ့သည်။ (၂ တိ. ၃:၁၆) ဘုရားသခင့်နှုတ်ကပါဌ်တော်သည် မှုတ်သွင်းခြင်းခံရသောကြောင့် ယင်း၌ ယုံကြည်ခြင်းတင်ပြရန် ကျွန်ုပ်တို့တွင် အကြောင်းကောင်းရှိပါသည်။ ဤနှစ်ခရိုင်စည်းဝေးကြီး၏ခေါင်းစဉ်မှာ “ဘုရားသခင့်နှုတ်ကပါဌ်တော်၌ ယုံကြည်ခြင်း” ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို နှစ်ပေါင်းများစွာသိရှိခဲ့ပြီးသည်ဖြစ်စေ၊ မကြာသေးမီကမှ ယေဟောဝါ၏အဖွဲ့အစည်းနှင့် အဆက်အသွယ်ရရှိလာသည်ဖြစ်စေ ဤအစီအစဉ်က သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့တိုးပွားစေမည်။ ကျွန်ုပ်တို့အားလုံး အစီအစဉ်တစ်ရပ်လုံးကို တက်ရောက်နိုင်ရန် စီစဉ်သင့်သည်။ စိတ်ဝင်စားသူလူသစ်များ၊ အထူးသဖြင့် ကျွန်ုပ်တို့နှင့်ကျမ်းစာလေ့လာနေသူများသည် ကျွန်ုပ်တို့နှင့်အတူတက်ရောက်ကြမည်ဆိုပါက မည်မျှတည်ဆောက်မှုဖြစ်လိုက်မည်ဖြစ်ခြင်း!
၂ သုံးရက်တာစည်းဝေးကြီး– ဤနှစ် သုံးရက်တာခရိုင်စည်းဝေးကြီးအစီအစဉ်ကို ကျွန်ုပ်တို့အကျိုးအတွက်စီစဉ်ထားသည်။ ဖေဖော်ဝါရီ ၁၅၊ ၁၉၉၇ ကင်းမျှော်စင် [လိပ်] တွင် အမေရိကန်ပြည်ထောင်စုတစ်ဝန်းလုံးတွင်ကျင်းပမည့် စည်းဝေးကြီး ၁၉၃ ခုကိုကြေညာထားသည်။ အလုပ်အားလပ်ချိန်ရရန် သင့်အလုပ်ရှင်ထံ ချဉ်းကပ်ပြီးပြီလော။ သင့်တွင် ကျောင်းနေအရွယ် ကလေးများရှိပါက ဘာသာရေးလေ့ကျင့်သင်ကြားပေးခြင်း၏ ဤအရေးကြီးသောကဏ္ဍအတွက် သောကြာနေ့တွင် ပျက်ကွက်မည်ဖြစ်ကြောင်း သူတို့၏ဆရာများကို အလိုက်သိစွာ အသိပေးထားပြီးပြီလော။—တရား. ၃၁:၁၂။
၃ မြန်မာဘာသာစကားအပြင် လူရှိုင်း၊ ဟားခါးနှင့် တီးတိန်ဘာသာစကားဖြင့်လည်း စည်းဝေးကြီးများကို ကျင်းပပါမည်။
၄ အစီအစဉ်ကို နေ့စဉ် နံနက် ၉:၃၀ တွင် စတင်မည်ဖြစ်သည်။ တံခါးများကို နံနက် ၈:၀၀ တွင်ဖွင့်ထားမည်။ ထိုအချိန်မတိုင်မီ ဝင်ခွင့်ပြုထားခြင်းခံရသူများမှာ အလုပ်တာဝန်ခန့်အပ်ခံရသူများသာဖြစ်ပြီး လူအားလုံးအတွက် အဆောက်အအုံ၏တံခါးကို မဖွင့်မီအထိ ထိုင်ခုံများဦးထားရန် သူတို့အားခွင့်ပြုမည်မဟုတ်ပါ။—ဖိ. ၂:၄။
၅ အာရုံစူးစိုက်ခြင်းဖြင့် အပြည့်အဝပါဝင်ပါ– တမန်တော်ပေတရုက ပထမရာစုရှိခရစ်ယာန်များအား ပရောဖက်ပြုစကားကို မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးအဖြစ် အာရုံစူးစိုက်ခြင်းသည်ကောင်းကြောင်း သတိပေးနှိုးဆော်ခဲ့သည်။ (၂ ပေ. ၁:၁၉) ကျွန်ုပ်တို့နှင့်ပတ်သက်၍လည်း ထပ်တူပင်ဖြစ်သည်။ စာတန်၏ထိန်းချုပ်မှုအောက်တွင်ရှိသော ဤလောကဟောင်းတွင် အသက်ရှင်နေရခြင်းသည် မှောင်မိုက်အရပ်၌ရှိသည့်အဖြစ်နှင့်တူသည်။ ဝိညာဏမှောင်မိုက်မှ ခေါ်ထုတ်ခံရသောကြောင့် ကျွန်ုပ်တို့ကျေးဇူးတင်ကြသည်။ (ကော. ၁:၁၃; ၁ ပေ. ၂:၉; ၁ ယော. ၅:၁၉) အလင်း၌ဆက်ရှိနေရန် ယေဟောဝါ၏မှုတ်သွင်းခံနှုတ်ကပါဌ်တော်ကို အာရုံစူးစိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် ထိန်းသိမ်းထားဖို့လိုသည်။ ကျွန်ုပ်တို့၏ခရိုင်စည်းဝေးကြီးက ထိုသို့လုပ်ဆောင်ရန် ကျွန်ုပ်တို့ကို အားပေးတိုက်တွန်းမည်။
၆ ကျွန်ုပ်တို့သည် အစီအစဉ်ကို အာရုံစူးစိုက်မည်ဆိုပါက ကျွန်ုပ်တို့အပိုင်းမှကြိုးစားအားထုတ်ရန် လိုအပ်ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကောင်းချီးခံစားရမည်မှာသေချာသည်။ အစီအစဉ်အတွင်း နိုးနိုးကြားကြားရှိရန် ကောင်းကောင်းအနားယူပြီးမှ စည်းဝေးကြီးကျင်းပရာသို့ လာရန်ကြိုးစားသင့်သည်။ အစီအစဉ်မစတင်မီ သင့်ထိုင်ခုံတွင်ရှိနေရန် နေ့စဉ် စည်းဝေးကြီးကျင်းပမည့်နေရာသို့ရောက်ရှိရန် အချိန်အလုံအလောက်ရယူပါ။ ထို့နောက် နေ့စဉ်အစီအစဉ်၏အဖွင့်သီချင်းနှင့် အစဆုတောင်းချက်တွင် ပါဝင်ပါ။ လူကြီးများသည် ပုံသက်သေပြသင့်ပြီး မိဘများသည် မိမိတို့၏သားသမီးများကို လေ့ကျင့်ပေးသင့်သည်။—ဧ. ၆:၄။
၇ နေ့၏အစီအစဉ်မစမီ ပါဝင်သည့်ခေါင်းစဉ်များကို ကျွန်ုပ်တို့ကြည့်ထားပါက ထိုအစီအစဉ်အတွင်း တင်ဆက်မည့်အကြောင်းအရာအပေါ် မျှော်လင့်စောင့်စားရန် ကြိုးစားနိုင်ပါသည်။ ယင်းက တင်ဆက်နေစဉ် အကြောင်းအရာ၌ ကျွန်ုပ်တို့၏စိတ်ဝင်စားမှုကို တိုးပွားစေသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ကိုယ်တော်ကိုစိတ်အားထက်သန်စွာရှာဖွေသူများအား ဆုချတော်မူမည်ဟူသော သေချာသည့်ကတိတော်များ၌ အဘယ်ကြောင့်ယုံကြည်ရကြောင်း အခြားသူများအားပြောပြရာတွင် အထောက်အကူဖြစ်စေမည့် အချက်များကို အာရုံစိုက်နိုင်ပေမည်။ (ဟေဗြဲ ၁၁:၁၊ ၆) အစီအစဉ်၏ အဓိကအချက်များကိုမှတ်မိရန် ကျွန်ုပ်တို့ကိုထောက်ကူပေးသည့် တိုတုတ်သောမှတ်စုများယူရန် အကြံပြုခံရကြသည်။ မှတ်စု များစွာယူပါက ရေးနေရသည်နှင့်အလွန်အလုပ်များနေသောကြောင့် အဓိကအချက်တချို့ကိုလွတ်သွားနိုင်သည်။
၈ လွန်ခဲ့သောနှစ်က လူကြီးနှင့် လူငယ်များစွာတို့သည် ကျွန်ုပ်တို့အကျိုးအတွက် “သစ္စာနှင့်သတိပညာရှိသောကျွန်” ပြင်ဆင်ပေးသည့်အရာကို နားထောင်ကြမည့်အစား စင်္ကြံတစ်လျှောက် အကြောင်းမဲ့လမ်းလျှောက်နေခြင်း၊ အပြင်ဝန်းကျင်တွင် ရစ်ဝဲရစ်ဝဲလုပ်နေခြင်းနှင့် အစီအစဉ်ကျင်းပနေစဉ် အခြားသူများနှင့်အာလာပသလ္လာပပြောနေခြင်းတို့ကို သတိပြုမိသည်။ ရန်ကုန်၊ ဂန္ဓီခန်းမတွင်လည်း အချို့သူများသည် အစီအစဉ်ကျင်းပနေစဉ် အောက်ထပ်များတွင် စကားပြောနေကြသည်ကို သတိပြုမိသည်။ အချိန်တန်ဝိညာဉ်အစာကို ပေးမည်ဟု ကျွန်ုပ်တို့အား ယေရှုကတိပြုခဲ့သည်။ (မ. ၂၄:၄၅-၄၇၊ သမ) ထို့ကြောင့် ထိုအစာမှအကျိုးရရှိရန်နှင့် ကျေးဇူးတင်လေးမြတ်ကြောင်းတင်ပြရန် ကျွန်ုပ်တို့တက်ရောက်သင့်သည်။ (၂ ကော. ၆:၁) တချို့သောကလေးများသည် အငြိမ်မနေနိုင်သည့်အခါ ထပြီး အနီးအနားလမ်းလျှောက်ရန် အကြောင်းပြကာ အိမ်သာသို့သွားရန် မကြာခဏတောင်းဆိုကြပုံရသည်။ အိမ်၌ ကောင်းစွာလေ့ကျင့်ပေးထားခြင်းဖြင့် အိမ်သာသို့ ခဏခဏသွားရန် လိုအပ်မည်မဟုတ်ပါ။ တစ်ခါတစ်ရံ လူပျိုအပျိုလူရွယ်လူငယ်အချို့သည် ချောင်ကျသည့်နေရာများတွင် အတူထိုင်ကာ စကားပြောခြင်း၊ တီးတိုးစကားပြောခြင်းနှင့် အချင်းချင်းမှတ်စုများလက်ဆင့်ကမ်းကြသည်။ ယနေ့အချိန်တွင် ဖိစီးမှုများစွာခံနေရသောကျွန်ုပ်တို့၏လူငယ်များသည် အစီအစဉ်အတွင်း အခြားအရာများကို လုပ်မနေဘဲ တင်ဆက်နေသည့်အကြောင်းအရာအပေါ် အာရုံစူးစိုက်ရန်လိုသည်။ ကျမ်းစာမူများနှင့်မကိုက်ညီသည့် လူငယ်တို့၏တပ်မက်ခြင်းကို ရှောင်ရမည်။ (၂ တိမောသေ ၂:၂၂ နှိုင်းယှဉ်။) အစွမ်းကုန်အာရုံစူးစိုက်ခြင်းဖြင့် လူကြီးနှင့်လူငယ်များသည် ယေဟောဝါကိုဂုဏ်တင်ပြီး ကိုယ်တော်အားရွှင်လန်းမှုဖြစ်စေမည်။
၉ ဧည့်ကြိုတစ်ဦးက ဤကိစ္စရပ်များတွင် တစ်ဦးတစ်ယောက်အား သွန်သင်ချက်ပေးရန်လိုအပ်လာပါက ယေဟောဝါထံတော်မှ မေတ္တာပါပြင်ဆင်ပေးမှုအဖြစ် လက်ခံသင့်သည်။ (ဂလ. ၆:၁) စည်းဝေးကြီးကိုတက်ရောက်ရန် ကျွန်ုပ်တို့ကြိုးစားရခြင်းသည် ‘နားထောင်သင်ကြား’ ရန် ဖြစ်သည်ကို အားလုံးသတိရဖို့လိုသည်။ (တရား. ၃၁:၁၂၊ သမ္မာ) ထို့အပြင် “ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာအတတ်တိုးပွားရလိမ့်မည်။” (သု. ၁:၅) စည်းဝေးကြီးကိုမတက်မီ ကျန်ရှိနေသည့်အချိန်အတွင်း မိသားစုလိုက်ပရိသတ်ထဲတွင် အတူထိုင်ရန်၊ အစီအစဉ်အတွင်း ထိုင်ခုံတွင်ရှိနေရန်နှင့် အစီအစဉ်မှ အကျိုးအပြည့်အဝရရှိရန် ကောင်းကောင်းအာရုံစူးစိုက်ဖို့လိုကြောင်း ဆွေးနွေးပါ။
၁၀ ယေဟောဝါကိုနှစ်သက်စေမည့် တန်ဆာဆင်ခြင်း– ယေဟောဝါ၏လူမျိုးတော်သည် လောကီသားအားလုံးရှုစားရန် ထုတ်ပြခံရကြသည်။ (၁ ကော. ၄:၉) ကျွန်ုပ်တို့သည် များသောအားဖြင့် ဝတ်စားဆင်ယင်မှုနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏စံနှုန်းကောင်းအတွက် သတိပြုခံရလေ့ရှိသည်။ ၁ တိမောသေ ၂:၉၊ ၁၀ နှင့် ၁ ပေတရု ၃:၃၊ ၄ တွင်ပါရှိသောကျမ်းစာမူများကို ကျင့်သုံးခြင်းဖြင့် ခရစ်ယာန်အသင်းတော်နှင့်စပေါင်းစဉ်က သူတို့ကိုတွေ့ခဲ့ရပုံနှင့်နှိုင်းယှဉ်လိုက်လျှင် များစွာသောသူတို့၏အသွင်အပြင်သည် များစွာပြောင်းလဲသွားသည်။ ယင်းသည် လောကတွင်ကျွန်ုပ်တို့တွေ့ရသော ဝတ်စားဆင်ယင်မှုနှင့်စပ်လျဉ်းသည့် မှန်မှန်ကျဆင်းနေသောစံနှုန်းနှင့်ယှဉ်လိုက်လျှင် လုံးလုံးကွာခြားပါသည်။ ကျွန်ုပ်တို့၏အသွင်အပြင်သည်—ဆန်းဆန်းပြားပြားအဝတ်များဝတ်ဆင်ခြင်း၊ လောကတွင်ရေပန်းစားသည့် ဆံပင်ပုံစံများကို အားပေးအားမြှောက်ပြုခြင်း သို့မဟုတ် ဣန္ဒြေမဲ့စွာဝတ်စားခြင်းကဲ့သို့သော လောကပုံစံနှင့်မတူရန် စောင့်ထိန်းလိုကြပေမည်။ ကျွန်ုပ်တို့၏ စံနမူနာယူထိုက်သော ဝတ်စားဆင်ယင်မှုက ခရစ်ယာန်များသည် မိမိကိုယ်ကိုမည်သို့တန်ဆာဆင်သင့်သည်ကို တွေ့ မြင်ရန် စည်းဝေးကြီးတက်ရောက်သူလူသစ်များကို အကူအညီဖြစ်စေသင့်သည်။
၁၁ ပြီးခဲ့သည့်နှစ်က ခရိုင်စည်းဝေးကြီးများ၏ရလဒ်အနေနှင့် များသောအားဖြင့် အထင်ကြီးလေးစားမှု စွဲထင်ကျန်ရစ်မှုသည် အလွန်နှစ်မြို့ဖွယ်ဖြစ်သော်လည်း လောကီဝတ်စားဆင်ယင်မှုသည် အချို့သောညီအစ်ကိုညီအစ်မများအတွက် အထူးသဖြင့် အေးအေးဆေးဆေးအနားယူချိန်အတွင်း ပြဿနာတစ်ရပ်အဖြစ် ဆက်ရှိနေသည်။ ကျွန်ုပ်တို့သည် စည်းဝေးကြီးတက်ရန် အစီအစဉ်များဆွဲစဉ် ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုနှင့်စပ်လျဉ်း၍ မိမိကိုယ်ကိုဆန်းစစ်သင့်သည်။ မိဘများ၊ သင်တို့၏ငယ်ရွယ်သောသားသမီးများနှင့် ဆယ်ကျော်သက်ရွယ်များ မည်သည့်အဝတ်အစားများဝတ်ဆင်နေသည်ကို ပညာရှိရှိကြီးကြပ်ပေးပါ။ လောကပုံစံနှင့် ရေပန်းစားသည့်အရာများကြောင့် ကျွန်ုပ်တို့၏ခရစ်ယာန်အသွင်အပြင်အပေါ် မကောင်းသောသြဇာမသက်ရောက်ရစေရန် သေချာစေပါ။
၁၂ ကောင်းသောအကျင့်အကြံကိုထိန်းသိမ်းထားပါ– ကောင်းသောအကျင့်အကြံသည် စစ်မှန်သောခရစ်ယာန်များ၏ အမှတ်အသားတစ်ခုဖြစ်သည်။ (၁ ပေ. ၂:၁၂) ကျွန်ုပ်တို့၏အမူအကျင့်သည် နေရာတိုင်း—စည်းဝေးကြီး၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များအပြင် ခရီးသွားသည့်အချိန်တွင်—ကောင်းမွန်သောသက်သေခံချက်တစ်ခုပေးပြီး အခြားသူများအား ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်၌ ယုံကြည်ခြင်းသည် လူသားများအတွက် ဘာလုပ်ဆောင်ပေးနိုင်ကြောင်း သိမြင်ရန် ကူညီပေးနိုင်သည်။ ယင်းက ယေဟောဝါကိုသိရှိလာရန် တချို့သောသူတို့အား လှုံ့ဆော်ပေးပေမည်။ (၁ ပေတရု ၃:၁၊ ၂ နှိုင်းယှဉ်။) ကျွန်ုပ်တို့၏အကျင့်အကြံအားဖြင့် ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းရန် အခွင့်ထူးရရှိထားသည်။ အဲလ်ဘားမားပြည်နယ်ရှိ ဟိုတယ်တစ်ခု၏ကြီးကြပ်ရေးအဖွဲ့က ကျွန်ုပ်တို့၏တက်ရောက်သူကိုယ်စားလှယ်များသည် “သူတို့၏ဧည့်ပရိသတ်ထဲတွင် အကောင်းဆုံးသော အမူအကျင့်ရှိသည့်အုပ်စု” ဖြစ်သည်ဟုပြောခဲ့သည်။ သူတို့က ဆက်၍– “နောက်နောင် ခင်ဗျားတို့ပြန်လာရင်တော့ အခွင့်ထူးတစ်ခုဖြစ်ပါလိမ့်မယ်” ဟုပြောသည်။ အမေရိကန်ပြည်ထောင်စုအရှေ့မြောက်ပိုင်းရှိ ညီလာခံနှင့် ခရီးသွားလာရေးလုပ်ငန်းဌာနတစ်ခုက ဤသို့စာရေးသည်– “နှစ်စဉ် ကင်းမျှော်စင်အသင်းညီလာခံကို ကျွန်ုပ်တို့၏အဖွဲ့အစည်းတစ်ရပ်လုံးက စိတ်စောစွာနဲ့စောင့်မျှော်နေကြပါသည်။ သင်တို့၏အဖွဲ့ဝင်များသည် အမှန်ပင် နှစ်ထောင်းအားရစရာကောင်းပါသည်; အတတ်နိုင်ဆုံး ဖော်ရွေမှုနှင့် လေးစားမှုတို့ဖြင့် ကျင့်ကြံပြုမူနေကြပါသည်။ ယင်းကို ကျွန်ုပ်တို့၏စီးပွားရေးလုပ်ငန်းရှင်များက အသိအမှတ်ပြုကြပြီး နှစ်စဉ်လာရောက်တည်းခိုကြမည့် သူတို့၏ ‘သားချင်းတစ်စု’ ပြန်လာမည်ကို တန်ဖိုးထားကြပါသည်။” ဤကဲ့သို့သောမှတ်တမ်းများကိုဖတ်ရခြင်းသည် နှစ်ထောင်းအားရစရာမကောင်းပေလော။ သို့သော် ယေဟောဝါလူမျိုးတော်၏နာမည်ကောင်းကို ဆက်ထိန်းထားရန် နိုးနိုးကြားကြားရှိနေဖို့လိုသည်။
၁၃ ထိန်းကွပ်မှုမရှိဘဲ ဟိုတယ်ဝန်းကျင်တစ်ဝိုက်ပြေးလွှားနေခြင်း၊ အခြားတည်းခိုသူများကိုအနှောင့်အယှက်ဖြစ်စေခြင်းမရှိစေဘဲ မိမိတို့၏သားသမီးများအားထိန်းရန် သတိပေးချက်မြောက်မြားစွာ ပေးထားပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ကလေးတချို့ကို ခန်းမအထဲနှင့် ဝန်းကျင်တစ်ဝိုက်တွင် မကြီးကြပ်ပေးကြောင်း၊ ဟိုတယ်စင်္ကြံနှင့် လူအများရှိသည့်နေရာများတွင် ပြေးလွှားနေကြကြောင်း နှစ်စဉ် အသင်းမကသတင်းရရှိသည်။ စည်းဝေးကြီးသည် ကျွန်ုပ်တို့၏ညီအစ်ကိုအသင်းအပင်းနှင့် လည်ပတ်ပေါင်းသင်းရန် အခွင့်အရေးကိုစီမံပေးသော်လည်း မိဘများသည် မိမိတို့၏သားသမီးများကို အချိန်တိုင်းကြီးကြပ်ကွပ်ကဲရန် မိမိတို့၌တာဝန်ရှိကြောင်း အစဉ်စွဲမှတ်ထားရမည်။ ယင်းကား မိဘတိုင်းကို ယေဟောဝါပေးထားသည့် တာဝန်တစ်ခုဖြစ်သည်။ (သု. ၁:၈; ဧ. ၆:၄) သားသမီးများကိုကြီးကြပ်ကွပ်ကဲမှုမရှိခြင်းသည် တည်ဆောက်မှုပေးရန် အခြားယေဟောဝါသက်သေများ ကြိုးစားလုပ်ဆောင်မှုကြောင့်ရရှိသည့် နာမည်ကောင်းကို ထိခိုက်နိုင်သည်။—သု. ၂၉:၁၅။
၁၄ အထူးသဖြင့် စားပွဲထိုး အမျိုးသား၊ အမျိုးသမီးများ၊ အလုပ်သမများနှင့် ခေါင်းလောင်းထိုးပေးသူများကဲ့သို့သော အများအတွက်လုပ်ဆောင်ပေးသူများစွာသည် အသက်မွေးမှုအတွက် သဒ္ဓါကြေးများအပေါ်တွင် အများအားဖြင့် မှီခိုအားထားနေရသောကြောင့် ပုဂ္ဂိုလ်ရေးအရထောက်မကူညီမှုရရှိသောအခါ သဒ္ဓါကြေးပေးခြင်းသည် သင့်လျော်ကြောင်း စွဲမှတ်ထားပါ။ ဤကိစ္စနှင့်ပတ်သက်၍လည်း ကျွန်ုပ်တို့သည် ယေဟောဝါသက်သေများအနေနှင့် အမူအကျင့်ကောင်းများပြလိုကြပါသည်။—နိုးလော့! ဇွန် ၂၂၊ ၁၉၈၆၊ စာမျက်နှာ ၂၄-၇ [လိပ်] ရှု။
၁၅ စည်းဝေးကြီးကုန်ကျစရိတ်များကို ကာမိခြင်း– ကျွန်ုပ်တို့အားလုံးသည် စည်းဝေးကြီးများတက်ရောက်ခြင်းနှင့်စပ်လျဉ်း၍ ကုန်ကျစရိတ်များရှိကြပေမည်။ အခြားကုန်ကျစရိတ်ကိုပါ ကျွန်ုပ်တို့ထည့်သွင်းစဉ်းစားသင့်သည်။ စည်းဝေးကြီးများအတွက် အသုံးပြုသည့်အဆောက်အအုံများသည် စရိတ်စကကြီးမားပါသည်။ အခြားကုန်ကျစရိတ်များကိုလည်း ကြည့်ရှုထောက်ပံ့ရမည်။ စည်းဝေးကြီးများတွင် ရက်ရောစွာဖြင့် စေတနာအလျောက်ထည့်ဝင်သည့် ကျွန်ုပ်တို့၏အလှူငွေများသည် အလွန်တန်ဖိုးထားခံရသည်။—တ. ၂၀:၃၅; ၂ ကော. ၉:၇၊ ၁၁၊ ၁၃။
၁၆ ထိုင်ခုံ– နှစ်ပေါင်းများစွာ ပေးခဲ့သည့်ညွှန်ကြားချက်များကို ဆက်၍လိုက်နာကျင့်သုံးကြမည်။ သင့်မိသားစုဝင်များနှင့် သင်နှင့်အတူကားစီးလာသူများအတွက်သာ ထိုင်ခုံဦးထားနိုင်သည်။ မကြာသေးမီနှစ်များက ဤညွှန်ကြားချက်များကို ပို၍လိုက်နာကျင့်သုံးကြသည်ကိုတွေ့ ရခြင်းသည် အလွန်အားရစရာကောင်းပြီး ယင်းက စည်းဝေးကြီးများတွင်သိသာထင်ရှားသည့် မေတ္တာပါသောအသိုင်းအဝိုင်းကို တိုးမြှင့်ပေးသည်။ နေရာအများရှိ ထိုင်ခုံတချို့သည် အခြားထိုင်ခုံများထက် ဝင်ထိုင်ရန် ပိုအဆင်ပြေသည်။ ကျေးဇူးပြု၍ ထောက်ထားစာနာမှုပြပါ။ အခြေအနေအရလိုအပ်သူများအတွက် ပို၍အဆင်ပြေမည့်ထိုင်ခုံများကို ချန်ထားပေးပါ။
၁၇ ကင်မရာများ၊ ဗီဒီယိုကင်မရာအသေးစားနှင့် အသံသွင်းစက်များ– စည်းဝေးကြီးများတွင် ကင်မရာနှင့် အသံသွင်းစက်များကို အသုံးပြုနိုင်သည်။ သို့သော် ယင်းတို့ကိုကျွန်ုပ်တို့အသုံးပြုသည့်အတွက် တက်ရောက်လာသည့်အခြားသူများကို အာရုံပျံ့လွင့်စရာမဖြစ်စေရပါ။ အစီအစဉ်ကို ကြိုးစားအာရုံစိုက်နေသောအခြားသူများကို အနှောင့်အယှက်ဖြစ်စေသောကြောင့် အစီအစဉ်တင်ဆက်စဉ်အတွင်း ဓာတ်ပုံရိုက်ရန် လှည့်ပတ်လျှောက်မနေသင့်ပါ။ မည်သည့်အသံသွင်းကိရိယာမျိုးမှ လျှပ်စစ် သို့မဟုတ် အသံချဲ့စက်များနှင့် မဆက်သွယ်ရပါ။ မည်သည့်ကိရိယာမှ လမ်းများ၊ စင်္ကြံများကို ပိတ်ဆို့မထားသင့် သို့မဟုတ် အခြားသူများ၏မြင်ကွင်းကို ကွယ်မထားသင့်ပါ။
၁၈ ရှေးဦးသူနာပြု– ရှေးဦးသူနာပြုဌာနသည် အရေးပေါ်အတွက်သာဖြစ်သည်။ နာတာရှည်ဖျားနာသူကို ကြည့်ရှုပြုစုပေးနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သင်ကိုယ်တိုင်နှင့် သင့်မိသားစု၏ ကျန်းမာရေးလိုအပ်ရာများကို ကြိုတင်သုံးသပ်ထားသင့်သည်။ စည်းဝေးကြီးတွင် အဆင်သင့်မရရှိနိုင်သောကြောင့် သင့်ကိုယ်ပိုင် အကိုက်အခဲပျောက်ဆေး၊ အစာကြေဆေး၊ ပတ်တီး၊ စိတ်ချရသောအပ်များနှင့် အလားတူပစ္စည်းများကို ကျေးဇူးပြု၍ယူခဲ့ပါ။ ရုတ်တရက်ဖြစ်တတ်သည့်ရောဂါများ၊ အင်ဆူလင်ဒဏ်ရှိန်ကြောင့် သွေးလန့်ခြင်း၊ နှလုံးရောဂါကဲ့သို့သောရောဂါများကြောင့် အန္တရာယ်ရှိနိုင်သည်ကိုသိထားသူတိုင်းသည် သူတို့၏လိုအပ်ရာများကို အတတ်နိုင်ဆုံး အသင့်ရယူထားသင့်သည်။ သူတို့တွင် လိုအပ်သည့်ဆေးဝါးများရှိထားသင့်သည်။ သူတို့၏အခြေအနေကိုနားလည်သည့် မိသားစုဝင်တစ်ဦး သို့မဟုတ် အသင်းတော်သည် လိုအပ်သောမည်သည့်အကူအညီကိုမဆိုပေးရန် အချိန်တိုင်း သူတို့နှင့်အတူရှိနေသင့်သည်။ နာတာရှည်ကျန်းမာရေးပြဿနာရှိသူများကို တစ်ဦးတည်းပစ်ထားခဲ့၍ နေမကောင်းဖြစ်လာသည့်အခါ စည်းဝေးကြီးတွင် ပြဿနာများပေါ်ပေါက်တတ်သည်။ စည်းဝေးကြီးစီမံကွပ်ကဲရေးရုံးသည် ထိုသူများအား ဆေးရုံသို့ပို့ဆောင်ရန် အရေးပေါ်ဆေးဘက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဖို့ဖြစ်သည်။ အထူးကျန်းမာရေးအကူအညီလိုအပ်သူတချို့တွင် သူတို့ကိုကူညီနိုင်သည့်မိသားစုဝင်များမရှိပါက သူတို့၏အသင်းတော်အကြီးအကဲများအား အကြောင်းကြားရန်လိုအပ်ပြီး အကူအညီပေးရန် လိုအပ်သည့်အစီအစဉ်များပြုလုပ်ပေးမည်ဖြစ်သည်။ စည်းဝေးကြီး၌ သွေးမတည့်သူများအတွက် အထူးခန်းများ စီစဉ်ပေးမည်မဟုတ်ပါ။
၁၉ စည်းဝေးကြီးတွင် အစားအစာ– စည်းဝေးကြီးများတွင် အစားအသောက်ဌာနမရှိတော့သည့်အတွက် အစီအစဉ်အားလုံးအတွင်း ဝိညာဏအစာကို အာရုံစူးစိုက်ရန် ပို၍လွတ်လပ်စေသည်။ ဤအစီအစဉ်ကိုပြုလုပ်ခဲ့စဉ်ကတည်းက ဤသို့လွယ်ကူအောင်လုပ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းဖွင့်ဟဖော်ပြချက်များစွာကို လက်ခံရရှိခဲ့သည်။ မေလ ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်စာရွက် အပိုဒ် ၂၆ တွင်အကြံပြုထားသည့်အတိုင်း မွန်းတည့်ခေတ္တရပ်နားချိန်အတွင်း လက်တွေ့ကျပြီး အာဟာရရှိသော ကိုယ်ပိုင်အစားအစာများ ယူဆောင်လာကြရန် အားလုံးစီစဉ်သင့်သည်။ မည်သည့် ထည့်စရာဖန်ခွက်များနှင့် အရက်အဖျော်ယမကာများကိုမျှ စည်းဝေးကြီးအဆောက်အအုံထဲသို့ မယူလာရန်ဖြစ်သည်။ ပရိသတ်ထဲမှတချို့သောသူတို့သည် အစီအစဉ်အတွင်း စားသောက်နေကြသည်ကို သတိပြုမိသည်။ ဤသို့ပြုခြင်းသည် မလေးစားရာရောက်သည်။ စည်းဝေးကြီးအဆောက်အအုံအတွင်း အစားအစာရောင်းသည့်နေရာ သို့မဟုတ် အပြင်၌ ရောင်းချသည့်နေရာများတွင် ညီအစ်ကိုတချို့သည် အစီအစဉ်အတွင်း ဖောက်သည်အဖြစ်အားပေးနေကြသည်ကို သတိပြုမိသည်။ ထိုသို့သောလုပ်ရပ်သည် မသင့်လျော်ပါ။
၂၀ ဝိညာဏကျွေးမွေးပွဲကြီးနှင့် တိုတောင်းသည့်မွန်းတည့်ခေတ္တရပ်နားချိန်အတွင်း ကိုယ်စိတ်နှစ်ဖြာလန်းဆန်းပြီး ငြိမ်သက်မှုရှိသောပေါင်းသင်းမှုအသိုင်းအဝိုင်းအတွက် ကျွန်ုပ်တို့အမှန်ပင် လေးမြတ်ကြပါသည်။ ဤအစီအစဉ်၏ရည်ရွယ်ချက်နှင့်အညီ မွန်းတည့်ခေတ္တရပ်နားချိန်တွင် အဆောက်အအုံအပြင်ထွက်ပြီး သွားဝယ်စားမည့်အစား ကျေးဇူးပြု၍ သင်နှင့်အတူအစားအစာတစ်ခုခုယူဆောင်လာပါ။ ဤသို့ဖြင့် သင်၏ညီအစ်ကို၊ ညီအစ်မများနှင့် ပေါင်းသင်းရန် ပို၍အချိန်ရရှိစေမည်။
၂၁ “ဘုရားသခင့်နှုတ်ကပါဌ်တော်၌ ယုံကြည်ခြင်း” ခရိုင်စည်းဝေးကြီး မကြာမီစတော့မည်ဖြစ်၍ မည်မျှဝမ်းသာစရာပါတကား! ကျွန်ုပ်တို့အတွက် မိမိ၏အဖွဲ့အစည်းမှတစ်ဆင့် ယေဟောဝါပြင်ဆင်ပေးတော်မူသော ကောင်းမွန်သည့်ဝိညာဏစားပွဲကြီးတွင် အပြည့်အဝစားသုံးနိုင်ရန် အစီအစဉ်တစ်ရပ်လုံးကို တက်ရောက်ဖို့ ကျွန်ုပ်တို့အားလုံး အသေအချာပြင်ဆင်လိုကြပါမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် “ကောင်းသောအလုပ်အမျိုးမျိုးအတွက် စုံစုံလင်လင်တန်ဆာဆင်ခံရ” သူများဖြစ်လာမည်။—၂ တိ. ၃:၁၇၊ ကဘ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ခရိုင်စည်းဝေးကြီးသတိပေးချက်များ
နှစ်ခြင်း– စနေနေ့နံနက် စည်းဝေးကြီးအစီအစဉ်မစတင်မီ သတ်မှတ်ထားရာထိုင်ခုံများတွင် နှစ်ခြင်းခံမည့်သူများ နေရာယူသင့်သည်။ နှစ်ခြင်းခံမည့်သူတိုင်း ဣန္ဒြေရှိသောအဝတ်အစားနှင့် မျက်နှာသုတ်ပဝါကို ယူဆောင်လာသင့်သည်။ ပြီးခဲ့သည့်နှစ်က အချို့သူများ၏ဝတ်စားဆင်ယင်မှုသည် အချိန်အခါနှင့်မသင့်လျော်၊ ဣန္ဒြေမရှိကြောင်း တွေ့ရသည်။ နှစ်ခြင်းခံမည့်သူများနှင့် မိမိတို့၏ဓမ္မအမှု စာအုပ်ပါမေးခွန်းများကို ပြန်ဆွေးနွေးသည့် အသင်းတော်အကြီးအကဲများသည် ဤအချက်များကို တစ်ဦးချင်းအား အသေအချာနားလည်စေသင့်သည်။ ဟောပြောသူ၏နှစ်ခြင်းဟောပြောချက်နှင့် ဆုတောင်းခြင်းပြီးနောက် အစီအစဉ်သဘာပတိက သီချင်းဆိုရန်ကြေညာမည်။ နောက်ဆုံးအပိုဒ်ပြီးသည့်အခါ ဧည့်ကြိုများက နှစ်ခြင်းခံမည့်သူများအား နှစ်ခြင်းခံမည့်နေရာသို့ ပို့ဆောင်ပေးပါလိမ့်မည်။ နှစ်ခြင်းခံခြင်းသည် နှစ်ခြင်းခံမည့်သူနှင့် ယေဟောဝါစပ်ကြား ရင်းနှီးသည့်ကိုယ်ရေးကိုယ်တာကိစ္စကို အထိမ်းအမှတ်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် နှစ်ခြင်းယူစဉ် တစ်ဦးကိုတစ်ဦးဖက်ထားခြင်း သို့မဟုတ် လက်များကိုကိုင်ထားခြင်းသည် နှစ်ခြင်းခံမည့်သူများအတွက် မသင့်လျော်ပါ။
တည်းခိုခြင်း– စည်းဝေးကြီးကစီစဉ်ပေးသည့်စာရင်းပါ နေရာထိုင်ခင်းများကိုသာ အသုံးပြုခြင်းဖြင့် ယောက်တိုင်းပူးပေါင်းလုပ်ဆောင်ကြဖို့ ကျွန်ုပ်တို့တောင်းဆိုပါသည်။ သင်သည် အသင်းမ၏အစီအစဉ်ကိုမလိုက်ဘဲ ကိုယ်ပိုင်အစီအစဉ်ရှိပါက ကျေးဇူးပြု၍ စည်းဝေးကြီးအဖွဲ့သို့ ချက်ချင်းအကြောင်းကြားပါ။ အထူးလိုအပ်ရာအစီအစဉ်နှင့်အညီ ပြုလုပ်ထားသောအစီအစဉ်ကို ဖျက်ဖို့အကြောင်းပေါ်လာပါက ယင်းအခန်းကို အခြားသူတစ်ဦးအားလွှဲပေးနိုင်ရန် စည်းဝေးကြီးတည်းခိုရေးဌာနသို့ ချက်ချင်းအကြောင်းကြားသင့်သည်။
စေတနာ့ဝန်ထမ်းဌာန– စည်းဝေးကြီးဌာနတစ်ခုခုတွင် အကူအညီပေးရန် အချိန်ပေးနိုင်မည်လော။ ညီအစ်ကိုများအတွက် နာရီအနည်းငယ်သာအကျိုးဆောင်နိုင်ဦးတော့ အလွန်ပင်အကူအညီဖြစ်ပြီး ကျေနပ်မှုများစွာရရှိစေမည်။ အကူအညီပေးနိုင်မည်ဆိုလျှင် စည်းဝေးကြီးစေတနာ့ဝန်ထမ်းဌာနကို ကျေးဇူးပြု၍သတင်းပို့ပါ။ ၁၆ နှစ်အောက်ကလေးများသည် မိဘ သို့မဟုတ် အခြားတာဝန်ယူနိုင်မည့် လူကြီးတစ်ဦး၏ကွပ်ကဲမှုအောက် စေတနာ့ဝန်ထမ်းနိုင်ပါသည်။
သတိပေးစကားများ– မလိုအပ်သောအခက်အခဲကို ရှောင်ရှားနိုင်ရန်အလို့ငှာ ဖြစ်ပေါ်လာနိုင်သည့်ပြဿနာများကို မပြတ်သတိပြုပါ။ သူခိုးများနှင့် အခြားမသမာသူတို့သည် မိမိတို့နေအိမ်မှ အဝေးသို့ရောက်နေသူများအား ချောင်းမြောင်းနေတတ်သည်။ သင့်ကားကို အချိန်အခါမရွေး သော့ခတ်ထားရန်နှင့် သူတစ်ပါးချိုးဖောက်ယူလိုစိတ်ပေါ်စေရန် မြင်နိုင်သည့်နေရာတွင် အဘယ်အရာကိုမျှ မထားခဲ့ပါနှင့်။ သူခိုးများနှင့် ခါးပိုက်နှိုက်တို့သည် လူအုပ် စုဝေးရာနေရာများကို အာရုံစိုက်တတ်ကြသည်။ သင့်ထိုင်ခုံတွင် တန်ဖိုးရှိပစ္စည်းများ ထားရစ်ခြင်းသည် ပညာရှိရာကျမည်မဟုတ်။ သင့်ဝန်းကျင်ရှိသူတိုင်း ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု မသေချာနိုင်ပါ။ သွေးဆောင်သည့်အခြေအနေမျိုး မဖြစ်စေပါနှင့်။ ကလေးများကို ဖြားယောင်းခေါ်ဆောင်သွားရန် အပြင်လူတချို့က ကြိုးစားခဲ့ကြောင်းသတင်းရရှိသည်။ သင့်သားသမီးများကို တစ်ချိန်လုံး မျက်ခြည်မပြတ် ဂရုစိုက်ပါ။