၁၉၉၈ ခုနှစ် “ဘုရားသခင်၏အသက်လမ်း”ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများ
၁ သုတ္တံ ၁၀:၂၉ (ကဘ) က “ယေဟောဝါ၏လမ်းသည် ခံတပ်ဖြစ်တော်မူ၏” ဟူ၍ကျွန်ုပ်တို့ကိုနှိုးဆော်ထားသည်။ ဤနှစ်စည်းဝေးကြီး၏အဓိကအချက်—“ဘုရားသခင်၏အသက်လမ်း”—ဟူသည် မည်မျှသင့်လျော်လှသည်တကား! သုံးရက်အစီအစဉ်တစ်လျှောက်လုံး ဤအဓိကအချက်ကို အကျယ်တဝင့် မည်သို့တင်ပြသွားမည်နည်း။ တင်ဆက်ရန်စီစဉ်ထားသောအရာများကို ကျွန်ုပ်တို့ စိတ်အားထက်သန်စွာစောင့်မျှော်နေကြပါသည်။ ထို့အပြင် ထူးခြားသည့်အချက်များကိုလည်း တင်ပြသွားမည်ဖြစ်သည်။
၂ အပြည်ပြည်ဆိုင်ရာလုပ်သားများ သို့မဟုတ် စေတနာ့ဝန်ထမ်းများသည် စည်းဝေးကြီးများမှတစ်ခုကိုတက်ရောက်ကြမည်။ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများကျင်းပမည့်မြို့များတွင် တက်ရောက်မည့် အခြားတိုင်းပြည်များမှကိုယ်စားလှယ်များ ထောင်နှင့်ချီ၍ရှိမည်ဟု မျှော်လင့်ပါသည်။ စည်းဝေးကြီးအစီအစဉ်က ရပ်ကွက်အသီးသီးရှိလုပ်ငန်းတော်ကို ယေဟောဝါကောင်းချီးပေးနေပုံနှင့်စပ်လျဉ်းသည့် မှတ်တမ်းများကို ဖော်ပြမည်ဖြစ်သည်။
၃ တက်ရောက်ရန် အားထုတ်ရကျိုးနပ်– အာဖရိကရှိ ကျွန်ုပ်တို့၏ညီအစ်ကိုများစွာသည် ဆင်းရဲဒုက္ခခံစားနေကြရသည်၊ အကြောင်းမှာ ထိုတိုက်၏အချို့သောဒေသများတွင် စစ်နှင့် မငြိမ်မသက်မှုများဖြစ်နေသောကြောင့်ဖြစ်သည်။ သူတို့သည် ယေဟောဝါလူမျိုးတော်၏စည်းဝေးကြီးများကို သူတို့၏အသက်သွေးကြောသဖွယ် ယူမှတ်ကြသည်။ အချို့တို့သည် စည်းဝေးကြီးကိုတက်ရန် ခရီးဝေးလမ်းလျှောက်ရမည်ဖြစ်သော်လည်း သူတို့သည် တစ်ခုခုကိုလက်လွတ်ရန်ပင် မစဉ်းစားကြပါ။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ယခင် ဇိုင်ယာနိုင်ငံ) ရှိ ၇၃ နှစ်အရွယ်ညီအစ်ကိုတစ်ဦးသည် စည်းဝေးကြီးတစ်ခုကိုတက်ရန် မိုင် ၂၈၀ ခန့်လမ်းလျှောက်ခဲ့ရသည်။ စထွက်သည့်နေ့မှ ၁၆ ရက်ကြာတွင်ရောက်ရှိခဲ့ပြီး ခြေထောက်များရောင်ကိုင်းလာသော်လည်း ထိုနေရာသို့ရောက်ခဲ့ရသည်ကို ပျော်၏။ စည်းဝေးကြီးတစ်လျှောက် အလွန်ပျော်ရွှင်ပြီး ဝိညာဏခွန်အားရရှိကာ အိမ်သို့ခြေလျင်ပြန်ခဲ့သည်။ ယင်းသည် နှစ်ပေါင်းများစွာ သူ၏လုပ်ရိုးလုပ်စဉ်ဖြစ်ခဲ့သည်!
၄ မိုဇမ်ဘစ်နိုင်ငံတွင် ခရိုင်ကြီးကြပ်မှူးနှင့် သူ၏ဇနီးတို့သည် တိုက်နယ်အစည်းအဝေးတစ်ခုကိုတက်ရန် မြင့်မားသည့်တောင်တစ်လုံးကိုတက်ခဲ့ရပြီး ကြီးမားသည့် သဲကန္တာရကဲ့သို့သောဒေသတစ်ခုကို ခြေလျင်ဖြတ်လျှောက်ခဲ့ရသည်။ သူတို့သည် ၅၅ မိုင်ခရီးကို ၄၅ နာရီကြာလျှောက်ခဲ့ရသည်။ တက်ရောက်သူအားလုံးသည် ဤမောင်နှံစုံ၏ ကောင်းမွန်သည့်ပုံသက်သေအားဖြင့် များစွာအားပေးခံရသည်။ မိသားစုများစွာတို့သည်လည်း တက်ရောက်ရန် အလားတူကြိုးစားအားထုတ်မှုများကို ပြုခဲ့ရသည်။ အသက် ၆၀ အရွယ်ရှိသူတစ်ဦးအပါအဝင် ညီအစ်ကိုအချို့သည် မိုင် ၁၃၀ ခရီးကို ခြေလျင်လျှောက်ခဲ့ရကြောင်း ခရိုင်ကြီးကြပ်မှူးတစ်ဦးက သတင်းပေးပို့ခဲ့သည်!
၅ ဤနှစ်စည်းဝေးကြီးကို တက်ရောက်ရန် ရေရာသေချာသောအစီအစဉ်များ သင်ရေးဆွဲထားပြီလော။ သင်သည် ခရီးဝေးလမ်းလျှောက်ရမည်မဟုတ်သော်လည်း သင်နှင့် သင့်မိသားစုတက်ရောက်နိုင်ရန် ကြိုးစားအားထုတ်မှုနှင့် ကိုယ်ကျိုးစွန့်မှုအချို့လိုပေမည်။ အစီအစဉ်တစ်ခုလုံး အစမှအဆုံးတက်ရောက်ရန် စီစဉ်ပါ။ ကျမ်းစာသင်အံမှုများစွာသည် ဆက်ကပ်အပ်နှံခြင်းသို့ တိုးတက်လာနေကြသည်။ စည်းဝေးကြီးတွင် သူတို့တက်ရောက်ခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ချရန် သူတို့အားကူညီပေးမည်။ သင့်ကျမ်းစာသင်သားများနှင့် အခြားစိတ်ဝင်စားသူများကို သင်နှင့်အတူတက်ရန် ဖိတ်ခေါ်ထားပြီလော။
၆ သုံးရက်အစီအစဉ်– မြန်မာပြည်တွင်လည်း ဤနှစ်အစီအစဉ်ကို စည်းဝေးကြီး ၆ ခုဖြင့်တင်ဆက်မည်ဖြစ်သည်။ မြန်မာဘာသာစကားအပြင် ဟားခါး၊ လူရှိုင်းနှင့် တီးတိန်ဘာသာစကားဖြင့်လည်း စည်းဝေးကြီးများကိုကျင်းပမည်။ ယခုဆိုလျှင် သင့်အသင်းတော်တာဝန်ကျသည့် စည်းဝေးကြီးကို သင့်အား အကြောင်းကြားထားပြီဖြစ်သည်။
၇ သောကြာ၊ စနေနှင့် တနင်္ဂနွေနံနက်ပိုင်းများတွင် အစီအစဉ်ကို နံနက် ၉:၃၀ နာရီတွင်စတင်မည်။ သောကြာနှင့် စနေနေ့၌ ညနေ ၅:၀၀ နာရီတွင်၊ တနင်္ဂနွေနေ့၌ ညနေ ၄:၀၀ နာရီတွင် အစီအစဉ်ပြီးဆုံးမည်။ တံခါးများကို နေ့စဉ် နံနက် ၈:၀၀ နာရီတွင်ဖွင့်မည်။ အလုပ်တာဝန်ခန့်အပ်ခံရသူများကိုသာ ထိုအချိန်ထက်စော၍ ဝင်ခွင့်ပြုမည်။ သို့ရာတွင် နံနက် ၈:၀၀ နာရီမတိုင်မီ မည်သူ့ကိုမျှ ထိုင်ခုံများဦးထားရန် ခွင့်ပြုမည်မဟုတ်ပါ။
၈ စည်းဝေးကြီးအသွားအပြန်ခရီးစဉ်တွင် ရထား၊ ကား သို့မဟုတ် လေယာဉ်ပေါ်တွင် ခရီးသွားဖော်များကို အလွတ်သဘောသက်သေခံရန် အခွင့်အရေးများရှာယူသင့်သည်။ ဓာတ်ဆီဆိုင်အလုပ်သမား၊ အရောင်းစာရေး၊ အခွန်ကောက်သူ၊ ဟိုတယ်ဝန်ထမ်းနှင့် စားပွဲထိုးများသည် နိုင်ငံတော်သတင်းတရားကို စိတ်ဝင်စားနိုင်သည်။ သင်နှင့်အတူ ဝေစာ၊ နောက်ဆုံးထုတ်မဂ္ဂဇင်း၊ ဘရိုရှာ သို့မဟုတ် အခြားစာပေများကို ယူဆောင်သွားခြင်းဖြင့် ယင်းသို့ပြုရန်ပြင်ဆင်ပါ။ ယင်းက အခြားနည်းဖြင့် သတင်းကောင်းမရောက်ရှိနိုင်သောသူတို့ကို သက်သေခံရန် အခွင့်အရေးရရှိစေနိုင်သည်။—၂ တိ. ၃:၁၇။
၉ “အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့”– စည်းဝေးကြီးကိုယ်စားလှယ်များသည် လုကာ ၈:၁၈ ပါအကြံပြုချက်ကိုလိုက်နာခြင်းသည် ပညာရှိရာရောက်သည်။ ကျမ်းစာအုပ်အပြင် သီချင်းစာအုပ်နှင့် မှတ်စုစာအုပ်တို့ကိုယူလာရန် အားလုံးကိုအားပေးပါသည်။ တင်ဆက်မှုတစ်ခုစီမှ အဓိကအချက်များကို ဂရုတစိုက်နားထောင်ကာ မှတ်စုတိုများယူပါ။ အကြောင်းအရာကို သင်ကိုယ်တိုင် မည်သို့ကျင့်သုံးနိုင်ကြောင်း သင့်ကိုယ်သင်မေးပါ။ စည်းဝေးကြီးညတိုင်း သင်အိပ်ရာမဝင်မီ သင်၏မှတ်စုများကို ပြန်သုံးသပ်ကာ သင်သည် ယေဟောဝါ၏အသက်လမ်းကို မည်သို့အနီးကပ်လိုက်လျှောက်နေကြောင်း ဆန်းစစ်သုံးသပ်ပါ။—သု. ၄:၁၀-၁၃။
၁၀ စည်းဝေးကြီးကျင်းပနေစဉ် အချို့တို့သည် ခန်းမမှထွက်ပြီး နောက်ပိုင်းတွင်သွားထိုင်ကြသည်။ အချို့တို့မူ ဟောပြောချက်ပေးနေစဉ် အပြင်ထွက်သွားကြသည်။ ဤသို့ဖြင့် တင်ဆက်နေသည့်အစီအစဉ်ကို လွတ်သွားစေကြသည်။ ခန်းမထဲတွင်ထိုင်ပြီး နားထောင်နေသင့်သည့်အချိန်တွင် အခြားသူများသည် စင်္ကြံ၌ အကြောင်းမဲ့လမ်းလျှောက်နေသည်ကို သတိပြုမိသည်။ လူငယ်အုပ်စုများသည် မွန်းလွဲနှောင်းပိုင်းလောက်တွင် စည်းဝေးကြီးကျင်းပရာနေရာမှ ထွက်သွားကြသည်ကိုတွေ့ရသည်။ ယခင်က ယေဟောဝါသက်သေအချို့သည် ယေဟောဝါ၏သတိပေးချက်များကို ဂရုတစိုက်နားမထောင်ခဲ့သောကြောင့် သူတို့၏အသက်တာတွင် ကြီးလေးသောအမှားများကိုပြုခဲ့ကြ၏။ အလားတူအမှားပြုခြင်းမျိုးကို ကျွန်ုပ်တို့ရှောင်ကြဉ်လိုကြမည်မှာ သေချာသည်။ (၄ ရာ. ၁၇:၁၃-၁၅) “သစ္စာနှင့် သတိပညာရှိသောကျွန်” သည် ကျွန်ုပ်တို့အားလုံးလိုအပ်သည့် ညွှန်ကြားချက်များကို ပြင်ဆင်ပေးထားသည်။ ကျွန်ုပ်တို့သည် သုံးရက်တာစည်းဝေးကြီးအစီအစဉ်တစ်ခုစီအတွင်း “ကြားနာရသောအရာများကို သာမန်ထက်ပို၍အာရုံစိုက်” ရန်အထူးအရေးကြီး၏။ နောင်တွင် ကျွန်ုပ်တို့၏အသက်လမ်းစဉ်အပေါ် ကောင်းသောသြဇာ အမှန်သက်ရောက်စေမည့် အချက်အလက်များအပါအဝင် ကျွန်ုပ်တို့ကိုအထူးစိတ်ဝင်စားစေမည့်အကြောင်းအရာများကို တင်ပြသွားမည်ဖြစ်သည်။ လာမည့်စည်းဝေးကြီးများတွင် ဝိညာဉ်ရေးအရ ယေဟောဝါပြင်ဆင်ထားရာများကို အာရုံစိုက်ပြီး အပြည့်အဝအသုံးချခြင်းဖြင့် ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် စွဲမြဲခိုင်မာပြီး ဤသို့ဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အသက်လမ်းမှ “ဘယ်အခါမျှလွဲသွားမည်မဟုတ်” ပါ။—မ. ၂၄:၄၅; ဟေဗြဲ ၂:၁၊ ကဘ။
၁၁ ယေဟောဝါကိုဂုဏ်တင်သည့်အဝတ်အစား– ဤခဲယဉ်းသောကာလတွင် ဤလောကဝိညာဉ်၏သြဇာလွှမ်းမိုးမှုမခံရစေရန် သာမန်ထက်ပို၍အာရုံစိုက်ရန်လိုသည်။ (၁ ကော. ၂:၁၂) ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်မှုသည် ဣန္ဒြေရှိပြီး ကျွန်ုပ်တို့ကိုးကွယ်သည့် ဘုရားသခင့်ဂုဏ်တော်ကို ထင်ဟပ်စေသင့်သည်။ (၁ တိ. ၂:၉၊ ၁၀) “ငါတို့ကိုကယ်တင်တော်မူသောအရှင် ဘုရားသခင်၏သြဝါဒကို . . . တန်ဆာဆင်” ရန်တန်ဖိုးကြီးသောအဝတ်အစား မလိုပါ။ (တိ. ၂:၉) ၁၉၉၇၊ ဇွန် ၁၅ ရက်ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၁၇ နှင့် ၁၈၊ အပိုဒ် ၁၄-၁၈ ရှိအလွန်ကောင်းသော လက်တွေ့ကျကျမ်းစာသြဝါဒကို သတိပြုပါ။ ယေဟောဝါကိုဂုဏ်တင်သည့်နည်းဖြင့် ဝတ်စားဆင်ယင်ခြင်းက တန်ခိုးထက်မြက်စွာသက်သေခံနိုင်သည်ကို ဘယ်သောအခါမျှ လျှော့မတွက်ပါနှင့်။
၁၂ အသက် ၁၆ နှစ်အရွယ်သက်သေခံတစ်ဦးက သူမနှင့် သူမ၏အကိုသည် စည်းဝေးအစီအစဉ်ပြီးနောက် တစ်ခုသောညနေခင်းတွင် စားသောက်ဆိုင်တစ်ဆိုင်သို့သွားရာ ထိုတွင် ညီအစ်ကိုညီအစ်မအချို့သည် မသင့်လျော်သောအဝတ်အစားများကို ဝတ်ဆင်ထားကြသည်ကို သူတို့သတိပြုမိကြောင်း ပြောပြသည်။ သို့ဖြစ်စေကာမူ စားသောက်ဆိုင်၏ဖောက်သည်များစွာသည် သပ်သပ်ရပ်ရပ်နှင့် သင့်လျော်စွာဝတ်ဆင်ထားပြီး ရင်ထိုးကတ်ပြားများတပ်ဆင်ထားသည့် သက်သေခံများကိုမြင်သည့်အခါ တလိုတလားတုံ့ပြန်ကြသည်။ ယင်းက ဖောက်သည်တချို့ကို သက်သေခံရန်လမ်းပွင့်စေသည်။
၁၃ ယေဟောဝါကိုချီးမွမ်းသည့် အကျင့်အကြံ– ကျွန်ုပ်တို့၏ခရစ်ယာန်အကျင့်အကြံသည် စစ်မှန်သောဝတ်ပြုရေးအပေါ် အခြားသူများ၏ရှုမြင်ပုံကို အကျိုးသက်ရောက်နိုင်ကြောင်း ကျွန်ုပ်တို့သိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သတင်းကောင်းနှင့်ထိုက်တန်ပြီး ယေဟောဝါ၏ဂုဏ်တော်ကိုချီးမွမ်းစရာဖြစ်စေသည့်နည်းဖြင့် အခါခပ်သိမ်း ကျင့်ကြံပြုမူလိုကြသည်။—ဖိ. ၁:၂၇။
၁၄ လွန်ခဲ့သည့်နှစ်က အင်ဂိုလာနိုင်ငံမြောက်ပိုင်းတွင် ခရိုင်စည်းဝေးကြီးတစ်ခုကို ပထမဦးဆုံးအကြိမ်ကျင်းပခဲ့သည်။ စည်းဝေးကြီး၏ဒုတိယနေ့တွင် စည်းကမ်းသေဝပ်မှုရှိစေရန် စည်းဝေးကြီးကျင်းပရာသို့ နယ်ခံရဲအရာရှိနှစ်ယောက် စေလွှတ်ခံရသည်။ တစ်နေကုန် သူတို့နေသည်။ တစ်နေ့ကုန်သွားသောအခါ သူတို့ကြားခဲ့ရာများနှင့် သူတို့သတိပြုမိသည့် စည်းစနစ်တကျစီမံကွပ်ကဲမှုအတွက် နှစ်သက်သဘောကျကြောင်း ဖော်ပြကြသည်။ သူတို့ထဲမှတစ်ဦးက “ကျွန်တော်တို့ကို ဒီကိုဘာကြောင့်လွှတ်ရတာလဲ။ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့စည်းဝေးတွေမှာ စည်းကမ်းသေဝပ်ကြတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်” ဟူ၍ဆို၏။
၁၅ အာဖရိကနိုင်ငံတစ်နိုင်ငံရှိ နိုင်ငံရေးပါတီအဖွဲ့ဝင်တစ်ဦးသည် သူ၏ အခြားပါတီဝင်အားလုံးကိုသတ်ပြီး ဥရောပသို့ထွက်ပြေးခဲ့သည်။ သူသည် ပုဂ္ဂိုလ်ရေးပြဿနာများစွာ ကြုံတွေ့ရပြီး အလွန်စိတ်ဓာတ်ကျလာခဲ့သည်။ နောက်ဆုံးတွင် ကျမ်းစာသင်အံမှုကို သူလက်ခံလိုက်သည်။ ခရိုင်စည်းဝေးကြီးကို ပထမဦးဆုံးသူတက်ရောက်စဉ် နောက်ခံမျိုးစုံမှလူများသည် ငြိမ်သက်မှုနှင့် ညီညွတ်စွာ အတူတကွစည်းဝေးနေကြသည်ကို အထင်ကြီးလေးစားသွားသည်။ အမှန်တရားကိုတွေ့ပြီဟု သူသဘောပေါက်လာပြီး ထိုစည်းဝေးကြီးအချိန်အတွင်းမှာပင် သူ၏နိုင်ငံရေးအဆက်အသွယ်အားလုံးကို ဖြတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်ပိုင်းတွင် သူနှစ်ခြင်းခံခဲ့ပြီး ယခုအခါ သူနှင့် သူ၏ကလေးများသည် ယေဟောဝါကိုဝတ်ပြုနေကြသည်။
၁၆ ဤနှစ် စည်းဝေးကြီးများ၌ ကျွန်ုပ်တို့၏အကျင့်အကြံသည် ပထမဦးဆုံးအကြိမ်တက်ရောက်မည့်သူများကို မည်သို့အကျိုးသက်ရောက်မှုရှိမည်နည်း။ စေတနာ့ဝန်ထမ်းများအဖြစ် အတူလုပ်ဆောင်သည့်အခါတွင် သိသာပေါ်လွင်သော ပူးပေါင်းလုပ်ဆောင်လိုသည့်စိတ်ဓာတ်ကို သူတို့သတိပြုမိမည်လော။ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် စည်းဝေးကြီးကျင်းပရာနေရာမှမထွက်သွားမီ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ကလေးများသည် ထိုင်ခုံအနီးအနားတွင် စုပုံလာကောင်းစုပုံလာမည့် မည်သည့်အမှိုက်သရိုက်ကိုမဆို စုသိမ်းကြသည်ကို တွေ့မြင်ရခြင်းဖြင့် သူတို့ကို စိတ်စွဲမှတ်သွားစေမည်လော။ တည်းခိုသည့်နေရာများနှင့် စည်းဝေးကြီးကျင်းပရာနေရာသို့ အသွားအပြန်ခရီးတွင် ကျွန်ုပ်တို့၏အကျင့်အကြံကောင်းများကို သူတို့သတိပြုမိမည်လော။ ကျွန်ုပ်တို့သည် မိဘများအနေနှင့် မိမိတို့၏ကလေးများကို အချိန်တိုင်း အနီးကပ်ကြီးကြပ်ပေးနေသည်ကို သူတို့သတိပြုမိမည်လော။ ကျွန်ုပ်တို့ကို ဂရုစိုက်ကြည့်နေသူအားလုံး၏စိတ်တွင် စွဲမှတ်သွားစေရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံးလုပ်ဆောင်ကြောင်း သေချာစေကြစို့။
၁၇ စည်းဝေးကြီး၏ကုန်ကျစရိတ်များကို ကာမိခြင်း– အားကစားပွဲတစ်ခုတွင် ထိုင်ခုံတစ်လုံးအတွက် သို့မဟုတ် အားကစားရုံ သို့မဟုတ် စည်းဝေးကြီးခန်းမတစ်ခုတွင် အခြားတင်ဆက်ပြသမှုအတွက် ဝင်ခွင့်လက်မှတ်တစ်စောင်သည် ယနေ့လောကတွင် စရိတ်စကကြီးမားနိုင်သည်။ ယင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် မြို့ကြီးများတွင် ငှားရမ်းခဈေးကြီးခြင်းကြောင့်ဖြစ်၏။ အသင်းမသည် စည်းဝေးကြီးများတွင် “ထိုင်ခုံအခမဲ့၊ မည်သည့်ကောက်ခံခြင်းမျှမရှိ” ဟူသောမူကို အစဉ်ကျင့်သုံးခဲ့သည်။ သို့ဆိုလျှင် ငှားရမ်းခများနှင့် အခြားစည်းဝေးကြီးကုန်ကျစရိတ်များကို မည်သို့ပေးမည်နည်း။ တက်ရောက်သူများ၏ ရက်ရောသောအလှူငွေများအားဖြင့်ဖြစ်သည်။ သင်သည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်ကိုတုပသောအားဖြင့် ရှေးအချိန်က ဘုရားသခင့်ကျေးကျွန်များပြသခဲ့သကဲ့သို့ ရက်ရောသည့်စိတ်ဓာတ်ကို ပြသမည်ဟု ကျွန်ုပ်တို့စိတ်ချပါသည်။ (၂ ကော. ၈:၇) အလှူငွေအားလုံးကို မပျောက်မပျက်အောင်ထိန်းသိမ်းပြီး စာရင်းပြုစုကာ ရည်ရွယ်ထားရာများအတွက် အသုံးပြုရန် သေချာစေဖို့ များစွာဂရုစိုက်ကြပါသည်။ ချက်လက်မှတ်ဖြင့်ပေးသည့် မည်သည့်အလှူငွေကိုမဆို “ကင်းမျှော်စင်” သို့ပေးသင့်သည်။
၁၈ နေရာထိုင်ခင်း– နှစ်ပေါင်းများစွာ ပေးခဲ့သည့်ညွှန်ကြားချက်များကို ဆက်၍လိုက်နာကျင့်သုံးကြမည်။ သင့်မိသားစုဝင်များနှင့် သင်နှင့်အတူကားစီးလာသူများအတွက်သာ ထိုင်ခုံဦးထားနိုင်သည်။ ဤကိစ္စတွင် တိုးတက်မှုကောင်းကိုတွေ့ရခြင်းသည် အလွန်အားရစရာကောင်းပြီး ယင်းက စည်းဝေးကြီးများတွင်သိသာထင်ရှားသည့် မေတ္တာပါသောအသိုင်းအဝိုင်းကို တိုးမြှင့်ပေးသည်။ နေရာအများရှိ ထိုင်ခုံတချို့သည် အခြားထိုင်ခုံများထက် ဝင်ထိုင်ရန် ပိုအဆင်ပြေသည်။ ကျေးဇူးပြု၍ ထောက်ထားစာနာမှုပြပါ။ အခြေအနေအရလိုအပ်သည့် သက်ကြီးရွယ်အိုနှင့် အခြားသူများအတွက် ပို၍အဆင်ပြေမည့်ထိုင်ခုံများကို ချန်ထားပေးပါ။ ‘မေတ္တာသည် ကိုယ်အကျိုးကိုမရှာတတ်’ ကြောင်းသတိရပါ။—၁ ကော. ၁၃:၄၊ ၅; ဖိ. ၂:၄။
၁၉ ကင်မရာများ၊ ဗီဒီယိုကင်မရာအသေးစားနှင့် အသံသွင်းစက်များ– စည်းဝေးကြီးများတွင် ကင်မရာနှင့် အသံသွင်းစက်များကို အသုံးပြုနိုင်သည်။ သို့သော် ယင်းတို့ကိုအသုံးပြုသည့်အတွက် အခြားသူများကို အာရုံပျံ့လွင့်စရာမဖြစ်စေရပါ။ အစီအစဉ်တင်ဆက်စဉ်အတွင်း ဓာတ်ပုံရိုက်ရန် လှည့်ပတ်လျှောက်နေခြင်းသည် အစီအစဉ်ကို ကြိုးစားအာရုံစိုက်နေသောအခြားသူများကို အနှောင့်အယှက်ဖြစ်စေသည်။ မည်သည့်အသံသွင်းကိရိယာမျိုးမှ လျှပ်စစ် သို့မဟုတ် အသံချဲ့စက်များနှင့် မဆက်သွယ်ရပါ။ မည်သည့်ကိရိယာမှ လမ်းများ၊ စင်္ကြံများကို ပိတ်ဆို့မထားသင့် သို့မဟုတ် အခြားသူများ၏မြင်ကွင်းကို ကွယ်မထားသင့်ပါ။
၂၀ စည်းဝေးကြီးတွင် အစားအစာ– တက်ရောက်သူတိုင်းသည် တိုတောင်းသည့် နေ့လယ်ခေတ္တရပ်နားချိန်တွင် အဆောက်အဦအပြင်ထွက်ကာ တစ်ခုခုသွားဝယ်စားမည့်အစား မိမိ၏ကိုယ်ပိုင်အစားအစာကို ယူလာသင့်သည်။ အာဟာရရှိပြီး အလွယ်တကူသယ်ယူနိုင်သော အဆာပြေစားစရာသည် လုံလောက်ပေမည်။ မေလ ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၂၆ တွင်ယူလာရမည့်အရာနှင့်ပတ်သက်၍ အကြံဉာဏ်အချို့ပေးထားသည်။ ထည့်စရာဖန်ခွက်များနှင့် အရက်အဖျော်ယမကာများကို စည်းဝေးကြီးအဆောက်အဦများတွင် ခွင့်မပြုပါ။ အစားအစာအအေးခံသည့်ဘူးခွက်များ သို့မဟုတ် လက်ဆွဲအိတ်များသည် သင့်ထိုင်ခုံအောက်တွင်ဆံ့ရန် အလောတော်ငယ်ရမည်။ ပရိသတ်ထဲမှအချို့သည် အစီအစဉ်အတွင်း စားသောက်နေကြသည်ကို သတိပြုမိသည်။ ယင်းက အခါသမယကို မလေးစားကြောင်းပြရာရောက်သည်။
၂၁ ၁၉၉၈ ခုနှစ် “ဘုရားသခင်၏အသက်လမ်း” စည်းဝေးကြီး မကြာမီစတော့မည်ဖြစ်၍ မည်မျှဝမ်းသာစရာပါတကား! တက်ရောက်ရန် သင် အပြည့်အစုံစီစဉ်ထားပြီလော။ လမ်းခရီးတွင် ဘေးမသီရန်မခဘဲ လန်းဆန်းမှုဖြင့် အိမ်သို့ပြန်နိုင်ပြီး ထာဝရကောင်းချီးခံစားရရန် ယေဟောဝါ၏မွန်မြတ်သောလုပ်ငန်းတွင် အားကြိုးမာန်တက်ဆက်လုပ်ဆောင်ရန်နှင့် ဘုရားသခင်၏အသက်လမ်းကိုဆက်လျှောက်ရန် သန္နိဋ္ဌာန်ချနိုင်ကြပါစေ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
စည်းဝေးကြီးသတိပေးချက်များ
▪ နှစ်ခြင်း– စနေနေ့နံနက် အစီအစဉ်မစတင်မီ သတ်မှတ်ထားသည့်ထိုင်ခုံများတွင် နှစ်ခြင်းခံမည့်သူများ နေရာယူသင့်သည်။ နှစ်ခြင်းခံမည့်သူတိုင်း ဣန္ဒြေရှိသောအဝတ်အစားနှင့် မျက်နှာသုတ်ပဝါကို ယူဆောင်လာသင့်သည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံအချို့တွင် အချို့သူများ၏ဝတ်စားဆင်ယင်မှုသည် အချိန်အခါနှင့်မသင့်လျော်၊ ဣန္ဒြေမရှိကြောင်းတွေ့ရသည်။ နှစ်ခြင်းခံမည့်သူများနှင့် မိမိတို့၏ဓမ္မအမှုစာအုပ်ပါမေးခွန်းများကို ပြန်လည်သုံးသပ်သည့် အသင်းတော်အကြီးအကဲများသည် ဤအချက်များကို တစ်ဦးချင်းအား အသေအချာနားလည်စေသင့်သည်။ နှစ်ခြင်းခံခြင်းသည် နှစ်ခြင်းခံမည့်သူနှင့် ယေဟောဝါစပ်ကြား ရင်းနှီးသည့်ကိုယ်ရေးကိုယ်တာကိစ္စကို အထိမ်းအမှတ်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတချို့တွင်လုပ်သကဲ့သို့ နှစ်ခြင်းယူစဉ် တစ်ဦးကိုတစ်ဦးဖက်ထားခြင်း သို့မဟုတ် လက်များကိုကိုင်ထားခြင်းသည် နှစ်ခြင်းခံမည့်သူများအတွက် မသင့်လျော်ပါ။
▪ ရင်ထိုးကတ်ပြားများ– စည်းဝေးကြီးကျင်းပရာမြို့တွင်နှင့် ယင်းသို့အသွားအပြန်ခရီးစဉ်တွင် ၁၉၉၈ ရင်ထိုးကတ်ပြားကို ကျေးဇူးပြု၍ အမြဲတပ်ဆင်ထားပါ။ ယင်းသို့ပြုခြင်းက သက်သေခံရန်အခွင့်ကောင်းများကို ရရှိစေတတ်သည်။ သင်၏လက်ရှိ ကြိုတင်ဆေးဘက်ဆိုင်ရာညွှန်ကြားချက်/လွတ်ငြိမ်းခွင့်ကတ်ပြားကို ဆောင်ထားရန် သတိရပါ။
▪ တည်းခိုခြင်း– စည်းဝေးကြီးက စီစဉ်ပေးသည့်စာရင်းပါ နေရာထိုင်ခင်းများကိုသာအသုံးပြုခြင်းဖြင့် ယောက်တိုင်းပူးပေါင်းလုပ်ဆောင်ကြရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။ ကျေးဇူးပြု၍ အခန်းများနှင့် အခြားအဆောက်အဦများသည် တစ်ပုံစံတည်းဖြစ်မည်မဟုတ်သည်ကို သတိရပါ။ ယင်းတို့ကို မေတ္တာဖြင့်လက်ခံသင့်သည်။ အရေအတွက်တိုးများလာခြင်းကြောင့် နောင်တွင် အချို့သူတို့သည် တည်းခိုခန်းများတွင် တည်းခိုရပေမည်။
▪ ကလေးလက်တွန်းလှည်းများနှင့် ခေါက်ကုလားထိုင်များ– ဒေသအများစုတွင် ကလေးလက်တွန်းလှည်းများကို လူထုစည်းဝေးကျင်းပရာနေရာများ၌ အသုံးမပြုနိုင်ကြပါ။ မီးဥပဒေများက ယင်းတို့ကို စင်္ကြံများနှင့် မင်းလမ်းများ သို့မဟုတ် ခုံတန်းများကြားတွင် ထားခွင့်မပြုပေ။ လူအုပ်ကြီးသည် စုပြုံတိုးခွေ့သောအခြေအနေများ ဖြစ်ပေါ်နိုင်သောကြောင့် ကလေးလက်တွန်းလှည်းများသည် ကလေးများအတွက်သာမက ယင်းအပေါ် ခလုတ်တိုက်လဲသူများအတွက်ပါ အန္တရာယ်ဖြစ်နိုင်သည်။ သို့ဖြစ်၍ လက်တွန်းလှည်းများကို စည်းဝေးကြီးကျင်းပရာနေရာသို့ ကျေးဇူးပြု၍ ယူမလာပါနှင့်။ မိဘများနှင့်အနီးဆုံးထိုင်ခုံများဘေးတွင် ကပ်ထား၍ရသည့် အန္တရာယ်ကင်းသောကလေးထိုင်ခုံများကိုမူ ယူလာခွင့်ပြုသည်။ ခေါက်ကုလားထိုင်များကို ကျေးဇူးပြု၍ယူမလာပါနှင့်။ ကြီးမားသည့် လူထုအဆောက်အဦများတွင် ယင်းတို့ကိုအသုံးပြုရန် ခွင့်မပြုပါ။ သင်၏ပူးပေါင်းလုပ်ဆောင်မှုသည် အရေးပါ၍ ကျေးဇူးတင်လေးမြတ်ပါသည်။
▪ စေတနာ့ဝန်ထမ်းဌာန– စည်းဝေးကြီးဌာနတစ်ခုခုတွင် အကူအညီပေးရန် သင် အချိန်ပေးနိုင်မည်လော။ သင့်ညီအစ်ကိုများအတွက် နာရီအနည်းငယ်မျှ အကျိုးဆောင်ပေးဦးတော့ အလွန်ပင်အကူအညီဖြစ်ပြီး ကျေနပ်မှုများစွာရရှိစေမည်။ သင် အကူအညီပေးနိုင်မည်ဆိုလျှင် စည်းဝေးကြီးစေတနာ့ဝန်ထမ်းဌာနကို ကျေးဇူးပြု၍သတင်းပို့ပါ။ ၁၆ နှစ်အောက်ကလေးများသည်လည်း မိဘ သို့မဟုတ် အခြားတာဝန်ယူနိုင်မည့် လူကြီးတစ်ဦး၏ကွပ်ကဲမှုအောက် စေတနာ့ဝန်ထမ်းနိုင်သည်။
▪ သတိပေးစကားများ– သူခိုးများနှင့် ခါးပိုက်နှိုက်များသည် လူအုပ်စုဝေးရာနေရာများကို အာရုံစိုက်တတ်ကြသည်။ သင့်ထိုင်ခုံတွင် တန်ဖိုးရှိပစ္စည်းများထားရစ်ခြင်းသည် ပညာရှိရာမကျပါ။ သင့်ဝန်းကျင်ရှိသူတိုင်း ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု စိတ်မချနိုင်ပါ။ သွေးဆောင်သည့်အခြေအနေမျိုး မဖြစ်စေပါနှင့်။ ကျေးဇူးပြု၍ တန်ဖိုးရှိပစ္စည်းအားလုံးကို သင်နှင့်အတူထားပြီး ယင်းတို့အတွက် သင်ကိုယ်တိုင်တာဝန်ယူရန်ဖြစ်သည်။ ကလေးများကို ဖြားယောင်းခေါ်ဆောင်သွားရန် အပြင်လူတချို့ကကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။ သင့်သားသမီးများကို တစ်ချိန်လုံး မျက်ခြည်မပြတ် ဂရုစိုက်ပါ။