ပြန်မသွားလျှင် သူတို့မည်သို့ ကြားမည်နည်း
၁ “ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။” (ရော. ၁၀:၁၄) အမှန်ပင် ထိရောက်မှုရှိသော ပြန်လည်ပတ်မှုများ မပြုလုပ်လျှင် သမ္မာတရား၏ အနက်အဓိပ္ပာယ်ကို မည်သို့ရနိုင်မည်နည်း။ အိမ်ရှင်နှင့် နိုင်ငံတော်သတင်းအကြောင်း ဆွေးနွေးနိုင်ခဲ့သော မည်သည့်နေရာသို့မဆို ပြန်လည်ပတ်သွားသင့်သည်။ ဤလအတွင်း ကျွန်ုပ်တို့ဦးဆုံး ပြောဆိုခဲ့သောစကားနှင့်အတူ ကျမ်းစာအကြောင်းကို ကျွန်ုပ်တို့ဝေငှထားသည့် မည်သည့်စာအုပ်မှမဆို ထုတ်နုတ်ထားရာ ယင်းမှတစ်ဆင့် ကျမ်းစာသင်အံမှုတစ်ခုကို ရနိုင်ပေမည်။
၂ “ကင်းမျှော်စင်” မဂ္ဂဇင်းကို အသင်ဝေငှခဲ့လျှင် ဦးဆုံးပြောဆိုခဲ့သောစကားဖြင့် ကျမ်းစာသင်အံမှုစနိုင်ပေမည်။ မျက်နှာဖုံးကို ပြ၍ ဤသို့မေးနိုင်သည်–
▪ “‘ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း’ ဆိုတဲ့ အဓိပ္ပာယ်ကို သိသလား။” မဿဲ ၆:၉၊ ၁၀ တွင် ဘုရားသခင်၏ဤနိုင်ငံတော်အတွက် ဆုတောင်းကြရန် ယေရှုသွန်သင်ထားကြောင်း ရှင်းပြပါ။ ယေရှုလက်အောက်ရှိ နိုင်ငံတော်သည် သေခြင်းအပါအဝင် ဆင်းရဲဒုက္ခနှင့် နာခြင်းရှိရှိသမျှတို့ကို အဆုံးစီရင်လိမ့်မည်အကြောင်း ဖော်ပြပါ။ ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်။ အိမ်ရှင်စိတ်ဝင်စားမည်ဆိုလျှင် ဆက်ဆွေးနွေးနိုင်ဖို့ စောစောပြန်လည်ပတ်ရန်စီစဉ်ပါ။
၃ “နိုးလော့!” မဂ္ဂဇင်းကိုဝေငှပြီးနောက် အသင်ပြန်သွားခဲ့လျှင် ဤသို့ပြောဆိုပါက ထိရောက်ပေမည်–
▪ “[နိုးလော့! ထုတ်ဝေရခြင်းအကြောင်းကို စာမျက်နှာ ၄ မှဖတ်ပြပြီး ဤသို့ဆက်ပြောပါ။] ဒီဆိုးသွမ်းတဲ့ကမ္ဘာကို လူကောင်းများနေထိုင်မယ့် ငြိမ်းချမ်းတဲ့ကမ္ဘာသစ်တစ်ခုနဲ့ အစားထိုးပေးမယ်လို့ ဘုရားသခင် ကတိပြုထားတယ်။ [ဆာလံ ၃၇:၁၁ ဖတ်။] သမ္မာကျမ်းစာကို ကျွန်တော်တို့ယုံကြည်ပြီး အဲ့ဒီအတိုင်း လိုက်နာကျင့်သုံးကြမယ်ဆိုရင် အဲ့ဒီကမ္ဘာသစ်ထဲမှာ ခင်ဗျားရောကျွန်တော်ပါ နေထိုင်နိုင်မယ်။” သမ္မာကျမ်းစာကိုလေ့လာရန် အကူအညီပေးသောအစီအစဉ်ရှိကြောင်း သူ့အား ရှင်းပြပါ။
၄ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဘရိုရှာကို ဝေငှပြီးနောက် ပြန်လည်ပတ်မှုပြုလုပ်သည့်အခါ မျက်နှာဖုံးပါ ရုပ်ပုံကိုပြပြီး ဤမေးခွန်းကိုမေးပေမည်–
▪ “ပြည့်ဝစုံလင်တဲ့ကမ္ဘာပေါ်မှာ အသက်ရှင်ရရင် ဘယ်လိုနေမယ်ထင်သလဲ။ [အိမ်ရှင်အား ဖြေဆိုခွင့်ပြုပါ။] ဒီရုပ်ပုံဟာ စိတ်ကူးယဉ်သက်သက်မဟုတ်ပါဘူး။ ကျမ်းစာထဲက သေချာတဲ့ ကတိတော်တွေကို အခြေခံထားတာ။ [ဗျာဒိတ် ၂၁:၄ နှင့် ဆာလံ ၃၇:၁၁၊ ၂၉ ကိုဖတ်။] ဒီကောင်းချီးကို ခင်ဗျားနဲ့ခင်ဗျားအိမ်ထောင်ပါ ဘယ်လိုရနိုင်မယ်ဆိုတာကို ရှင်းပြချင်တယ်။” အိမ်ရှင်သည် စိတ်ဝင်စားမည်ဆိုပါက ဆက်လက်ဆွေးနွေးပြီး ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ။
၅ သမ္မာတရားကို ရှာနေကြသော စိတ်ရင်းမှန်ရှိသူများကို ကျွန်ုပ်တို့တွေ့ရှိသောအခါ သူတို့ကြားထားသည့်အရာများအတိုင်း ကျင့်ကြံပြုမူနိုင်ဖို့ ကူညီပေးရန် ပြန်လည်ပတ်ခြင်းအားဖြင့် စစ်မှန်သောမေတ္တာကို တင်ပြကြပါသည်။ ကိုယ်ကိုယ်တိုင်နှင့် နားထောင်သူများ၏ ထာဝရကောင်းချီးအတွက် ကျွန်ုပ်တို့အား အပ်နှင်းထားသော မြင့်မြတ်သည့်သမ္မာတရားကို အသုံးပြုနေကြပါသည်။—၁ တိ. ၄:၁၆။