တိုက်နယ်အစည်းအဝေး အစီအစဉ်အသစ်
၁ ၁၉၉၅ လုပ်ငန်းတော်နှစ်တွင် စတင်မည့် တိုက်နယ်အစည်းအဝေးပွဲ အစီအစဉ်အသစ်၏ အဓိကအချက်မှာ “နိုးကြားလော့၊ ခိုင်မြဲလော့၊ အစွမ်းခွန်အား တိုးပွားလော့” ဖြစ်သည်။ ၁ ကောရိန္သု ၁၆:၁၃၊ (ကဘ) တွင်မှတ်တမ်းတင်ထားသည့် ပထမရာစုခရစ်ယာန်များအား တမန်တော်ပေါလုပြောဆိုခဲ့သော အားပေးချက်ကို အခြေပြုသည်။
၂ မိမိ၏ဝိညာဉ်ရေးကို အမြဲစစ်ဆေးဖို့လိုအပ်ကြောင်း ပေါ်လွင်ချက်နှင့် အစီအစဉ် စတင်လိမ့်မည်။ ဤ “နောက်ဆုံးကာလ” တွင် မှန်ကန်ရာဘက် ခိုင်ခံ့စွာ ရပ်တည်နေနိုင်ရန် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကိုလည်းကောင်း၊ မြေကြီးဆိုင်ရာ အဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏အနေအထားကိုလည်းကောင်း အမှန်အတိုင်း ခန့်မှန်းချင့်ချိန်ကြည့်ရန် လိုသည်။ (၂ တိ. ၃:၁) ကျွန်ုပ်တို့ကြိုးစားလေသမျှကို ဘုရားသခင် သိရှိတော်မူကြောင်း သတိပေးခံရလိမ့်မည်။ ကျွန်ုပ်တို့၏ခရစ်ယာန်အရည်အသွေးများကို တိုးတက်စေနိုင်သည့်၊ ပုံသက်သေကောင်းစွာ ဆက်ပြုမူကျင့်ကြံနေနိုင်သည့် နည်းများကို ကျွန်ုပ်တို့သင်ယူရန် လိုအပ်နေသည်။
၃ ဝိညာဉ်ရေးတွင် တိုးတက်ပြီး တာဝန်များကို ထမ်းရွက်ရန် ကြိုးစားစဉ် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲလုံ့လနှင့်ပါဝင်ဖို့လိုအပ်ကြောင်းကို အလေးအနက်ဖော်ပြပါလိမ့်မည်။ တစ်ဦးစီသော်လည်းကောင်း၊ မိသားစုလိုက်သော်လည်းကောင်း ဝိညာဉ်အစာ မှန်မှန်သုံးဆောင်ရန် အစီအစဉ်ကို မည်သို့ထိန်းသိမ်းထားနိုင်ကြောင်း ဟောပြောချက်များ၊ သရုပ်ပြများနှင့် ဆွေးနွေးခန်းများအားဖြင့် လက်တွေ့ကျ အကြံပြုချက်များကို တင်ပြပါလိမ့်မည်။
၄ စနေနေ့တွင် နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီသော သူများသည် မိမိတို့၏ဆက်ကပ်အပ်နှံခြင်းကို ရေ၌နှစ်ခြင်းယူခြင်းအားဖြင့် လူအများရှေ့ ဖော်ပြနိုင်ကြမည်။ ထိုနောက် တနင်္ဂနွေနေ့တွင် “ဘုရားသခင်ရှေ့ သင့်အနေအထားကား အဘယ်နည်း” ဟူသော လူထုဟောပြောချက်ကို နားဆင်ရန် ကျွန်ုပ်တို့အားလုံး တက်ရောက်လိုကြမည်။
၅ ယုံကြည်ခြင်း၌ တည်ကြည်လျက် တစ်ဦးနှင့်တစ်ဦး မေတ္တာရှေ့ထားကာ အမြဲအသင့်အတင့်ဆက်ဆံကြရန် အားပေးစကားများနှင့် အစီအစဉ်သည် နိဂုံးချုပ်ပါလိမ့်မည်။ ဤတိုက်နယ်အစည်းအဝေးသည် ‘မေတ္တာစိတ်နှင့် ကောင်းသောအကျင့်တို့ကိုကျင့်ဖို့ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်’ ကြရန် ယေဟောဝါစီစဉ်ပေးသော ထူးမြတ်သည့်အခွင့်အရေးတစ်ခုဖြစ်သည်။ (ဟေ. ၁၀:၂၄၊ ၂၅) နှစ်ရက်စလုံး စည်းဝေးအစမှအဆုံး တက်ရောက်နိုင်ရန် အသေအချာ စီစဉ်ထားပါ။