ကြီးပွားရန် ယေဟောဝါအပေါ် မှီခိုအားထား
၁ “အသင်းတော်သစ်တစ်ခု တည်ထောင်ဖို့ကူညီပေးရခြင်းရဲ့ ထူးခြားတဲ့ရွှင်လန်းမှုကို ပထမဆုံးအနေနဲ့ ကျွန်တော်ခံစားခဲ့ရတယ်။ ဒီလိုခံစားရဖို့ နှစ်နှစ်ထက်မက ဝီရိယရှိရှိလုပ်ဆောင်ခဲ့ရတယ်၊ ‘ကြီးပွားစေသော’ အရှင်ယေဟောဝါကို မှန်မှန်ဆုတောင်းပြီး မှီခိုအားထားရပါတယ်။” ကြီးပွားရန် ယေဟောဝါအပေါ်မှီခိုအားထားဖို့လိုကြောင်း သိရှိခဲ့သူ တာဝန်သိတတ်သောရှေ့ဆောင်တစ်ဦးက ထိုသို့ပင်ရေးခဲ့သည်။ (၁ ကော. ၃:၅-၉) ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ဓမ္မအမှုကိုသီးပွင့်စေလိုပါက ဝိညာဉ်ရေးဘက်စိတ်ပါဝင်စားသူများကို ရှာဖွေရာတွင် ယေဟောဝါ၏ကျောက်ထောက်နောက်ခံပြုမှုလိုအပ်သည်။—သု. ၃:၅၊ ၆။
၂ ကြီးပွားရန် ပြုစုပျိုးထောင်ပေးဖို့လို– သမ္မာတရားမျိုးစေ့ကို ကြီးပွားစေလိုပါက ပြုစုပျိုးထောင်ပေးဖို့လိုသည်။ အစအဦးလည်ပတ်ချိန်မှ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းပြန်သွားခြင်းသည် ရလဒ်ကောင်းများထွက်ပေါ်စေလေ့ရှိသည်။ လှိုက်လှဲပြီးဖော်ရွေပါ။ အခြားသူများကို သက်သောင့်သက်သာရှိစေပါ။ တစ်ချိန်လုံးစကားပြောမနေပါနှင့်။ သူ့ကို သင့်အားသိရှိခွင့်ပြုပြီး သူ့အားပုဂ္ဂိုလ်တစ်ဦးအနေနှင့် စိတ်ဝင်စားကြောင်းပြပါ။
၃ ကျွန်ုပ်တို့သည် ဇူလိုင်မှစ၍ ဩဂုတ်အထိ တွေ့ဆုံသည့်လူတို့အား ဘရိုရှာမျိုးစုံဝေငှခြင်းအပေါ် အာရုံစူးစိုက်ကြသည်။ သို့ရာတွင် တွေ့ခဲ့ရသောစိတ်ဝင်စားသူတို့နှင့် စာပေယူထားသူတို့ထံ ပြန်သွားရန်လည်းလိုသည်။ ပြန်လည်ပတ်မှုလုပ်ခြင်းနှင့် ကျမ်းစာသင်အံမှုကမ်းလှမ်းခြင်းဖြင့် ယင်းကို ကျွန်ုပ်တို့လုပ်ဆောင်သည်။ (မ. ၂၈:၁၉၊ ၂၀) ယင်းအတွက်ကြောင့် တောင်းဆိုဘရိုရှာကို သင်အံမှုစရန်အသုံးပြုကြပေမည်။ အောက်ပါအကြံပြုချက်လေးခုက အကူအညီဖြစ်စေကြောင်း သင်တွေ့ရပေမည်။
၄ သင်သည် ပို၍ဆိုးရွားလာနေသည့်ကမ္ဘာ့အခြေအနေနှင်စပ်လျဉ်း၍ စိုးရိမ်မကင်းဖြစ်သူတစ်ဦးဦးနှင့် ပြောဆိုခဲ့သည်ဆိုပါက ဤသို့ပြောခြင်းဖြင့် အပြန်အလှန်စကားကိုပြန်စနိုင်သည်–
▪ “လူ့ဘောင်အဖွဲ့အစည်းမှာ စာရိတ္တပျက်ပြားမှုနဲ့ပတ်သက်ပြီး ကျွန်တော့်လိုပဲ မိတ်ဆွေလည်းစိုးရိမ်မကင်းဖြစ်နေတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ အိမ်တွင်းအကြမ်းဖက်မှုကြောင့် ကလေးတွေ၊ မိဘတွေနဲ့ အိမ်ထောင်သည်တွေ မတော်မတရားပြုမူခံနေရတဲ့ ရတက်မအေးစရာသတင်းမှတ်တမ်းတွေကို ကျွန်တော်တို့ကြားနေရတယ်။ လူအများစုဟာ သူတို့ရဲ့လိုအင်ဆန္ဒပြည့်ဖို့သာဆိုရင် လိမ်လည်တာ ဒါမှမဟုတ် ခိုးတာတို့ကို ဘာမှမဟုတ်တဲ့အရာလို့ယူမှတ်ကြပုံပေါက်တယ်။ လူတွေရဲ့အသက်ရှင်နေထိုင်ပုံဟာ ဘုရားအတွက်အရေးပါတယ်လို့ မိတ်ဆွေထင်ပါသလား။ [တုံ့ ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်ဟာ လူအတွက် အသက်ရှင်နေထိုင်ရမယ့်စံနှုန်းအချို့ကို ချမှတ်ပေးထားတယ်၊ တကယ်တော့ အဲ့ဒီစံနှုန်းတွေဟာ ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဟုတ်ပါဘူး။” ၁ ယောဟန် ၅:၃ ကိုဖတ်ပါ။ ထို့နောက် တောင်းဆိုဘရိုရှာကို ကမ်းပေးလိုက်ပြီး သင်ခန်းစာ ၁၀ သို့ဖွင့်ပါ။ ပထမအပိုဒ်ကိုဖတ်ပါ။ အပိုဒ် ၂-၆ ၏အစတွင် စာလုံးစောင်းဖြင့်ရေးထားသည့်စကားလုံးများနှင့် စကားစုများကို ညွှန်ပြပြီး အိမ်ရှင်အား မည်သည့်အကျင့်အကြံက လူ့ဘောင်အဖွဲ့အစည်းကို ထိခိုက်နစ်နာစေဆုံးဖြစ်သည်ဟု သူ သို့မဟုတ် သူမ ယူမှတ်ကြောင်း မေးပါ။ ဆက်စပ်သောအပိုဒ်ကိုဖတ်ပြပြီး အခွင့်ရသရွေ့ ကျမ်းချက်တစ်ချက် သို့မဟုတ် နှစ်ချက်ကို ဖွင့်ဖတ်ပါ။ အပိုဒ် ၇ ကိုဖတ်ပြီးနိဂုံးချုပ်ပါ၊ ထို့နောက် နောက်ထပ်ဆွေးနွေးရန် ပြန်လာဖို့စီစဉ်ပါ။ ၁၂ ကျပ်ဖြင့် ဘရိုရှာကိုဝေငှပါ။
၅ မိသားစုနှင့်ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေသည့် သင်တွေ့ဆုံခဲ့ရသူများအား ဤသို့သင်ပြောနိုင်သည်–
▪ “အောင်မြင်တဲ့မိသားစုဘဝကိုတည်ဆောက်ဖို့ လိုအပ်တဲ့ကိရိယာတွေကို ဖန်ဆင်းရှင်က ကျွန်တော်တို့ကိုပေးထားမယ်လို့မျှော်လင့်တာဟာ ကျိုးကြောင်းညီညွတ်တယ်လို့ မိတ်ဆွေထင်ပါသလား။” တုံ့ ပြန်မှုကိုစောင့်ပါ။ တောင်းဆိုဘရိုရှာကိုထုတ်ပြပြီး သင်ခန်းစာ ၈ သို့ဖွင့်ကာ မိသားစုဝင်တိုင်းအတွက် ကျမ်းစာမှမူများပါဝင်ကြောင်း ရှင်းပြပါ။ အကြီးမားဆုံးသောအကျိုးရရှိရန် ကျမ်းစာနှင့်တွဲပြီး ဘရိုရှာကို မည်သို့အသုံးပြုကြောင်း ပြပေးရန် ကမ်းလှမ်းပါ။ ဘရိုရှာ၏စာမျက်နှာ ၂ မှညွှန်ကြားချက်များကို လိုက်နာပါ။ သင်ခန်းစာကိုဆက်လေ့လာရန် ပြန်လာဖို့စီစဉ်ပါ၊ သို့မဟုတ် ယင်းသင်ခန်းစာပြီးသွားပါက အိမ်ရှင်ရွေးချယ်သည့် ဘရိုရှာမှနောက်သင်ခန်းစာကို လေ့လာရန်စီစဉ်ပါ။ ဤဘရိုရှာကို ၁၂ ကျပ်ဖြင့်ယူထားနိုင်ကြောင်း ပြောပါ။
၆ ဤနည်းသည် ကျမ်းစာသင်အံမှုအစီအစဉ်ကို ကမ်းလှမ်းနိုင်သည့် တိုက်ရိုက်ချဉ်းကပ်နည်းဖြစ်သည်။ “တောင်းဆို” ဘရိုရှာကိုပြပြီး ဤသို့ပြောပါ–
▪ “ကျမ်းစာရဲ့အခြေခံသွန်သင်ချက်တွေကိုသုံးသပ်ထားတဲ့ ကျယ်ပြန့်ပြည့်စုံတဲ့သင်ရိုးညွှန်းတန်းတစ်ခု ဒီဘရိုရှာထဲမှာပါပါတယ်။ ရာစုနှစ်များစွာ လူတို့အခက်တွေ့နေတဲ့မေးခွန်းတွေရဲ့အဖြေကို စာမျက်နှာတစ်ခုစီတိုင်းမှာ မိတ်ဆွေတွေ့ရပါလိမ့်မယ်။ ဥပမာအနေနဲ့ ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်းဆိုတဲ့မေးခွန်းမျိုးပေါ့။” သင်ခန်းစာ ၅ ကိုဖွင့်ပြီး သင်ခန်းစာအစမှမေးခွန်းများကိုဖတ်ပြပါ။ မည်သည့်မေးခွန်းကို စိတ်အဝင်စားဆုံးဖြစ်ကြောင်း အိမ်ရှင်အားမေးပါ၊ ထို့နောက် ကိုက်ညီသည့်အပိုဒ်(များ) ကိုဖတ်ပါ၊ သင့်လျော်သည့်ကျမ်းချက်များကို ဖွင့်ဖတ်ပါ။ အခြားမေးခွန်းများ၏ကျေနပ်ဖွယ်အဖြေများကိုလည်း ဤကဲ့သို့ပင် လွယ်လွယ်လေးဖြင့်ရရှိနိုင်ကြောင်း ရှင်းပြပါ။ နောက်ထပ်မေးခွန်းနှင့်အဖြေကို ဆွေးနွေးရန် ပြန်လာမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောပါ။ ဘရိုရှာတစ်စောင်လျှင် ၁၂ ကျပ်နှင့်ယူထားနိုင်ကြောင်း ပြောပါ။
၇ သို့မဟုတ် ဤသို့ပြောခြင်းဖြင့် ကျမ်းစာသင်အံမှုစရန်အတွက် ရိုးရိုးကလေးချဉ်းကပ်နည်းကိုစမ်းကြည့်ရန် သင်ပိုနှစ်သက်ပေမည်–
▪ “အချိန်နည်းနည်းလေးနဲ့ အရေးပါတဲ့ကျမ်းစာမေးခွန်းတစ်ခုရဲ့အဖြေကို ရနိုင်တယ်ဆိုတာ မိတ်ဆွေသိပါသလား။ ဥပမာအနေနဲ့ . . . ။” ထို့နောက် ထိုသူနှစ်သက်မည်ဟုသင်ယူဆသည့် ဘရိုရှာထဲမှ သင်ခန်းစာတစ်ခု၏အစတွင်ဖော်ပြထားသော မေးခွန်းတစ်ခုကိုပြောပြပါ။ သင်အသုံးပြုမည့်မေးခွန်းများနှင့်ပတ်သက်ပြီး အကြံဉာဏ်အချို့ကို “ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ” ဟူ၍ခေါင်းစဉ်တပ်ထားသည့် ၁၉၉၇ မတ်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်စာရွက်၊ အပိုဒ် ၁၅ နှင့် ၁၆ ကိုကြည့်ပါ။
၈ ပြန်လည်ပတ်မှုများလုပ်ခြင်း၏စိန်ခေါ်ချက်ကို ဝမ်းမြောက်ဝမ်းသာလက်ခံခြင်းနှင့် ကျမ်းစာသင်အံမှုများကျင်းပခြင်းသည် ဘုရားသခင်၏ “လုပ်ဖော်ဆောင်ဖက်” ဖြစ်ခြင်း၏အပိုင်းကဏ္ဍအဝင်ဖြစ်သည်။ (၁ ကော. ၃:၉၊ ကဘ) ကျွန်ုပ်တို့တွေ့ရသည့်စိတ်ဝင်စားမှုကို ကြိုးစားပမ်းစားပျိုးထောင်ပေးပြီး ကြီးပွားရန် ယေဟောဝါအပေါ်မှီခိုအားထားသည်နှင့်အမျှ အခြားမည်သည့်လုပ်ငန်းကမျှ မပေးနိုင်သည့် စစ်မှန်သောကျေနပ်မှုကို ကျွန်ုပ်တို့ခံစားရမည်ဖြစ်သည်။