သိမ်းထားပါ
အကြံပြုထားသည့် လယ်ကွင်းလုပ်ငန်းတင်ဆက်နည်းများ
ကြားညှပ်စာရွက်ကိုအသုံးပြုနိုင်ပုံ
အောက်ပါတင်ဆက်နည်းအများစုကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ယခင်လထုတ်များတွင် ဖော်ပြထားပါသည်။ သင်၏သက်သေခံခြင်းလုပ်ငန်းတွင် ယင်းတို့ကို အလိုရှိသလိုစမ်းကြည့်ကာ သင်ရရှိသည့်အကျိုးရလဒ်များကို ဆန်းစစ်ပါ။ ဤကြားညှပ်စာရွက်ကို ကောင်းစွာသိမ်းဆည်းထားကာ ဓမ္မအမှုအတွက်ပြင်ဆင်သည့်အခါ ယင်းကိုကိုးကားကြည့်ရှုပါ။
သင်သည် လိုရင်းကိုပြောမည်ဆိုလျှင် ဘုရားသခင့်နှုတ်ကပါဌ်စကားတော်၌ လူတစ်ဦး၏စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်ပေမည်။ သတ်သတ်မှတ်မှတ်မေးခွန်းတစ်ခုမေးပါ၊ ထို့နောက် တိုတုတ်သည့်ကျမ်းဆိုင်ရာအဖြေကို ဖတ်ပြပါ။ ဤအကြံပြုချက်များကို သင် စမ်းကြည့်နိုင်သည်–
“အနာဂတ်ကိုတွေးကြည့်တဲ့အခါ မျှော်လင့်ချက်ရောင်ခြည်သန်းလာတယ် ဒါမှမဟုတ် ရင်လေးစရာဖြစ်နေတယ်လို့ မိတ်ဆွေခံစားရသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ယနေ့ကျွန်တော်တို့တွေ့မြင်နေရတဲ့ ရတက်မအေးစရာအဖြစ်အပျက်တွေအပြင် ၎င်းတို့ရဲ့ရလဒ်ကိုပါ ကြိုတင်ဖော်ပြထားပါတယ်။”—၂ တိ. ၃:၁၊ ၂၊ ၅; သု. ၂:၂၁၊ ၂၂။
“ယနေ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာအများကြီးရှိပါတယ်။ ကျန်းမာရေးပြဿနာအားလုံးကို ထာဝစဉ်ဖြေရှင်းပေးမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်တွေကို မိတ်ဆွေသိပါသလား။”—ဟေရှာ. ၃၃:၂၄; ဗျာ. ၂၁:၃၊ ၄။
“သမ္မာကျမ်းစာက နောက်ဆုံးမှာ တစ်ကမ္ဘာလုံးကိုအုပ်ချုပ်မယ့်အစိုးရ တစ်ခုတည်းရှိမယ်လို့ ကြိုပြောခဲ့တာကို မိတ်ဆွေသိပါသလား။”—ဒံ. ၂:၄၄၊ ၄၅; မ. ၆:၉၊ ၁၀။
“ကမ္ဘာမြေကြီးကို ယေရှုခရစ်အုပ်စိုးမယ်ဆိုရင် အခြေအနေတွေဟာ ဘယ်လိုမျိုးဖြစ်လာမယ်လို့ မိတ်ဆွေထင်သလဲ။”—ဆာ. ၇၂:၇၊ ၈။
“အများသောသူတို့ဟာ လိင်၊ ဘာသာတရား ဒါမှမဟုတ် လူမျိုးမတူတာကြောင့် ခွဲခြားဆက်ဆံတာကိုခံနေရပါတယ်။ အဲဒီလိုမျိုးစိတ်စွန်းကွက်တာကို ဘုရားသခင်ဘယ်လိုခံစားရမယ်လို့ မိတ်ဆွေထင်သလဲ။”—တ. ၁၀:၃၄၊ ၃၅။
“ယေရှုခရစ်ဟာ သူ့ခေတ်မှာ အံ့ဖွယ်အမှုများစွာပြုလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့သိကြတယ်။ နောက်တစ်ခါအံ့ဖွယ်အမှုပြုဖို့ မိတ်ဆွေတောင်းဆိုနိုင်မယ်ဆိုရင် ဘာကိုတောင်းဆိုမလဲ။”—ဆာ. ၇၂:၁၂-၁၄၊ ၁၆။
“လူအများစုဟာ ပြဿနာတွေအကြောင်းကြားရတာကို စိတ်ကုန်လာကြတယ်။ ဖြေရှင်းနည်းအကြောင်း သူတို့ကြားချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြဿနာတွေအတွက် စစ်မှန်တဲ့ဖြေရှင်းနည်းကို ဘယ်နေရာမှာတွေ့နိုင်သလဲ။”—၂ တိ. ၃:၁၆၊ ၁၇။
“သခင့် (သို့မဟုတ် အကျွန်ုပ်တို့အဘ) ပတ္ထနာထဲက မိတ်ဆွေ ဆုတောင်းနေတဲ့နိုင်ငံတော်ဟာ ဘာလဲဆိုတာပြောပြနိုင်မလား။”—ဗျာ. ၁၁:၁၅။
စကားစနိုင်သည့်အချက်များ
ကျိုးကြောင်းဆင်ခြင် စာအုပ်ပါအကြောင်းအရာများမှ ပြုစုထားသည့် အောက်ပါမေးခွန်းများစာရင်းသည် အဖြေတစ်ခုစီကိုတွေ့ ရှိရသည့် စာအုပ်ပါ စာမျက်နှာနံပါတ်ကို ဖော်ပြသည်–
ကျွန်ုပ်တို့အဘယ်ကြောင့်အိုရသေရသနည်း (၃၂၉)
လူသေတို့၏အခြေအနေမည်သို့နည်း (၃၃၀)
ဘုရားသခင်ကိုယုံကြည်ဖို့ ခိုင်လုံသောအကြောင်းများရှိသလော (၁၉၅)
ကျွန်ုပ်တို့လူသားများ၏အဖြစ်သနစ်များကို ဘုရားသခင် အရေးစိုက်၏လော (၁၉၇)
ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော (၁၉၇)
လူကောင်းမှန်သမျှ ကောင်းကင်သို့သွားသလော (၃၈)
လူသည် ကောင်းကင်သွားမှသာ တကယ်ပျော်ရွှင်သော အနာဂတ်ကိုရမည်လော (၃၉)
ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကိုသိရန်၊ သုံးရန် အဘယ်ကြောင့်အရေးကြီးသနည်း (၂၅၀)
ယေရှုသည် ဘုရားသခင်ပင်လော (၂၃၇)
ဘုရားသခင့်နိုင်ငံတော်သည် ဘာကိုဖြစ်မြောက်စေမည်နည်း (၁၄၅)
လူ့ဘဝရည်ရွယ်ချက်ကား အဘယ်နည်း (၄၀၆)
အဘယ်အရာက အိမ်ထောင်သာယာမှုကို တိုးပွားစေရန် ထောက်ကူသနည်း (၄၃၈)
ဘာသာအားလုံးကို ဘုရားသခင်လက်ခံတော်မူသလော (၁၈၅)
မည်သည့်ဘာသာမှန်ကန်ကြောင်း မည်သို့သိနိုင်သနည်း (၁၉၀)
စာတန်သည် ယနေ့လောကတွင် မည်မျှတန်ခိုးသြဇာကြီးသောသူ ဖြစ်သနည်း (၈၅)
ဆင်းရဲဒုက္ခကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း (၁၁၄)
ဆိုးသွမ်းမှု အဘယ်ကြောင့် ဤမျှများပြားသနည်း (၁၀၁)
ဤလောကကို မည်သူအုပ်စိုးသနည်း—ဘုရားသခင်လော၊ စာတန်လော (၂၉၄)
တောင်းဆို ဘရိုရှာတင်ဆက်နည်းအတွက် အကြံပြုချက်များ
“ဘုရားသခင်ကို လူအတော်များများယုံကြည်ကြတယ်ဆိုတာကို မိတ်ဆွေသဘောတူမှာ သေချာပါတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ထံက တစ်ခုခုတောင်းဆိုတယ်ဆိုတာ ဘုရားကိုယုံကြည်သူအားလုံးက သဘောတူကြတယ်။ လူတွေသဘောမတူနိုင်တဲ့အရာကတော့ ကျွန်တော်တို့ထံက ဘုရားသခင် ဘာတောင်းဆိုသလဲဆိုတာပါပဲ။” ထို့နောက် တောင်းဆို ဘရိုရှာကိုပြကာ သင်ခန်းစာ ၁ ကိုဖွင့်၍ဆွေးနွေးပါ။
“ယနေ့ မိသားစုဘဝမှာ အလွန်များပြားလှတဲ့ပြဿနာတွေကြောင့် မိသားစုပျော်ရွှင်မှုရရှိဖို့ လျှို့ဝှက်ချက်က ဘာလဲဆိုတာ မိတ်ဆွေတွေးတောဖူးသလား။” တုံ့ပြန်မှုရပြီးနောက် သမ္မာကျမ်းစာတွင် မိသားစုပျော်ရွှင်မှု၏ စစ်မှန်သောလျှို့ဝှက်ချက်ကို ဘုရားသခင်ဖော်ပြထားကြောင်း ရှင်းပြပါ။ ဟေရှာယ ၄၈:၁၇ ကိုဖတ်ပြပါ။ ထို့နောက် တောင်းဆိုဘရိုရှာပါ သင်ခန်းစာ ၈ ကိုဖွင့်ပြီး မိသားစုဝင်တစ်ဦးစီအတွက် စိတ်ချရသောလမ်းညွှန်မှုပေးသည့် ညွှန်းထားသောကျမ်းချက်အချို့ကို ထောက်ပြပါ။ သင်ခန်းစာ၏အစရှိ မေးခွန်းစာရင်းကို ဖတ်ပြပါ။ ထိုသူအား အဖြေများကိုဖတ်ချင်ပါသလားဟုမေးပါ။
“ကျမ်းစာရဲ့အခြေခံသွန်သင်ချက်တွေကိုသုံးသပ်ထားတဲ့ ကျယ်ပြန့်ပြည့်စုံတဲ့သင်ရိုးညွှန်းတမ်းတစ်ခု ဒီဘရိုရှာထဲမှာပါပါတယ်။ ရာစုနှစ်များစွာ လူတို့အခက်တွေ့နေတဲ့မေးခွန်းတွေရဲ့အဖြေကို စာမျက်နှာတိုင်းမှာ မိတ်ဆွေတွေ့ရပါလိမ့်မယ်။ ဥပမာအနေနဲ့ ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်းဆိုတဲ့မေးခွန်းမျိုးပေါ့။” သင်ခန်းစာ ၅ ကိုဖွင့်ပြီး သင်ခန်းစာ၏အစရှိ မေးခွန်းများကိုဖတ်ပြပါ။ မည်သည့်မေးခွန်းကို စိတ်အဝင်စားဆုံးဖြစ်ကြောင်း အိမ်ရှင်အားမေးပါ၊ ထို့နောက် ကိုက်ညီသည့်အပိုဒ်(များ)၊ သင့်လျော်သည့်ကျမ်းချက်များကို ဖတ်ပါ။ အခြားမေးခွန်းများ၏ကျေနပ်ဖွယ်အဖြေများကိုလည်း ဤကဲ့သို့ပင် လွယ်လွယ်လေးဖြင့်ရရှိနိုင်ကြောင်း ရှင်းပြပါ။ နောက်ထပ်မေးခွန်းတစ်ခုကို ဆွေးနွေးရန် ပြန်လာမည်ဖြစ်ကြောင်း အရိပ်အမြွက်ပြောပါ။
“ယနေ့ကမ္ဘာပေါ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုမှန်သမျှအတွက် အကြောင်းရင်းဟာ ဘာဖြစ်တယ်လို့ မိတ်ဆွေထင်ပါသလဲ။ မိဘတွေရဲ့လေ့ကျင့်မှုကင်းမဲ့တာကြောင့်လား။ ဒါမှမဟုတ် မာရ်နတ်ရဲ့သြဇာလွှမ်းမိုးမှုလိုမျိုး အခြားအရာတစ်ခုခုကြောင့်လား။” တုံ့ပြန်မှုကိုစောင့်ပါ။ ထိုသူက မာရ်နတ်၏သြဇာလွှမ်းမိုးမှုကြောင့်ဟုဆိုလျှင် ဗျာဒိတ် ၁၂:၉၊ ၁၂ ကိုဖတ်ပြပါ။ ကမ္ဘာပေါ် ဗရုတ်သုတ်ခတိုးများစေရာတွင် မာရ်နတ်၏အခန်းကဏ္ဍကို ထောက်ပြပါ။ ထို့နောက် တောင်းဆို ဘရိုရှာ သင်ခန်းစာ ၄ ကိုဖွင့်ပြီး မာရ်နတ် အဘယ်ကဖြစ်လာသည်ကို စဉ်းစားဖူးသလောဟု မေးပါ။ ပထမနှစ်ပိုဒ်ကို ဆက်ဖတ်ပြီးဆွေးနွေးပါ။ ထိုသူသည် ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုဖြစ်ရသည့် အကြောင်းရင်းအဖြစ် “မိဘတို့၏လေ့ကျင့်မှုကင်းမဲ့” ခြင်းကိုရွေးလျှင် ၂ တိမောသေ ၃:၁-၃ ကိုဖတ်ကာ ယင်းပြဿနာကိုဖြစ်ပေါ်စေပုံရသည့် စရိုက်များကို ထောက်ပြပါ။ ထို့နောက် တောင်းဆို ဘရိုရှာ သင်ခန်းစာ ၈ ကိုဖွင့်ပြီး အပိုဒ် ၅ ကိုဖတ်ကာ ဆက်ဆွေးနွေးပါ။
“အောင်မြင်တဲ့မိသားစုဘဝတည်ဆောက်ဖို့ လိုအပ်တဲ့အသိပညာကို ဖန်ဆင်းရှင်က ကျွန်တော်တို့ကိုပေးထားမယ်လို့မျှော်လင့်တာဟာ ကျိုးကြောင်းညီညွတ်တယ်လို့ မိတ်ဆွေထင်ပါသလား။” တုံ့ပြန်မှုရပြီးနောက် တောင်းဆိုဘရိုရှာကိုထုတ်ပြပါ။ သင်ခန်းစာ ၈ ကိုဖွင့်ကာ မိသားစုဝင်တိုင်းအတွက် ကျမ်းစာမှမူများပါဝင်ကြောင်း ရှင်းပြပါ။ အကြီးမားဆုံးသောအကျိုးရရှိရန် ကျမ်းစာနှင့်တွဲပြီး ဘရိုရှာကို မည်သို့အသုံးပြုကြောင်း ပြပေးရန် ကမ်းလှမ်းပါ။
“မျက်မှောက်ခေတ်အသက်တာမှာကြုံတွေ့နေရတဲ့ အခက်အခဲမှန်သမျှကြောင့် ဆုတောင်းခြင်းဟာ ကျွန်တော်တို့အတွက် စစ်မှန်တဲ့အကူအညီဖြစ်နိုင်တယ်လို့ မိတ်ဆွေယူမှတ်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူများစွာက ဆုတောင်းခြင်းဟာ သူတို့ကို အတွင်းခွန်အားရရှိစေတယ်လို့ဆိုကြတယ်။ [ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။] ဒါပေမဲ့ မိမိရဲ့ဆုတောင်းချက်တွေဟာ နားညောင်းမခံရဘူးလို့ လူတစ်ဦးခံစားရကောင်းခံစားရမယ်။ [တောင်းဆို ဘရိုရှာ သင်ခန်းစာ ၇ ကိုဖွင့်ပါ။] ဒီဘရိုရှာက ဆုတောင်းခြင်းကနေ ကျွန်တော်တို့ အကျိုးအများဆုံးရရှိနိုင်ပုံကို ရှင်းပြထားတယ်။”
“ကမ္ဘာပေါ်မှာ ဒီလောက်တောင် ဘာသာတွေ ဘာကြောင့်ကွဲပြားနေရသလဲဆိုတာကို အိမ်နီးချင်းတွေနဲ့ ကျွန်တော်တို့ပြောနေကြပါတယ်။ ဒါပေမဲ့ ကျမ်းစာကတော့တစ်အုပ်ထဲပါပဲ။ မိတ်ဆွေအထင် ဒီလောက်ရှုပ်ထွေးနေတဲ့ဘာသာတွေ ဘာကြောင့်ရှိနေရတာလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ တောင်းဆို ဘရိုရှာ သင်ခန်းစာ ၁၃ ကိုဖွင့်ပြီး အဖွင့်မေးခွန်းများကိုဖတ်ပါ။] ဒီသင်ခန်းစာကိုဖတ်ခြင်းအားဖြင့် ဒီမေးခွန်းတွေရဲ့ ကျေနပ်လောက်တဲ့အဖြေကို မိတ်ဆွေရပါလိမ့်မယ်။”
လူတစ်ဦးအား ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများဝေငှပြီးနောက် စာပိုဒ်တိုတစ်ခုကို သူ့အား ဖတ်ပြခွင့်ရမည်လောဟုမေးပါ။ ဖတ်ခွင့်ရလျှင် တောင်းဆို ဘရိုရှာ သင်ခန်းစာ ၅ ကိုဖွင့်ပါ။ သင်ခန်းစာ၏အစတွင် စာရင်းပြုစုထားသည့် မေးခွန်းများကိုညွှန်ပြကာ သင် အဖွင့်စာပိုဒ်ကိုဖတ်နေစဉ် ပထမမေးခွန်း၏အဖြေအတွက်နားထောင်ရန် မေတ္တာရပ်ခံပါ။ အပိုဒ်ကိုဖတ်ပြီးနောက် မေးခွန်းမေးကာ သူအား ဖြေဆိုစေပါ။ ဘရိုရှာကိုဝေငှပါ၊ ယင်းကို လက်ခံမည်ဆိုလျှင် စာရင်းတွင်ပါသည့် နောက်မေးခွန်းနှစ်ခုအတွက် သူ၏အဖြေများကိုရရှိရန် ပြန်လာဖို့စီစဉ်ပါ။
အသိပညာ စာအုပ်တင်ဆက်နည်းအတွက် အကြံပြုချက်များ
လက်ထဲတွင် ကျမ်းစာအုပ်ကိုကိုင်ကာ ဤသို့စတင်ပြောဆိုပါ– “ဒီကနေ့ မိတ်ဆွေရဲ့လမ်းထဲမှာရှိတဲ့လူတိုင်းကို ကျမ်းချက်တစ်ချက်ဝေမျှပေးနေကြပါတယ်။ အဲဒီကျမ်းချက်က . . . လို့ဖော်ပြထားတယ်။” ယောဟန် ၁၇:၃ ကိုဖတ်ကာ ဤသို့မေးပါ– “ကျွန်တော်တို့ဆီမှာ မှန်ကန်တဲ့အသိပညာရှိမယ်ဆိုရင် ဘာကိုကတိပေးထားတယ်ဆိုတာ သတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] လူတစ်ဦးဟာ အဲဒီလိုပညာကို ဘယ်မှာသွားရှာတွေ့မလဲ။” တုံ့ပြန်မှုရပြီးနောက် အသိပညာ စာအုပ်ကိုပြကာ ဤသို့ပြောပါ– “ဒီစာအုပ်က ထာဝရအသက်ရစေတဲ့အသိပညာကို ညွှန်ပြပေးတယ်။ သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး လူတွေအများဆုံးမေးတတ်တဲ့မေးခွန်းတွေကို ဖြေကြားပေးခြင်းဖြင့် ညွှန်ပြပေးတယ်။” မာတိကာဇယားကိုပြကာ ထိုသူအား ဒီအကြောင်းအရာတွေထဲက တစ်ခုခုကို စဉ်းစားဖူးသလောဟုမေးပါ။
“ဘုရားသခင်ဟာ ကျွန်တော်တို့ဝန်းကျင်မှာတွေ့မြင်နေရတဲ့ ဒါမှမဟုတ် ကျွန်တော်တို့ကိုယ်တိုင်ခံစားနေရတဲ့ မတရားမှု၊ ဆင်းရဲဒုက္ခနဲ့ပတ်သက်ပြီး တကယ်စိုးရိမ်မကင်းဖြစ်မလားလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ဘုရားသခင်ဟာ ကျွန်တော်တို့ကို ချစ်မြတ်နိုးပြီး ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ကူညီပေးမယ်လို့ အာမခံထားတယ်။” ဆာလံ ၇၂:၁၂-၁၇ ကိုဖတ်ပြပါ။ အသိပညာ စာအုပ်အခန်း ၈ ကိုဖွင့်ကာ ယင်းသည် လူသန်းပေါင်းများစွာမေးခဲ့ကြသည့် ဒုက္ခဆင်းရဲကို ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း ဟူသောမေးခွန်းအတွက် နှစ်သိမ့်မှုပေးသည့်အဖြေကိုဖော်ပြကြောင်း ပြောပြပါ။ ဖြစ်နိုင်လျှင် အပိုဒ် ၃ မှ ၅ ပါကျမ်းစာအကြောင်းအရာအချို့ကို ဆွေးနွေးပါ သို့မဟုတ် ပြန်လည်ပတ်သည့်အခါ ထိုသို့ပြုပါ။
“ကျွန်တော်တို့အများစုဟာ ချစ်ရတဲ့သူတွေကို သေခြင်းမှာဆုံးရှုံးနေကြရပါတယ်။ သူတို့ကို နောက်တစ်ခါပြန်တွေ့ရမယ်လို့ မိတ်ဆွေတွေးဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့ရဲ့ချစ်ရတဲ့သူတွေကို သေခြင်းကနေကယ်တင်နိုင်တယ်ဆိုတာ ယေရှုသက်သေပြခဲ့ပါတယ်။ [ယောဟန် ၁၁:၁၁၊ ၂၅၊ ၄၄ ဖတ်။] အဲဒါဟာ လွန်ခဲ့တဲ့ရာစုနှစ်များစွာက ဖြစ်ပျက်ခဲ့ပေမဲ့ ကျွန်တော်တို့အတွက်ပြုလုပ်ပေးမယ်လို့ ဘုရားသခင်ကတိပြုထားတဲ့အရာကို သရုပ်ပေါ်စေပါတယ်။” အသိပညာစာအုပ် စာမျက်နှာ ၈၅ ရှိရုပ်ပုံကိုဖွင့်ပြီး ပုံစာကိုဖတ်ပြပါ။ ထို့နောက် စာမျက်နှာ ၈၆ ရှိရုပ်ပုံကိုပြပြီး ရှင်းပြပါ။ “လူတွေ အိုပြီးသေရတဲ့အကြောင်းရင်းကို မိတ်ဆွေသိချင်သလား” ဟူ၍ပြောခြင်းဖြင့် နောက်လည်ပတ်မှုအတွက် အုတ်မြစ်ချပါ။ အခန်း ၆ ကိုဆွေးနွေးရန်ပြန်သွားပါ။
“လူသားတွေဟာ အသက်ရှည်ရှည်နေဖို့ ဘာကြောင့်တမ်းတကြတယ်ဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။” တုံ့ပြန်မှုရပြီးနောက် အသိပညာစာအုပ် အခန်း ၆ ကိုဖွင့်ကာ အပိုဒ် ၃ ကိုဖတ်ပါ။ ညွှန်းထားသောကျမ်းချက်များကို ကျိုးကြောင်းဆင်ခြင်ပါ။ အပိုဒ်၏အဆုံးပိုင်းရှိမေးခွန်းနှစ်ခုကို ရည်ညွှန်းကာ သူကိုယ်တိုင် အဖြေများကိုတွေ့လိုသလောဟု ထိုသူအားမေးပါ။ သူလိုလိုလားလားတုံ့ပြန်ပါက နောက်အပိုဒ်အနည်းငယ်ကို ဆက်၍ဆွေးနွေးပါ။
“ဒီ . . . အကြောင်းကို လူတွေယုံ, မယုံဆိုတာ ကျွန်တော်တို့မေးနေပါတယ်။” ကမ္ဘာဦး ၁:၁ ကိုဖတ်ပြပြီးနောက် ဤသို့မေးပါ– “ဒီဖော်ပြချက်ကို မိတ်ဆွေသဘောတူပါသလား။” သဘောတူလျှင် ဤသို့ဆက်ပြောပါ– “ကျွန်တော်လည်းသဘောတူပါတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ အရာခပ်သိမ်းကိုဖန်ဆင်းခဲ့တယ်ဆိုရင် ဆိုးသွမ်းမှုအတွက်လည်း ဘုရားသခင်မှာတာဝန်ရှိတယ်လို့ မိတ်ဆွေထင်သလား။” ထိုသူ၏တုံ့ပြန်မှုကိုအသိအမှတ်ပြုပြီးနောက် ဒေသနာ ၇:၂၉ ကိုဖတ်ပါ။ အသိပညာ စာအုပ်အခန်း ၈ ကိုဖွင့်ကာ အပိုဒ် ၂ ကိုဖတ်ပါ။ သူသည် ကမ္ဘာဦး ၁:၁ ကိုသဘောမတူလျှင် ဖန်ဆင်းရှင်ရှိကြောင်းသာဓကကို ဆန်းစစ်ကြည့်ရန် သူ့အားတိုက်တွန်းပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၇၁-၂ ရှု။
“ဒီလောက်အလျင်အမြန်ပြောင်းလဲနေတဲ့ မျက်မှောက်ခေတ်စာရိတ္တစံနှုန်းတွေကြောင့် ဘဝမှာ ယုံကြည်စိတ်ချရတဲ့လမ်းညွှန်လိုတယ်ဆိုတာ မိတ်ဆွေသဘောတူသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာဟာ ရှေးအကျဆုံးစာအုပ်တစ်အုပ်ဖြစ်ပေမဲ့ မျက်မှောက်ခေတ်အသက်ရှင်နေထိုင်မှုနဲ့ ပျော်ရွှင်တဲ့မိသားစုဘဝအတွက် လက်တွေ့ကျအကြံဉာဏ်ကိုပေးပါတယ်။” ထို့နောက် အသိပညာစာအုပ် အခန်း ၂ ကိုဖွင့်ပြီး ၂ တိမောသေ ၃:၁၆၊ ၁၇ အပါအဝင် အပိုဒ် ၁၀ နှင့် အပိုဒ် ၁၁ ၏ပထမဝါကျကိုဖတ်ပါ။
“ကျွန်တော်တို့အတွက်နဲ့ ကမ္ဘာမြေအတွက် အနာဂတ်အလားအလာကို မိတ်ဆွေသိချင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ပရဒိသုဆိုတဲ့ စကားလုံးတစ်လုံးထဲနဲ့ အနာဂတ်ကို အကျဉ်းချုံးဖော်ပြတယ်! ဘုရားသခင်ဟာ ပထမလူသားမောင်နှံကိုဖန်ဆင်းပြီး အဲဒီမှာထားခဲ့တယ်။ အဲ့ဒါဘာနဲ့တူခဲ့မယ်ဆိုတဲ့ ဒီရှင်းပြချက်ကိုသတိပြုပါ။” အသိပညာစာအုပ် စာမျက်နှာ ၈ ကိုဖွင့်ပြီး “ပရဒိသုဘုံအသက်တာ” ခေါင်းစဉ်ငယ်အောက်ရှိ အပိုဒ် ၉ ကိုဖတ်ပြပါ။ ထို့နောက် အပိုဒ် ၁၀ ပါအချက်များကိုဆွေးနွေးကာ ညွှန်းထားသောကျမ်းချက်ဖြစ်သည့် ဟေရှာယ ၅၅:၁၀၊ ၁၁ ကိုဖတ်ပါ။ အပိုဒ် ၁၁-၁၆ ကိုသုံးသပ်ကာ ပြန်လည်ထူထောင်မည့်ပရဒိသုတွင် မည်သည့်အသက်တာမျိုးဖြစ်မည်ကို ဆက်ဆွေးနွေးရန်ကမ်းလှမ်းပါ။
ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ သင်ဝေငှခဲ့သူများထံ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ ဤသို့ပြောနိုင်သည်–
“နောက်ဆုံးအကြိမ် ကျွန်တော်လာတုန်းက ကင်းမျှော်စင် မဂ္ဂဇင်းတစ်စောင်ထားခဲ့ရတဲ့အတွက် ဝမ်းသာပါတယ်။ ဂျာနယ်ရဲ့ခေါင်းစဉ်အပြည့်အစုံက ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း ဖြစ်တယ်ဆိုတာ မိတ်ဆွေသတိပြုမိမှာပါ။ အဲဒီနိုင်ငံတော်ဟာဘာလဲ၊ အဲဒါက မိတ်ဆွေနဲ့ မိတ်ဆွေရဲ့မိသားစုအတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲဆိုတာကို ဒီနေ့ ကျွန်တော်ရှင်းပြချင်ပါတယ်။” ထို့နောက် တောင်းဆို ဘရိုရှာ သင်ခန်းစာ ၆ ကိုဖွင့်ကာ ထိုသူအချိန်ရသရွေ့ ဖတ်ကာဆွေးနွေးပါ။
“မကြာသေးခင်က ကျွန်တော်ရောက်လာသေးတယ်။ ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို ထားပေးခဲ့တယ်။ ဒီဂျာနယ်တွေဟာ ကျမ်းစာနဲ့ ကျမ်းစာရဲ့ စာရိတ္တလမ်းပြမှုကို လေးမြတ်စေပါတယ်။ ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လူတိုင်းနားလည်ဖို့အရေးကြီးတယ်လို့ ကျွန်တော်ယူဆတဲ့အတွက် မိတ်ဆွေကိုအကူအညီပေးမယ့်အရာတစ်ခုပြဖို့ ပြန်လာတာပါ။” တောင်းဆို ဘရိုရှာ သို့မဟုတ် အသိပညာ စာအုပ်ကိုပြကာ ကျမ်းစာသင်အံမှုကမ်းလှမ်းပါ။
၁၉၂–မျက်နှာရှိသည့် စာအုပ်ဟောင်းတစ်ခုခုကို ဝေငှသည့်အခါ ဤတင်ဆက်နည်းကို သင်စမ်းကြည့်နိုင်သည်–
“အရည်အသွေးမြင့်မားတဲ့ပညာရေးအတွက် လိုအပ်ချက်ကို အလွန်အလေးထားနေကြတယ်။ မိတ်ဆွေအနေနဲ့ ဘဝမှာ ကြီးမားတဲ့ပျော်ရွှင်မှုနဲ့အောင်မြင်မှု အမှန်တကယ်ရရှိဖို့ လူတစ်ဦး ဘယ်လိုပညာရေးမျိုးကို လိုက်စားသင့်တယ်လို့ထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် သုတ္တံ ၉:၁၀၊ ၁၁ ကိုဖတ်ပါ။] ဒီလက်စွဲစာအုပ်ဟာ [သင်ဝေငှသည့်စာအုပ်၏ခေါင်းစဉ်ကိုဖော်ပြပါ] ကျမ်းစာကိုအခြေခံထားပါတယ်။ ထာဝရအသက်ရစေနိုင်တဲ့ အသိပညာရဲ့ တစ်ခုတည်းသောဇာစ်မြစ်ကို ဖော်ပြပေးပါတယ်။” စာအုပ်ပါသတ်သတ်မှတ်မှတ်နမူနာတစ်ခုကို တင်ပြကာ ၎င်းကိုဖတ်ဖို့ ထိုသူကိုအားပေးပါ။
အခြားစာပေများ
နောက်ထပ်စာအုပ်များနှင့် ဘရိုရှာများအတွက် အကြံပြုထားသည့်တင်ဆက်နည်းများကို ကင်းမျှော်စင်စာပေအညွှန်း ၏ အောက်ပါခေါင်းစဉ်အောက်တွင် တွေ့ရှိနိုင်သည်–
တင်ဆက်နည်းများ
စာပေစာရင်း
တိုက်ရိုက်ချဉ်းကပ်နည်း
ကျမ်းစာသင်အံမှုတစ်ခုစရန် ဤတိုက်ရိုက်ချဉ်းကပ်နည်းများမှတစ်ခုကို စမ်းသုံးကြည့်ပါ–
“မိနစ်အနည်းငယ်အတွင်းမှာ အရေးကြီးတဲ့ကျမ်းစာမေးခွန်းတစ်ခုရဲ့အဖြေကို ရနိုင်တယ်ဆိုတာ မိတ်ဆွေသိပါသလား။ ဥပမာအနေနဲ့ . . .” ထို့နောက် ထိုသူနှစ်သက်မည်ဟု သင်ယူဆသည့် တောင်းဆို ဘရိုရှာထဲမှ သင်ခန်းစာတစ်ခု၏အစတွင် ဖော်ပြထားသော မေးခွန်းတစ်ခုကိုမေးပါ။
“ကျွန်တော်တို့ရဲ့ အခမဲ့ကျမ်းစာသင်အံမှုအစီအစဉ်ကိုပြဖို့ ရောက်လာပါတယ်။ အဲဒါကိုပြဖို့ ငါးမိနစ်လောက်ပဲကြာပါတယ်။ မိတ်ဆွေ ငါးမိနစ်လောက်အချိန်ရမလား။” ရသည်ဟုဖြေလျှင် သင်အံမှုကိုသရုပ်ပြရန် တောင်းဆိုဘရိုရှာ သင်ခန်းစာ ၁ ကိုအသုံးပြုပါ၊ ရွေးချယ်ထားသောကျမ်းချက်တစ်ချက်နှစ်ချက်ကိုသာ ဖတ်ပါ။ ထို့နောက် “နောက်သင်ခန်းစာတစ်ခုကို လေ့လာနိုင်ဖို့ ၁၅ မိနစ်လောက် မိတ်ဆွေဘယ်တော့အချိန်ပေးမလဲ” ဟုမေးပါ။
“လူများစွာမှာ ကျမ်းစာရှိကြပါတယ်၊ ဒါပေမဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အားလုံးမှာရှိတဲ့ အရေးကြီးတဲ့မေးခွန်းတွေကို အဲဒီစာအုပ်က ဖြေကြားပေးတယ်ဆိုတာ သူတို့သဘောမပေါက်ကြဘူး။ ဒီသင်အံမှုအထောက်အကူ [တောင်းဆို ဘရိုရှာ သို့မဟုတ် အသိပညာ စာအုပ်] ကိုတစ်ပတ်မှာ တစ်နာရီ ဒါမှမဟုတ် အဲဒီလောက်သုံးရုံနဲ့ လအနည်းငယ်အတွင်းမှာ ကျမ်းစာကို အခြေခံကျကျ မိတ်ဆွေနားလည်လာနိုင်တယ်။ အစီအစဉ်ကို ဘယ်လိုလုပ်သလဲဆိုတာ ကျွန်တော်ပြပေးချင်တယ်။”
“မိတ်ဆွေကို အခမဲ့ကျမ်းစာသင်တန်းပေးဖို့ရောက်လာတာပါ။ ဖြစ်နိုင်မယ်ဆိုရင် မိနစ်အနည်းငယ်အချိန်ယူပြီး နိုင်ငံပေါင်း ၂၀၀ ခန့်ကလူတချို့ သူတို့အိမ်မှာ မိသားစုလိုက် ကျမ်းစာဘယ်လိုဆွေးနွေးကြတယ်ဆိုတာကို လက်တွေ့ပြပေးချင်တယ်။ ဒီအထဲက ဘယ်ခေါင်းစဉ်ကိုမဆို အခြေပြုပြီး ဆွေးနွေးနိုင်ပါတယ်။ [အသိပညာစာအုပ်၏မာတိကာကိုပြပါ။] မိတ်ဆွေ ဘယ်အကြောင်းကို အထူးစိတ်ဝင်စားသလဲ။” ရွေးချယ်ရန်အတွက်စောင့်ပါ။ ရွေးချယ်သည့်အခန်းကိုဖွင့်ပြီး ပထမအပိုဒ်ဖြင့်သင်အံမှုစပါ။
“ကျမ်းစာအခမဲ့သင်ပေးပါတယ်။ နောက်ထပ်သင်တန်းသားတွေအတွက်လည်း အချိန်ရှိပါတယ်။ ဒီကျမ်းစာသင်အံမှုအထောက်အကူကို ကျွန်တော်တို့အသုံးပြုပါတယ်။ [အသိပညာ စာအုပ်ကိုပြပါ။] သင်တန်းက လအနည်းငယ်သာကြာပြီး ဒုက္ခဆင်းရဲကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း၊ ကျွန်ုပ်တို့အဘယ်ကြောင့် အိုရသေရသနည်း၊ သေလွန်ပြီးသော ကျွန်ုပ်တို့ချစ်ရသူများ ဘာဖြစ်သွားကြသနည်း၊ ဘုရားသခင့်အပါးတော်သို့ ကျွန်ုပ်တို့ မည်သို့ချဉ်းကပ်နိုင်သနည်း ဆိုတဲ့မေးခွန်းတွေကို ဖြေကြားပေးပါတယ်။ သင်ခန်းစာတစ်ခုကို လက်တွေ့လုပ်ပြပါရစေ။”
သင်သည် စိတ်ဝင်စားမှုပျိုးထောင်ပေးရာတွင် အကျိုးများရရှိသည့် ထိရောက်သောတင်ဆက်နည်းတစ်ခုကို တွေ့ ရှိထားပါက ယင်းကိုဆက်၍သုံးသာသုံးပါလေ! လက်ရှိလတွင် ဝေငှမည့်စာပေနှင့် လိုက်လျောညီထွေဖြစ်စေရန်သာပြုလုပ်ပါ။