လူတို့၏အထူးစိတ်ဝင်စားရာများကို ရည်စူးလျက်ဆောင်းပါးများကိုရွေးချယ်ပါ
၁ မြားကို အသေအချာချိန်ရွယ်သော လေးသမားများကဲ့သို့ အသင်းတော်ကြေညာသူနှင့် ရှေ့ဆောင်များစွာတို့သည် ရပ်ကွက်ရှိလူတို့၏ အထူးစိတ်ဝင်စားရာများကိုဆွဲဆောင်ရန် ကင်းမျှော်စင်နှင့် နိုးလော့!မှ ရွေးချယ်ထားသောဆောင်းပါးများကို အသုံးပြုခြင်းဖြင့် အထူးကောင်းမွန်သောအောင်မြင်မှုကို ရရှိနေကြသည်။ သူတို့သည် မဂ္ဂဇင်းများမှ ဆောင်းပါးတချို့ကို ဖတ်လိုမည့်သူများအား ဆုံးဖြတ်ကြရသည်။ ယင်းကို သူတို့ မည်သို့လုပ်ဆောင်ကြသနည်း။
၂ ဦးဆုံး သူတို့သည် လထုတ်တိုင်းကို တစ်အုပ်လုံးဖတ်သည်။ ထို့နောက် ဆောင်းပါးတစ်ခုစီသည် မည်သို့သောလူစားမျိုးကို နှစ်သက်စေမည်နည်းဟူ၍ မိမိကိုယ်ကိုမေးကြသည်။ ယင်းနောက် ဆောင်းပါးကိုဖတ်ရန်စိတ်ဝင်စားမည့်သူများထံ ကြိုးစားလည်ပတ်ကြသည်။ သူတို့သည် ရပ်ကွက်တွင် အများလက်ခံနိုင်မည့် အထူးလထုတ်တစ်စောင်ကို စောင့်မျှော်နေသည့်အခါ နောက်ထပ်ပို၍မှာယူကြသည်။
၃ ကျွန်ုပ်တို့၏မဂ္ဂဇင်းများသည် လေးမြတ်ခံရ– နှစ်စဉ်ကြေးယူသူတစ်ဦးဖြစ်သည့် နိုင်ဂျီးရီးယားနိုင်ငံ၏ လူဖတ်အများဆုံးနိုင်ငံတကာမဂ္ဂဇင်းအတွက် လုပ်ဆောင်ပေးသူတစ်ဦးက နိုးလော့!နှင့်ပတ်သက်၍ ဤသို့ဆို၏– “လူအများစိတ်ဝင်စားတဲ့ ကမ္ဘာ့အကောင်းဆုံးမဂ္ဂဇင်းကို ချီးကျူးပါတယ်။” ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို စွဲစွဲလမ်းလမ်းဖတ်ရှုသူတစ်ဦးက ဤသို့ဆို၏– “တကယ့်ကိုကောင်းပြီး အဖိုးမဖြတ်နိုင်တဲ့ဉာဏ်ပညာနဲ့ဆိုင်တဲ့ ရတနာတွေပါပဲ! ဒီ [ဂျာနယ်] တွေထဲက တစ်စောင်စောင်ရဲ့ စာမျက်နှာတစ်နေရာရာမှာ ကျွန်တော်စိတ်ဝင်စားတဲ့အကြောင်း မပါတာမရှိသလောက်ပါပဲ။”
၄ မဂ္ဂဇင်းများသည် အနည်းငယ်မျှစာရင်းတင်ပြရလျှင် သမ္မာကျမ်းစာ၊ ကမ္ဘာ့အဖြစ်အပျက်များ၊ မိသားစုကိစ္စများ၊ လူမှုရေးပြဿနာများ၊ သမိုင်း၊ သိပ္ပံ၊ တိရစ္ဆာန်နှင့် အပင်၏အသက်အပါအဝင် အကြောင်းအရာမြောက်မြားစွာကို သုံးသပ်ထား၏။ လူတစ်ဦးသည် မိမိ၏လိုအပ်ရာ၊ အခြေအနေ သို့မဟုတ် လုပ်ငန်းနှင့်သက်ဆိုင်သောအခါ နောက်ထပ်အကြောင်းအရာကိုဖတ်လိုမည်မှာ သေချာသည်။ ကျွန်ုပ်တို့သည် သူတို့ကိုယ်ပိုင် အထူးနှစ်သက်ရာများနှင့် ပြဿနာများရှိကြသော သူများစွာနှင့်ပြောဆိုရသောကြောင့် တွေ့ဆုံရသည့်လူတို့ကို နှစ်သက်စရာဖြစ်စေရန် ဆောင်းပါးများကို တိတိကျကျရွေးချယ်ထားခြင်းသည် အလွန်ထိရောက်သည်။
၅ သက်သေခံနှစ်ဦးသည် သတင်းစာပင်တိုင်ဆောင်းပါးရှင်တစ်ဦးအား ၁၉၉၆၊ စက်တင်ဘာ ၈ ရက်ထုတ်နိုးလော့!ကို ဝေငှစဉ် ဘာဖြစ်ပျက်ခဲ့သည်ကို သတိပြုပါ။ သူ ဤသို့ရေးခဲ့သည်– “ကျွန်တော်စိတ်မဝင်စားဘူးလို့ပြောခွင့်မရခင်မှာဘဲ တစ်ယောက်က ‘အမေရိကန်အင်ဒီးယန်းတွေအကြောင်း ဆောင်းပါးတစ်ခုပါတယ်။ မိတ်ဆွေဟာ အဲဒီအကြောင်းအရာအတော်များများကို ရေးနေတယ်လို့ ကျွန်တော်တို့သိရတယ်’ ဆိုပြီးထပ်လောင်းပြောဆိုတယ်။” သူသည် မဂ္ဂဇင်းကိုယူပြီး နံနက်စာစားချိန်တွင် အင်ဒီးယန်းများအကြောင်းကို ဖတ်ကာ နောက်ပိုင်းတွင် “တကယ့်ကိုကောင်းတယ်၊ လုံးဝမှန်ကန်တယ်” ဟူ၍ဝန်ခံသည်။
၆ သင့်ရပ်ကွက်ရှိလူတို့ စိတ်ဝင်စားရာများကား အဘယ်နည်း– မကြာသေးမီလများက မဂ္ဂဇင်းများတွင် သင့်ရပ်ကွက်ရှိ ဆိုင်ရှင်များနှင့် အတတ်ပညာဖြင့်အသက်မွေးဝမ်းကျောင်းသူများ သို့မဟုတ် သင့်အိမ်နီးချင်း၊ အလုပ်ဖော်နှင့် ကျောင်းနေဖက်များကို နှစ်သက်စရာဖြစ်စေမည့် မည်သည့်အရာကို သင်တွေ့ခဲ့သနည်း။ ရှေ့နေ၊ ပညာတတ်၊ မိသားစုနှင့်ကျောင်းအကြံပေးပုဂ္ဂိုလ်၊ လူငယ်အကြံပေးပုဂ္ဂိုလ်၊ လူမှုရေးလုပ်ငန်းများစီမံဆောင်ရွက်ပေးသူနှင့် ကျန်းမာရေးလုပ်သားများကို အထူးစိတ်ဝင်စားစေမည့်အရာကား အဘယ်နည်း။ လထုတ်တစ်ခုစီကို သင်ဆန်းစစ်စဉ် သင်ဟောရမည့်လူတို့ကို အမှတ်ရခြင်းသည် သမ္မာတရားစကားကိုဖြန့်ချိရန် အလွန်းကောင်းသောနည်းလမ်းများကို သင့်အားရရှိစေမည်။
၇ သင်သည် ကင်းမျှော်စင်နှင့် နိုးလော့!ဆောင်းပါးတချို့ကို အထူးစိတ်ဝင်စားပြီး မဂ္ဂဇင်းများကိုလက်ခံသူတစ်ဦးအား တွေ့ရှိသောအခါ “မိတ်ဆွေကိုစိတ်ဝင်စားစေလိမ့်မယ်လို့ယူဆရတဲ့ဆောင်းပါးတစ်ခု နောက်လထုတ်မှာပါရင် မိတ်ဆွေဆီယူလာပေးချင်တယ်” ဟူ၍ပြောနိုင်၏။ နောက်ဆုံးထုတ်မဂ္ဂဇင်းများနှင့် မကြာခဏပြန်သွားခြင်းဖြင့် ထိုသူနှင့်သင် မဂ္ဂဇင်းလမ်းကြောင်းထပ်ဆင့်ပြုလုပ်နိုင်ပေမည်။ ယင်းက ကျွန်ုပ်တို့၏မဂ္ဂဇင်းများတွင်ပါရှိသည့် ဆောင်းပါးအချို့ကို အထူးစိတ်ဝင်စားမည့်သူများထံ ပြန်လည်ပတ်ရန်လမ်းဖွင့်ပေးသောဖိတ်ခေါ်ချက်ရရှိဖို့ လုပ်ဆောင်နေသည်နှင့်တူ၏။
၈ ဝိညာဉ်ရေးပန်းတိုင်တစ်ခုထားရှိပါ– လွန်ခဲ့သောနှစ်အနည်းငယ်က အလုပ်အကိုင်ကိုသာစိတ်စွဲနေသူတစ်ဦးသည် သူစိတ်ဝင်စားသည့် အကြောင်းအရာပါသောနိုးလော့!မဂ္ဂဇင်းတစ်စောင်ကို ရရှိခဲ့သည်။ သို့ရာတွင် ဤဘာသာတရားကိုင်းရှိုင်းသူသည် သူ၏ရာသက်ပန်ယုံကြည်ချက်ဖြစ်သော သုံးပါးပေါင်းတစ်ဆူကို ဆန်းစစ်ရန်လှုံ့ဆော်ပေးသည့် ဆောင်းပါးပါသော တွဲဖက်ထုတ်ဝေသည့်ကင်းမျှော်စင်ကိုလည်းဖတ်သည်။ ခြောက်လကြာပြီးနောက် သူ နှစ်ခြင်းခံခဲ့သည်! ထို့ကြောင့် ကျွန်ုပ်တို့၏မဂ္ဂဇင်းများကိုဖတ်ရှုသူများနှင့် ဝိညာဉ်ရေးအကြောင်းများဆွေးနွေးဖို့ မတွန့်ဆုတ်ပါနှင့်။ သင်သည် ကျွန်ုပ်တို့ထံမှ ဘုရားသခင်အဘယ်အရာ တောင်းဆိုတော်မူသနည်းဘရိုရှာကိုတင်ပြပြီး မဂ္ဂဇင်းအသစ်တစ်စုံဖြင့် သင်ပြန်လာသည့်အခါတိုင်း တစ်ကြိမ်လျှင် သင်ခန်းစာတစ်ခုဆွေးနွေးဖို့ မိနစ်အနည်းငယ်လောက်သာအချိန်ပေးရန် ကမ်းလှမ်းပါ။
၉ သင်ပြန်လည်ပတ်သည့်သူများနှင့် စီးပွားရေးလုပ်ငန်းနှင့်ထိတွေ့နေသူများထဲမှ နောက်ဆုံးထုတ် ကင်းမျှော်စင်နှင့် နိုးလော့!ကိုတန်ဖိုးထားမည့်သူတို့ကို အသေအချာစဉ်းစားသုံးသပ်ပါ။ ထို့နောက် သူတို့ထံရောက်ရှိရန် အင်တိုက်အားတိုက်ကြိုးစားပါ။ ဤအဖိုးထိုက်သောဂျာနယ်များဖြင့် လူများနိုင်သလောက်များများကို ဆက်သွယ်ပါ။ ထို့အပြင် ကျွန်ုပ်တို့၏မဂ္ဂဇင်းများကိုဖတ်ရန် လူတို့ကို သင် ပို၍ကူညီရန်ကြိုးစားသည်နှင့်အမျှ သင်သည် ‘သင်၏အစာကိုရေပေါ်မှာပစ်ချနေ’ သည်ကို ဘယ်သောအခါမျှမမေ့ပါနှင့်။ အချိန်တန်သော် သင်သည် တပည့်ဖော်လောင်းများကို ရှာဖွေရာတွင် အောင်မြင်မှုရရှိပေမည်။—ဒေ. ၁၁:၁၊ ၆။