ကောင်းချီးတစ်ရပ်ဖြစ်နိုင်သည့် လည်ပတ်မှု
၁ ဇက္ခဲသည် မိမိ၏အိမ်တွင် ဧည့်သည်တစ်ဦးအဖြစ် ယေရှုကို ဝမ်းမြောက်စွာလက်ခံခဲ့သည်။ ထိုလည်ပတ်မှုသည် ကောင်းချီးတစ်ရပ်ပါတကား!—လု. ၁၉:၂-၉။
၂ ယနေ့အချိန်တွင် အသင်းတော်၏ဦးခေါင်းအနေနှင့် ယေရှုခရစ်သည် အကြီးအကဲများအား “ဘုရားသခင်၏သိုးတော်စုကိုထိန်း” ရန်ညွှန်ကြားတော်မူ၏။ (၁ ပေ. ၅:၂၊ ၃; ယော. ၂၁:၁၅-၁၇) အသင်းတော်စည်းဝေးများတွင်သွန်သင်ခြင်းနှင့် လယ်ကွင်းလုပ်ငန်းတွင်ဦးဆောင်မှုပြုခြင်းအပြင် အသင်းတော်ကြီးကြပ်မှူးများသည် အသင်းတော်သားတစ်ဦးစီအား မေတ္တာပါပါကိုယ်တိုင်ကိုယ်ကျအကူအညီပေးကြသည်။ ထို့ကြောင့် သင်သည် သင့်အိမ်၌ဖြစ်စေ၊ နိုင်ငံတော်ခန်းမ၌ဖြစ်စေ၊ လယ်ကွင်းလုပ်ငန်းတွင်အတူရှိစဉ် သို့မဟုတ် အခြားအချိန်များတွင် အကြီးအကဲများထံမှ ကိုယ်တိုင်ကိုယ်ကျဂရုစိုက်မှုကိုရရှိဖို့ အခါအားလျော်စွာမျှော်လင့်နိုင်၏။ အကြီးအကဲများလည်ပတ်သည်ကို သင် စိုးရွံ့သင့်သလော။ လုံးဝမစိုးရွံ့သင့်ပါ။ သင့်ထံသူတို့လည်ပတ်ခြင်းက သင်သည် တစ်နည်းနည်းဖြင့် ချို့တဲ့အားနည်းနေသည်ဟု မဆိုလိုပါ။ သို့ဖြစ်လျှင် သိုးထိန်းလည်ပတ်မှု၏ရည်ရွယ်ချက်ကား အဘယ်နည်း။
၃ ပေါလုက ‘အဘယ်သို့ရှိနေကြောင်းကိုကြည့်ရှုရန်’ ညီအကိုများထံလည်ပတ်ဖို့ သူအလိုရှိသည်ဟုဆို၏။ (တ. ၁၅:၃၆) မှန်ပါသည်၊ မေတ္တာရှိသောသိုးထိန်းများအနေနှင့် အကြီးအကဲများသည် သင် အဘယ်သို့ရှိနေသည်ကို စိတ်ဝင်စား၏။ သူတို့သည် သင့်အား အကူအညီနှင့်တည်ဆောက်မှုဖြစ်စေမည့် ဝိညာဏအကူအညီကိုပေးချင်ကြသည်။ ထိုသို့သော ကိုယ်တိုင်ကိုယ်ကျဂရုစိုက်မှုသည် ကျွန်ုပ်တို့တစ်ဦးစီတွင် မေတ္တာပြည့်ဝသောသိုးထိန်း ယေဟောဝါရှိစေလိုသည့်အရာပင်ဖြစ်၏။—ယေဇ. ၃၄:၁၁။
၄ အကြီးအကဲများ၏လည်ပတ်မှုကို ကြိုဆိုပါ– မိမိ၏ညီအစ်ကိုများထံ ပေါလုလည်ပတ်ရခြင်း၏ဦးတည်ချက်မှာ ‘တည်ကြည်ခိုင်ခံ့စေရန် သူတို့အား ဝိညာဉ်ဆုကျေးဇူးကိုဝေမျှဖို့နှင့် အပြန်အလှန်အားပေးနိုင်’ ရန်ဖြစ်၏။ (ရော. ၁:၁၁၊ ၁၂) ကျွန်ုပ်တို့အားလုံးသည် ဤခဲယဉ်းသောနောက်ဆုံးနေ့ရက်များတွင် ဝိညာဏအားပေးမှုလိုအပ်ပြီး ယုံကြည်ခြင်းတွင် ဆက်၍ခိုင်ခံ့မြဲမြံနေရန်အကူအညီလို၏။ သိုးထိန်းလည်ပတ်ခြင်းကို သင်၏အပြုသဘောပါပါတုံ့ ပြန်မှုက ကောင်းမွန်သောအပြန်အလှန်အားပေးမှုဖြင့် အကျိုးခံစားရမည်မှာ သေချာသည်။
၅ အကြီးအကဲများ၏သိုးထိန်းခြင်းလုပ်ငန်းမှရရှိမည့် အကျိုးကျေးဇူးမြောက်မြားစွာကို လေးမြတ်ပါ။ ကိစ္စရပ်အချို့ သို့မဟုတ် သင်စိုးရိမ်မကင်းဖြစ်ရသည့်အရာနှင့်စပ်လျဉ်း၍ မေးခွန်းတစ်ခုခုရှိမည်ဆိုလျှင် အကူအညီပေးရန် အသင်းတော်တွင်အကြီးအကဲများရှိသည်ကို သတိရပါ။ သင်၏ဝိညာဏကောင်းကျိုးကိုထိခိုက်နိုင်သည့် မည်သည့်ကိစ္စရပ်ကိုမဆို သူတို့နှင့်ဆွေးနွေးရန်မတွန့်ဆုတ်ပါနှင့်။ ယေဟောဝါ၏မေတ္တာပြည့်ဝသောဤအစီအစဉ်ကို လေးမြတ်ပါ၊ ထိုသို့သောလည်ပတ်မှုမှ ရရှိစေနိုင်သည့် ကောင်းချီးများ၌ဝမ်းမြောက်ပါ။