ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၈ စာ. ၃-၆
  • ရှေ့ဆောင်လုပ်ငန်း—သင့်အတွက်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့ဆောင်လုပ်ငန်း—သင့်အတွက်လော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ရှေ့ဆောင်ဓမ္မအမှု၏ကောင်းချီးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါအား ဂုဏ်တင်ချီးမွမ်းရန် ပိုမိုပြုလုပ်နိုင်ဦးမည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ရှေ့ဆောင်လုပ်ငန်းက ဘုရားသခင်နဲ့ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးကို ပိုခိုင်ခံ့စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၇/၉၈ စာ. ၃-၆

ရှေ့ဆောင်လုပ်ငန်း—သင့်အတွက်လော

၁ “တခြားတစ်ခုခုကိုလုပ်ဖို့ စဉ်းစားလို့မရနိုင်ဘူး။ အဲ့ဒီလိုမျိုးရွှင်လန်းမှုဖြစ်စေမယ့်အရာတစ်ခုခုကို စဉ်းစားလို့မရနိုင်တာ တကယ်ပါ။” ယင်းကိုပြောသူကား မည်သူနည်း။ အချိန်ပြည့်ဓမ္မအမှုကို မိမိတို့၏ဘဝတွင် ပျော်ရွှင်ဖွယ်အသက်မွေးလုပ်ငန်းဖြစ်စေခဲ့ကြသော ယေဟောဝါသက်သေထောင်ပေါင်းများစွာမှတစ်ဦးပင်ဖြစ်၏။ ရှေ့ဆောင်လုပ်ငန်းသည် သင့်အတွက်ဖြစ်မဖြစ် သင် ဆုတောင်းသုံးသပ်ဖူးသလော။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို ယေဟောဝါထံ လုံးလုံးလျားလျားဆက်ကပ်အပ်နှံထားရာ နိုင်ငံတော်သတင်းကောင်းကိုဖြန့်ချိရာတွင် အပြည့်အဝပါဝင်နိုင်မနိုင် အသေအချာသုံးသပ်သင့်၏။ ထို့အတွက်ကြောင့် ရှေ့ဆောင်လုပ်ငန်းနှင့်ပတ်သက်၍ များစွာသောသူတို့မေးကြသည့် မေးခွန်းအချို့ကို ကျေးဇူးပြု၍သုံးသပ်ပါ။

မေးခွန်း ၁– “ရှေ့ဆောင်ခြင်းသည် လူတိုင်းအတွက်မဟုတ်ဟု အချို့ကပြော၏။ ယင်းသည် ကျွန်ုပ်အတွက် ဟုတ်မဟုတ် မည်သို့သိနိုင်သနည်း။”

၂ အဖြေသည် သင့်အခြေအနေနှင့် ကျမ်းပေးတာဝန်များအပေါ်မူတည်၏။ ကျန်းမာရေး သို့မဟုတ် လက်ရှိဘဝအခြေအနေက ဓမ္မအမှုအတွက် တစ်လလျှင်နာရီ ၉၀ ပေးဖို့ခွင့်မပြုသူမြောက်မြားစွာရှိ၏။ ခရစ်ယာန်ဇနီးသည်နှင့်မိခင်များဖြစ်ကြသည့် သစ္စာရှိသောညီအမများစွာကို ဥပမာအဖြစ်ကြည့်ပါ။ သူတို့သည် ဓမ္မအမှုတွင် မိမိတို့၏အခြေအနေခွင့်ပြုသရွေ့ တိုးချဲ့ပါဝင်ကြသည်။ သူတို့သည် အခွင့်အရေးရတိုင်း နှစ်စဉ် တစ်လ သို့မဟုတ် ထို့ထက်မက အရန်ရှေ့ဆောင်ကြပြီး လုပ်ငန်းတော်တွင်တိုးချဲ့ပါဝင်ခြင်းမှရရှိသည့် ရွှင်လန်းမှုများကိုခံစားနေကြရသည်။ (ဂလ. ၆:၉) သူတို့သည် လောလောဆယ် အချိန်ပြည့်ရှေ့ဆောင်များအဖြစ်အမှုဆောင်ရန် အခြေအနေကခွင့်မပြုသော်လည်း ရှေ့ဆောင်စိတ်ဓာတ်ကိုမြေတောင်မြှောက်ပေးကြပြီး သတင်းကောင်း၏ဇွဲရှိသောကြေညာသူများအနေနှင့် အသင်းတော်အတွက်ကောင်းချီးတစ်ရပ်ဖြစ်ကြသည်။

၃ တစ်ဖက်တွင်မူ တာဝန်များကိုထမ်းဆောင်ရန် အထိုက်အလျောက်လွတ်လပ်သော ညီအကိုညီအမများစွာသည် မိမိတို့၏ဦးစားပေးမှုများကို ပြုပြင်ပြောင်းလဲခြင်းဖြင့် ရှေ့ဆောင်လုပ်ငန်းအတွက် နေရာပေးခဲ့ကြသည်။ အသင်ကော မည်သို့နည်း။ သင်သည် ကျောင်းပြီးသွားပြီဖြစ်သော လူငယ်တစ်ဦးလော။ သင်သည် မိသားစုအတွက် ဖူဖူလုံလုံထောက်ပံ့ပေးနိုင်သော ခင်ပွန်းသည်၏ဇနီးတစ်ဦးလော။ သင်သည် မှီခိုသူသားသမီးမရှိသည့် အိမ်ထောင်သည်လော။ သင်သည် လောကီလုပ်ငန်းမှအငြိမ်းစားယူထားပြီးပြီလော။ ရှေ့ဆောင်ရန် သို့မဟုတ် မဆောင်ရန်ဟူသည် တစ်ဦးစီကိုယ်တိုင်ဆုံးဖြတ်ရမည့်အရာတစ်ခုဖြစ်၏။ မေးခွန်းကား သင့်အသက်တာတွင် ရှေ့ဆောင်ခြင်းအတွက် နေရာပေးနိုင်မည်လော။

၄ စာတန်သည် ကျွန်ုပ်တို့၏အသက်တာကို အာရုံပျံ့လွင့်စရာများဖြင့်ပြည့်နေစေရန်၊ အတ္တဆန်သည့်ဘဝလမ်းစဉ်တွင် စုံးစုံးမြုပ်နေစေရန် သူ၏လောကအစီအစဉ်စနစ်ကို အသုံးချသည်။ လောကနှင့်သီးခြားနေမြဲနေရန် သန္နိဋ္ဌာန်ချထားမည်ဆိုလျှင် နိုင်ငံတော်ရေးရာများကို ဆက်၍ရှေးဦးထားရန်နှင့် ရရှိနိုင်သောသီအိုကရက်တစ်လုပ်ငန်းတော်အခွင့်အရေးအားလုံးကို လှမ်းယူစွဲကိုင်ရန် ကျွန်ုပ်တို့အား ယေဟောဝါကူညီတော်မူမည်။ ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နိုင်ရန် သင့်အခြေအနေများကို ပြုပြင်ပြောင်းလဲပေးနိုင်မည်ဆိုလျှင် ထိုအတိုင်းလုပ်ဆောင်ပါလေ။

မေးခွန်း ၂– “ကျွန်ုပ်သည် အချိန်ပြည့်လုပ်ငန်းတွင် ငွေရေးကြေးရေးအရအဆင်ပြေနိုင်မည်ဟု မည်သို့သေချာနိုင်မည်နည်း။”

၅ နိုင်ငံများစွာတွင် နှစ်များတစ်လျှောက်တိုးများလာသော ဘဝ၏လိုအပ်ရာများအဖြစ် ယူမှတ်ခံရသည့်အရာများကိုရရှိရန် ပတ်စဉ်နာရီပေါင်းများစွာ လုပ်ဆောင်ကြရသည်မှာ မှန်ပါသည်။ သို့သော်လည်း များစွာသောသူတို့မူ ဆယ်စုနှစ်များစွာရှေ့ဆောင်ခဲ့ကြပြီး သူတို့အား ယေဟောဝါဆက်၍ထောက်မတော်မူ၏။ ရှေ့ဆောင်တစ်ဦးအနေနှင့်အောင်မြင်ရန် ယုံကြည်ခြင်းနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရန်လိုသည်။ (မ. ၁၇:၂၀) ‘ယေဟောဝါကိုရှာသောသူတို့၌ ကောင်းသောအရာတစ်စုံတစ်ခုမျှလိုမည်မဟုတ်’ ဟူသည့်ဆာလံ ၃၄:၁၀ ပါအာမခံချက်ကို ကျွန်ုပ်တို့ရရှိထားသည်။ ရှေ့ဆောင်လုပ်ငန်းသို့ဝင်ရောက်သူ မည်သူမဆို မိမိအတွက် ယေဟောဝါစီမံပေးမည်ဟု အပြည့်အဝယုံကြည်ကာ ယင်းကိုလုပ်ဆောင်သင့်၏။ ကိုယ်တော်သည် အရပ်ရပ်၌ရှိသော သစ္စာရှိသည့်ရှေ့ဆောင်များအတွက် ထိုအတိုင်းပင်ပြုနေတော်မူ၏! (ဆာ. ၃၇:၂၅) အမှန်မှာ ၂ သက်သာလောနိတ် ၃:၈၊ ၁၀ နှင့် ၁ တိမောသေ ၅:၈ ပါမူများနှင့်အညီ ရှေ့ဆောင်များသည် မိမိတို့အား အခြားသူများမှ ငွေကြေးထောက်ပံ့ရန် မမျှော်လင့်ကြချေ။

၆ ရှေ့ဆောင်လုပ်ငန်းကိုစဉ်းစားနေသူမည်သူမဆို ယေရှုပြောခဲ့သကဲ့သို့ ‘ရှေးဦးစွာထိုင်၍ ကုန်ကျစရိတ်ကိုချင့်တွက်’ သင့်သည်။ (လု. ၁၄:၂၈) ယင်းသို့လုပ်ဆောင်ခြင်းက လက်တွေ့ကျဉာဏ်ပညာကိုတင်ပြရာရောက်၏။ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာရှေ့ဆောင်ခဲ့သူများနှင့်စကားပြောကြည့်ပါ။ သူတို့အား ယေဟောဝါမည်သို့ထောက်မခဲ့ကြောင်း မေးကြည့်ပါ။ သင့်တိုက်နယ်ကြီးကြပ်မှူးသည် အချိန်ပြည့်ဓမ္မအမှုတွင် အောင်မြင်မှုရရှိနိုင်ပုံနှင့်စပ်လျဉ်း၍ အကြံဉာဏ်များပေးလိုသော အတွေ့အကြုံရှိရှေ့ဆောင်တစ်ဦးဖြစ်၏။

၇ လူတစ်ဦးသည် ယေဟောဝါ၏လက်တော်တွင် မိမိကိုယ်ကိုမပုံအပ်မချင်း မဿဲ ၆:၃၃ ပါယေရှု၏ကတိတော်မှန်ကန်မှုကို ဘယ်သောအခါမျှ အပြည့်အဝခံစားရမည်မဟုတ်ပေ။ သစ္စာရှိရှေ့ဆောင်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်မနဲ့ကျွန်မရဲ့အမှုဆောင်ဖက်ဟာ ရှေ့ဆောင်တွေအဖြစ်နဲ့ ရပ်ကွက်သစ်ကိုစရောက်တဲ့အချိန်မှာ ပိုက်ဆံလုံးဝမရှိဘဲ ဟင်းသီးဟင်းရွက်အနည်းငယ်နဲ့ ထောပတ်တစ်ထုပ်သာရှိတယ်။ ရှိတဲ့အစာကို ညစာအတွက်စားကြပြီး ‘အခု ကျွန်မတို့မှာ နက်ဖြန်နေ့အတွက် စားစရာမရှိတော့’ ကြောင်း ပြောကြတယ်။ အဲဒါကိုထည့်ဆုတောင်းပြီး အိပ်ရာဝင်ခဲ့ကြတယ်။ နောက်တစ်နေ့နံနက်စောစောမှာ ဒေသခံသက်သေခံတစ်ဦးရောက်လာပြီး သူ့ကိုယ်သူမိတ်ဆက်တယ်။ ‘ရှေ့ဆောင်တွေကိုစေလွှတ်ပေးဖို့ ယေဟောဝါကို ကျွန်မဆုတောင်းခဲ့တယ်။ ဒီနေ့တစ်နေ့လုံး ရှင်တို့နဲ့အတူ ကျွန်မအမှုဆောင်ထွက်မလို့။ ကျွန်မအိမ်ကဝေးတော့ ရှင်တို့နဲ့နေ့လယ်စာစားရအောင် စားစရာတွေယူလာတယ်’ ဆိုပြီးပြောတယ်။ အဲ့ဒီစားစရာတွေကတော့ အမဲသားနဲ့ဟင်းသီးဟင်းရွက်အတော်များများဖြစ်တယ်။” ‘အသက်အဖို့ စိုးရိမ်စရာမလို’ ကြောင်းကျွန်ုပ်တို့အား ယေရှုအာမခံခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ! ထို့နောက် ကိုယ်တော်ဤသို့ထပ်ဆင့်မိန့်တော်မူ၏– “အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။”—မ. ၆:၂၅၊ ၂၇။

၈ ကျွန်ုပ်တို့ဝန်းကျင်ရှိလောကသည် ပို၍ပို၍ရုပ်ဝါဒဆန်လာ၏။ တိုးပွားလာသောဖိစီးမှုက ကျွန်ုပ်တို့အား ထိုအတိုင်းဖြစ်ရန် ဩဇာလွှမ်းမိုး၏။ သို့ရာတွင် အချိန်ပြည့်ဓမ္မအမှုကို နှိမ့်ချသောစိတ်ဖြင့် လေးမြတ်မှုတင်ပြခြင်းက ကျွန်ုပ်တို့အား ရုပ်ပစ္စည်းအနည်းအကျဉ်းနှင့်ရောင့်ရဲတင်းတိမ်စေ၏။ (၁ တိ. ၆:၈) မိမိတို့၏အသက်တာကို ရိုးရိုးကလေးနှင့် စနစ်တကျထားရှိသောရှေ့ဆောင်များသည် လုပ်ငန်းတော်အတွက် အချိန်ပို၍ရရှိပြီး အခြားသူများအား သမ္မာတရားသင်ကြားပေးခြင်းမှ သာ၍ကြီးမားသောရွှင်လန်းမှုနှင့်ဝိညာဏခွန်အားကို ရရှိကြသည်။ အလွန်ခြိုးခြံသည့်အသက်တာဖြင့် အသက်ရှင်ဖို့မကြိုးစားကြသော်လည်း စီးပွားရေးအခြေအနေကို သူတို့၏ဟန်ချက်ညီညီချဉ်းကပ်မှုက ရှေ့ဆောင်ခြင်းမှရရှိသည့်ကောင်းချီးများကို ခံစားရစေသည်။

၉ သင်သည် နောက်ဆုံးကာလတွင်အသက်ရှင်နေရကြောင်း၊ ဤဆိုးသွမ်းသောလောက၏အချိန်သည် ကုန်လုပြီဖြစ်ကြောင်း ကောင်းစွာနားလည်ထားမည်ဆိုလျှင် အခွင့်အရေးရတိုင်း သတင်းကောင်းကိုဟောရန် လိုအပ်သည့်စွန့်လွှတ်မှုများပြုဖို့ ဝိညာဉ်ရေးအရ လှုံ့ဆော်ခံရမည်ဖြစ်သည်။ သင့်စီးပွားရေးအခြေအနေကို အမြင်သစ်ဖြင့်ရှုမြင်ကာ အရာရာကို ယေဟောဝါ၏လက်တော်တွင်အပ်နှံထားခြင်းအားဖြင့် သင်သည် ကိုယ်တော်၏အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်နိုင်ကြောင်း သိရှိလာပေမည်။ သင်သည် ရှေ့ဆောင်နိုင်ရန် အချို့သောရုပ်ပစ္စည်းလိုအပ်ရာများကို စွန့်လွှတ်ခဲ့ရသည်ဆိုလျှင်ပင် ယေဟောဝါ၏ကြွယ်ဝသောကောင်းချီးများကို ခံစားရမည်ဖြစ်သည်။—ဆာ. ၁၄၅:၁၆။

မေးခွန်း ၃– “ကျွန်ုပ်သည် ဆယ်ကျော်သက်တစ်ဦးအနေဖြင့် ရှေ့ဆောင်လုပ်ငန်းကို အသက်မွေးလုပ်ငန်း ရွေးချယ်ရာအဖြစ် အဘယ်ကြောင့်သုံးသပ်သင့်သနည်း။”

၁၀ သင်ကျောင်းနေသည့်နှစ်များပြီးဆုံးစဉ် နောင်ရေးကိုစဉ်းစားမည်မှာ သဘာဝကျပါသည်။ လုံခြုံမှု၊ ပျော်ရွှင်မှုနှင့် ပြည့်စုံမှုရှိဖို့ သင်အလိုရှိပေမည်။ ကျောင်းအကြံပေးလမ်းညွှန်များက သင့်အား ကောလိပ်ကျောင်းပညာကို နှစ်များစွာဆည်းပူးရန်လိုအပ်စေသည့် ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခုကိုလုပ်ရန် လမ်းညွှန်ကြပေမည်။ သင်၏ ကောင်းစွာလေ့ကျင့်ထားသောခရစ်ယာန်သြတ္တပ္ပစိတ်က သင့်အား ယေဟောဝါ၏အမှုတော်ကို အတတ်နိုင်ဆုံး အပြည့်အဝထမ်းဆောင်ရန် ပြင်ဆင်သင့်ကြောင်း ပြောပေမည်။ (ဒေ. ၁၂:၁) နောက်ဆုံး၌ အိမ်ထောင်ပြုပြီး မိသားစုတစ်စုထူထောင်ရန် သင်စဉ်းစားပေမည်။ မည်သည့်အရာကို သင်လုပ်မည်နည်း။

၁၁ သင့်အသက်တာတွင် ယခု သင်ချသည့်ဆုံးဖြတ်ချက်များသည် သင့်နောင်ရေးတစ်ရပ်လုံးကို လွှမ်းမိုးပေမည်။ သင်သည် ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသော ယေဟောဝါသက်သေတစ်ဦးဖြစ်ပါက သင့်ကိုယ်သင် ယေဟောဝါထံ စိုးလ်အကြွင်းမဲ့အပ်နှံထားပြီးဖြစ်၏။ (ဟေဗြဲ ၁၀:၇) သင့်တွင်ရှိသည့်ဦးဆုံးအခွင့်အရေးမှာ တစ်လ သို့မဟုတ် ထို့ထက်မက အရန်ရှေ့ဆောင်ရန် စမ်းကြည့်ခြင်းဖြစ်သည်။ ယင်းက သင့်အား မှန်မှန်ရှေ့ဆောင်ခြင်းနှင့်ဒွန်တွဲပါလာသည့် ရွှင်လန်းမှုနှင့်တာဝန်များ၏အရသာကို သိရှိစေမည်ဖြစ်ပြီး သင့်အသက်တာတွင် သင်လုပ်သင့်သည့်အရာအပေါ် သင်၏ရှုမြင်ပုံသည် ပို၍ရှင်းလင်းလာမည်မှာ သံသယဖြစ်စရာမလိုပေ။ သို့ဖြစ်၍ ကျောင်းပြီးဆုံးပြီးနောက် လွတ်လပ်နေသောအခြေအနေကို အချိန်ပြည့်လောကအလုပ်ဖြင့်အစားထိုးမည့်အစား မှန်မှန်ရှေ့ဆောင်ခြင်းကို စတင်လုပ်ဆောင်ပါလေ။ ရှေ့ဆောင်လုပ်ငန်းတွင်ပျော်မွေ့ရန် နောက်ပိုင်းအချိန်အထိ စောင့်ဆိုင်းခဲ့ရသူအချို့သည် သူတို့စောစောမစခဲ့ရသည့်အတွက် ဝမ်းနည်းကြသည်။

၁၂ လူငယ်တစ်ဦးအနေနှင့် သင်၏ တစ်ကိုယ်ရေဘဝကို ဆက်ထိန်းထားရန် သင့်အခွင့်အရေးများကိုရယူကာ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းတွင်ရရှိနိုင်သော အကျိုးကျေးဇူးများကိုပျော်မွေ့ပါ။ တစ်နေ့နေ့တွင် သင်အိမ်ထောင်ပြုဖို့ဆန္ဒရှိမည်ဆိုလျှင် မှန်မှန်ရှေ့ဆောင်လုပ်ငန်းကို ဦးဆုံးလုပ်ဆောင်ခြင်းထက် သာ၍ကောင်းသောအိမ်ထောင်အုတ်မြစ်ချခြင်း မရှိနိုင်ပါ။ သင်သည် ရင့်ကျက်မှုနှင့် ဝိညာဏရေးရာတွင် တိုးတက်ကြီးထွားလာသောအခါ အသွင်တူသောအိမ်ထောင်ဖက်နှင့်တကွ ရှေ့ဆောင်လုပ်ငန်းကို သင့်အသက်မွေးလုပ်ငန်းအဖြစ် ရွေးချယ်နိုင်ပေမည်။ အတူတွဲ၍ရှေ့ဆောင်လုပ်ခဲ့ကြသော ဇနီးမောင်နှံအချို့သည် တိုက်နယ်လုပ်ငန်း သို့မဟုတ် သာသနာပြုလယ်ကွင်းသို့ ဝင်ရောက်လုပ်ဆောင်ခဲ့ကြသည်။ အမှန်ပင်ကျေနပ်ဖွယ်ကောင်းသော ဘဝလမ်းစဉ်ပါတကား!

၁၃ သင်သည် မည်မျှပင် ဆက်၍ရှေ့ဆောင်လုပ်ရပါစေ သင်၏ပညာရေးသည် ပြီးပြည့်စုံပြီး မြေကြီးပေါ်ရှိအခြားဘယ်အလုပ်ကမျှ မပေးနိုင်သည့် တန်ဖိုးမဖြတ်နိုင်သောလေ့ကျင့်မှုကို ရရှိစေမည်ဖြစ်သည်။ ရှေ့ဆောင်ခြင်းက စည်းကမ်းရှိရန်၊ စီစဉ်ဆောင်ရွက်တတ်ရန်၊ လူတို့နှင့်ဆက်ဆံတတ်ရန်၊ ယေဟောဝါအပေါ် မှီခိုအားထားတတ်ရန်နှင့် သာ၍ကြီးမားသည့်တာဝန်များကိုထမ်းဆောင်နိုင်ရန် သင့်အားထောက်ပံ့ပေးမည့် သည်းခံခြင်းနှင့် ကြင်နာခြင်းအရည်အသွေးများကို မွေးမြူတတ်ရန် သင်ကြားပေးသည်။

၁၄ ဘဝသည် လူသားတို့အတွက် တစ်ခါကနှင့်မျှမတူအောင် ပို၍မရေမရာဖြစ်လာ၏။ ယေဟောဝါကတိထားရာများမှအပ အမှန်တကယ်တည်မြဲသည့်အရာများမှာနည်း၏။ သင့်နောင်ရေးသည် သင့်ရှေ့တွင် ကျယ်ဝန်းစွာပွင့်နေရာ လာမည့်နှစ်များတွင် သင့်အသက်တာ၌ ဘာလုပ်မည်ကို အလေးအနက်စဉ်းစားသုံးသပ်ရန် ယခုထက်သာ၍ကောင်းသောအချိန်အခါမျိုး ရှိနိုင်ပါမည်လော။ ရှေ့ဆောင်ခြင်းအခွင့်အရေးကို အသေအချာချိန်ဆပါ။ ရှေ့ဆောင်လုပ်ငန်းကို သင့်အသက်မွေးလုပ်ငန်းအဖြစ်ရွေးချယ်သည့်အတွက် ဘယ်သောအခါမျှ သင်ဝမ်းနည်းရမည်မဟုတ်ပေ။

မေးခွန်း ၄– “တောင်းဆိုထားသောနာရီကို ပြည့်မီရန်ဟူသည် အမြဲတစေဖိစီးမှုမဖြစ်ပေလော။ အခန်မပြည့်မီလျှင်ကော အသို့နည်း။”

၁၅ မှန်မှန်ရှေ့ဆောင်လျှောက်လွှာဖြည့်သောအခါ “တစ်နှစ် နာရီ ၁,၀၀၀ စံချိန်ကို လိုက်မီနိုင်ရန် သင့်ကိစ္စဝိစ္စများကို စီစဉ်ပြီးပြီလော” ဟူသည့်မေးခွန်းကို သင်ဖြေဆိုရမည်။ ယင်းကိုလိုက်မီနိုင်ရန် လုပ်ငန်းတော်တွင် ပျမ်းမျှတစ်နေ့သုံးနာရီခန့် ပါဝင်ဖို့လို၏။ ယင်းသို့ပြုရန် အစီအစဉ်ဇယားကောင်းရှိရန်နှင့် မိမိကိုယ်ကိုကြပ်မတ်ပေးရန်လိုအပ်သည်မှာ ရှင်းပါသည်။ ရှေ့ဆောင်အများစုသည် လအနည်းငယ်အတွင်း လက်တွေ့ကျသော၊ ဖြစ်မြောက်နိုင်သောလုပ်ရိုးလုပ်စဉ်ကို ရရှိကြသည်။

၁၆ သို့ရာတွင် ဒေသနာ ၉:၁၁ က ‘ကျွန်ုပ်တို့အားလုံး၌ ကာလအချိန်စေ့ခြင်း၊ အဆင်သင့်ခြင်း [“ကြိုတင်မသိမြင်နိုင်သောဖြစ်ရပ်၊” ကဘ] ရှိသည်အတိုင်းဖြစ်တတ်သည်’ ဟုမှန်ကန်စွာဆို၏။ အသည်းအသန်ဖျားနာမှု သို့မဟုတ် အခြားကြိုတင်မသိမြင်နိုင်သောအခြေအနေများက ရှေ့ဆောင်တစ်ဦးအား တောင်းဆိုချက်ကိုမပြည့်မီဘဲဖြစ်စေနိုင်၏။ ပေါ်ပေါက်လာသည့်ပြဿနာသည် ရေရှည်မဟုတ်ဘဲ လုပ်ငန်းတော်နှစ်အစောပိုင်းတွင်ဖြစ်ပါက ဆုံးရှုံးခဲ့သောအချိန်ကို ပြန်ရရှိရန် တိုးမြှင့်ရေးဆွဲထားသည့်ဇယားတစ်ခုလိုပေမည်။ သို့သော် လုပ်ငန်းတော်နှစ်၏ကျန်ရှိသောလအနည်းငယ်အတွင်း၌ပင် ကြီးလေးသောပြဿနာတစ်ရပ်ပေါ်ပေါက်လာပြီး ရှေ့ဆောင်ဆက်မလုပ်နိုင်တော့လျှင်ကော အသို့နည်း။

၁၇ သင်သည် လအနည်းငယ်ကြာ အခိုက်အတန့်မျှဖျားနာမည် သို့မဟုတ် သင်ဟန့်တား၍မရနိုင်သော အခြားအရေးကြီးသည့် အကြောင်းတချို့ကြောင့် တောင်းဆိုထားသည့်နာရီကို မပြည့်မီနိုင်လျှင် အသင်းတော်လုပ်ငန်းတော်ကော်မတီဝင်တစ်ဦးထံ ချဉ်းကပ်ပြီး ပြဿနာကိုရှင်းပြနိုင်သည်။ ဤအကြီးအကဲများက ဆုံးရှုံးခဲ့သည့်အချိန်ကို ပြန်လည်ရရှိခြင်းနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုဘဲ ရှေ့ဆောင်လုပ်ငန်းတွင် ဆက်၍လုပ်ဆောင်ခွင့်ပြုရန် သင့်လျော်မည်ဟုသုံးသပ်ပါက ထိုအတိုင်းပင် သူတို့ဆုံးဖြတ်ချက်ချနိုင်သည်။ အတွင်းရေးမှူးက အသင်းတော်ကြေညာသူမှတ်တမ်းကတ်ပြားတွင် ဆုံးရှုံးခဲ့သည့်အချိန်ကိုပြန်ရရှိရန်မလိုကြောင်း မှတ်သားပေးမည်ဖြစ်သည်။ သို့သော် ယင်းသည် အလုပ်ပျက်ကွက်ရန် ခွင့်ပြုခြင်းမဟုတ်၊ ယင်းအစား သင့်အခြေအနေကို အထူးစာနာထောက်ထားခြင်းသာဖြစ်၏။—ဩဂုတ် ၁၉၈၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်၊ အပိုဒ် ၁၈ ရှု [လိပ်]။

၁၈ အတွေ့အကြုံရှိသောရှေ့ဆောင်များသည် လုပ်ငန်းတော်နှစ်အစောပိုင်းတွင် နာရီများများအမှုဆောင်ထားကြသည်။ သူတို့၏ရှေ့ဆောင်လုပ်ငန်းကို ဦးစားထားကြသောကြောင့် သူတို့သည် တစ်ခါတစ်ရံ မလိုအပ်သောလုပ်ဆောင်မှုများကို လျှော့ချပစ်ရန်လိုအပ်ကြောင်း သိရှိလာသည်။ ရှေ့ဆောင်တစ်ဦးသည် အစီအစဉ်ဇယားကောင်းမရှိခြင်းကြောင့် သို့မဟုတ် ယင်းအတိုင်းလုပ်ဆောင်ရာတွင် မိမိကိုယ်ကိုကြပ်မတ်ပေးခြင်းမရှိခြင်းကြောင့် အချိန်မပြည့်မီပါက ဆုံးရှုံးခဲ့သည့်အချိန်ကိုပြန်ရရှိရန်မှာ မိမိတာဝန်ဖြစ်ကြောင်း၊ အထူးစာနာထောက်ထားမှုကို မျှော်လင့်ဖို့မဟုတ်ကြောင်း သူယူမှတ်သင့်၏။

၁၉ ရှေ့ဆောင်တစ်ဦးသည် အခြေအနေအရ ရှောင်လွှဲ၍မရနိုင်သောပြောင်းလဲမှုတစ်ရပ်ကို တွေ့ ကြုံရသည့်အချိန်အခါများရှိပါသည်။ သူသည် နာတာရှည်ကျန်းမာရေးပြဿနာ၊ တိုးများလာသောမိသားစုတာဝန် စသည်တို့ကြောင့် ကြာရှည်သောကာလတစ်လျှောက် တောင်းဆိုထားသောနာရီကို မပြည့်မီနိုင်ကြောင်း တွေ့ရှိပေမည်။ ဤကဲ့သို့အခြေအနေ၌ ကြေညာသူအဆင့်သို့ပြန်ဆင်းပြီး ဖြစ်နိုင်သည့်အခါတိုင်း အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပေမည်။ တစ်စုံတစ်ဦး၏အခြေအနေသည် တောင်းဆိုထားသောနာရီကို ပြည့်မီရန်ခွင့်မပြုတော့ပါက သူ့အား ရှေ့ဆောင်စာရင်းတွင်ဆက်ထားရန် ပုံမှန်အစီအစဉ်မရှိပါ။

၂၀ အရည်အချင်းပြည့်မီသူများအတွက် အထူးစာနာထောက်ထားသည့်အစီအစဉ်က စိုးရိမ်ပူပန်နေစရာမလိုဘဲ ရှေ့ဆောင်လုပ်ငန်းတွင် ပို၍ပါဝင်ကြရန် အားပေးမှုဖြစ်စေမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ယင်းသည် အချိန်ပြည့်လုပ်ငန်းတွင် ရှိနှင့်ပြီးသောသူများကိုလည်း ဆက်၍ရှေ့ဆောင်ကြရန် အားပေးမှုဖြစ်စေသင့်သည်။ ရှေ့ဆောင်များအား အချိန်ပြည့်လုပ်ငန်းတွင် အောင်မြင်မှုရရှိရန် ကျွန်ုပ်တို့အလိုရှိကြပါသည်။

မေးခွန်း ၅– “ကျွန်ုပ်သည် တစ်စုံတစ်ခုကိုပြီးမြောက်ပြီး ယင်းကို လုပ်ဆောင်ခြင်းမှပျော်ရွှင်မှုရလိုပါသည်။ ရှေ့ဆောင်လုပ်ငန်းက ကျွန်ုပ်၏ဆန္ဒကို ဖြည့်ဆည်းပေးမည်လော။”

၂၁ စစ်မှန်သောပျော်ရွှင်မှုသည် ယေဟောဝါနှင့် ရင်းနှီးသောနှစ်ကိုယ်ကြားဆက်ဆံရေးနှင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏အမှုတော်ကို သစ္စာရှိရှိထမ်းရွက်နေသည်ဟူသော ယုံကြည်ချက်အပေါ် များစွာမူတည်၏။ ယေရှုသည် “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်” ညှဉ်းဆဲရာနှက်တိုင်၌ ကြံ့ကြံ့ခံရပ်ခဲ့သည်။ (ဟေဗြဲ ၁၂:၂) ကိုယ်တော့်ပျော်ရွှင်မှုသည် ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှရရှိခြင်းဖြစ်၏။ (ဆာ. ၄၀:၈) ကျွန်ုပ်တို့သည် လက်ရှိအစီအစဉ်စနစ်တွင် မိမိတို့အသက်တာ၏ လုပ်ဆောင်မှုအများစုကို ယေဟောဝါအားဝတ်ပြုခြင်းဖြင့် ဆက်နွှယ်ပေးပါက စစ်မှန်သောပျော်ရွှင်မှုကိုခံစားနိုင်ပါသည်။ မှန်ရာကိုလုပ်ဆောင်နေကြောင်း ကျွန်ုပ်တို့ သိရှိထားကြသောကြောင့် ဝိညာဏရေးရာလိုက်စားခြင်းက ရည်ရွယ်ချက်ရှိသည်ဟု ကျွန်ုပ်တို့အား ခံစားရစေသည်။ ပျော်ရွှင်မှုသည် ပေးကမ်းခြင်းမှရရှိရာ ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝရအသက်မည်သို့ရရှိနိုင်ကြောင်း အခြားသူများကို သင်ပေးခြင်းထက် မိမိတို့ကိုယ်ကိုပေးဆက်ရန် အခြားသာ၍ကောင်းသောနည်းလမ်းမရှိကြောင်း ကျွန်ုပ်တို့သိထားကြသည်။—တ. ၂၀:၃၅။

၂၂ စာပိုဒ်အစတွင် ကိုးကားဖော်ပြခဲ့သောရှေ့ဆောင်က ဤသို့ရှင်းပြသည်– “သင် လေ့ကျင့်သင်ကြားပေးသူတစ်ဦး ယေဟောဝါကိုတက်ကြွစွာချီးမွမ်းသူတစ်ဦးဖြစ်လာသည်ကို တွေ့ မြင်ရခြင်းထက် သာ၍ကြီးမားသောရွှင်လန်းမှုရှိနိုင်ပါမည်လော။ ယေဟောဝါနှစ်သက်ဖို့အလို့ငှာ သူ၏အသက်တာကိုပြောင်းလဲသွားအောင်လှုံ့ဆော်ပေးသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်၏အစွမ်းထက်ပုံကို တွေ့ မြင်ရခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာဖြစ်ပြီး ယုံကြည်ခြင်းကိုခိုင်ခံ့စေပါသည်။” (အောက်တိုဘာ ၁၅၊ ၁၉၉၇၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈-၂၃ ကိုရှုပါ။) သို့ဖြစ်လျှင် သင့်အား အဘယ်အရာက ပျော်ရွှင်စေသနည်း။ သင်သည် လောကကမ်းလှမ်းသည့် တဒင်္ဂပျော်ရွှင်မှုထက် တည်မြဲပြီး အကျိုးနပ်သောကြိုးစားအားထုတ်မှုများကို တန်ဖိုးထားမည်ဆိုလျှင် ရှေ့ဆောင်ခြင်းက သင့်အား အမှန်ပင် ပျော်ရွှင်စေမည့် ပြီးမြောက်အောင်မြင်နေသည်ဟူသော အားရစရာခံစားချက်ကို ခံစားရစေပါလိမ့်မည်။

မေးခွန်း ၆– “ထာဝရအသက်အတွက် တောင်းဆိုချက်မဟုတ်လျှင် ရှေ့ဆောင်လုပ်ရန်၊ မလုပ်ရန်ဟူသည် ကျွန်ုပ်၏ကိစ္စမဟုတ်ပေလော။”

၂၃ မှန်သည်၊ ရှေ့ဆောင်လုပ်ရန်ဆုံးဖြတ်ချက်ကို သင်ကိုယ်တိုင်ချရမည်ဖြစ်သည်။ ယေဟောဝါသာလျှင် သင့်ကိုယ်ပိုင်ဘဝအခြေအနေများကို စီရင်ဆုံးဖြတ်နိုင်၏။ (ရော. ၁၄:၄) ကိုယ်တော်သည် မိမိအား စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ဝတ်ပြုရန် တော်လျော်စွာမျှော်လင့်တော်မူ၏။ (မာ. ၁၂:၃၀; ဂလ. ၆:၄၊ ၅) နှမြောသောစိတ်ဖြင့် သို့မဟုတ် မလွှဲမရှောင်သာ၍မဟုတ်ဘဲ စေတနာစိတ်ဖြင့်ပေးကမ်းသူ၊ မိမိအား ရွှင်လန်းစွာဝတ်ပြုသူကို ကိုယ်တော်ချစ်တော်မူ၏။ (၂ ကော. ၉:၇; ကော. ၃:၂၃) သင်အချိန်ပြည့်အမှုဆောင်ရသည့်အကြောင်းရင်းမှာ ယေဟောဝါနှင့် ရပ်ကွက်ရှိလူတို့ကို ချစ်မြတ်နိုးခြင်းကြောင့်ဖြစ်ရမည်။ (မ. ၉:၃၆-၃၈; မာ. ၁၂:၃၀၊ ၃၁) ယင်းကဲ့သို့သင်ယူမှတ်မည်ဆိုလျှင် ရှေ့ဆောင်လုပ်ငန်းကို သင်အလေးအနက် စဉ်းစားသုံးသပ်သင့်သည်။

၂၄ ဤတွင်ဖော်ပြထားသည့်အရာများက ရှေ့ဆောင်ခြင်းအတွက် အလားအလာများကို ချိန်ဆရန် သင့်အားကူညီပေးမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ မှန်မှန်ရှေ့ဆောင်ရန် သင့်အခြေအနေများကို ပြုပြင်ပြောင်းလဲပေးနိုင်မည်လော။ “ကျွန်ုပ်၏ပတ်စဉ်ရှေ့ဆောင်လုပ်ငန်းဇယား” ဟုခေါင်းစဉ်တပ်ထားသော ပြက္ခဒိန်တစ်ခုကို အောက်တွင်ဖော်ပြထားသည်။ ဓမ္မအမှုတွင် ပတ်စဉ်ပျမ်းမျှ ၂၃ နာရီခန့်ကို ရရှိစေမည်ဖြစ်သည့် သင့်အတွက် လက်တွေ့ကျသောဇယားတစ်ခုတွင် ဖြည့်နိုင်၊ မဖြည့်နိုင်ကြည့်ပါ။ ထို့နောက် ယေဟောဝါအား အပြည့်အဝယုံကြည်အားကိုးပါ။ ကိုယ်တော်၏အကူအညီဖြင့် သင် အောင်မြင်နိုင်ပါသည်! “ငါသည် . . . လိုလျက်မနေရအောင်ကောင်းချီးမင်္ဂလာသွန်းလောင်းမည်” ဟုကိုယ်တော်ကတိပေးထားပါသည်။—မာလ. ၃:၁၀၊ သမ္မာ။

၂၅ ထို့ကြောင့် “ရှေ့ဆောင်လုပ်ငန်း—သင့်အတွက်လော” ဟုကျွန်ုပ်တို့မေးရခြင်းဖြစ်၏။ “ဟုတ်ကဲ့” ဟုသင်ပြောနိုင်မည်ဆိုလျှင် အမြန်ဆုံးစ၍မှန်မှန်ရှေ့ဆောင်ရန် ရက်စွဲတစ်ခုသတ်မှတ်ကာ ယေဟောဝါသည် သင့်အား ပျော်ရွှင်ဖွယ်အသက်တာဖြင့်ကောင်းချီးပေးတော်မူမည်ကို စိတ်ချပါ!

[စာမျက်နှာ ၆ ပါ ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ကျွန်ုပ်၏ပတ်စဉ်ရှေ့ဆောင်လုပ်ငန်းဇယား

တနင်္လာ နံနက်ပိုင်း လယ်ကွင်းလုပ်ငန်း

အင်္ဂါ နံနက်ပိုင်း လယ်ကွင်းလုပ်ငန်း

ဗုဒ္ဓဟူး နံနက်ပိုင်း လယ်ကွင်းလုပ်ငန်း

ကြာသပတေး နံနက်ပိုင်း လယ်ကွင်းလုပ်ငန်း

သောကြာ နံနက်ပိုင်း လယ်ကွင်းလုပ်ငန်း

စနေ နံနက်ပိုင်း လယ်ကွင်းလုပ်ငန်း

တနင်္ဂနွေ နံနက်ပိုင်း လယ်ကွင်းလုပ်ငန်း

တနင်္လာ မွန်းလွဲပိုင်း လယ်ကွင်းလုပ်ငန်း

အင်္ဂါ မွန်းလွဲပိုင်း လယ်ကွင်းလုပ်ငန်း

ဗုဒ္ဓဟူး မွန်းလွဲပိုင်း လယ်ကွင်းလုပ်ငန်း

ကြာသပတေး မွန်းလွဲပိုင်း လယ်ကွင်းလုပ်ငန်း

သောကြာ မွန်းလွဲပိုင်း လယ်ကွင်းလုပ်ငန်း

စနေ မွန်းလွဲပိုင်း လယ်ကွင်းလုပ်ငန်း

တနင်္ဂနွေ မွန်းလွဲပိုင်း လယ်ကွင်းလုပ်ငန်း

တနင်္လာ ညနေပိုင်း လယ်ကွင်းလုပ်ငန်း

အင်္ဂါ ညနေပိုင်း လယ်ကွင်းလုပ်ငန်း

ဗုဒ္ဓဟူး ညနေပိုင်း လယ်ကွင်းလုပ်ငန်း

ကြာသပတေး ညနေပိုင်း လယ်ကွင်းလုပ်ငန်း

သောကြာ ညနေပိုင်း လယ်ကွင်းလုပ်ငန်း

စနေ ညနေပိုင်း လယ်ကွင်းလုပ်ငန်း

တနင်္ဂနွေ ညနေပိုင်း လယ်ကွင်းလုပ်ငန်း

ရက်သတ္တပတ်၏တစ်နေ့စီအတွက် သင်၏ဇယားကိုမှတ်သားရန် ခဲတံကိုသုံးပါ။

လယ်ကွင်းလုပ်ငန်းတွင် တစ်ပတ်လျှင်စုစုပေါင်း ၂၃ နာရီခန့်ရရန် ဇယားဆွဲပါ။

ဇယားဆွဲထားသည့် စုစုပေါင်းအပတ်စဉ်နာရီ___________

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ