“ကျွန်ုပ်ဘာလုပ်သင့်သနည်း”
၁ လူငယ်တစ်ဦးအရွယ်မှ လူကြီးအရွယ်သို့ချဉ်းကပ်လာသည်နှင့်အမျှ ‘ကျွန်ုပ်၏အသက်တာတွင် ဘာလုပ်သင့်သနည်း’ ဟုသင်မေးပေမည်။ ခရစ်ယာန်လူငယ်များသည် ဓမ္မအမှုတွင် ယေဟောဝါ၏အမှုတော်ဆောင်ခြင်းကို တိုးချဲ့လိုကြသည်။ သို့သော် သင်၏ရုပ်ပိုင်းလိုအပ်ရာများအတွက် စီမံရခြင်းအပါအဝင် လူကြီးတာဝန်များကိုထမ်းဆောင်ရင်း ယင်းကို သင်မည်သို့ပြုလုပ်နိုင်သနည်း။ အဖြေရှာတွေ့ဖို့ဟူသည် လွယ်မည်မဟုတ်ပေ။
၂ လူငယ်အချို့သည် ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် အနာဂတ်အတွက် ဟောကိန်းများကို ကြည့်ရှုသုံးသပ်သည့်အခါ စိုးရိမ်ပူပန်လာကြပေမည်။ သူတို့ဤသို့တွေးကြသည်– ‘ထပ်ဆင့်လောကီပညာရေးကို ငါလိုက်စားသင့်သလား၊ အချိန်ပြည့်လုပ်ငန်းကို ငါချက်ချင်းဝင်ရောက်သင့်သလား။’ မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ရန် လူတစ်ဦးသည် ‘အသက်တာတွင် ငါအဓိကစိတ်ဝင်စားရာကား အဘယ်နည်း’ ဟူသည့်မေးခွန်းကို ရိုးသားစွာဖြေဖို့လိုသည်။ သူသည် မိမိ၏ရည်ရွယ်ချက်များကို ဆန်းစစ်ရမည်ဖြစ်သည်။
၃ လူငယ့်ဘဝတွင် သင်၏အဓိကစိတ်ဝင်စားရာအဖြစ် မည်သည့်အရာကို ပျိုးထောင်ခဲ့ပြီနည်း။ သင်သည် ငွေကြေးအကျိုးအမြတ်ရှာခြင်းကို အဓိကစိတ်ဝင်စားခဲ့သလော သို့မဟုတ် နိုင်ငံတော်အကျိုးစီးပွားတိုးပွားရန် သင့်အသက်တာကို သင်အမှန်တကယ်အသုံးပြုလိုသလော။ တက္ကသိုလ်ဘွဲ့ရခြင်းက ဈေးကွက်ဝင်လုပ်ငန်းတွင် အောင်မြင်မည်ဟု အာမခံချက်မပေးပါ။ အပြောင်းအလဲအနေနှင့် များစွာသောသူတို့သည် အလုပ်သင်အစီအစဉ်များ၊ အချို့သောအသက်မွေးမှု သို့မဟုတ် စက်မှုကျောင်းပညာရေး သို့မဟုတ် အချိန်နှင့်ပါဝင်ပတ်သက်မှုအနည်းဆုံးတောင်းဆိုသည့် အချိန်တိုကောလိပ်သင်တန်းများအားဖြင့် အလုပ်ရှင်များအလိုရှိသောလုပ်ငန်းအစွမ်းအစများကို ဆည်းပူးခဲ့ကြသည်။
၄ ယေဟောဝါ၏နှုတ်ထွက်စကားကို ကိုးစားပါ– သုံးသပ်ရန်အရေးအကြီးဆုံးအချက်တစ်ချက်မှာ နိုင်ငံတော်အကျိုးစီးပွားကို အသက်တာတွင်ရှေးဦးထားသူများအတွက် ကိုယ်တော်စီမံပေးမည်ဟူသည့် ယေဟောဝါဘုရားရှင်ထံတော်မှအာမခံချက်ဖြစ်၏။ (မ. ၆:၃၃) ယင်းသည် အခြေအမြစ်မရှိသောကတိတစ်ခုမဟုတ်ပါ။ ဓမ္မအမှုထမ်းသင်တန်းကျောင်းတက်နေသော ညီအစ်ကိုအများစုသည် သမ္မာတရားမသိရှိမီက ကောလိပ်ဘွဲ့များရရှိခဲ့ကြသည်။ သို့သော် လောကီလုပ်ငန်းအတွက် သူတို့မည်သည့်အရာကိုလုပ်ကြသနည်း။ သူတို့သင်ယူတတ်ကျွမ်းခဲ့သည့် အလုပ်အကိုင်ကိုလုပ်ကိုင်သူ အလွန်နည်း၏။ အများစုသည် ရှေ့ဆောင်လုပ်နေစဉ် မိမိတို့၏ငွေကြေးလိုအပ်ရာများကို ကောင်းစွာကြည့်ရှုထောက်ပံ့ရန် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ သူတို့သည် ဓမ္မအမှုတွင်တိုးချဲ့လုပ်ဆောင်ကြခြင်းဖြင့် မည်သည့်ငွေကြေးထက်မဆိုသာလွန်သည့် ကောင်းချီးများကိုခံစားနေရသည်။
၅ အထက်တန်းကျောင်းအောင်ပြီးနောက် သင်ဘာလုပ်သင့်သည်ကိုဆုံးဖြတ်ရာတွင် အချက်အလက်အားလုံးကိုချင့်ချိန်ကာ သင့်ရည်ရွယ်ချက်များကို အသေအချာဆန်းစစ်ပါ။ သင့်ရွေးချယ်မှုများနှင့်စပ်လျဉ်း၍ မျှတသောအမြင်ရှိရန် မတ် ၈၊ ၁၉၉၈၊ နိုးလော့!စာမျက်နှာ ၁၉-၂၁ [လိပ်] တွင်ဖော်ပြထားသည့်အတိုင်း ထိုကဲ့သို့သောအချက်အလက်များကို သုံးသပ်ပါ။ သင့်မိဘများ၊ အကြီးအကဲများ၊ သင့်တိုက်နယ်ကြီးကြပ်မှူးနှင့် သင့်ဒေသရှိအောင်မြင်သောရှေ့ဆောင်များနှင့်အတူ စကားပြောဆိုကြည့်ပါ။ ယင်းသို့ပြုခြင်းသည် သင့်အသက်တာတွင် သင်လုပ်သင့်သည့်အရာနှင့်စပ်လျဉ်း၍ ပညာရှိသောဆုံးဖြတ်ချက်ကိုချနိုင်ရန် အကူအညီဖြစ်စေပါလိမ့်မည်။—ဒေ. ၁၂:၁၊ ၁၃။