ဂျူးတစ်ဦးကို သင်မည်သို့ပြောမည်နည်း
၁ ပထမရာစုတွင် “ဣသရေလအမျိုးသား” များစွာသည် ယေရှုနှင့် ကိုယ်တော့်တမန်တော်များ၏ဟောပြောခြင်းကို တန်ဖိုးထားလေးမြတ်စွာတုံ့ပြန်ခဲ့ကြသည်။ (တ. ၁၀:၃၆) ထိုစဉ်ကကဲ့သို့ပင် ယနေ့စိတ်ရင်းမှန်သောဂျူးများစွာသည်—အစ္စရေး၌သာမက ရုရှား၊ ယူနိုက်တက်စတိတ်နှင့် အခြားနိုင်ငံများ၌ပါ—သမ္မာတရားကို နှလုံးအကြွင်းမဲ့လက်ခံနေကြသည်။ သင်သည် ဂျူးလူမျိုးတို့ကိုသက်သေခံရာတွင် ပို၍အောင်မြင်မှုရလိုပါသလော။ အောက်ပါအကြံပြုချက်များက သင့်အား ဘာသာတရားကိုင်းရှိုင်းသောဂျူးနှင့် မကိုင်းရှိုင်းသောဂျူးနှစ်မျိုးစလုံးကို ပါးနပ်စွာသက်သေခံနိုင်ရန် ကူညီပေးပါမည်။
၂ ဘာသာတရားကိုင်းရှိုင်းသောဂျူးများအား သက်သေခံခြင်း– ဘာသာတရားကိုင်းရှိုင်းသောဂျူးများသည် သတ်သတ်မှတ်မှတ်အယူဝါဒများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းထက် ရဗ္ဗိတို့၏ထုံးတမ်းစဉ်လာများအားစောင့်ထိန်းခြင်းကို ပို၍အလေးထားလေ့ရှိကြကြောင်း နားလည်ထားသင့်၏။ အမှန်မှာ သူတို့သည် ယေဘုယျအားဖြင့် ထုံးထမ်းစဉ်လာသည် ကျမ်းစောင်များနှင့် ညီတူညီမျှအခွင့်အာဏာရှိသည်ဟု ယူမှတ်ကြ၏။ ထိုကြောင့် နက်နဲသောကျမ်းစာအကြောင်းအရာများဆွေးနွေးခြင်းကို သူတို့စိတ်မဝင်စားကြပါ။ သူတို့သည် သမ္မာကျမ်းစာကိုပါ ခရစ်ယာန်စာအုပ်တစ်အုပ်အဖြစ် ယူမှတ်တတ်ကြသည်။ ထို့အတွက်ကြောင့် သမ္မာကျမ်းစာကိုရည်ညွှန်းသောအခါ “ဟေဗြဲကျမ်းစောင်များ၊” “တိုရာ” သို့မဟုတ် “ကျမ်းစောင်များ” ဟူသည့်ဝေါဟာရများကိုသုံးခြင်းသည် များသောအားဖြင့် အကောင်းဆုံးဖြစ်၏။ ဂျူးလူမျိုးတို့အတွက် အထူးပြင်ဆင်ထားသည့် အလွန်ကောင်းသောစာပေတစ်ခုမှာ စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်] ဘရိုရှာဖြစ်သည်။
၃ မည်သည့်အကြောင်းအရာများသည် ဘာသာတရားကိုင်းရှိုင်းသောဂျူးများအား စိတ်ဝင်စားစေနိုင်သနည်း။ သူတို့သည် လူတို့ကိုအလွန်စိတ်ဝင်စားသော ဘုရားသခင်တစ်ဆူရှိကြောင်း ယုံကြည်ကြသည်။ လူ့ကိစ္စရေးရာများတွင် ဘုရားသခင်ကြားဝင်ဆောင်ရွက်မည်ဟုလည်း ယုံကြည်ကြသည်။ နှစ်ဦးနှစ်ဖက်သဘောတူနိုင်သောအကြောင်းကို အခြေချရန် ဤအချက်များကို သင်အသုံးပြုနိုင်သည်။ ထို့အပြင် ဂျူးအများစုသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် သူတို့၏လူမျိုးဒုက္ခရောက်ရသည့်အကြောင်းကို အလွန်သိလိုကြသည်။ ဘုရားသခင်သည် ထိုသို့သောမတရားမှုကို အဘယ်ကြောင့်ခွင့်ပြုရကြောင်းနှင့် ဆိုးသွမ်းမှုသည် မည်သည့်အချိန်တွင်အဆုံးတိုင်မည်တို့ကို သူတို့သိလိုကြသည်။ သာဓကအနေနှင့် မီးလောင်တိုက်သွင်းချိန်အတွင်း ကျွန်ုပ်တို့၏ညီအစ်ကိုများတွေ့ကြုံခဲ့ရသည့်အရာများကိုရည်ညွှန်းခြင်းဖြင့် ထိုကဲ့သို့သောမေးခွန်းများကိုဖြေရန် ကျွန်ုပ်တို့ကောင်းစွာတန်ဆာဆင်ခံရသည်။
၄ အိမ်ရှင်နှင့်မိတ်မပျက်သွားစေရန် စကားပြောသည့်အခါ မေရှိယသည် မည်သူမည်ဝါဖြစ်သည်ဟူသောကိစ္စကို အလျင်စလိုမတင်ပြခြင်းသည် အမှန်ပင်အကောင်းဆုံးဖြစ်၏။ ယင်းအစား အစ္စရေး၏သမိုင်းတွင် မောရှေပါဝင်ခဲ့သည့်အခန်းကဏ္ဍကိုဆွေးနွေးကာ မောရှေ၏သွန်သင်ချက်များသည် ယနေ့အချိန်နှင့်သက်ဆိုင်မှုရှိကြောင်း သူယုံကြည်မယုံကြည်ကို မေးနိုင်သည်။ မေရှိယသည် မည်သူမည်ဝါဖြစ်ကြောင်းကိုဆွေးနွေးရန် သင့်လျော်ပုံရလျှင် တရားဟောရာ ၁၈:၁၅ ကိုဦးဆုံးဖတ်ပြနိုင်သည်၊ ယင်းကဤသို့ဖော်ပြသည်– “သင်၏ဘုရားသခင်ထာဝရဘုရားသည်၊ သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသောပရောဖက်တစ်ပါးကို သင့်အဖို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏စကားကို နားထောင်ရမည်။” သူနှင့်တူသောပရောဖက်တစ်ပါးအကြောင်းပြောဆိုသောအခါ မောရှေသည် မည်သူ့ကိုရည်စူးခဲ့ကြောင်း အိမ်ရှင်အားမေးပါ။ ထို့နောက် စစ်မဲ့ကမ္ဘာဘရိုရှာ၊ စာမျက်နှာ ၁၄၊ အပိုဒ် ၁၇ နှင့် ၁၈ [လိပ်] ရှိအချက်အနည်းငယ်ကို ခြုံငုံတင်ပြပါ။
၅ ဘာသာတရားမကိုင်းရှိုင်းသောဂျူးများသည် ကိစ္စရပ်များကို ခြားနားစွာရှုမြင်– ဂျူးလူမျိုးဟုဆိုသူတိုင်း ဂျူးဘာသာ၏သွန်သင်ချက်များကို လက်ခံကြသည်မဟုတ်ပါ။ ဂျူးများစွာသည် လောကီအမြင်ရှိသူများဖြစ်ကြသည်။ သူတို့သည် ဂျူးဘာသာတရားကိုလိုက်စားခြင်းထက် ၎င်းတို့၏ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာနှင့် ပညာရေးကိုလိုက်စားသော သီးသန့်ဂျူးလူမျိုးအဖြစ်ထင်ရှားရေးကို ပိုစိတ်ဝင်စားကြသည်။ ဘာသာတရားမကိုင်းရှိုင်းသော ဂျူးအချို့သည် မသိဝါဒီများဖြစ်၏—အနည်းငယ်သည် ဘုရားမဲ့ဝါဒီများပင်ဖြစ်ကြသည်။ အစတွင် ဟေဗြဲကျမ်းစောင်များမှ များများကိုးကားတင်ပြခြင်းဖြင့် အနည်းငယ်အောင်မြင်ပါမည်။ ဘာသာတရားမကိုင်းရှိုင်းသူတစ်ဦးနှင့် ဆွေးနွေးသကဲ့သို့ ချဉ်းကပ်ပြောဆိုခြင်းသည် ပို၍အကျိုးရှိမည်။ ဥပမာ၊ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့ကျပုံကို ရှင်းပြနိုင်သည်။ သမ္မာကျမ်းစာသည် မှုတ်သွင်းခံရသည်ကို အိမ်ရှင်မယုံလျှင် စစ်မဲ့ကမ္ဘာ [လိပ်] ဘရိုရှာပါအချက်အချို့၊ အထူးသဖြင့် စာမျက်နှာ ၃ ပါ “သမ္မာကျမ်းစာ—ဘုရားသခင့်မှုတ်သွင်းခြင်းခံရ” ဟုခေါင်းစဉ်တပ်ထားသောအပိုင်းက အကူအညီဖြစ်စေနိုင်သည်။
၆ ဂျူးလူမျိုးတစ်ဦးကိုသက်သေခံသောအခါ သင် ဤသို့ပြောနိုင်သည်–
▪ “ကျွန်တော်တို့အများစုဟာ သေခြင်းတရားကြောင့် ချစ်ရသူတစ်ဦးဆုံးရှုံးရတဲ့ ဝမ်းနည်းစရာတွေ့ ကြုံမှုကို ရရှိကြပါတယ်။ ကျွန်တော်တို့သေတဲ့အခါ ဘာဖြစ်သွားမယ်လို့ မိတ်ဆွေထင်သလဲ။” တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် စစ်မဲ့ကမ္ဘာ [လိပ်] ဘရိုရှာ၏စာမျက်နှာ ၂၂ ရှိ “သေခြင်းနှင့်စိုးလ်—ယင်းတို့ကားအဘယ်နည်း” ဟူ၍ခေါင်းစဉ်တပ်ထားသည့် လေးထောင့်ကွက်ကို အိမ်ရှင်အားညွှန်ပြပါ။ လေးထောင့်ကွက်က တမလွန်ဘဝနှင့်ပတ်သက်၍ ကျမ်းစောင်များ၏ဖော်ပြချက်ကို ရဗ္ဗိများ၏သွန်သင်ချက်နှင့် နှိုင်းယှဉ်ထားသည်။ ထို့နောက် စာမျက်နှာ ၂၃ ရှိအပိုဒ် ၁၇ ကိုဖွင့်ပြီး ကျမ်းစောင်များအရ လူသေများသည် မြေကြီးပရဒိသုပေါ်တွင် အသက်ပြန်ရှင်လာကြမည်ဖြစ်ကြောင်း ပြောပြပါ။ ဘရိုရှာကိုဝေငှပါ။ ပြန်လည်ပတ်မှုအတွက်ပြင်ဆင်ရာတွင် ဘိုးဘေးယောဘသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို နှလုံးပိုက်ခဲ့ကြောင်း ဖော်ပြနိုင်သည်။ အပိုဒ် ၁၇ ၏အဆုံးတွင် ရည်ညွှန်းထားသည့်ကျမ်းချက်များကို ညွှန်ပြကာ ပြန်လာပြီး ယင်းတို့ကိုဆွေးနွေးရန် ကမ်းလှမ်းပါ။
၇ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်နှင့်တမန်တော်ကျမ်းများက သမ္မာတရားကိုနားထောင်ကာ ယင်းနှင့်အညီလုပ်ဆောင်ခဲ့ကြသော ဂျူးများ၏တွေ့ ကြုံမှုများကို မှတ်တမ်းတင်သည်။ ယေဟောဝါသည် ထာဝရအသက်ရမည့်လမ်းကို ဖွင့်ထားဆဲပင်ဖြစ်၏။ စိတ်ရင်းမှန်သောဂျူးများစွာသည် ဘုရားသခင်၏ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်နိုင်ရန် စစ်မှန်သောဘုရားသခင်၊ ယေဟောဝါအကြောင်း သင်ယူလာနိုင်သေးသည်။—မိ. ၄:၁-၄။