ရွယ်တူချင်းဖိအားနှင့် သင့်ဟောပြောခြင်းအခွင့်အရေး
၁ ရွယ်တူချင်းဖိအားသည်—အကောင်းအတွက် သို့မဟုတ် အဆိုးအတွက်—တန်ခိုးပါသောသြဇာတစ်ခုဖြစ်၏။ ယေဟောဝါ၏ကျေးကျွန်ချင်းတို့သည် ခရစ်ယာန်အကျင့်ကောင်းများကိုကျင့်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည့် အပြုသဘောပါသောသြဇာသက်ရောက်သည်။ (ဟေဗြဲ ၁၀:၂၄) သို့သော် သက်သေခံမဟုတ်သောမိသားစုဝင်များ၊ အလုပ်ဖော်၊ ကျောင်းနေဖက်၊ အိမ်နီးချင်း သို့မဟုတ် အခြားအသိအကျွမ်းများသည် ခရစ်ယာန်မူများနှင့်ဆန့်ကျင်သည့်လမ်းစဉ်ကို လိုက်လျှောက်ရန် ကျွန်ုပ်တို့ကိုဖိအားပေးနိုင်သည်။ သူတို့သည် “ခရစ်တော်၌ [ကျွန်ုပ်] တို့ကျင့်သောအကျင့်ကောင်းကို ရှုတ်ချ” ပြောဆိုကြပေမည်။ (၁ ပေ. ၃:၁၆) ကျွန်ုပ်တို့သည် အပြုသဘောမပါသောရွယ်တူချင်းဖိအားများကြုံရမည်ဖြစ်လင့်ကစား ဆက်ဟောပြောနေမည်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို မည်သို့တည်မြဲစေနိုင်သနည်း။
၂ မိသားစုဝင်များ– တစ်ခါတစ်ရံ ယေဟောဝါသက်သေမဟုတ်သော ခင်ပွန်းနှင့်ဖခင်ဖြစ်သူသည် မိမိ၏ဇနီးနှင့်သားသမီးများအား လူထုရှေ့ဓမ္မအမှုတွင်ပါဝင်စေလိုမည်မဟုတ်ပေ။ ဤအခြေအနေမျိုး မက္ကစီကိုနိုင်ငံရှိ အိမ်ထောင်စုတစ်ခုတွင် ဖြစ်ခဲ့သည်။ အမျိုးသားတစ်ဦး၏ဇနီးနှင့်သားသမီးခုနစ်ယောက်တို့သည် သမ္မာတရားရရှိလာသည်။ အစတွင် ထိုသူသည် သူ၏မိသားစု တစ်အိမ်မှတစ်အိမ်ဟောပြော၍ ကျမ်းစာစာပေဝေငှခြင်းကို မလိုလားသောကြောင့် အတိုက်အခံလုပ်ခဲ့သည်။ ယင်းသို့ပြုခြင်းသည် သူတို့၏သိက္ခာကျစေသည်ဟု သူယူမှတ်ခဲ့သည်။ သို့သော် သူ၏ဇနီးနှင့်သားသမီးများသည် ယေဟောဝါ၏အမှုတော်ဆောင်ရန်နှင့် ဓမ္မအမှုတွင်မှန်မှန်ပါဝင်ရန်ဟူသော သူတို့၏ဆုံးဖြတ်ချက်၌ အခိုင်အမာရပ်တည်ခဲ့ကြသည်။ အချိန်တန်သော် ထိုသူသည် ဟောပြောခြင်းလုပ်ငန်းဆိုင်ရာ ဘုရားသခင့်အစီအစဉ်အား လက်ခံခြင်း၏တန်ဖိုးကို စတင်သဘောပေါက်လာကာ သူ့ကိုယ်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့သည်။ ထိုသူသမ္မာတရားရဖို့ ၁၅ နှစ်ကြာခဲ့သော်လည်း သူ၏မိသားစုသာ သူတို့၏ဟောပြောခြင်းအခွင့်အရေးတွင် စွဲစွဲမြဲမြဲမရှိခဲ့လျှင် ထိုသို့သူလုပ်ဆောင်ခဲ့ပါမည်လော။—လု. ၁:၆၈-၇၅; ၁ ကော. ၇:၁၆။
၃ အလုပ်ဖော်များ– အလုပ်ဖော်များအားသက်သေခံရန် သင်၏ကြိုးစားအားထုတ်မှုများကို အချို့က ကောင်းစွာလက်ခံချင်မှလက်ခံမည်။ ညီအစ်မတစ်ဦးက ရုံးတွင် ကမ္ဘာ့ဆုံးခန်းနှင့်ပတ်သက်သည့် ဆွေးနွေးစရာတစ်ခုပေါ်လာသည့်အခါ မဿဲအခန်းကြီး ၂၄ ကိုဖတ်ဖို့ သူအကြံပြုခဲ့ခြင်းကြောင့် ပြောင်လှောင်ခံခဲ့ရကြောင်း ပြောပြသည်။ သို့သော် နောက်ရက်အနည်းငယ်အကြာတွင် သူ၏အလုပ်ဖော်များထဲမှတစ်ဦးက ၎င်းအခန်းကြီးကို ဖတ်ပြီးသွားကြောင်း၊ စိတ်ထဲစွဲမှတ်သွားကြောင်း သူ့ကိုပြောပြသည်။ စာအုပ်တစ်အုပ်ကို ဝေငှလိုက်ပြီး သူနှင့်သူ၏ခင်ပွန်းကို ကျမ်းစာသင်ရန် စီစဉ်ခဲ့သည်။ ဦးဆုံးအကြိမ်သင်အံမှုသည် နံနက်နှစ်နာရီအထိကြာ၏။ သူတို့သည် တတိယအကြိမ်သင်အံမှုပြီးနောက် အစည်းအဝေးများစတက်ကာ ယင်းနောက်များမကြာမီ ဆေးလိပ်ဖြတ်ပြီး ဓမ္မအမှုတွင် စတင်ပါဝင်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ညီအစ်မသည် အခြားသူတို့အား သူ၏မျှော်လင့်ချက်ကိုဝေငှရန် ကြိုးစားအားထုတ်မှုမပြုခဲ့လျှင် ဤကဲ့သို့ဖြစ်လာမည်လော။
၄ ကျောင်းနေဖက်များ– ကျောင်းတွင် ရွယ်တူချင်းဖိအားပေးမှုခံရခြင်း၊ ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ခြင်းကြောင့် အခြားလူငယ်များအထင်အမြင်သေးမည်ကိုစိုးရွံ့ခြင်းတို့သည် သက်သေခံလူငယ်များအတွက် အဆန်းမဟုတ်ပေ။ ယူနိုက်တက်စတိတ်ရှိ ခရစ်ယာန်ဆယ်ကျော်သက်တစ်ဦးက ဤသို့ဆိုသည်– “ပြောင်လှောင်ခံရမှာစိုးလို့ အခြားလူငယ်တွေကို သက်သေခံရမှာ ကျွန်မကြောက်တယ်။” ထို့ကြောင့် သူသည် ကျောင်းနှင့်ရပ်ကွက်ရှိသူ၏ရွယ်တူချင်းများအား သက်သေခံဖို့အခွင့်အရေးများကို ရှောင်ရှားခဲ့သည်။ ရွယ်တူချင်းဖိအားကိုကြံ့ကြံ့ခံရန် သင်မည်သို့အားမွေးနိုင်သနည်း။ ယေဟောဝါကို ယုံကြည်အားကိုးကာ ကိုယ်တော်၏နှစ်သက်မှုအပြုံးကို ရဖို့ကြိုးစားပါ။ (သု. ၂၉:၂၅) သင့်ဓမ္မအမှုတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အသုံးပြုနိုင်စွမ်းအတွက် ဂုဏ်ယူပါ။ (၂ တိ. ၂:၁၅) ယခုပင်ဖော်ပြခဲ့သည့်လူငယ်သည် ယေဟောဝါထံဆုတောင်းကာ ကျောင်းနေဖက်များအား ဟောပြောလိုသည့်ဆန္ဒကို ပြုစုပျိုးထောင်ရန် မိမိအားကူညီပေးဖို့ တောင်းခံခဲ့သည်။ သူသည် ကျောင်းတွင် အလွတ်သဘောစတင်သက်သေခံရာ ရလဒ်ကောင်းများရရှိခဲ့ပြီး မကြာမီမှာပင် သူသိသည့်လူတိုင်းကို ဟောပြောနေသည်။ သူဤသို့ကောက်ချက်ချခဲ့သည်– “အဲဒီလူငယ်တွေဟာ အနာဂတ်မျှော်လင့်ချက်တစ်ခုလိုအပ်ပြီး သူတို့ကိုကူညီပေးဖို့ ကျွန်မတို့ကို ယေဟောဝါအသုံးပြုနေပါတယ်။”
၅ အိမ်နီးချင်းများ– ကျွန်ုပ်တို့ မည်သူများဖြစ်ခြင်းနှင့် ကျွန်ုပ်တို့၏ရပ်တည်မှုတို့ကြောင့် ကျွန်ုပ်တို့ကိုအတော်အတန်ဒေါသထွက်သည့် အိမ်နီးချင်းများ သို့မဟုတ် အခြားအသိအကျွမ်းများရှိပေမည်။ သူတို့မည်သို့ထင်ကြမည်ကို သင်စိုးရွံ့နေလျှင် ‘ထာဝရအသက်ရစေတဲ့သမ္မာတရားကို သူတို့သိကြသလား၊ သူတို့ရဲ့နှလုံးကိုထိမိဖို့ ငါဘာလုပ်နိုင်သလဲ’ ဟူ၍ကိုယ့်ကိုယ်ကိုမေးပါ။ အိမ်နီးချင်းများအား တစ်ခွန်းစနှစ်ခွန်းစပုံမှန်သက်သေခံသည့်အခါ ရလဒ်ကောင်းများရရှိခဲ့ကြောင်း တိုက်နယ်ကြီးကြပ်မှူးတစ်ဦး သတိပြုမိခဲ့သည်။ နှလုံးရိုးဖြောင့်သူများကို ဆက်ရှာဖွေရန် လိုအပ်သည့်ခွန်အားနှင့် ဉာဏ်ပညာအတွက် ယေဟောဝါထံအသနားခံပါ။—ဖိ. ၄:၁၃။
၆ အပြုသဘောမပါသောရွယ်တူချင်းဖိအားကို အလျှော့ပေးလိုက်လျောခြင်းသည် အတိုက်အခံပြုသူများကိုနှစ်သက်စေမည်ဖြစ်သော်လည်း ထိုသို့အလျှော့ပေးခြင်းသည် သူတို့ သို့မဟုတ် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးအတွက်ဖြစ်မည်လော။ ယေရှုသည် မိမိနှင့်တစ်နယ်တည်းသားများ၏ အတိုက်အခံပြုမှုကိုခံခဲ့ရသည်။ ကိုယ်တော်သည် မိတူဖကွဲညီများ၏ မခံချိမခံသာထိုးနှက်ပြောဆိုမှုကိုပင် ခံခဲ့ရသည်။ သို့သော် မိမိအတွက် ဘုရားသခင်ချမှတ်ထားသည့်လမ်းစဉ်တွင် ဆက်သစ္စာရှိနေခြင်းဖြင့်သာ ၎င်းတို့ကိုကူညီပေးနိုင်ကြောင်း ကိုယ်တော်သိ၏။ ထို့ကြောင့် ယေရှုသည် “အပြစ်ရှိသောသူတို့လက်တွင်၊ ထိုမျှလောက် ကြီးစွာသောဆီးတားနှောင့်ယှက်ခြင်း [“ဆန့်ကျင်တိုက်ခံစကား၊” ကဘ] ကိုခံ” ခဲ့သည်။ (ဟေဗြဲ ၁၂:၂၊ ၃) ကျွန်ုပ်တို့လည်း အလားတူပြုရမည်ဖြစ်သည်။ သင်၏ နိုင်ငံတော်သတင်းဟောပြောခြင်းအခွင့်အရေးကို အကျိုးအရှိဆုံးအသုံးချရန် သန္နိဋ္ဌာန်ချထားပါ။ ထိုသို့ပြုခြင်းဖြင့် သင်သည် “ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိ. ၄:၁၆။