ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၀၂ စာ. ၃-၅
  • သောက်စားခြင်း—ကျမ်းစာအမြင်မျိုး သင်၌ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သောက်စားခြင်း—ကျမ်းစာအမြင်မျိုး သင်၌ရှိသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလွန်အကျွံသောက်စားခြင်း
  • တော်ရုံသင့်ရုံသုံးခြင်းတွင် အဘယ်အရာပါဝင်သနည်း
  • ရှောင်ကြဉ်ရန်အချိန်များ
  • “တစ်ဦးကိုတစ်ဦး နေ့စဉ် တိုက်တွန်းနှိုးဆော်လျက်နေကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • သင်သည် မြင့်မြတ်သောအရာများကို တန်ဖိုးထားသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ‘လူများတို့ကို စုဝေးစေလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
  • ၁၉၉၁ ‘လွတ်လပ်မှုမြတ်နိုးသူများ’ ခရိုင်စည်းဝေးပွဲတက်ရောက်ရန် ယခုပင်စီစဉ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
နဓ ၅/၀၂ စာ. ၃-၅

သောက်စားခြင်း—ကျမ်းစာအမြင်မျိုး သင်၌ရှိသလော

၁ သူသည် နှစ်ခြင်းခံပြီးသောခရစ်ယာန်တစ်ဦးဖြစ်၏။ သူ၏သောက်စားမှုနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြသော သူ၏အသင်းတော်ရှိအကြီးအကဲများ မေးမြန်းသောအခါ သူက ဘီယာအတော်အသင့်နှင့် ဝီစကီအနည်းအကျဉ်းသောက်ကြောင်း ဝန်ခံခဲ့သည်။ “ဒါပေမဲ့ ကျွန်တော်မမူးပါဘူး” ဟုသူကဆိုသည်။ မမူးသရွေ့ မည်မျှပင်သောက်သောက် အရေးမကြီးဟု ဤလူငယ်ယူမှတ်ခဲ့သည်။ သင်သဘောတူပါသလော။ ထိုသို့သောအတွေးအခေါ်သည် ဘုရားသခင့်လူမျိုးအချို့တွင်ရှိနေကြောင်း မှတ်တမ်းများကဖော်ပြသည်မှာ ဝမ်းနည်းစရာပင်။ သို့သော် ယင်းသည် ကျမ်းစာနှင့်ညီညွတ်သလော။ သောက်စားခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။

၂ အမှန်မှာ အရက်ယမကာသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်၊ ယေဟောဝါဘုရားသခင်ထံမှရရှိသော လက်ဆောင်များစွာအနက် တစ်ခုဖြစ်၏။ ထို့ကြောင့် သမ္မာကျမ်းစာက ဘုရားသခင်သည် “လူတို့ကိုရွှင်လန်းစေ” သောဝိုင်ကိုပေးကြောင်း; ဝိုင်သည် “ဘုရား၏စိတ်နှင့် လူ၏စိတ်ကိုရွှင်လန်းစေ” ကြောင်း; ယင်းသည် “ရွှင်လန်းသောစိတ်ရှိ” စေကြောင်း ဖော်ပြသည်။ (ဆာ. ၁၀၄:၁၅; သူကြီး. ၉:၁၃; ဧသ. ၁:၁၀) သမ္မာကျမ်းစာတွင် “စပျစ်ပင်” ဖြင့်ပုံဆောင်ထားသည့်ဝိုင်ကို ကြွယ်ဝမှုနှင့် လုံခြုံမှုကိုဖော်ညွှန်းရန် အသုံးပြုသည်။ (မိ. ၄:၄; ဇာ. ၃:၁၀) သို့သော် လက်ဆောင်တစ်ခုကို အသုံးပြုနိုင်သည် သို့မဟုတ် တလွဲသုံးနိုင်သည်။ သမ္မာကျမ်းစာတွင် အရက်ကို တလွဲသုံးခြင်းနှင့်ပတ်သက်သည့် သတိပေးချက်များစွာပါရှိသည်။

အလွန်အကျွံသောက်စားခြင်း

၃ ‘မမူးသရွေ့ မည်မျှပင်သောက်သောက် အရေးမကြီး’ ဟူသော ရှုမြင်ပုံနှင့်ပတ်သက်၍ကော။ သမ္မာကျမ်းစာက အရက်သမားများသည် “ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရ” ကြဟုဆိုကာ အရက်မူးခြင်းကို အမှန်ပင် ပြစ်တင်ရှုတ်ချသည်။ (၁ ကော. ၆:၉၊ ၁၀) သို့သော် အရက်မူးခြင်း ကိုသာ သတိပေးနေခြင်းလော။ အမှန်တကယ်မူးယစ်ခြင်းမရှိဘဲ အလွန်အကျွံသောက်ခြင်းနှင့်ပတ်သက်၍ကော။ ၁ တိမောသေ ၃:၂၊ ၃ (ကဘ) တွင် ဦးစီးကြီးကြပ်မှူးတစ်ဦးသည် “သောက်ကြူး၍ ခိုက်ရန်ဖြစ်ပွားခြင်း” ကိုရှောင်သင့်သည်သာမက “အကျင့်စရိုက်များတွင် တော်ရုံသင့်ရုံဖြစ်” သင့်သည်ဟု ကျွန်ုပ်တို့ဖတ်ရ၏။ ယင်းသည် အကျင့်စရိုက်အားလုံးကိုဆိုလိုသည်။ သို့တိုင် “အကျင့်စရိုက်များတွင် တော်ရုံသင့်ရုံ” (နီ.ဖာလီ.အွန်) ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် စာသားအရ “မမူးသော၊ အလွန်အကျွံမဟုတ်သော; ဝိုင်ကို အလွန်အကျွံသုံးခြင်းမှ လုံးလုံးလျားလျား ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ ရှောင်ကြဉ်ခြင်း” ဟူ၍အဓိပ္ပာယ်ရှိသည်။ (ကျွန်ုပ်တို့စာလုံးစောင်းထား။)—သေယာ၏ ဂရိ-အင်္ဂလိပ်ဓမ္မသစ်ကျမ်းအဘိဓာန်။

၄ ဓမ္မအမှုထမ်းများ သို့မဟုတ် သင်းထောက်များ၏အရည်အချင်းများကို ရေတွက်ဖော်ပြရာတွင် ပေါလုက သူတို့သည် ‘စပျစ်ရည်ကိုသောက်ကြူးသောသူမဖြစ် [“ဝိုင်ကို အလွန်အကျွံမသောက်၊” ယနေ့အင်္ဂလိပ်ဘာသာပြန်ကျမ်း; “ဝိုင်ကို တော်ရုံသင့်ရုံသောက်၊” ယေရုရှလင်သမ္မာကျမ်းစာ]’ သင့်ကြောင်း ထပ်လောင်းပြောဆိုသည်။ (၁ တိ. ၃:၈) မှန်ပါသည်၊ ဦးစီးကြီးကြပ်မှူးတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် ထောက်ခံ,ခံရရန် သို့မဟုတ် ဆက်အမှုထမ်းရန် ခရစ်ယာန်တစ်ဦးသည် အရက်ယမကာသုံးစွဲရာတွင် တော်ရုံသင့်ရုံရှိသည့်ပုံသက်သေဖြစ်ရမည်။ လွန်ခဲ့သည့်နှစ်အတန်ကြာက လက်တင်အမေရိကနိုင်ငံတစ်ခုတွင် မင်္ဂလာဧည့်ခံပွဲတစ်ခုသည် နံနက်မိုးလင်းခါနီးအထိကြာကာ တစ်ညလုံးသောက်စားကြသည်။ ယင်းကြောင့် အသင်းတော်တစ်ခု၏ အကြီးအကဲအဖွဲ့တစ်ခုလုံးနှင့် ဓမ္မအမှုထမ်းများဖယ်ရှားခံခဲ့ရသည်!

၅ သို့သော် ဦးစီးကြီးကြပ်မှူးများနှင့် ဓမ္မအမှုထမ်းများကိုသာ တော်ရုံသင့်ရုံရှိဖို့တောင်းဆိုသလော။ လုံးဝမဟုတ်ပါ၊ အကြောင်းမှာ တိတု ၂:၂ (ကဘ) တွင် အသက်ကြီးသောအမျိုးသားများအား “အကျင့်စရိုက်များတွင် တော်ရုံသင့်ရုံဖြစ်” ကြရန်သြဝါဒပေးထားသည်။ အသင်းတော်ရှိအမျိုးသမီးများအား “တည်ကြည်သောသူဖြစ်ရကြမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာသတိရှိ [“အကျင့်စရိုက်များတွင် တော်ရုံသင့်ရုံဖြစ်၊” ကဘ] သောသူ” ဖြစ်ကြရန် အလားတူသြဝါဒပေးထားသည်။ (၁ တိ. ၃:၁၁) ထို့အပြင် အသက်ကြီးသောအမျိုးသမီးများအား “ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့်ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌မလွန်ကြူးတတ်သောသူ” ဖြစ်ကြရန် မိန့်မှာထားသည်။ (တိ. ၂:၃) ထို့ကြောင့် ခရစ်ယာန်များသည် အရက်မူးခြင်း—သောက်ကြူးခြင်း၏အဆုံးရလဒ်—ကိုသာမက အရက်အလွန်အကျွံသုံးစွဲမှုမှန်သမျှကို ရှောင်ကြဉ်ရန် သတိပြုသင့်သည်မှာ ထင်ရှားပါသည်။

တော်ရုံသင့်ရုံသုံးခြင်းတွင် အဘယ်အရာပါဝင်သနည်း

၆ ယေဘုယျကျန်းမာရေးနှင့် ကိုယ်ခန္ဓာအလေးချိန် ကဲ့သို့သောအရာများသည် သင့်ကိုယ်ခန္ဓာအပေါ် အရက်၏အာနိသင်ကို ပိုင်းဖြတ်နိုင်သောကြောင့် လူတိုင်းအတွက် ကန့်သတ်ချက်တစ်မျိုးတည်းထား၍မရပါ။ သို့သော် တော်ရုံသင့်ရုံဖြစ်ခြင်းတွင် အဘယ်အရာပါဝင်သည်ကို ပိုင်းဖြတ်ရာ၌ စွဲမှတ်ထားသင့်သည့်အရာများစွာရှိသည်။

၇ ပထမတစ်ခုမှာ—ဆင်ခြေပေးခြင်းကို သတိပြုရန်ဖြစ်သည်! မနှစ်မြို့ဖွယ်သွန်သင်ချက်သည် အခြားသူတို့နှင့်သာ သက်ဆိုင်ပြီး ကျွန်ုပ်တို့နှင့်မသက်ဆိုင်ဟု ကောက်ချက်ချရန် အလွန်လွယ်ကူသည်။ သို့သော် လူတိုင်း ထိုသို့ယူဆမည်ဆိုလျှင် ထိုသွန်သင်ချက်သည် မည်သူနှင့်မျှ သက်ဆိုင်တော့မည်မဟုတ်ပေ! နောက်တစ်ခုမှာ သင့်ကိုယ်ခန္ဓာသည် အရက်ကို မည်မျှလက်ခံနိုင်ကြောင်း သုံးသပ်ပါ။ သာမန်လူကြီးတစ်ဦး (၁၅၄ ပေါင်/၇၀ ကီလိုဂရမ်) သည် တစ်နာရီလျှင် အရက် ၁၃ မီလီလီတာခန့် (၈၀-စံချိန်မီအရက်၏ ၃၀ မီလီလီတာ [၁ အောင်စ] သို့မဟုတ် စားပွဲတင်ဝိုင်၏ ၁၀၀ မီလီလီတာ [၃.၅ အောင်စ] ခန့်) ချေဖျက်နိုင်သည်။ ယင်းပမာဏကို ကျော်လွန်သောအခါ သင့်သွေးတွင် အရက်ရေချိန်မြင့်လာ၏။ များသောအားဖြင့် သာမန်အရွယ်ရှိသည့်ခွက်ဖြင့် နှစ်ခွက်မျှသောက်ခြင်းသည် သာမန်လူကြီးတစ်ဦးကို မိနစ်အနည်းငယ်အတွင်း သွေးတွင် အရက်ရေချိန် ၀.၀၅ ရာခိုင်နှုန်းရှိစေရာ ယင်းသည် လူအများစု၌ ကားမောင်းခြင်းကိုအနှောင့်အယှက်ဖြစ်စေသည်။

၈ သုံးသပ်ရမည့် တတိယအချက်မှာ ခရစ်ယာန်ချင်းတို့၏ရှုမြင်ပုံဖြစ်၏။ ရောမ ၁၄:၂၁ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်းကိစ္စမှစ၍ ညီအစ်ကိုထိမိ၍လဲစရာအကြောင်း . . . များကို ရှောင်အပ်၏။” ထို့ကြောင့် သင်၏သောက်စားမှုသည် တော်ရုံသင့်ရုံဟုတ်မဟုတ်ပိုင်းဖြတ်ရာတွင် သင့်ကိုယ်သင် ဤသို့မေးပါ– အခြားသူတွေထက် ငါ ပိုသောက်လေ့ရှိသလား။ ငါသောက်တဲ့ပမာဏကို အခြားသူတွေ—မိသားစုဝင်တွေ ဒါမဟုတ် ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေ—စိုးရိမ်လာသလား။ ငါ အတော် “သောက်နိုင်” တယ်လို့ နာမည် ထွက်သလား။ ‘ဒါပေမဲ့ ငါက တခြားသူတွေထက် ပိုပြီးခံနိုင်ရည်ရှိတာပဲ’ ဟု သင် ပြောဆိုနိုင်သည့်တိုင် ပေါလု၏စကားများက ကျွန်ုပ်တို့ညီအစ်ကိုများ၏ရှုမြင်ပုံကို ထည့်စဉ်းစားသင့်ကြောင်း မပြပေလော။ လုကာ ၁၇:၁ ပါယေရှု၏ဤစကားများကို သတိရပါ– မလွှဲမရှောင်သာ ‘မှားယွင်းစရာအကြောင်းရှိမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏!’

၉ အမှန်ဆိုရလျှင် မိမိ၏သြတ္တပ္ပစိတ်ကို အခြားသူများအပေါ်လွှမ်းမိုးပိုင်ခွင့် ကျွန်ုပ်တို့တစ်ဦး၌မျှမရှိကြောင်း သတိပြုသင့်သည်။ အခြားသူများသောက်သည့်ပမာဏနှင့်ပတ်သက်ပြီး တရားလွန်အပြစ်ရှာခြင်းကိုရှောင်ရန် သတိပြုသင့်သည်။ တမန်တော်ပေါလုပြောခဲ့သည့်အတိုင်း “သင်တို့သည် မိမိတို့၏ညီအစ်ကိုကို အပြစ်ရှာရန် သို့မဟုတ် အထင်သေးရန် အခွင့်မရှိ။ ငါတို့တစ်ဦးစီသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့တွင် ရပ်ကြရမည်။”—ရော. ၁၄:၁၀၊ သက်ဝင်ကျမ်း။

၁၀ ချင့်ချိန်ရမည့်နောက်တစ်ချက်မှာ ဤသို့ဖြစ်သည်– ငါဘာကြောင့်သောက်တာလဲ။ အမောပြေရုံ၊ ရေငတ်ပြေရုံ ဒါမှမဟုတ် ထမင်းစားကောင်းရုံသောက်တာလား။ ဒါမှမဟုတ် စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုပြေပျောက်ဖို့၊ ရဲဆေးတင်ဖို့ ဒါမှမဟုတ် လက်တွေ့ဘဝကနေ လွတ်မြောက်ဖို့ သောက်တာလား။ နောက်တစ်ချက်နှင့်ပတ်သက်၍ စိတ်ကုထုံးပညာရှင် ဒေါက်တာ စတန်လီ ဂစ်တ်လို က ဤသို့ဖော်ပြသည်– “စိတ်ညစ်ရင် အရက်သောက်ကြတဲ့လူ့ဘောင်မှာ ကျွန်တော်တို့ အသက်ရှင်နေကြရတယ်; နေမထိထိုင်မသာဖြစ်ရင် ဆေးလေးနည်းနည်းမှီဝဲလိုက်ပါ။ ဘယ်သူကမှ ‘ဟေး၊ ဖိစီးမှုကို တင်းခံထားလိုက်ပါ’ လို့မပြောကြပါဘူး။” ဘဝ၏စိုးရိမ်ပူပန်မှုများကို ရင်ဆိုင်နိုင်ရန် ခရစ်ယာန်တစ်ဦးအား မည်သည့်အရာက ကူညီပေးသင့်သနည်း။ “ဆေးအနည်းငယ်မှီဝဲခြင်း” လော၊ ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးလော။—ဆာ. ၄:၈။

ရှောင်ကြဉ်ရန်အချိန်များ

၁၁ မှန်ပါသည်! အရက်စွဲသူသည် အလွန်အကျွံသောက်လိုစိတ်ပေါ်လာမည်စိုး၍ လုံးဝရှောင်ရန် အရေးကြီးသည်။ ယင်းက မာကု ၉:၄၃ (ကဘ) ပါယေရှု၏ဤစကားများကို သတိရစေသည်– “သင့်လက်သည် သင့်ကိုတိုက်လဲစေလျှင် ဖြတ်ပစ်လော့; ဂေဟင်္နာ [ဖျက်ဆီးခြင်းကိုဆိုလို] အရပ်သို့ လက်နှစ်ဖက်စုံနှင့်ဝင်ခြင်းထက် ချို့တဲ့ကာ အသက်ရှင်ခြင်းသို့ဝင်ခြင်းသည် သာ၍ကောင်း၏။” ထို့ကြောင့် သောက်စားခြင်းသည် သင့်ကိုပြဿနာဖြစ်စေမည်ဆိုလျှင် ယင်းကို “ဖြတ်ပစ်” ပါလေ။ ထိုထက်ကား “အသက်ရှင်ခြင်းသို့ဝင်ခြင်းသည် သာ၍ကောင်း၏!” အရက်ဖြတ်ဌာနတစ်ခုတွင် စီမံကိန်းဒါရိုက်တာဖြစ်သော ခရစ်ယာန်အကြီးအကဲတစ်ဦးဆိုသည့်အတိုင်း “ဘုရားသခင့်အစီအစဉ်သစ်တွင် အသက်ရှင်ရေးအတွက်ပေးဆပ်ရန် လုံးဝရှောင်ကြဉ်ခြင်းသည် များလွန်းသည့်အဖိုးအခမဟုတ်ပါ။”

၁၂ သို့တိုင် ရှောင်ကြဉ်ခြင်းသည် အရက်စွဲသူများအတွက်သာမဟုတ်ပေ; ကျွန်ုပ်တို့အားလုံး ရှောင်သင့်သည့်အချိန်များရှိ၏။ ရှေးဣသရေလနိုင်ငံတွင် တဲတော် သို့မဟုတ် ဗိမာန်တော်၌ တာဝန်ထမ်းဆောင်စဉ် ယဇ်ပုရောဟိတ်များနှင့် လေဝိသားတို့အား မည်သည့်ပုံစံဖြင့်မဆို အရက်မသောက်ကြရန် တားမြစ်ထားသည်။ သောက်လျှင် သေဒဏ်စီရင်ခံရကြ၏။ (ဝတ်. ၁၀:၈-၁၁; ယေဇ. ၄၄:၂၁) တာဝန်ထမ်းဆောင်သည့်အခါ ဝိုင် သို့မဟုတ် သေရည်သေရက် မသောက်ကြရန် ဘုရင်များကိုလည်း အကြံပြုထား၏။ အဘယ်ကြောင့်နည်း။ “သူတို့သည်သောက်လျက် တရားတော်ကိုမေ့လျော့၍ ဆင်းရဲသားအမှုကို မတရားသဖြင့်စီရင်ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။”—သု. ၃၁:၄၊ ၅။

၁၃ ယနေ့ကော။ သင်စီးနေသောလေယာဉ်၏ လေယာဉ်မှူးသည် အရက်သောက်နေသည်ကို သင်သိလျှင် စိတ်ချမ်းမြေ့မှုရှိမည်လော။ လုံးဝရှိမည်မဟုတ်ပေ! အသက်နှင့်ပတ်သက်နေပါသည်။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးသည် ကားမမောင်းမီ အရက်သောက်ခြင်းကို ဂရုစိုက်သင့်သည်။ သို့သော် လယ်ကွင်းဓမ္မအမှုနှင့်ဆိုင်သည့် သန့်ရှင်းမြင့်မြတ်သော လုပ်ဆောင်မှုများတွင်ပါဝင်ခြင်း၊ အစည်းအဝေးများတက်ခြင်း၊ အခြားသူများအား ကျမ်းစာသွန်သင်ချက်နှင့် ညွှန်ကြားချက်ပေးခြင်းတို့ကို မပြုမီလေးတွင် သို့မဟုတ် ပြုနေစဉ် အရက်ယမကာသောက်သုံးခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် ပို၍ပင်သင့်လျော်မည်မဟုတ်ပေ။ အဘယ်ကြောင့် မသင့်လျော်သနည်း။ ထာဝရအသက်နှင့်ပတ်သက်နေသောကြောင့်ပင်!

၁၄ ထို့ကြောင့် သောက်စားခြင်းနှင့်ပတ်သက်၍ ကျမ်းစာအမြင်မျိုး သင်၌ရှိသလော။ သင်၌ရှိလျှင်ရှိမည် သို့မဟုတ် မရှိပဲဖြစ်နိုင်သည်။ သင့်အသက်အတွက်သာမက မဆင်မခြင်သောက်စားသည့်အကျင့်များကြောင့် ထိမိလဲနိုင်သည့် အခြားသူတို့၏အသက်အတွက်ပါ သေရေးရှင်ရေးဖြစ်နေသည်။ ထိုထက်ကား ကျွန်ုပ်တို့သည် မိမိတို့၏အသက်တာများကို ယေဟောဝါဘုရားသခင် နှစ်သက်လက်ခံစေလိုကြသည်။ မှန်ပါသည်၊ အရက်ယမကာသည် တော်ရုံသင့်ရုံသုံးသောအခါ ဘုရားသခင်ထံမှလက်ဆောင်တစ်ခုဖြစ်သည်! သို့သော် ရှောင်ကြဉ်ခြင်းက သင့်အတွက်ပိုကောင်းမည်ဆိုလျှင် ထိုအတိုင်းပြုပါလေ။ “အသက်ရှင်ခြင်းသို့ဝင်ခြင်းသည် သာ၍ကောင်း” ကြောင်း သတိရပါ!

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

၁။ အရက်ယမကာအလွဲသုံးခြင်းသည် ကြီးလေးသောကိစ္စတစ်ခုဖြစ်၏ (၁ ကော. ၆:၉-၁၁)

၂။ အခြားသူများ အသက်မပြည့်သေးဘဲသောက်နေသည် သို့မဟုတ် သောက်ကြူးနေသည်ကို သင်တွေ့ရှိပါက သတ္တိရှိရှိပြောဆိုပါ

၃။ အရက်သည် ဝိညာဉ်ရေးနှင့် စာရိတ္တကောင်းသော ယေဟောဝါ၏ကျေးကျွန်တစ်ဦးအား အထိန်းအကွပ်မဲ့သွားစေနိုင်သည်

၄။ ခရစ်ယာန်တစ်ဦးအနေဖြင့် သင်၏ “လက်တွေ့ကျသောဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်သောစွမ်းရည်” ကိုထိခိုက်စေသည့် မည်သည့်အရက်ပမာဏမဆိုသည် များလွန်းနေပြီ (က၉၆ ၁၂/၁၅ ၂၇)

၅။ လယ်ကွင်းလုပ်ငန်း၊ အစည်းအဝေးများ သို့မဟုတ် သိုးထိန်းခြင်းကဲ့သို့သော မည်သည့်သီအိုကရက်တစ် လုပ်ဆောင်မှုတွင်မဆို မပါဝင်မီလေးတွင် သို့မဟုတ် ပါဝင်နေစဉ် မည်သည့်အခါမျှ အရက်ကိုမသုံးစွဲပါနှင့်

၆။ သောက်ကြူးခြင်းကျော့ကွင်း၌မိနေလျှင် ဆုတောင်းခြင်းနှင့် အရည်အချင်းရှိသောအကြီးအကဲများထံမှ အကူအညီတောင်းခံပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ