သီအိုကရက်တစ်ဥစ္စာအင်ခွင်များကို တန်ဖိုးထားပါ
၁ ဗိမာန်တော်ကိုပြုပြင်ရန် အစီအစဉ်များပြုလုပ်သောအခါ ဘုရင်ယောရှိက လုပ်ဆောင်ရန်တာဝန်ရရှိသူများအား ဤသို့ချီးမွမ်းပြောဆိုခဲ့သည်– “ငွေကိုလက်ခံသောသူတို့သည် သစ္စာစောင့်သောသူဖြစ်သောကြောင့် စာရင်းမပေးရကြ။” (၄ ရာ. ၂၂:၃-၇) မြင့်မြတ်သောအရာများအပေါ် ထိုအမျိုးသားများ၏တန်ဖိုးထားမှုသည် သူတို့အားအပ်နှင်းထားသည့် ဥစ္စာအင်ခွင်များကို ကိုင်တွယ်ခဲ့ပုံတွင် ထင်ရှားပေါ်လွင်သည်။ ယနေ့ ဘုရားသခင်၏သတင်းကောင်းဆိုင်ရာ သန့်ရှင်းသောလုပ်ငန်းတွင် ပါဝင်ကြစဉ် ကျွန်ုပ်တို့အား ပေးအပ်ထားသည့် ဥစ္စာအင်ခွင်များကို ကိုင်တွယ်ရာတွင် သစ္စာရှိမှုပြဖို့လိုသည်။
၂ လယ်ကွင်းဓမ္မအမှုတွင်– ကျွန်ုပ်တို့၏စာပေများတွင်ပါရှိသည့် အရေးကြီးသောသတင်းကို ကျေးဇူးတင်လေးမြတ်ခြင်းနှင့် ယင်းတို့ကိုထုတ်လုပ်ရာတွင် ကုန်ကျသောစရိတ်ကို သိရှိခြင်းက ၎င်းတို့ကိုအလွန်တန်ဖိုးထားစေသည်။ ကျမ်းစာသတင်းတရားအပေါ် အမှန်တကယ်တန်ဖိုးမထားသူများအား ကျွန်ုပ်တို့၏စာပေများကို မဆင်မခြင်ဝေငှခြင်းမပြုသင့်ပေ။ လူတစ်ဦးသည် သတင်းကောင်းကို စိတ်ဝင်စားမှုအနည်းငယ်ပြလျှင် သူ့အား စာပေတစ်ခုခုဝေငှမည့်အစား ဝေစာတစ်စောင်ကို ဝေငှနိုင်သည်။
၃ စာပေများကို တန်ဖိုးထားမှုပြသည့်နည်းဖြင့် ဝေငှပါ။ ပြန့်ကျဲလွင့်စဉ်သွားစေမည့် အများပြည်သူ သွားလာနေသောနေရာများတွင် ယင်းတို့ကိုထားခဲ့ခြင်းမပြုပါနှင့်။ အလဟဿမဖြစ်စေရန် နောက်ထပ်စာပေများမရယူမီ အိမ်၌ ရှိနေသေးသည့်စာပေများကို စာရင်းယူပါ။ သင်၌ လထုတ်မဂ္ဂဇင်းတိုင်း ပုံမှန်ပိုနေလျှင် လျှော့၍မှာယူရန် စဉ်းစားပါ။
၄ ကိုယ်ပိုင်သုံးအတွက်စာပေများ– ကျွန်ုပ်တို့အမှန်တကယ်လိုအပ်သည့် စာပေများကိုသာ မှာယူသင့်သည်။ အထူးသဖြင့် များစွာအကုန်အကျခံထုတ်လုပ်ထားသည့် အထူးချုပ်ကျမ်းစာအုပ်များ၊ ရည်ညွှန်းချက်ပါကျမ်းစာအုပ်များ နှင့် မှန်ပြမာတိကာ၊ အညွှန်း၊ ထိုးထွင်းသိမြင်ခြင်းစာအုပ်တွဲများနှင့် ကြွေးကြော်သူများ စာအုပ်ကဲ့သို့သော အခြားစာအုပ်ကြီးများကို တောင်းခံသည့်အခါ ချင့်ချိန်သင့်သည်။
၅ သင့်ကိုယ်ပိုင်စာပေများပေါ်တွင် သင့်နာမည်နှင့် လိပ်စာကို ရေးထားဖို့သတိရသလော။ ယင်းက နေရာအထားမှားသည့်စာပေများအတွက် အစားထိုးရယူရန်လိုအပ်မှုကို လျော့နည်းစေသည်။ သင်သည် သီချင်းစာအုပ်၊ ကျမ်းစာအုပ် သို့မဟုတ် လေ့လာသည့်စာပေတစ်ခုခု ပျောက်နေလျှင် နိုင်ငံတော်ခန်းမ သို့မဟုတ် စည်းဝေးပွဲနေရာ၌ စုသိမ်းထားပေးသည့် ပျောက်ဆုံးပစ္စည်းများတွင် တွေ့ရှိကောင်းတွေ့ရှိပါလိမ့်မည်။—လု. ၁၅:၈၊ ၉။
၆ ကျွန်ုပ်တို့၏စာပေများကို ပညာရှိရှိအသုံးပြုရန် ကြိုးစားကြစို့။ ယင်းသည် ကျွန်ုပ်တို့အား ယေဟောဝါအပ်နှင်းထားသည့် နိုင်ငံတော်ဥစ္စာအင်ခွင်များကို ကိုင်တွယ်ရာတွင် သစ္စာရှိကြောင်းပြရန် နည်းတစ်နည်းဖြစ်သည်။—လု. ၁၆:၁၀။