ကျွန်ုပ် အတတ်နိုင်ဆုံးလုပ်ဆောင်နေပါသလော
၁။ သစ္စာရှိခရစ်ယာန်တစ်ဦးသည် အဘယ်အရာအတွက် စိုးရိမ်မိနိုင်သနည်း။
၁ သင့်ကိုသင် ထိုသို့မေးဖူးသလော။ အသက်အရွယ်ကြီးရင့်မှု၊ ကျန်းမာရေးပြဿနာများနှင့် မိသားစုတာဝန်များကြောင့် ဓမ္မအမှုတွင် ယခင်ကလောက်မပါဝင်နိုင်တော့၍ သင်စိတ်ဓာတ်ကျနေပေမည်။ ကလေးသုံးယောက်ရှိသည့် ညီအစ်မတစ်ဦးသည် မိမိ၏မိသားစုကိုပြုစုစောင့်ရှောက်နေရသောကြောင့် ဓမ္မအမှုတွင်အကန့်အသတ်ဖြင့်သာပါဝင်နိုင်၍ အပြစ်ရှိသည်ဟုခံစားရကြောင်း ရေးခဲ့သည်။ ကိစ္စရပ်များကို မျှမျှတတရှုမြင်နိုင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။
၂။ ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာ မျှော်လင့်တော်မူသနည်း။
၂ ယေဟောဝါ ကျွန်ုပ်တို့ထံမှ မျှော်လင့်ရာ– ကျွန်ုပ်တို့အားလုံး ဓမ္မအမှုတွင် ပိုမိုပါဝင်လိုမည်မှာ သေချာသည်။ သို့သော် ကျွန်ုပ်တို့လုပ်လိုရာနှင့် ကျွန်ုပ်တို့အမှန်တကယ်လုပ်နိုင်ရာမှာ အလွန်ကွာခြားလေ့ရှိသည်။ ကျွန်ုပ်တို့ပို၍လုပ်ဆောင်လိုသည်ဟူသည့်အချက်က ကျွန်ုပ်တို့လုပ်နေသည့်အရာအပေါ် အားမလိုအားမရဖြစ်ကြောင်း ဖော်ပြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏အကန့်အသတ်ဖြစ်မှုကို ကောင်းစွာသိတော်မူကြောင်းနှင့် ကျွန်ုပ်တို့လုပ်ဆောင်နိုင်ရာထက် ပိုမတောင်းဆိုကြောင်း သတိရသင့်သည်။ (ဆာ. ၁၀၃:၁၃၊ ၁၄) ကျွန်ုပ်တို့ထံမှ ကိုယ်တော်အဘယ်အရာ မျှော်လင့်တော်မူသနည်း။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အတတ်နိုင်ဆုံးအမှုဆောင်ရန် ကိုယ်တော်မျှော်လင့်တော်မူသည်။—ကော. ၃:၁၃။
၃။ ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ပါဝင်နိုင်မှုကို မည်သို့သတ်မှတ်ပိုင်းဖြတ်နိုင်သနည်း။
၃ ကျွန်ုပ်တို့၏အခြေအနေမှန်ကို သိမြင်နိုင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။ ကျွန်ုပ်တို့၏ အခြေအနေကို အရှိအတိုင်းရှုမြင်တတ်ရန် ယေဟောဝါထံ အကူအညီတောင်းခံနိုင်သည်။ (ဆာ. ၂၆:၂) ကျွန်ုပ်တို့အကြောင်းကို ကောင်းစွာသိပြီး ကျွန်ုပ်တို့လိုအပ်ရာကို ပွင့်ပွင့်လင်းလင်းပြောဆိုရဲသော၊ ယုံကြည်စိတ်ချထိုက်သည့် ရင့်ကျက်သောခရစ်ယာန်တစ်ဦးသည်လည်း ကျွန်ုပ်တို့ကို ကူညီပေးပေမည်။ (သု. ၂၇:၉) အခြေအနေသည် ပြောင်းလဲနေသောကြောင့် ကျွန်ုပ်တို့၏အခြေအနေကို မှန်မှန်သုံးသပ်ခြင်းကလည်း အကျိုးရှိကြောင်းသတိရပါ။—ဧ. ၅:၁၀။
၄။ ဓမ္မအမှုနှင့်ပတ်သက်သည့် သမ္မာကျမ်းစာအခြေပြု သတိပေးချက်များကို ကျွန်ုပ်တို့ မည်သို့ ရှုမြင်သင့်သနည်း။
၄ သတိပေးချက်များအပေါ် ရှုမြင်ပုံ– ပြိုင်ပွဲတွင် ပွဲကြည့်ပရိသတ်များသည် ဘေးမှအော်ဟစ်အားပေးလေ့ရှိသည်။ ရည်ရွယ်ချက်မှာ ပြိုင်ပွဲဝင်သူများ ပန်းတိုင်သို့ရောက်ရန် အားပေးနေခြင်းဖြစ်သည်၊ အားလျော့စိတ်ပျက်စေရန် မဟုတ်ချေ။ အလားတူစွာ၊ အစည်းအဝေးများနှင့် ကျွန်ုပ်တို့၏စာပေများမှရရှိသော သမ္မာကျမ်းစာအခြေပြု အားပေးချက်နှင့် ‘အရေးတကြီးသဘောထားဖြင့် ဟောပြောပါ’ ဟူသည့် သတိပေးချက်များက ကျွန်ုပ်တို့အကျိုးအတွက်ဖြစ်ပြီး ကျွန်ုပ်တို့လုပ်ဆောင်ရာများသည် တစ်နည်းနည်းဖြင့် မပြည့်မီဟုဆိုလိုနေခြင်းမဟုတ်ပါ။ (၂ တိ. ၄:၂) ကျွန်ုပ်တို့ အတတ်နိုင်ဆုံးလုပ်ဆောင်နေသရွေ့ ယေဟောဝါသည် ကျွန်ုပ်တို့၏ ‘လုပ်ရပ်များနှင့်မေတ္တာကို’ သတိရမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။—ဟေဗြဲ ၆:၁၀။