အိမ်ရှင်ကို ကျိုးကြောင်းဆင်ခြင်နိုင်အောင် ကူညီပါ
၁။ ဓမ္မအမှုလုပ်ငန်းမှာ ဘယ်ချဉ်းကပ်နည်းက အကောင်းဆုံးလဲ။
၁ တစ်ယူသန်ဆန်ဆန်ပြောခြင်း၊ အိမ်ရှင်ကို ကျိုးကြောင်းဆင်ခြင်စေပြီး မှန်ကန်တဲ့ကောက်ချက်ချနိုင်အောင်ကူညီပေးခြင်း အဲဒီချဉ်းကပ်နည်းနှစ်ခုမှာ ဘယ်ဟာက ပိုထိရောက်မှုရှိသလဲ။ သက်သာလောနိတ်မြို့ကဂျူးတွေနဲ့စကားပြောတဲ့အခါ တမန်တော်ပေါလုက သူတို့နဲ့ကျိုးကြောင်းဆင်ခြင်တဲ့နည်းကို သုံးခဲ့တယ်၊ ဒီအတွက် “အချို့တို့သည် ယုံကြည်သူများဖြစ်လာ” ကြတယ်။ (တ. ၁၇:၂-၄) တခြားသူတွေနဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းမှာ ဘာတွေပါဝင်သလဲ။
၂။ သတင်းကောင်းဟောပြောတဲ့အခါ ပေါလုတင်ဆက်ပုံကို ကျွန်တော်တို့ ဘယ်လိုတုပနိုင်သလဲ။
၂ ခံစားချက်နဲ့ နောက်ခံကို ထည့်တွက်ပါ– သင့်ရပ်ကွက်ရှိသူတွေကို ကျိုးကြောင်းဆင်ခြင်စေဖို့ ကူညီရာမှာ သူတို့ရဲ့ခံစားချက်ကို သင် ထည့်တွက်ရမှာဖြစ်တယ်။ အာရေတောင်က မယုံကြည်သူဂရိလူတွေကို ဟောပြောရာမှာ ပေါလုဟာ သူတို့ သိထားနိုင်ရာ၊ လက်ခံထားနိုင်ရာတွေနဲ့ အစပြုခဲ့တယ်။ (တ. ၁၇:၂၂-၃၁) ဒါကြောင့်၊ သင့်အနေနဲ့ တင်ဆက်ပုံကိုပြင်ဆင်တဲ့အခါ ကိုယ့်ရပ်ကွက်မှာရှိတဲ့သူတွေ ယုံကြည်နေတဲ့အရာ၊ သူတို့စိတ်စွန်းကွက်နေတဲ့အရာတွေကို ထည့်စဉ်းစားပါ။ (၁ကော. ၉:၁၉-၂၂) အိမ်ရှင်က လက်မခံတဲ့အခါ နှစ်ဦးသဘောတူမယ့်အကြောင်းအရာကိုရှာပြီး ဆက်ဆွေးနွေးဖို့ ကြိုးစားပါ။
၃။ မေးခွန်းတွေကို ကျွမ်းကျင်စွာအသုံးပြုခြင်းက တခြားသူတွေနဲ့ ထိရောက်စွာကျိုးကြောင်းဆင်ခြင်နိုင်ဖို့ ဘယ်လိုထောက်ကူပေးသလဲ။
၃ မေးခွန်းတွေကို ထိရောက်စွာအသုံးပြုပါ– ခရီးသွားဧည့်သည်တစ်ယောက်ကို လမ်းညွှန်နိုင်ဖို့ဆိုရင် အခု သူရောက်နေတဲ့နေရာကို ကျွန်တော်တို့သိဖို့လိုအပ်ပါတယ်။ အလားတူပဲ၊ အိမ်ရှင်ကို မှန်ကန်တဲ့ကောက်ချက်ချနိုင်အောင် ကူညီဖို့ဆိုရင် လက်ရှိသူ့ရှုမြင်ပုံကို ကျွန်တော်တို့ သိထားဖို့လိုအပ်ပါတယ်။ ယေရှုက သူ့စကားနားထောင်နေသူတစ်ဦးနဲ့ ကျိုးကြောင်းဆင်ခြင်မှုမလုပ်ခင် သူဘာတွေစဉ်းစားနေသလဲဆိုတာသိဖို့ မေးခွန်းတွေမေးလေ့ရှိတယ်။ ဥပမာ၊ ယေရှုကို လူတစ်ယောက်က “ထာဝရအသက်ကို အမွေခံရန် ကျွန်ုပ်သည် အဘယ်အမှုကိုပြုရပါမည်နည်း” လို့မေးတဲ့အခါ ပြန်အဖြေမပေးခင် ဒီလူရဲ့ရှုမြင်ပုံကို သိအောင် ယေရှု မေးခွန်းမေးခဲ့တယ်။ (လု. ၁၀:၂၅-၂၈) တစ်ခါတုန်းကလည်း ပေတရုက မှားယွင်းစွာအဖြေပေးတဲ့အခါ ယေရှုက မေးခွန်းတွေကိုထိရောက်စွာသုံးပြီး သူ့စဉ်းစားပုံကို တည့်မတ်ပေးခဲ့တယ်။ (မ. ၁၇:၂၄-၂၆) ဒါကြောင့် အိမ်ရှင်က မေးခွန်းမေးလာတဲ့အခါ ဒါမှမဟုတ် မှားယွင်းတဲ့ရှုမြင်ပုံကို ပြောပြလာတဲ့အခါ ကိစ္စရပ်တွေကို သူ ကျိုးကြောင်းဆင်ခြင်နိုင်အောင် ကျွန်တော်တို့က မေးခွန်းတွေမေးပြီး ကူညီနိုင်ပါတယ်။
၄။ အိမ်ရှင်ကို ကျိုးကြောင်းဆင်ခြင်နိုင်အောင် ကျွန်တော်တို့ ဘာကြောင့် ကူညီပေးသင့်သလဲ။
၄ အိမ်ရှင်ကို ကျိုးကြောင်းဆင်ခြင်နိုင်အောင် ကူညီပေးတာက အကြီးမြတ်ဆုံးဆရာ ယေရှုနဲ့ ပထမရာစုက ကျွမ်းကျင်လိမ္မာတဲ့ တခြားသတင်းကောင်းဟောပြောသူတွေကို တုပရာရောက်တယ်။ ဒီပြင်၊ အိမ်ရှင်ကို ဂုဏ်တင်ရာလည်းရောက်ပြီး သူ့ကို လေးစားကြောင်း ဖော်ပြနေတာလည်းဖြစ်တယ်။ (၁ ပေ. ၃:၁၅) ရလဒ်အနေနဲ့ ကျွန်တော်တို့ပြန်လည်ပတ်တဲ့အခါ သူ လိုလိုလားလားလက်ခံပါလိမ့်မယ်။