အောက်မေ့ရာပွဲကာလမှာ ယေဟောဝါဘုရားနဲ့ ယေရှုတို့ရဲ့ စိတ်အားကြီးမှုကို သင် တုပနိုင်မလား
၁။ ယေဟောဝါသက်သေတွေဟာ အောက်မေ့ရာပွဲကာလမှာ ဘာလုပ်ဖို့ ကြိုးစားကြသလဲ။
၁ ယေဟောဝါဘုရားက မိမိရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့ ထက်ထက်သန်သန် လုပ်ဆောင်တယ်။ ဘုရားသခင့်နိုင်ငံတော်အောက်မှာရရှိမယ့် ကောင်းချီးတချို့နဲ့ပတ်သက်ပြီး ဟေရှာယ ၉:၇ မှာ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့ဇွဲထက်သန်မှုက အဲဒါကိုလုပ်ဆောင်လိမ့်မယ်” လို့ ဖော်ပြထားတယ်။ ယေရှုလည်း မြေကြီးပေါ်ရှိစဉ် စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ထက်ထက်သန်သန် လုပ်ဆောင်ခဲ့တယ်။ (ယော. ၂:၁၃-၁၇; ၄:၃၄) နှစ်စဉ် အောက်မေ့ရာပွဲကာလမှာ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ကြေညာသူတွေဟာ ယေဟောဝါဘုရားနဲ့ ယေရှုတို့ရဲ့စိတ်အားကြီးမှုကို တုပဖို့ အမှုဆောင်လုပ်ငန်းမှာ ကြိုးစားပြီး တိုးချဲ့ပါဝင်ခဲ့ကြတယ်။ သင်ကော။
၂။ စိတ်အားကြီးမှုကြောင့် မတ် ၁၄ ရက်နေ့ကနေစပြီး ဘာလုပ်ချင်စိတ် ပေါ်လာသလဲ။
၂ အောက်မေ့ရာပွဲကင်ပိန်း– ဒီနှစ်အောက်မေ့ရာပွဲကင်ပိန်းကို မတ် ၁၄၊ စနေနေ့မှာ စတင်မှာဖြစ်တယ်။ ကင်ပိန်းမှာ ထက်ထက်သန်သန်ပါဝင်ဖို့ အခုကတည်းက စီစဉ်ပါ။ ညီအစ်ကို ညီအစ်မတွေက ဖိတ်စာကို ရပ်ကွက်ပြီးအောင် အတတ်နိုင်ဆုံး ဝေငှတဲ့အခါ ပျော်ရွှင်မှုရကြပါလိမ့်မယ်။ ကျမ်းစာသင်သားတွေ၊ ပြန်လည်ပတ်မှုတွေ၊ အလုပ်ဖော်တွေ၊ ဆွေမျိုးတွေ၊ အတန်းဖော်တွေကို ဖိတ်စာပေးပြီး ဒါမှမဟုတ် jw.org/mya ဝက်ဘ်ဆိုက်ကို ဖွင့်ပြပြီး ဖိတ်ခေါ်မှုမှာ အားလုံးကြိုးစားပါဝင်ပါ။
၃။ မတ်လ၊ ဧပြီလတွေမှာ အမှုဆောင်လုပ်ငန်းကို ဘယ်လိုတိုးချဲ့နိုင်မလဲ။
၃ အရန်ရှေ့ဆောင်– စိတ်အားကြီးမှုက အမှုဆောင်လုပ်ငန်းမှာ တိုးချဲ့ပါဝင်ဖို့လည်း လှုံ့ဆော်ပေးတယ်။ မတ်လ၊ ဧပြီလတွေမှာ နာရီ ၃၀ နဲ့ ရှေ့ဆောင်လုပ်ခွင့်ရှိတာကြောင့် ကြေညာသူအတော်တော်များ အရန်ရှေ့ဆောင်လုပ်နိုင်ကြမှာ သေချာပါတယ်။ သင်လည်း အရန်ရှေ့ဆောင် ဘယ်လို လုပ်နိုင်မလဲဆိုတာ မိသားစုဝတ်ပြုမှုမှာ ဒါမှမဟုတ် ကိုယ်ပိုင်လေ့လာမှုမှာ ဆုတောင်းပြီး သုံးသပ်ပါ။ (သု. ၁၅:၂၂) ဒီကင်ပိန်းမှာ သင် အားတက်သရော ပါဝင်နေတာကို တခြားသူတွေ တွေ့မြင်ပြီး သူတို့လည်း ထက်ထက်သန်သန် ပါဝင်ချင်စိတ်တွေ ဖြစ်ပေါ်လာနိုင်တယ်။ တိုးချဲ့ပါဝင်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်ဆိုရင် ယေရှုရဲ့စိတ်အားကြီးမှုကို တုပရာရောက်ပါလိမ့်မယ်။—မာ. ၆:၃၁-၃၄။
၄။ ယေဟောဝါဘုရားနဲ့ ယေရှုတို့ရဲ့စိတ်အားကြီးမှုကို တုပတဲ့အခါ ဘာအကျိုးကျေးဇူးတွေ ရရှိမလဲ။
၄ အောက်မေ့ရာပွဲကာလမှာ ယေဟောဝါဘုရားနဲ့ ယေရှုတို့ရဲ့စိတ်အားကြီးမှုကို တုပရင် ကောင်းချီးတွေရရှိမှာဖြစ်တယ်။ ရပ်ကွက်က လူအတော်တော်များကိုလည်း သက်သေခံနိုင်ပါလိမ့်မယ်။ ယေဟောဝါဘုရားရဲ့အမှုတော်ကိုဆောင်ပြီး တခြားသူတွေကို ဟောပြောခြင်းကနေ ပျော်ရွှင်မှုနဲ့ ကျေနပ်အားရမှုတို့ ရရှိမှာဖြစ်တယ်။ (တ. ၂၀:၃၅) အရေးကြီးဆုံးကတော့ ကျွန်ုပ်တို့ရဲ့စိတ်အားကြီးမှုကြောင့် ဘုရားသခင်နဲ့ ယေရှုတို့ ကျေနပ်ပျော်ရွှင်ကြပါလိမ့်မယ်။