ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဇန်နဝါရီ စာ. ၁၄-၁၉
  • သင့်ကို ယေဟောဝါဘုရား တန်ဖိုးထား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကို ယေဟောဝါဘုရား တန်ဖိုးထား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထား
  • ကျန်းမာရေး မကောင်းတဲ့အခါ
  • စီးပွားရေး ခက်ခဲတဲ့အခါ
  • အသက်ကြီးလာလို့ အခက်အခဲတွေ ကြုံရတဲ့အခါ
  • အဘယ်အရာကမျှ “ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း
    နိုးလော့!—၂၀၀၂
  • ယေဟောဝါသည် ကျွန်ုပ်တို့ကို “ကယ်လွှတ်သောအရှင်” ဖြစ်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဇန်နဝါရီ စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၃

သင့်ကို ယေဟောဝါဘုရား တန်ဖိုးထား

“ဘုရားက ငါတို့ နိမ့်ကျသွားတဲ့အခါ ငါတို့ကို သတိရတယ်။” —ဆာ. ၁၃၆:၂၃။

သီချင်း ၃၃ သင့်ရဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ

အကြိုသုံးသပ်ချက်a

၁-၂။ ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ ဘယ်လို အခြေအနေတွေ ကြုံနေရသလဲ။ အဲဒါက သူတို့အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

အခြေအနေသုံးခုကို စဉ်းစားကြည့်ပါ။ ညီအစ်ကိုငယ်တစ်ယောက်ဟာ တဖြည်းဖြည်း ခွန်အားဆုတ်ယုတ်သွားစေတဲ့ ရောဂါဆိုးရှိမှန်း သိလိုက်ရတယ်။ အလုပ်ကြိုးစားတဲ့ လူလတ်ပိုင်းအရွယ် ညီအစ်ကိုဟာ အလုပ်ပြုတ်သွားတယ်။ အလုပ်ပြန်ရှာပေမဲ့ မရဘူး။ သစ္စာရှိ အသက်ကြီး ညီအစ်မတစ်ယောက်ဟာ ယေဟောဝါရဲ့ အမှုတော်မှာ အရင်ကလောက် မလုပ်နိုင်တော့ဘူး။

၂ သင်လည်း အဲဒီလိုမျိုး ကြုံနေရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အသုံးမဝင်တော့ဘူးလို့ ခံစားရနိုင်တယ်။ မပျော်တော့ဘဲ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိတော့ဘဲ ဖြစ်နိုင်တယ်။ တခြားသူတွေနဲ့ အဆင်မပြေ ဖြစ်လာနိုင်တယ်။

၃။ လူ့အသက်ကို စာတန်နဲ့ သူ့လူတွေ ဘယ်လို သဘောထားကြသလဲ။

၃ ဒီလောကက လူ့အသက်ကို စာတန် ရှုမြင်သလို ရှုမြင်တယ်။ စာတန်က လူတွေကို တန်ဖိုးမရှိသူတွေလို အမြဲ ဆက်ဆံတယ်။ ဘုရားကို မနာခံရင် သေဒဏ် ခံရမယ်ဆိုတာ သိလျက်နဲ့ ဧဝကို လှည့်စားပြီး လွတ်လပ်မှု ရလာမယ်လို့ ပြောတယ်။ လောက စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးကို စာတန် ထိန်းချုပ်ထားတယ်။ ဒါကြောင့် စီးပွားရေးသမား၊ နိုင်ငံရေးသမားနဲ့ ဘာသာရေးခေါင်းဆောင်များစွာဟာ လူ့အသက်နဲ့ ဂုဏ်သိက္ခာကို မလေးစားကြတာ မဆန်းပါဘူး။

၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၄ ယေဟောဝါကတော့ ကျွန်တော်တို့ဟာ တန်ဖိုးရှိသူတွေဖြစ်မှန်း သိစေချင်တယ်။ အသုံးမကျဘူးလို့ ခံစားရစေတဲ့ အခြေအနေတွေ ကြုံရတဲ့အခါ ထောက်မပေးတယ်။ (ဆာ. ၁၃၆:၂၃။ ရော. ၁၂:၃) အောက်ပါအခြေအနေတွေမှာ ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ (၁) ကျန်းမာရေး မကောင်းတဲ့အခါ၊ (၂) စီးပွားရေး ခက်ခဲတဲ့အခါ၊ (၃) အသက်ကြီးလာလို့ အမှုတော်မှာ အသုံးမဝင်တော့ဘူးလို့ ခံစားရတဲ့အခါ။ ဦးဆုံး၊ ကျွန်တော်တို့ ယောက်တိုင်းကို ယေဟောဝါ တန်ဖိုးထားမှန်း ဘာကြောင့် စိတ်ချနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။

ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထား

၅။ လူတွေကို ယေဟောဝါ တန်ဖိုးထားကြောင်း ဘာက ဖော်ပြသလဲ။

၅ ကျွန်တော်တို့ဟာ မြေမှုန့်နဲ့ ဖန်ဆင်းခံထားရပေမဲ့ မြေမှုန့်ထက် အဆပေါင်းများစွာ တန်ဖိုးရှိတယ်။ (က. ၂:၇) ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဖော်ပြတဲ့ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်က လူတွေကို မိမိရဲ့ အရည်အသွေးတွေ တုပနိုင်စွမ်းနဲ့ ဖန်ဆင်းထားတယ်။ (က. ၁:၂၇) ဒီနည်းအားဖြင့် မြေကြီးပေါ်က ဖန်ဆင်းရာအားလုံးထက် ကျွန်တော်တို့ကို ချီးမြှောက်ပြီး မြေကြီးနဲ့ တိရစ္ဆာန်တွေကို အုပ်စိုးဖို့ တာဝန်ပေးခဲ့တယ်။—ဆာ. ၈:၄-၈။

၆။ မစုံလင်တဲ့လူတွေကို ယေဟောဝါ တန်ဖိုးထားကြောင်း နောက်ထပ် ဘယ်အချက်ကနေ သိနိုင်သလဲ။

၆ အာဒံ အပြစ်လုပ်ပြီးနောက်မှာတောင် လူတွေကို ယေဟောဝါ တန်ဖိုးထားနေဆဲပဲ။ ကျွန်တော်တို့ကို တန်ဖိုးထားလွန်းလို့ အပြစ်တွေကနေ ရွေးဖို့ ချစ်သား ယေရှုကို ပေးခဲ့တယ်။ (၁ ယော. ၄:၉၊ ၁၀) အဲဒီရွေးဖိုးကို သုံးပြီး အာဒံရဲ့ အပြစ်ကြောင့် သေဆုံးသွားတဲ့ ‘ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေ’ ကို ယေဟောဝါ ပြန်ထမြောက်ပေးမယ်။ (တ. ၂၄:၁၅) ကျန်းမာရေး၊ စီးပွားရေး၊ အသက်အရွယ် အခြေအနေ ဘယ်လိုပဲရှိရှိ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။—တ. ၁၀:၃၄၊ ၃၅။

၇။ ကျေးကျွန်တွေကို ယေဟောဝါ တန်ဖိုးထားကြောင်း သိနိုင်တဲ့ ဘယ်အကြောင်းရင်းတွေ ရှိသေးသလဲ။

၇ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း သိနိုင်တဲ့ ထပ်ဆင့် အကြောင်းရင်းတွေ ရှိသေးတယ်။ ယေဟောဝါက ကျွန်တော်တို့ကို မိမိဆီ ဆွဲဆောင်ပြီး သတင်းကောင်းကို ဘယ်လို တုံ့ပြန်တယ်ဆိုတာ ကြည့်တယ်။ (ယော. ၆:၄၄) ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားတဲ့အခါ ဘုရားလည်း ကျွန်တော်တို့နဲ့ ရင်းနှီးလာတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ကို အချိန်နဲ့ ခွန်အားစိုက်ထုတ်ပြီး သွန်သင်ပေးခြင်းအားဖြင့်လည်း တန်ဖိုးထားကြောင်း ဖော်ပြတယ်။ ကျွန်တော်တို့ဟာ ဘယ်လို လူစားမျိုး ဖြစ်ကြောင်း၊ ဘယ်လို လူစားမျိုး ဖြစ်လာနိုင်ကြောင်းကိုလည်း သိတယ်။ ကျွန်တော်တို့ကို ချစ်လို့ ဆုံးမသွန်သင်တယ်။ (ပညာ. ၃:၁၁၊ ၁၂) ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဖော်ပြတဲ့ အထောက်အထားတွေပါပဲ။

၈။ ဆာလံ ၁၈:၂၇-၂၉ မှာပါတဲ့ စကားတွေက အကောင်းမြင် သဘောထား ဘယ်လို ရှိစေနိုင်သလဲ။

၈ ဘုရင် ဒါဝိဒ်ကို တချို့က တန်ဖိုးမရှိတဲ့သူလို့ ယူဆကြတယ်။ ဒါပေမဲ့ မိမိကို ယေဟောဝါ ချစ်ပြီး ထောက်မပေးမှန်း ဒါဝိဒ် သိတယ်။ အဲဒါက ကိုယ့်အခြေအနေကို အကောင်းမြင်တတ်အောင် ဒါဝိဒ်ကို ကူညီပေးတယ်။ (၂ ရှ. ၁၆:၅-၇) ကျွန်တော်တို့လည်း စိတ်ဓာတ်ကျတဲ့အခါ၊ အခက်အခဲတွေ ကြုံရတဲ့အခါ အကောင်းမြင်တတ်အောင်၊ ရင်ဆိုင်ကျော်လွှားနိုင်အောင် ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဆာလံ ၁၈:၂၇-၂၉ ကိုဖတ်ပါ။) ယေဟောဝါရဲ့ ကူညီထောက်မမှုကြောင့် ပျော်ရွှင်စွာ အမှုဆောင်နိုင်တယ်။ (ရော. ၈:၃၁) ကျွန်တော်တို့ကို ယေဟောဝါ ချစ်ကြောင်း၊ တန်ဖိုးထားကြောင်း သတိရဖို့ အထူးလိုအပ်တဲ့ အခြေအနေ သုံးခုကို သုံးသပ်ကြည့်ကြစို့။

ကျန်းမာရေး မကောင်းတဲ့အခါ

ရုပ်ပုံ– ညီအစ်ကိုတစ်ယောက် ဖျားနာချိန်မှာ အပျက်သဘောတွေကို တိုက်လှန်နေ။ ၁။ ဆေးရုံခုတင်ပေါ်မှာ ခေါင်းကို ကိုင်ပြီး ထိုင်နေ။ ၂။ ဆုတောင်းနေ။ ၃။ ကျမ်းစာ ဖတ်နေ။ ၄။ ပြုံးရွှင်နေ။

ကျမ်းစာပါ ယေဟောဝါရဲ့ စကားတွေကို ဖတ်ရှုခြင်းက ကျန်းမာရေး ပြဿနာကြောင့် ဖြစ်လာတဲ့ အပျက်သဘောတွေကို တိုက်ထုတ်နိုင်ဖို့ ကူညီပေး (စာပိုဒ် ၉-၁၂ ကိုကြည့်ပါ)

၉။ ကျန်းမာရေး မကောင်းတဲ့အခါ ဘယ်လို သဘောထားတွေ ဝင်လာနိုင်သလဲ။

၉ ကျန်းမာရေး မကောင်းတဲ့အခါ ဘယ်သူ့အတွက်မှ အသုံးမဝင်ဘူးလို့ ခံစားရတတ်တယ်။ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို တခြားသူတွေ သတိပြုမိတဲ့အခါ၊ တခြားသူတွေကို မှီခိုနေရတဲ့အခါ စိတ်ရှုပ်လာနိုင်တယ်။ ကိုယ့်ကျန်းမာရေးအခြေအနေကို တခြားသူတွေ မသိရင်တောင် ကိုယ်မတတ်နိုင်တာတွေကြောင့် စိတ်ဒုက္ခရောက်နေနိုင်တယ်။ အဲဒီလို အခြေအနေမှာ ကျွန်တော်တို့ကို ယေဟောဝါ အားပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၀။ ပညာအလိမ္မာ ၁၂:၂၅ အရ ကျန်းမာရေး မကောင်းတဲ့အခါ ဘာက ကူညီပေးနိုင်သလဲ။

၁၀ ကျန်းမာရေး မကောင်းတဲ့အခါ “ကောင်းတဲ့စကား” တွေက စိတ်အားတက်စေနိုင်တယ်။ (ပညာအလိမ္မာ ၁၂:၂၅ ကိုဖတ်ပါ။) ကျန်းမာရေး မကောင်းပေမဲ့ ယေဟောဝါအတွက် ကျွန်တော်တို့ အရေးပါတယ်ဆိုတာ အမှတ်ရစေမယ့် စကားတွေကို ကျမ်းစာမှာ ဘုရား မှတ်တမ်းတင်ထားတယ်။ (ဆာ. ၃၁:၁၉။ ၄၁:၃) အဲဒီစကားတွေကို ထပ်ခါထပ်ခါ ဖတ်တဲ့အခါ အပျက်သဘောတွေကို တိုက်ထုတ်နိုင်ဖို့ အကူအညီ ရပါလိမ့်မယ်။

၁၁။ ညီအစ်ကိုတစ်ယောက်ကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၁ လူငယ် ညီအစ်ကို ဂျော့ဂျ်ဟာ ရောဂါဆိုးကြောင့် အသုံးမဝင်ဘူးလို့ ခံစားနေရတယ်။ “ရောဂါကြောင့် ခံစားရမယ့် ဝေဒနာတွေ၊ တခြားသူတွေရဲ့ အမြင်တွေကို ရင်ဆိုင်ဖို့ ကျွန်တော် အသင့်မဖြစ်သေးဘူး။ အခြေအနေ ပိုဆိုးလာတဲ့အခါ ကျွန်တော့်ဘဝ ဘယ်လိုများ ဖြစ်သွားမလဲလို့ စဉ်းစားမိတယ်။ တအားစိတ်ပျက်လို့ ကူညီပေးဖို့ ယေဟောဝါဆီ အသနားခံခဲ့တယ်” လို့ ပြောတယ်။ သူ့ကို ယေဟောဝါ ဘယ်လို ထောက်မပေးသလဲ။ “အာရုံစိုက်ဖို့ ခက်တဲ့အတွက် တစ်ခါဖတ်ရင် ကျမ်းပိုဒ် နည်းနည်းလောက်ပဲ ဖတ်နိုင်တယ်။ ကျေးကျွန်တွေကို ယေဟောဝါ ဂရုစိုက်ကြောင်း ဖော်ပြတဲ့ ဆာလံကျမ်းထဲက ကျမ်းချက်တွေကို နေ့တိုင်း ပြန်ဖတ်တဲ့အခါ နှစ်သိမ့်မှုရတယ်။ ကျွန်တော် ပိုရွှင်လန်းလာတာကို လူတွေ သတိထားမိတယ်။ ကျွန်တော့်ရဲ့ အပြုသဘောက သူတို့ကို အားရှိစေတယ်လို့တောင် ပြောကြတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးမှန်း ကျွန်တော် သဘောပေါက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ရှုမြင်တဲ့ပုံ ပြောင်းလဲအောင် ဘုရား ကူညီပေးတယ်။ မကျန်းမာပေမဲ့ ကျွန်တော့်ကို ဘုရား တန်ဖိုးထားတယ်ဆိုတာ ကျမ်းစကားတွေကနေ သိလာပါပြီ” လို့ ဂျော့ဂျ် ပြောတယ်။

၁၂။ ကျန်းမာရေးပြဿနာ ကြုံတဲ့အခါ ယေဟောဝါရဲ့ ကူညီထောက်မမှုကို ဘယ်လို ရရှိနိုင်သလဲ။

၁၂ သင်ဟာ ကျန်းမာရေးပြဿနာ ကြုံနေရတယ်ဆိုရင် သင့်အခြေအနေကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ ကိုယ့်အခြေအနေကို အမှန်အတိုင်း ရှုမြင်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ကျမ်းစာမှာ ယေဟောဝါ ရေးထားတဲ့ ကောင်းတဲ့စကားတွေကနေ နှစ်သိမ့်မှု ရယူပါ။ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လောက် တန်ဖိုးထားကြောင်း ဖော်ပြတဲ့ ကျမ်းချက်တွေကို အာရုံစိုက်ပါ။ ဒါဆိုရင် သစ္စာရှိသူအားလုံးအပေါ် ယေဟောဝါ ကောင်းမြတ်ကြောင်း သိလာပါလိမ့်မယ်။—ဆာ. ၈၄:၁၁။

စီးပွားရေး ခက်ခဲတဲ့အခါ

ရုပ်ပုံ– ညီအစ်ကိုတစ်ယောက် စီးပွားရေး ပြဿနာ ကြုံနေ။ ၁။ အလုပ်ပြုတ်သွား။ ၂။ ပုံမှန် မိသားစုဝတ်ပြုမှု လုပ်နေ။ ၃။ ကိုယ်ပိုင် ကျမ်းစာဖတ်ရှုနေ။ ၄။ အမှုဆောင်မှာ ဇနီးနဲ့အတူ ပါဝင်နေ။

ယေဟောဝါ ထောက်မပေးမယ်ဆိုတဲ့ ကတိကို အမှတ်ရခြင်းက အလုပ် ရှာမရလို့ အခက်အခဲ ကြုံနေရတဲ့အခါ ကူညီပေး (စာပိုဒ် ၁၃-၁၅ ကိုကြည့်ပါ)

၁၃။ အိမ်ထောင်ဦးစီးတစ်ယောက် အလုပ်ပြုတ်သွားတဲ့အခါ ဘယ်လို ခံစားရနိုင်သလဲ။

၁၃ အိမ်ထောင်ဦးစီးတိုင်းဟာ မိသားစုရဲ့ လိုအပ်ရာတွေကို ထောက်ပံ့ပေးချင်ကြတယ်။ ဒါပေမဲ့ ညီအစ်ကိုတစ်ယောက်ဟာ ဘာအမှားမှ မလုပ်ဘဲ အလုပ်ပြုတ်သွားတယ် ဆိုပါစို့။ နောက်အလုပ်ရဖို့ ကြိုးစားရှာပေမဲ့ မရဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားရနိုင်တယ်။ ယေဟောဝါရဲ့ ကတိတွေကို အာရုံစိုက်ခြင်းက သူ့ကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၄။ ဘယ်အကြောင်းရင်းတွေကြောင့် ယေဟောဝါ ကတိတည်သလဲ။

၁၄ ယေဟောဝါဟာ အမြဲ ကတိတည်တယ်။ (ယောရှု ၂၁:၄၅။ ၂၃:၁၄) ကတိတည်ရတဲ့ အကြောင်းရင်း များစွာရှိတယ်။ တစ်ခုကတော့ ဘုရားရဲ့ နာမည်နဲ့ ပတ်သက်နေလို့ပဲ။ သစ္စာရှိ ကျေးကျွန်တွေကို စောင့်ရှောက်မယ်လို့ ကတိပေးထားတယ်။ အဲဒီကတိအတိုင်း လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ ယေဟောဝါ ယူမှတ်တယ်။ (ဆာ. ၃၁:၁-၃) မိမိရဲ့ မိသားစုဝင်တွေဖြစ်တဲ့ ကျွန်တော်တို့ကို မစောင့်ရှောက်ရင် ကျွန်တော်တို့ ဝမ်းနည်းမယ်ဆိုတာ ဘုရား သိတယ်။ ရုပ်ပစ္စည်းပိုင်း၊ ဘုရားရေးရာပိုင်း ထောက်မပေးမယ်လို့ ကတိပေးထားတယ်။ အဲဒီကတိအတိုင်း မလုပ်ဖို့ ဘာကမှ ဘုရားကို မတားဆီးနိုင်ဘူး။—မ. ၆:၃၀-၃၃။ ၂၄:၄၅။

၁၅။ (က) ပထမရာစု ခရစ်ယာန်တွေ ဘာအခက်အခဲတွေ ကြုံခဲ့ရသလဲ။ (ခ) ဆာလံ ၃၇:၁၈၊ ၁၉ က ဘယ်အချက်ကို စိတ်ချစေသလဲ။

၁၅ ယေဟောဝါ ဘာကြောင့် ကတိတည်သလဲဆိုတာ သတိရမယ်ဆိုရင် စီးပွားရေး ပြဿနာ ကြုံရတဲ့အခါ ဘုရား ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ပထမရာစု ခရစ်ယာန်တွေအကြောင်း စဉ်းစားကြည့်ပါ။ ဂျေရုဆလင်မှာရှိတဲ့ အသင်းတော် အကြီးအကျယ် နှိပ်စက်ညှဉ်းဆဲခံရတဲ့အတွက် ‘တမန်တော်တွေကလွဲလို့ တပည့်အားလုံး ကွဲလွင့်သွားတယ်။’ (တ. ၈:၁) သူတို့ စီးပွားရေး အခက်အခဲတွေ ကြုံခဲ့ရမှာပဲ။ အိမ်တွေ၊ လုပ်ငန်းတွေ ဆုံးရှုံးသွားမှာပဲ။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ မစွန့်ခဲ့သလို သူတို့ရဲ့ ပျော်ရွှင်မှုလည်း မပျောက်သွားခဲ့ဘူး။ (တ. ၈:၄။ ဟီ. ၁၃:၅၊ ၆။ ယာ. ၁:၂၊ ၃) ယေဟောဝါဟာ အဲဒီသစ္စာရှိ ခရစ်ယာန်တွေကို ထောက်မခဲ့သလို ကျွန်တော်တို့ကိုလည်း ထောက်မပေးပါလိမ့်မယ်။—ဆာလံ ၃၇:၁၈၊ ၁၉ ကိုဖတ်ပါ။

အသက်ကြီးလာလို့ အခက်အခဲတွေ ကြုံရတဲ့အခါ

ရုပ်ပုံ– သစ္စာရှိ ညီအစ်မတစ်ယောက် အသက်ကြီးလာလို့ အခက်အခဲတွေ ကြုံနေ။ ၁။ တုတ်ကောက်ကို ကိုင်ပြီး ထိုင်ဆုတောင်းနေ။ ၂။ ညီအစ်မငယ်တစ်ယောက်နဲ့ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေ။ ၃။ အသင်းတော်က ကလေးတွေကို ဓာတ်ပုံအယ်လဘမ် ပြနေ။ ၄။ ယုံကြည်စိတ်ချမှု အပြည့်နဲ့ ပြုံးရွှင်နေ။ အားရှိပြီး တန်ဖိုးရှိတယ်လို့ ခံစားနေရ။

အိုမင်းလာချိန်မှာတောင် ကိုယ်လုပ်နိုင်တာကို အာရုံစိုက်ခြင်းက ကျွန်တော်တို့ကိုရော သစ္စာရှိရှိ အမှုဆောင်နေတာကိုပါ ယေဟောဝါ တန်ဖိုးထားကြောင်း စိတ်ချစေ (စာပိုဒ် ၁၆-၁၈ ကိုကြည့်ပါ)

၁၆။ ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ တန်ဖိုးထားပါ့မလားလို့ ဘယ်အချိန်မှာ စိုးရိမ်မိနိုင်သလဲ။

၁၆ အသက်ကြီးလာတဲ့အခါ ယေဟောဝါကို သိပ်မပေးဆက်နိုင်တော့ဘူးလို့ ခံစားလာရနိုင်တယ်။ ဘုရင် ဒါဝိဒ်လည်း အသက်ကြီးလာတဲ့အခါ အဲဒီလိုစဉ်းစားပြီး စိုးရိမ်ပူပန်ခဲ့တယ်။ (ဆာ. ၇၁:၉) ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၇။ ညီအစ်မ ဂျဲရီရဲ့ အဖြစ်ကနေ ဘာသိရသလဲ။

၁၇ ညီအစ်မ ဂျဲရီရဲ့ အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ နိုင်ငံတော်ခန်းမမှာ ပြုလုပ်တဲ့ ပြုပြင်ထိန်းသိမ်းရေး သင်တန်းတက်ဖို့ ဖိတ်ခေါ်ခံရပေမဲ့ သွားမတက်ချင်ဘူး။ “ကျွန်မက သက်ကြီးရွယ်အို မုဆိုးမ။ ပြုပြင်ထိန်းသိမ်းရေးအကြောင်း ဘာမှလည်း မသိတော့ အသုံးမဝင်ပါဘူး” လို့ ပြောတယ်။ သင်တန်းမတိုင်ခင် ညမှာ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းခဲ့တယ်။ နောက်တစ်နေ့ နိုင်ငံတော်ခန်းမကို ရောက်လာပေမဲ့ လာတာမှန်ရဲ့လားလို့ တွေးနေတုန်းပဲ။ သင်တန်းမှာ ပို့ချသူတစ်ယောက်က ကျွန်တော်တို့ လိုအပ်တဲ့ အရေးကြီးဆုံး အရည်အချင်းကတော့ ယေဟောဝါ သင်ပေးတာကို ခံယူချင်တဲ့စိတ်ပဲလို့ ပြောတယ်။ “‘အဲဒီအရည်အချင်းတော့ ငါ့မှာ ရှိပါတယ်’ လို့ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးမှန်း သိလိုက်ရလို့ ငိုမိတယ်။ ယေဟောဝါအတွက် ကျွန်မ ပေးဆက်နိုင်တာ တစ်ခုခုရှိမှန်း၊ ဘုရားကလည်း သင်ပေးချင်မှန်း သိလိုက်ရတယ်။ စိုးရိမ်စိတ်၊ အားငယ်စိတ်၊ တန်ဖိုးမရှိဘူးဆိုတဲ့စိတ်နဲ့ သင်တန်းကို သွားခဲ့ပေမဲ့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြန်လာတယ်။ စိတ်အားတက်ပြီး အသုံးဝင်တယ်လို့ ခံစားလာရတယ်” ဆိုပြီး ဂျဲရီ ပြောတယ်။

၁၈။ အသက်ကြီးလာပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ကျမ်းစာ ဘယ်လို ဖော်ပြသလဲ။

၁၈ အသက်ကြီးလာပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြုချင်ဆဲပဲဆိုတာ စိတ်ချနိုင်ပါတယ်။ (ဆာ. ၉၂:၁၂-၁၅) ကိုယ့်စွမ်းရည် ဘယ်လောက်ပဲ အကန့်အသတ်ရှိပါစေ၊ ကိုယ်လုပ်နိုင်တာ ဘယ်လောက်ပဲ သေးငယ်ပါစေ ယေဟောဝါ တန်ဖိုးထားကြောင်း ယေရှု သင်ပေးတယ်။ (လု. ၂၁:၂-၄) ဒါကြောင့် လုပ်နိုင်တာကိုပဲ အာရုံစိုက်ပါ။ ဥပမာ၊ ယေဟောဝါအကြောင်း ဟောပြောနိုင်တယ်။ ညီအစ်ကိုတွေအတွက် ဆုတောင်းပေးနိုင်တယ်။ ဆက်သစ္စာရှိဖို့ တခြားသူတွေကို အားပေးနိုင်တယ်။ သင့်ကို လုပ်ဖော်ဆောင်ဖက်အဖြစ် ယေဟောဝါ သဘောထားတာက သင့်ရဲ့ အောင်မြင်ပြီးမြောက်မှုကြောင့် မဟုတ်ဘဲ လိုလိုလားလား နာခံမှုကြောင့်ပဲ။—၁ ကော. ၃:၅-၉။

၁၉။ ရောမ ၈:၃၈၊ ၃၉ က ဘာကို စိတ်ချစေသလဲ။

၁၉ ကျေးကျွန်တွေကို တန်ဖိုးထားတတ်တဲ့ ဘုရား ယေဟောဝါကို ဝတ်ပြုရတာ ကျေးဇူးတင်စရာပါပဲ။ အလိုတော်ဆောင်ဖို့ ကျွန်တော်တို့ကို ဖန်ဆင်းထားတာဖြစ်လို့ စစ်မှန်တဲ့ ဝတ်ပြုရေးက ဘဝကို ပိုအဓိပ္ပာယ်ရှိစေတယ်။ (ဗျာ. ၄:၁၁) လောကက ကျွန်တော်တို့ကို တန်ဖိုးမရှိသူတွေလို့ ယူဆပေမဲ့ ယေဟောဝါကတော့ အဲဒီလို မယူဆဘူး။ (ဟီ. ၁၁:၁၆၊ ၃၈) ကျန်းမာရေး ပြဿနာ၊ စီးပွားရေး ပြဿနာ၊ အသက်အရွယ် အိုမင်းမှုကြောင့် စိတ်ဓာတ်ကျတဲ့အခါ ကောင်းကင်ဖခင်ရဲ့ မေတ္တာ မခံစားရအောင် ဘာကမှ မတားဆီးနိုင်ကြောင်း သတိရကြပါစို့။—ရောမ ၈:၃၈၊ ၃၉ ကိုဖတ်ပါ။

a အသုံးမကျဘူးလို့ ခံစားရစေတဲ့ အခြေအနေတွေ ကြုံဖူးသလား။ သင့်ကို ယေဟောဝါ ဘယ်လောက် တန်ဖိုးထားကြောင်း၊ ဘဝမှာ ဘာတွေပဲ ကြုံရပါစေ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ် ဆက်ရှိအောင် ဘာလုပ်နိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

သင် ဘယ်လို ဖြေမလဲ

  • ကျန်းမာရေး ပြဿနာ ကြုံရတဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဘယ်လို ဖော်ပြသလဲ။

  • စီးပွားရေး ပြဿနာ ကြုံရတဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဘယ်လို ဖော်ပြသလဲ။

  • အသက်ကြီးလာလို့ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ တန်ဖိုးထားကြောင်း ဘယ်လို ဖော်ပြသလဲ။

သီချင်း ၃၀ ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ