ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ အောက်တိုဘာ စာ. ၁၈-၂၃
  • အမှန်တရားကို ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဆုပ်ကိုင်ထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တရားကို ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဆုပ်ကိုင်ထားပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရုပ်တုကိုးကွယ်မှုကို ငြင်းပယ်ကြ
  • ယေဟောဝါရဲ့ နာမည်ကို လေးစားကြ
  • အမှန်တရားကို ချစ်မြတ်နိုးကြ
  • အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြ
  • ‘ယုံကြည်ခြင်း တစ်မျိုးတည်း’
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကိုယ့်ယုံကြည်ချက်ဟာ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • မှန်သောဘာသာကို ခွဲခြားသိမြင်ခြင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ အောက်တိုဘာ စာ. ၁၈-၂၃

လေ့လာရန် ဆောင်းပါး ၄၂

အမှန်တရားကို ခိုင်မာတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဆုပ်ကိုင်ထားပါ

“အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။ ပြီးတဲ့နောက် ကောင်းမွန်ရာကို စွဲကိုင်ထားပါ။”—၁ သက်. ၅:၂၁။

သီချင်း ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

အကြိုသုံးသပ်ချက်a

၁။ လူများစွာ ဘာကြောင့် စိတ်ရှုပ်နေကြသလဲ။

ဘုရား နှစ်သက်တဲ့ နည်းအတိုင်း ဝတ်ပြုနေတယ်လို့ ပြောတဲ့ ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်း ထောင်နဲ့ချီ ရှိတယ်။ ဒါကြောင့် လူတွေ တော်တော် စိတ်ရှုပ်နေကြတာ မဆန်းပါဘူး။ “စစ်မှန်တဲ့ ဘာသာ တစ်ခု ရှိသလား၊ ဒါမှမဟုတ် ဘာသာအားလုံးကို ဘုရား နှစ်သက်လက်ခံသလား” လို့ သူတို့ မေးကြတယ်။ ကျွန်တော်တို့ သွန်သင်နေတာတွေ အမှန်တရား ဖြစ်ကြောင်း၊ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရေး ပုံစံကို ဘုရား နှစ်သက်လက်ခံကြောင်း တကယ် ယုံကြည်စိတ်ချသလား။ အဲဒီလို ယုံကြည်စိတ်ချမှုမျိုး ရှိဖို့ တကယ် ဖြစ်နိုင်ပါ့မလား။ အထောက်အထားတွေကို သုံးသပ်ကြည့်ကြစို့။

၂။ အမှန်တရားကို တမန်တော် ပေါလု ဘာကြောင့် အခိုင်အမာ ယုံကြည်စိတ်ချသလဲ။ (၁ သက်သာလောနိတ် ၁:၅)

၂ အမှန်တရားကို တမန်တော် ပေါလု အခိုင်အမာ ယုံကြည်စိတ်ချတယ်။ (၁ သက်သာလောနိတ် ၁:၅ ကို ဖတ်ပါ။) အဲဒီယုံကြည်စိတ်ချမှုဟာ စိတ်ခံစားချက် သက်သက် မဟုတ်ဘူး။ ပေါလုဟာ ကျမ်းစာကို ထက်ထက်သန်သန် လေ့လာသူ ဖြစ်တယ်။ “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထား” ကြောင်း ယုံကြည်တယ်။ (၂ တိ. ၃:၁၆) ကျမ်းစာ လေ့လာတဲ့အခါ ပေါလု ဘာသိလာသလဲ။ ယေရှုဟာ ကတိထားရာ မေရှိယ ဖြစ်ကြောင်း မငြင်းနိုင်တဲ့ အထောက်အထားတွေ သိလာတယ်။ အဲဒီအထောက်အထားတွေကို ဂျူးဘာသာရေး ခေါင်းဆောင်တွေ ငြင်းပယ်ကြတယ်။ ဘုရားအကြောင်း အမှန်တရား သွန်သင်တယ်လို့ ပြောပေမဲ့ သူတို့ရဲ့ လုပ်ရပ်ကတော့ ဘုရားကို ငြင်းပယ်ကြတယ်။ (တိ. ၁:၁၆) ပေါလုကတော့ သူတို့လို မဟုတ်ဘူး။ ကျမ်းစာထဲက ကိုယ်ကြိုက်တဲ့ အပိုင်းတချို့ကိုပဲ လက်ခံမယ့်အစား “ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မှန်သမျှ” ကို သွန်သင်၊ ကျင့်သုံးဖို့ အသင့်ရှိတယ်။—တ. ၂၀:၂၇။

၃။ ခိုင်မာတဲ့ ယုံကြည်စိတ်ချမှု ရှိဖို့ မေးခွန်းအားလုံးရဲ့ အဖြေကို သိဖို့ လိုသလား။ (“ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေ၊ အကြံအစည်တွေ ‘ပြောမကုန်နိုင်အောင် များလှ’” လေးထောင့်ကွက်ကို ကြည့်ပါ။)

၃ စစ်မှန်တဲ့ ဘာသာဆိုရင် မေးခွန်းတိုင်း၊ ကျမ်းစာမှာ တိတိကျကျ မဖော်ပြထားတဲ့ မေးခွန်းတွေကိုတောင် ဖြေပေးနိုင်ရမယ်လို့ တချို့ ယူဆကြတယ်။ အဲဒါ လက်တွေ့ကျသလား။ ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေး” ဖို့ ယုံကြည်သူချင်းတွေကို ပေါလု အားပေးပေမဲ့ ကိုယ်တိုင် နားမလည်တာ များစွာရှိကြောင်းလည်း ဝန်ခံတယ်။ (၁ သက်. ၅:၂၁) “ကျွန်တော်တို့ရဲ့ အသိပညာဟာ အပြည့်အစုံ မဟုတ်ဘူး” လို့ ပြောတယ်။ “ကြေးမုံမှာ မြင်သလို မှုန်ဝါးဝါးပဲ မြင်ရတယ်” လို့လည်း ပြောတယ်။ (၁ ကော. ၁၃:၉၊ ၁၂) ပေါလုဟာ အရာအားလုံးကို နားလည်တာ မဟုတ်ဘူး။ ဒါပေမဲ့ အမှန်တရား ဖြစ်ကြောင်း ယုံကြည်စိတ်ချဖို့ လိုအပ်တဲ့ အခြေခံ အမှန်တရားတွေကိုတော့ သိထားတယ်။

ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေ၊ အကြံအစည်တွေ “ပြောမကုန်နိုင်အောင် များလှ”

ကျွန်တော်တို့မှာ အမှန်တရား ရှိတယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု ခိုင်မာဖို့ မေးခွန်းအားလုံးရဲ့ အဖြေကို သိဖို့ လိုသလား။ အမေးခံရတဲ့ မေးခွန်း မှန်သမျှကို ဖြေနိုင်ဖို့ လိုသလား။ မလိုပါဘူး။ အောက်ပါကျမ်းချက်တွေက ဖော်ပြတဲ့အတိုင်း ယေဟောဝါရဲ့ လုပ်ဆောင်မှု၊ အကြံအစည် အားလုံးကို ကျွန်တော်တို့ ဘယ်တော့မှ အပြည့်အဝ သိမှာ မဟုတ်ဘူး။ ဘုရားအကြောင်း ထာဝရ သင်ယူသွားရမှာ။ ဒီအတောအတွင်း မိမိအကြောင်း၊ မိမိရည်ရွယ်ချက်အကြောင်း ကျွန်တော်တို့ သိသင့်သလောက် ယေဟောဝါ ဖော်ပြပေးတယ်။ ဒီလောက်နဲ့တင် ဘုရားအပေါ် ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့၊ တခြားသူတွေကို ကျမ်းစာ အခြေခံ သွန်သင်ချက်တွေ ရှင်းပြဖို့ လုံလောက်တယ်။

  • ဆာလံ ၄၀:၅– “ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေ၊ အံ့ဖွယ်အမှုတွေ၊ ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အကြံအစည်တွေဟာ များပြားလိုက်တာ။ ကိုယ်တော့်ကို ယှဉ်နိုင်တဲ့သူ မရှိဘူး။ အဲဒီအကြောင်းတွေကို ပြောကြည့်လိုက်တဲ့အခါ ပြောမကုန်နိုင်အောင် များလှတယ်။”

  • ဒေသနာ ၃:၁၁– “ဘုရားက အရာအားလုံးကို သူ့အချိန်နဲ့သူ တင့်တယ်လှပစွာ လုပ်ထားတယ်။ လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရ ကာလကို ထည့်ပေးထားတယ်။ ဒါပေမဲ့ လူသားတွေက စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုတွေအကြောင်း အစကနေ အဆုံးအထိ ဘယ်တော့မှ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။”

  • ဟေရှာယ ၅၅:၉– “မိုးကောင်းကင်ဟာ မြေကြီးထက် မြင့်မားသလို ငါ့လမ်းစဉ်ဟာ မင်းတို့ရဲ့ လမ်းစဉ်ထက်၊ ငါ့အကြံအစည်ဟာ မင်းတို့ရဲ့ အကြံအစည်ထက် မြင့်မားတယ်။”

  • ရောမ ၁၁:၃၃– “ဘုရားသခင်ရဲ့ ကောင်းချီး၊ ဉာဏ်ပညာ၊ အသိပညာတွေဟာ ကြွယ်ဝများပြားလိုက်တာ။ တရားစီရင်ချက်တွေကို စိစစ်လို့ မကုန်နိုင်ဘူး။ နည်းလမ်းတော်တွေကို ခြေရာခံလိုက်လို့ မမီနိုင်ဘူး။”

၄။ ယုံကြည်စိတ်ချမှု ခိုင်မာအောင် ဘယ်လို လုပ်နိုင်သလဲ။ ခရစ်ယာန်စစ်တွေနဲ့ပတ်သက်ပြီး ဘာဆွေးနွေးကြမလဲ။

၄ ယုံကြည်စိတ်ချမှု ခိုင်မာအောင် လုပ်နိုင်တဲ့ တစ်နည်းကတော့ ယေရှု ချမှတ်ခဲ့တဲ့ ဝတ်ပြုမှု ပုံစံကို ဒီနေ့ခေတ် ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုမှု ပုံစံနဲ့ နှိုင်းယှဉ်ခြင်းအားဖြင့်ပါပဲ။ ခရစ်ယာန်စစ်တွေဟာ (၁) ရုပ်တုကိုးကွယ်မှုကို ငြင်းပယ်ကြောင်း၊ (၂) ယေဟောဝါရဲ့ နာမည်ကို လေးစားကြောင်း၊ (၃) အမှန်တရားကို ချစ်ကြောင်း၊ (၄) အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

ရုပ်တုကိုးကွယ်မှုကို ငြင်းပယ်ကြ

၅။ ဘုရားကို နည်းမှန်လမ်းကျ ဝတ်ပြုတာနဲ့ပတ်သက်ပြီး ယေရှုဆီကနေ ဘာသိရသလဲ။ ယေရှုရဲ့ သွန်သင်ချက်ကို ဘယ်လို ကျင့်သုံးနိုင်သလဲ။

၅ ယေရှုဟာ ဘုရားကို နှစ်နှစ်ကာကာ ချစ်လို့ ကောင်းကင်မှာရော မြေကြီးပေါ် ရှိချိန်မှာပါ အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုတယ်။ (လု. ၄:၈) တပည့်တွေကိုလည်း အဲဒီလို ဝတ်ပြုဖို့ သွန်သင်တယ်။ ယေရှုရော သစ္စာရှိ တပည့်တွေပါ ဝတ်ပြုရေးမှာ ရုပ်တုတွေ အသုံးမပြုကြဘူး။ ဘုရားသခင်ဟာ နာမ်ဝိညာဉ် ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် လူလုပ်တဲ့အရာ တစ်ခုမှ ယေဟောဝါ ဘုန်းတော်ရဲ့ ခြေဖျားတောင် မမီနိုင်ဘူး။ (ဟေရှာ. ၄၆:၅) သူတော်စင် ရုပ်တုတွေ လုပ်ပြီး သူတို့ဆီ ဆုတောင်းတာကော။ ပညတ်တော် ဆယ်ပါးထဲက ဒုတိယပညတ်မှာ “အထက် မိုးကောင်းကင်ပေါ်က၊ အောက်အရပ် မြေကြီးပေါ်က၊ . . . အရာတစ်ခုခုနဲ့ ပုံသဏ္ဌာန် တူတာကိုဖြစ်စေ၊ ရုပ်တုကိုဖြစ်စေ မလုပ်နဲ့။ အဲဒါတွေကို ဦးမချနဲ့” လို့ ယေဟောဝါ ပြောတယ်။ (ထွ. ၂၀:၄၊ ၅) ဘုရားနှစ်သက်မှု ရချင်သူတွေအတွက် အဲဒီစကားတွေက ရှင်းပါတယ်။

၆။ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေ ဘယ်ဝတ်ပြုမှု ပုံစံကို လိုက်နေကြသလဲ။

၆ အစောပိုင်း ခရစ်ယာန်တွေ ဘုရားတစ်ပါးတည်းကိုပဲ အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုကြောင်း သမိုင်းပညာရှင်တွေ အသိအမှတ်ပြုတယ်။ ဥပမာ၊ အစောပိုင်း ခရစ်ယာန်တွေဟာ ဝတ်ပြုရေးမှာ ရုပ်တု အသုံးပြုတဲ့ အယူအဆကို “ရွံမုန်းကြမှာပဲ” လို့ စာအုပ်တစ်အုပ် (History of the Christian Church) မှာ ဖော်ပြတယ်။ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေလည်း အစောပိုင်း ခရစ်ယာန်တွေ ချမှတ်ခဲ့တဲ့ ပုံစံကို လိုက်လျှောက်ကြတယ်။ “သူတော်စင်” ဒါမှမဟုတ် ကောင်းကင်တမန် ရုပ်တုတွေရှေ့ ဆုမတောင်းကြဘူး။ ယေရှုဆီကိုတောင် ဆုမတောင်းကြဘူး။ အလံ အလေးမပြုဘူး။ အစိုးရကို ကိုးကွယ်ရာ ရောက်စေမယ့် ဘယ်အရာကိုမှ မလုပ်ကြဘူး။ ဘာပဲ ကြုံရပါစေ “ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်” ဆိုတဲ့ ယေရှုရဲ့ စကားကို နာခံဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။—မ. ၄:၁၀။

၇။ ယေဟောဝါသက်သေတွေနဲ့ တခြား ဘာသာရေးတွေ ဘယ်လို သိသိသာသာ ကွဲပြားသလဲ။

၇ ဒီနေ့ခေတ်မှာ လူများစွာဟာ နာမည်ကျော် တရားဟောဆရာတွေနောက် လိုက်ကြတယ်။ သူတို့ကို ကြည်ညိုလေးစားလွန်းလို့ ကိုးကွယ်ခါနီးပဲ။ သူတို့ ဟောတဲ့ ဘုရားကျောင်းကို သွားကြတယ်။ သူတို့ ရေးတဲ့ စာအုပ်တွေ ဝယ်ဖတ်ကြတယ်။ သူတို့ အားပေးထောက်ခံတဲ့ အဖွဲ့အစည်းတွေကို အလှူငွေ အမြောက်အမြား ထည့်ဝင်ကြတယ်။ သူတို့ ပြောသမျှ ယုံကြတယ်။ ယေရှုကို တွေ့ရရင်တောင် အဲဒီလောက် ပျော်ကြမှာ မဟုတ်ဘူး။ ယေဟောဝါကို စစ်မှန်တဲ့နည်းနဲ့ ဝတ်ပြုနေသူတွေမှာတော့ ဓမ္မဆရာ အတန်းအစား မရှိဘူး။ ဦးဆောင်နေသူတွေကို လေးစားပေမဲ့ “ခင်ဗျားတို့အားလုံးဟာ ညီအစ်ကိုတွေပဲ” ဆိုတဲ့ ယေရှုရဲ့ ရှင်းလင်းတဲ့ သွန်သင်ချက်ကို လက်ခံကြတယ်။ (မ. ၂၃:၈-၁၀) ဘာသာရေး ခေါင်းဆောင်ဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်စေ ဘယ်လူသားကိုမှ ဘုရားနေရာ မထားဘူး။ သူတို့ရဲ့ ဦးတည်ချက် ပန်းတိုင်တွေကို မထောက်ခံဘူး။ နိုင်ငံရေးမှာ ကြားနေပြီး လောကနဲ့ မပတ်သက်ဘူး။ ဒီကဏ္ဍတွေမှာ အမည်ခံ ခရစ်ယာန် အုပ်စုများစွာနဲ့ ကျွန်တော်တို့ သိသိသာသာ ကွဲပြားကြတယ်။—ယော. ၁၈:၃၆။

ယေဟောဝါရဲ့ နာမည်ကို လေးစားကြ

ပုံ– ၁။ “ကမ္ဘာသစ် ဘာသာပြန်ကျမ်း” ကို ညီအစ်ကို ဂဲရစ် လော့ရှ် ထုတ်ဝေနေ။ ၂။ ကမ္ဘာ့ဒေသ အသီးသီးမှာ ဟောပြောနေတဲ့ ညီအစ်ကို/မများ။

ယေဟောဝါအကြောင်း တခြားသူတွေကို ပြောပြရတာ ခရစ်ယာန်စစ်တွေ ဂုဏ်ယူကြ (စာပိုဒ် ၈-၁၀ ကို ကြည့်ပါ)d

၈။ မိမိနာမည်ကို ယေဟောဝါ ဘုန်းထင်ရှားစေချင်ကြောင်း၊ လူအများကို သိစေချင်ကြောင်း ဘယ်လို သိရသလဲ။

၈ “အဖ၊ အဖရဲ့ နာမည်ကို ဘုန်းထင်ရှားစေပါ” လို့ တစ်ကြိမ်မှာ ယေရှု ဆုတောင်းတယ်။ ဆုတောင်းချက်ကို ယေဟောဝါ ကောင်းကင်ကနေ ကျယ်လောင်တဲ့ အသံနဲ့ အဖြေပေးပြီး ဘုန်းထင်ရှားစေဦးမယ်လို့ ကတိပေးတယ်။ (ယော. ၁၂:၂၈) အမှုဆောင်လုပ်ငန်း လုပ်ဆောင်ချိန်တစ်လျှောက် ဖခင်ရဲ့ နာမည်ကို ယေရှု ဘုန်းထင်ရှားစေတယ်။ (ယော. ၁၇:၂၆) ဒါကြောင့် ခရစ်ယာန်စစ်တွေဟာ ဘုရားနာမည် သုံးရတာ၊ တခြားသူတွေ သိအောင် လုပ်ခွင့် ရတာကို ဂုဏ်ယူကြတယ်။

၉။ ပထမရာစု ခရစ်ယာန်တွေ ဘုရားနာမည်ကို လေးစားကြောင်း ဘယ်လို သက်သေထူခဲ့ကြသလဲ။

၉ ပထမရာစု ခရစ်ယာန် အသင်းတော် တည်ထောင်ပြီး မကြာခင် ယေဟောဝါက “လူမျိုးခြားတွေကို သတိရပြီး နာမတော်အတွက် သူတို့ထဲကနေ လူတွေကို ရွေးချယ်လိုက်” တယ်။ (တ. ၁၅:၁၄) ပထမရာစု ခရစ်ယာန်တွေဟာ ဘုရားနာမည် သုံးရတာ၊ တခြားသူတွေ သိအောင် လုပ်ခွင့် ရတာကို ဂုဏ်ယူကြတယ်။ အမှုဆောင်မှာ၊ ကျမ်းစောင်တွေ ရေးသားချိန်မှာ ဘုရားနာမည်ကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်။b ဘုရားနာမတော်အတွက် လူမျိုး ဖြစ်ကြောင်း သက်သေထူခဲ့ကြတယ်။—တ. ၂:၁၄၊ ၂၁။

၁၀။ ယေဟောဝါသက်သေတွေဟာ နာမတော်အတွက် လူမျိုး ဖြစ်ကြောင်း ဘယ်အထောက်အထား ရှိသလဲ။

၁၀ ယေဟောဝါသက်သေတွေကော ယေဟောဝါရဲ့ နာမတော်အတွက် လူမျိုး ဖြစ်သလား။ အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။ ဒီနေ့ခေတ်မှာ ဘာသာရေး ခေါင်းဆောင်များစွာက ဘုရားသခင်မှာ ကိုယ်ပိုင်နာမည် ရှိတယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်။ ဘာသာပြန် ကျမ်းစာတွေထဲကနေ ဘုရားနာမည်ကို ထုတ်ပစ်ကြတယ်။ ချာ့ချ်ဝတ်ပြုဆုတောင်းချိန်တွေမှာ ဘုရားနာမည် သုံးတာကို ပိတ်ပင်တားမြစ်ကြတယ်။c ယေဟောဝါသက်သေတွေပဲ ယေဟောဝါနာမည်ကို လေးစားဂုဏ်တင်တယ်ဆိုတာ ဘယ်သူ ငြင်းနိုင်မှာလဲ။ ဘုရားနာမည်ကို လူသိများအောင် တခြား ဘာသာရေးအုပ်စုတွေထက် ပိုလုပ်ဆောင်နေကြတယ်။ ယေဟောဝါသက်သေဆိုတဲ့ နာမည်နဲ့အညီ အတတ်နိုင်ဆုံး အသက်ရှင်နေကြတယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ကမ္ဘာသစ် ဘာသာပြန်ကျမ်း သန်း ၂၄၀ ကျော် ထုတ်ဝေထားပြီး တခြား ဘာသာပြန်ကျမ်းတွေမှာ ထုတ်ပယ်ထားတဲ့ ယေဟောဝါရဲ့ နာမည်ကို သူ့နေရာနဲ့သူ ပြန်ထည့်ထားတယ်။ ယေဟောဝါနာမည် သုံးထားတဲ့ ကျမ်းစာ အခြေပြုစာပေတွေကိုလည်း ဘာသာစကား ၁၀၀၀ ကျော်နဲ့ ထုတ်ဝေနေတယ်။

အမှန်တရားကို ချစ်မြတ်နိုးကြ

၁၁။ အစောပိုင်း ခရစ်ယာန်တွေ အမှန်တရားကို ချစ်မြတ်နိုးကြောင်း ဘယ်လို ဖော်ပြကြသလဲ။

၁၁ ဘုရားနဲ့ပတ်သက်တဲ့၊ ဘုရားရည်ရွယ်ချက်တွေနဲ့ပတ်သက်တဲ့ အမှန်တရားကို ယေရှု ချစ်မြတ်နိုးတယ်။ အဲဒီအမှန်တရားနဲ့အညီ နေထိုင်တယ်။ တခြားသူတွေ သိလာအောင် ကူညီပေးတယ်။ (ယော. ၁၈:၃၇) ယေရှုရဲ့ နောက်လိုက်စစ်တွေလည်း အမှန်တရားကို ချစ်မြတ်နိုးကြတယ်။ (ယော. ၄:၂၃၊ ၂၄) ခရစ်ယာန် လမ်းစဉ်ဟာ “အမှန်တရား လမ်းစဉ်” ဖြစ်တယ်လို့ တမန်တော် ပေတရု ပြောတယ်။ (၂ ပေ. ၂:၂) အမှန်တရားကို ချစ်မြတ်နိုးတဲ့အတွက် အစောပိုင်း ခရစ်ယာန်တွေဟာ အမှန်တရားနဲ့ မကိုက်ညီတဲ့ ဘာသာရေး အယူအဆတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ကိုယ်ပိုင် ထင်မြင်ယူဆချက်တွေကို လက်မခံကြဘူး။ (ကော. ၂:၈) ဒီနေ့ခေတ်မှာလည်း ခရစ်ယာန်စစ်တွေဟာ ယုံကြည်ချက်နဲ့ ဘဝလမ်းစဉ်ကို ယေဟောဝါရဲ့ တရားစကားပေါ် အတိအကျ အခြေခံခြင်းအားဖြင့် “အမှန်တရား လမ်းစဉ်မှာ အမြဲ လျှောက်လှမ်း” ဖို့ ကြိုးစားနေကြတယ်။—၃ ယော. ၃၊ ၄။

၁၂။ အမှန်တရားနဲ့ပတ်သက်တဲ့ နားလည်မှုတချို့ ပြုပြင်ဖို့ လိုမှန်း ဦးဆောင်သူတွေ သိလာတဲ့အခါ ဘာလုပ်ကြသလဲ။ ဘာကြောင့်လဲ။

၁၂ ဒီနေ့ခေတ် ဘုရားလူမျိုးဟာ အမှန်တရားကို အပြည့်အဝ နားလည်တယ်လို့တော့ မပြောကြဘူး။ တစ်ခါတလေ အယူဝါဒပိုင်း နားလည်မှု၊ အဖွဲ့အစည်းပိုင်း လမ်းညွှန်မှု မှားတဲ့အခါတွေ ရှိတယ်။ ဒါကို မအံ့ဩသင့်ပါဘူး။ တိကျမှန်ကန်တဲ့ အသိပညာ တဖြည်းဖြည်း တိုးများလာမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ (ကော. ၁:၉၊ ၁၀) အမှန်တရားကို ယေဟောဝါ တဖြည်းဖြည်း ဖွင့်ပြတယ်။ အမှန်တရား အလင်း ပိုထွန်းလင်းလာချိန်အထိ ကျွန်တော်တို့ စိတ်ရှည်ရှည် စောင့်ဆိုင်းရမယ်။ (ပညာ. ၄:၁၈) အမှန်တရားနဲ့ပတ်သက်တဲ့ နားလည်မှုတချို့ ပြုပြင်ဖို့ လိုမှန်း ဦးဆောင်သူတွေ သိလာတဲ့အခါ လိုအပ်သလို ချက်ချင်း ပြုပြင်ပြောင်းလဲကြတယ်။ ဒီနေ့ခေတ် ချာ့ချ်များစွာလည်း အပြောင်းအလဲတွေ လုပ်ကြပေမဲ့ အသင်းသားတွေရဲ့ အကြိုက် လိုက်ဖို့၊ ထင်ပေါ်ကျော်ကြားဖို့ပဲ။ ယေဟောဝါသက်သေတွေ ပြောင်းလဲတာကျတော့ ဘုရားနဲ့ ပိုရင်းနှီးဖို့၊ ယေရှုရဲ့ လမ်းစဉ်အတိုင်း ဘုရားကို ဝတ်ပြုနိုင်ဖို့ပါ။ (ယာ. ၄:၄) ကျွန်တော်တို့ ပြုပြင်ပြောင်းလဲတာဟာ လောကက လူ့အတွေးအခေါ်တွေ ပြောင်းလဲသွားလို့ မဟုတ်ဘူး။ ကျမ်းစာကို ပိုနားလည်လာလို့ပါ။ အမှန်တရားကို ကျွန်တော်တို့ ချစ်မြတ်နိုးကြတယ်။—၁ သက်. ၂:၃၊ ၄။

အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြ

၁၃။ ခရစ်ယာန်စစ်တွေရဲ့ အဓိက အရည်အသွေးက ဘာလဲ။ အဲဒါကို ဒီနေ့ခေတ် ယေဟောဝါသက်သေတွေ ဘယ်လို ပြနေကြသလဲ။

၁၃ ပထမရာစု ခရစ်ယာန်တွေမှာ ရှိတဲ့ အရည်အသွေးတွေထဲမှာ အထင်ရှားဆုံးကတော့ မေတ္တာပါ။ “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၃:၃၄၊ ၃၅) ဒီနေ့ခေတ် ယေဟောဝါသက်သေတွေဟာ ကမ္ဘာချီ အတိုင်းအတာနဲ့ ချစ်ခင်စည်းလုံးနေကြတယ်။ တခြားအဖွဲ့အစည်းတွေနဲ့ မတူဘဲ နိုင်ငံ၊ လူမျိုး၊ လူမှုရေး ခွဲခြားမှု လုံးဝ မရှိဘူး။ အစည်းအဝေး၊ စည်းဝေးပွဲ၊ ခရိုင်အစည်းအဝေးတွေမှာ စစ်မှန်တဲ့ မေတ္တာ အထောက်အထားကို တွေ့ရတယ်။ အဲဒီအထောက်အထားကြောင့် ကျွန်တော်တို့ရဲ့ ဝတ်ပြုမှု ပုံစံကို ယေဟောဝါ နှစ်သက်လက်ခံမှန်း ပိုယုံကြည်စိတ်ချကြတယ်။

၁၄။ ကောလောသဲ ၃:၁၂-၁၄ အရ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြောင်း ပြနိုင်တဲ့ အရေးကြီး နည်းတစ်နည်းက ဘာလဲ။

၁၄ “အချင်းချင်း နှစ်နှစ်ကာကာ ချစ်” ဖို့ ကျမ်းစာမှာ အားပေးထားတယ်။ (၁ ပေ. ၄:၈) အဲဒီလိုချစ်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ အချင်းချင်း ခွင့်လွှတ်ခြင်း၊ မစုံလင်မှုတွေကို သည်းခံခြင်းအားဖြင့်ပါပဲ။ ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်သူတွေ အပါအဝင် အသင်းတော်မှာ ရှိသူ အားလုံးကို ရက်ရောဖို့၊ ဧည့်ဝတ်ပြုဖို့ ကျွန်တော်တို့ အခွင့်အရေး ရှာကြတယ်။ (ကောလောသဲ ၃:၁၂-၁၄ ကို ဖတ်ပါ။) အဲဒီလို မေတ္တာနှောင်ကြိုးဟာ ခရစ်ယာန်စစ်တွေရဲ့ အထူးခြားဆုံး အမှတ်အသားပါပဲ။

‘ယုံကြည်ခြင်း တစ်မျိုးတည်း’

၁၅။ ပထမရာစု ခရစ်ယာန်တွေ ချမှတ်ခဲ့တဲ့ ဝတ်ပြုမှု ပုံစံကို တခြား ဘယ်နည်းတွေနဲ့ ကျွန်တော်တို့ လိုက်နေသလဲ။

၁၅ ပထမရာစု ခရစ်ယာန် အသင်းတော် ချမှတ်ခဲ့တဲ့ ဝတ်ပြုမှု ပုံစံကို တခြားနည်းတွေနဲ့လည်း ကျွန်တော်တို့ လိုက်နေကြတယ်။ ဥပမာ၊ နယ်လှည့်ကြီးကြပ်မှူး၊ အကြီးအကဲ၊ အသင်းတော် အမှုထမ်း အပါအဝင် အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံဟာ ပထမရာစု တမန်တော်တွေ ချမှတ်ခဲ့တဲ့ ပုံစံအတိုင်းပဲ။ (ဖိ. ၁:၁။ တိ. ၁:၅) လိင်နဲ့ ထိမ်းမြားခြင်းအပေါ် ကျွန်တော်တို့ရဲ့ သဘောထား၊ သွေးရဲ့ မြင့်မြတ်မှုကို လေးစားခြင်း၊ နောင်တမယူတဲ့ အပြစ်ကျူးလွန်သူတွေရဲ့ ဩဇာလွှမ်းမိုးမှုကနေ အသင်းတော်ကို ကာကွယ်ခြင်း စတာအားလုံး ပထမရာစု ပုံစံကို အခြေခံတယ်။—တ. ၁၅:၂၈၊ ၂၉။ ၁ ကော. ၅:၁၁-၁၃။ ၆:၉၊ ၁၀။ ဟီ. ၁၃:၄။

၁၆။ ဧဖက် ၄:၄-၆ မှာ ပါတဲ့ စကားကနေ ဘာသိရသလဲ။

၁၆ မိမိတပည့်လို့ ပြောပေမဲ့ အားလုံးကတော့ တပည့်စစ် ဖြစ်မှာ မဟုတ်ဘူးလို့ ယေရှု ပြောတယ်။ (မ. ၇:၂၁-၂၃) နောက်ဆုံးကာလမှာ အများစုက “ဘုရားတရား ကြည်ညိုဟန်” ရှိကြမယ်လို့ ကျမ်းစာမှာ သတိပေးတယ်။ (၂ တိ. ၃:၁၊ ၅) ဒါပေမဲ့ ‘ယုံကြည်ခြင်း တစ်မျိုးတည်း’ ကိုပဲ ဘုရား နှစ်သက်လက်ခံတယ်။—ဧဖက် ၄:၄-၆ ကို ဖတ်ပါ။

၁၇။ ဒီနေ့ခေတ်မှာ ယေရှုနောက် လိုက်နေတာ၊ စစ်မှန်တဲ့ ယုံကြည်ခြင်း တစ်မျိုးတည်းကို လက်ခံကျင့်သုံးနေတာ ဘယ်သူတွေလဲ။

၁၇ ဒီနေ့ခေတ်မှာ စစ်မှန်တဲ့ ယုံကြည်ခြင်း တစ်မျိုးတည်းကို လက်ခံကျင့်သုံးနေတာ ဘယ်သူတွေလဲ။ အထောက်အထားတွေကို သုံးသပ်ခဲ့ကြပြီ။ ယေရှု သွန်သင်ခဲ့တဲ့၊ ပထမရာစု ခရစ်ယာန်တွေ လိုက်လျှောက်ခဲ့တဲ့ ဝတ်ပြုမှု ပုံစံကိုလည်း လေ့လာခဲ့ကြပြီ။ အဖြေတစ်ခုပဲ ရှိတယ်။ ယေဟောဝါသက်သေတွေပါပဲ။ ယေဟောဝါရဲ့ လူမျိုး ဖြစ်ခွင့်၊ ယေဟောဝါနဲ့ ရည်ရွယ်ချက်တွေအကြောင်း သိခွင့် ရတာ တကယ့် အခွင့်ထူးပါပဲ။ အမှန်တရားကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ ဆက်ဆုပ်ကိုင်ထားကြပါစို့။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါသက်သေတွေဟာ ယေဟောဝါကို အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုကြောင်း၊ ဘုရားနာမည်ကို လေးစားကြောင်း ဘယ်လို ပြနေကြသလဲ။

  • ယေဟောဝါသက်သေတွေဟာ အမှန်တရားကို ချစ်မြတ်နိုးကြောင်း ဘယ်လို ပြနေကြသလဲ။

  • ယေဟောဝါသက်သေတွေဟာ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြောင်း ဘယ်လို ပြနေကြသလဲ။

သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ

a ယေရှု ချမှတ်ခဲ့တဲ့ စစ်မှန်တဲ့ ဝတ်ပြုရေး ပုံစံအကြောင်း၊ အဲဒီပုံစံအတိုင်း အစောပိုင်း တပည့်တွေ ဘယ်လို လိုက်လျှောက်ခဲ့ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ဒီနေ့ခေတ် ယေဟောဝါသက်သေတွေ အဲဒီပုံစံကို လိုက်လျှောက်နေကြောင်း အထောက်အထားတွေကိုလည်း သုံးသပ်ကြပါမယ်။

b ၂၀၁၀၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် စာ. ၆၊ “ဘုရားသခင့် နာမတော်ကို ကနဦး ခရစ်ယာန်များ အသုံးပြုခဲ့ကြသလော” လေးထောင့်ကွက်ကို ကြည့်ပါ။

c ဥပမာ၊ ၂၀၀၈ မှာ ဆယ့်ခြောက်ယောက်မြောက် ပုပ်ရဟန်းမင်း ဘင်နီဒစ်က ကက်သလစ် ဝတ်ပြုဆုတောင်းပွဲတွေ၊ သီချင်းတွေမှာ ဘုရားနာမည်ကို “မသုံးရဘူး၊ အသံထွက် မဆိုရဘူး” လို့ တားမြစ်တယ်။

d ပုံအညွှန်း– ယေဟောဝါရဲ့ အဖွဲ့အစည်းဟာ ကမ္ဘာသစ် ဘာသာပြန်ကျမ်း ကို ဘာသာစကားပေါင်း ၂၀၀ ကျော်နဲ့ ထုတ်ဝေထားတဲ့အတွက် ဘုရားနာမည် ပါတဲ့ ကျမ်းစာကို ကိုယ့်မိခင်ဘာသာစကားနဲ့ ဖတ်နိုင်ကြပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ