လေ့လာရန် ဆောင်းပါး ၄၅
သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့အကြောင်းများ
ချစ်ရသူတွေကို ပြုစုစောင့်ရှောက်ပေးရင်း ပျော်ရွှင်နေပါ
“မျက်ရည်ကျရင်း မျိုးစေ့ကြဲသူတွေဟာ ရွှင်လန်းစွာ ကြွေးကြော်ရင်း ရိတ်သိမ်းရလိမ့်မယ်။”—ဆာ. ၁၂၆:၅။
အာရုံစိုက်ရာ
သက်ကြီးရွယ်အို ဒါမှမဟုတ် လူနာ ပြုစုပေးသူတွေ ဘယ်လို ပျော်ရွှင်နေနိုင်သလဲ။
၁-၂။ သက်ကြီးရွယ်အို ဒါမှမဟုတ် လူနာ ပြုစုပေးသူတွေကို ယေဟောဝါ ဘယ်လို သဘောထားသလဲ။ (ပညာအလိမ္မာ ၁၉:၁၇) (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)
“ကျွန်တော်တို့လင်မယား အိမ်ထောင်သက် ၃၂ နှစ် ကျော်ပြီ။ ကျွန်တော့်ဇနီးမှာ ပါကင်ဆန်အာရုံကြောရောဂါ ရှိလို့ သိပ်မလှုပ်ရှားနိုင်ဘူး။ သူ့ကို ပြုစုပေးနေတာ ငါးနှစ် ရှိပြီ။ သူ့ကို ကျွန်တော် သိပ်ချစ်တယ်၊ တန်ဖိုးထားတယ်။ ပြုစုပေးရတာကို မငြိုငြင်ဘူး။ ညတိုင်း အိမ်က လူနာခုတင်မှာ သူ အိပ်တယ်။ ကျွန်တော်လည်း သူ့လက်လေး ကိုင်ရင်း ဘေးမှာ အိပ်တယ်” လို့ ကိုရီးယားနိုင်ငံက ညီအစ်ကို ဂျင်ယိုလ် ပြောတယ်။
၂ မိဘ၊ အိမ်ထောင်ဖက်၊ သားသမီး၊ မိတ်ဆွေတစ်ယောက်ယောက်ကို သင် ပြုစုပေးနေရသလား။ ပြုစုပေးရတာ အခွင့်ထူးပဲလို့ သင် သဘောထားမှာပါ။ ချစ်ရသူတွေကို ကြည့်ရှုစောင့်ရှောက်တာ ဘုရားတရားကိုင်းရှိုင်းတဲ့ လုပ်ရပ်ပါပဲ။ (၁ တိ. ၅:၄၊ ၈။ ယာ. ၁:၂၇) ဒါပေမဲ့ တခြားသူတွေ သတိမထားမိတဲ့ အခက်အခဲတွေ သင့်မှာ ရှိနိုင်တယ်။ သင့်ကို နားလည်ပေးမယ့်သူ မရှိဘူးလို့ တစ်ခါတလေ ခံစားရနိုင်တယ်။ လူရှေ့မှာ ပြုံးနေပေမဲ့ လူကွယ်ရာမှာ ကျိတ်ငိုနေရတာ လူတွေ သိချင်မှ သိမယ်။ (ဆာ. ၆:၆) လူတွေ မသိပေမဲ့ ယေဟောဝါဘုရား သိတယ်။ (ထွက်မြောက်ရာ ၃:၇ နဲ့ နှိုင်းယှဉ်ပါ။) သင့်မျက်ရည်တွေ၊ ပေးဆက်မှုတွေကို တန်ဖိုးထားတယ်။ (ဆာ. ၅၆:၈။ ၁၂၆:၅) ချစ်ရသူတွေအတွက် သင် လုပ်ပေးသမျှကို သတိထားမိတယ်။ သင့်ဆီ အကြွေးတင်နေတယ်လို့ သဘောထားပြီး ယေဟောဝါ ပြန်ဆပ်ပေးမယ်။—ပညာအလိမ္မာ ၁၉:၁၇ ကို ဖတ်ပါ။
ချစ်ရသူတစ်ယောက်ကို သင် ပြုစုနေရသလား (စာပိုဒ် ၂ ကို ကြည့်ပါ)
၃။ တေရကို ပြုစုစောင့်ရှောက်ရတာ အာဗြဟံနဲ့ စာရာအတွက် ဘာကြောင့် ခက်မလဲ။
၃ ချစ်ရသူတွေကို ပြုစုပေးတဲ့ အမျိုးသား/သမီးတွေအကြောင်း ကျမ်းမှတ်တမ်း အများကြီး ရှိတယ်။ အာဗြဟံနဲ့ စာရာအကြောင်း စဉ်းစားကြည့်ပါ။ ဥရမြို့ကနေ ထွက်လာတော့ သူတို့ရဲ့အဖေ တေရလည်း ပါလာတယ်။ တေရ အသက် ၂၀၀ လောက် ရှိပြီ။ မိုင် ၆၀၀ (ကီလိုမီတာ ၉၆၀) လောက် ဝေးတဲ့ ခါရန်မြို့ကို သူတို့ ခရီးနှင်ကြတာ။ (က. ၁၁:၃၁၊ ၃၂) အဲဒီခေတ်က ကုလားအုတ်တွေ၊ မြည်းတွေနဲ့ ခရီးသွားကြတာဆိုတော့ အထူးသဖြင့် သက်ကြီးတေရအတွက် မလွယ်ရှာဘူး။ တေရကို အာဗြဟံနဲ့ စာရာ သိပ်ချစ်ပေမဲ့ ခရီးသွားရင်း ပြုစုစောင့်ရှောက်ရတာ တော်တော်ခက်မှာပဲ။ သူတို့ မောဟိုက်ပြီး ခြေကုန်လက်ပန်းကျလာနိုင်တယ်။ ဒါပေမဲ့ လိုအပ်တဲ့ ခွန်အား ယေဟောဝါ ပေးခဲ့ပါတယ်။ အာဗြဟံနဲ့ စာရာကို ယေဟောဝါ ဖေးမပေးသလို သင့်ကိုလည်း ဖေးမပေးမယ်။—ဆာ. ၅၅:၂၂။
၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၄ ကိုယ်တိုင် ရွှင်လန်းနေမှ ကိုယ်ချစ်ရသူကို ဆက်ပြုစုပေးနိုင်မယ်။ (ပညာ. ၁၅:၁၃) အခက်အခဲတွေကို အပြုံးမပျက် ရင်ဆိုင်နိုင်မယ်။ (ယာ. ၁:၂၊ ၃) ဒါဆိုရင် ဘယ်လို ရွှင်လန်းနေနိုင်သလဲ။ တစ်နည်းကတော့ အကောင်းမြင်သဘောထား ဆက်ရှိဖို့ ဆုတောင်းတာပါ။ ချစ်ရသူကို ပြုစုစောင့်ရှောက်ရင်း ပျော်ရွှင်နေစေမယ့် တခြားအချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ သူတို့ကို တခြားသူတွေ ဘယ်လို ကူညီပေးနိုင်သလဲဆိုတာလည်း သုံးသပ်သွားပါမယ်။ ဦးဆုံး၊ ပြုစုစောင့်ရှောက်ပေးသူတွေ ပျော်ရွှင်နေဖို့ ဘာကြောင့် အရေးကြီးသလဲ၊ ပျော်ရွှင်နေဖို့ ဘာကြောင့် ခက်နိုင်သလဲဆိုတာ ဆွေးနွေးကြရအောင်။
ပြုစုစောင့်ရှောက်ပေးသူတွေရဲ့ အခက်အခဲများ
၅။ ပြုစုစောင့်ရှောက်ပေးသူတွေ ပျော်ရွှင်နေဖို့ ဘာကြောင့် အရေးကြီးသလဲ။
၅ ပြုစုစောင့်ရှောက်ပေးသူတွေဟာ အခက်အခဲတွေကိုပဲ စဉ်းစားနေရင် အလွယ်တကူ အားလျော့လာမယ်။ (ပညာ. ၂၄:၁၀) အားလျော့လာရင် စိတ်စေတနာ ရှိပေမဲ့ လိုက်လုပ်မပေးနိုင်တော့ဘူး။ ပြုစုစောင့်ရှောက်ပေးသူတွေ ပျော်ရွှင်နေဖို့ ဘာကြောင့် ခက်နိုင်သလဲ။
၆။ ပြုစုစောင့်ရှောက်ပေးသူတချို့ ဘာကြောင့် ခြေကုန်လက်ပန်းကျလာနိုင်သလဲ။
၆ ခြေကုန်လက်ပန်းကျလာနိုင်တယ်။ “ထွေထွေထူးထူး ကိစ္စရယ်လို့ မရှိတဲ့ နေ့တွေမှာတောင် စိတ်က တစ်စက်လေးမှ အနားမရတော့ ညရောက်ရင် လူက မြော့မြော့ပဲ ကျန်တော့တယ်။ တစ်ခါတလေ ဖုန်းဖြေဖို့၊ စာပြန်ဖို့တောင် အားမရှိတော့ဘူး” လို့ ညီအစ်မ လေအာ ပြောတယ်။ တချို့ဆိုရင် အိပ်ဖို့၊ ခြေဆန့်လက်ဆန့်လုပ်ဖို့ အချိန်တောင် မရကြဘူး။ “ညဘက် နှစ်နာရီခြားတစ်ခါ ထပြီး ယောက္ခမကို ပြုစုပေးရလို့ ကျွန်မ အိပ်ရေးပျက်လာတယ်။ ကျွန်မတို့လင်မယား အပန်းဖြေခရီး မထွက်ရတာတောင် နှစ်အတော်ကြာပြီ” လို့ ညီအစ်မ အီနက်စ် ပြောတယ်။ ချစ်ရသူကို အချိန်ပြည့် ပြုစုပေးရလို့ မိတ်ဆွေတွေနဲ့ မပေါင်းသင်းနိုင်၊ ဘုရားရေးရာလုပ်ဆောင်မှု တချို့မှာ မပါဝင်နိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ ဒီလိုနဲ့ သူတို့ကမ္ဘာလေး ကျဉ်းလာသလို ခံစားကြရတယ်။
၇။ ပြုစုစောင့်ရှောက်ပေးသူတချို့ ဘာကြောင့် မချင့်မရဲ၊ စိတ်မသက်မသာ ဖြစ်လာနိုင်သလဲ။
၇ မချင့်မရဲ၊ စိတ်မသက်မသာ ဖြစ်လာနိုင်တယ်။ “ကျွန်မလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုတော့ အနားယူဖို့ လိုအပ်တယ်။ ဒါပေမဲ့ အဖေ့ကို ထားပြီး နားလိုက်ရမှာ စိတ်မသန့်ဘူး” လို့ ညီအစ်မ ဂျက်ဆီကာ ပြောတယ်။ တချို့က ချစ်ရသူကို ဒီ့ထက် ပိုလုပ်ပေးနိုင်သင့်တာလို့ တွေးပြီး မချင့်မရဲဖြစ်ကြတယ်။ တစ်ခါတလေ ညည်းမိလို့၊ ပြုစုပေးရင်း စိတ်ပေါက်ပေါက်နဲ့ ပြောမိလုပ်မိလို့ စိတ်မကောင်းဖြစ်ကြတယ်။ (ယာ. ၃:၂) တချို့ကျတော့ အမြဲတက်ကြွနေတတ်သူတစ်ယောက် လူမမာ လုံးလုံးဖြစ်သွားတာ ကြည့်ပြီး စိတ်မသက်မသာဖြစ်ကြတယ်။ “ကိုယ်ချစ်ရသူ တစ်နေ့တခြား အခြေအနေ ပိုဆိုးလာတာ မြင်ရတာလောက် ကြေကွဲစရာကောင်းတာ မရှိဘူး” လို့ ညီအစ်မ ဘာဘရာ ပြောတယ်။
၈။ ကျေးဇူးတင်စကား ကြားရတဲ့အခါ ပြုစုစောင့်ရှောက်ပေးသူတွေ ဘယ်လို ခံစားရသလဲ။
၈ ကိုယ်လုပ်ပေးတာတွေကို အလေးမထားဘူးလို့ ခံစားရနိုင်တယ်။ ဘာကြောင့်လဲ။ အနစ်နာခံပေးဆက်နေပေမဲ့ ကျေးဇူးတင်စကား၊ ချီးမွမ်းစကား မကြားရလို့ ဖြစ်နိုင်တယ်။ တကယ်တော့ ကျေးဇူးတင်စကားလေးတစ်ခွန်းကတောင် သိပ်တာသွားတာ။ (၁ သက်. ၅:၁၈) “တစ်ခါတလေ စိတ်မွန်းကျပ်လွန်းလို့ ငိုချမိတယ်။ အဲဒီလိုအချိန်မှာ ကိုယ်ပြုစုပေးနေသူတွေဆီက ‘ကျေးဇူးတင်ပါတယ်’ ဆိုတဲ့ စကားလေး ကြားလိုက်ရရင်များ အားကိုတက်သွားတာပဲ။ နောက်တစ်ရက် နိုးထပြီး သူတို့ကို ပြုစုဖို့ အားဆေးတစ်ခွက် သောက်လိုက်ရသလိုပါပဲ” လို့ သက်ကြီးစောင့်ရှောက်သူအဖြစ် အလုပ်လုပ်သူ ညီအစ်မ မလစ်ဆာ ပြောတယ်။ ညီအစ်ကို အမာဒူတို့ဇနီးမောင်နှံဟာ ဝက်ရူးပြန်ရောဂါ ရှိတဲ့ တူမလေးကို ပြုစုပေးနေကြတယ်။ တူမလေး ကျေးဇူးသိတတ်တဲ့အခါ ဘယ်လို ခံစားရကြောင်း အမာဒူ ဒီလိုပြောတယ်– “တူမလေးက ငယ်သေးတော့ သူ့အတွက် ကျွန်တော်တို့ ဘယ်လောက် ပေးဆက်ရသလဲဆိုတာ အပြည့်အဝ နားလည်ဦးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်လို့ သူ လာပြောတဲ့အခါ၊ ‘ဦးဦးနဲ့ ဒေါ်ဒေါ်ကို ချစ်တယ်’ ဆိုပြီး ကြောင်ခြစ်ကုတ် လက်ရေးလေးနဲ့ ရေးပြီး လာပြတဲ့အခါ သိပ်အမောပြေရတယ်။”
ပျော်ရွှင်နေနိုင်ပုံ
၉။ ပြုစုစောင့်ရှောက်ပေးသူတွေ ကျိုးနွံကြောင်း ဘယ်လို ပြနိုင်သလဲ။
၉ ကျိုးနွံပါ။ (ပညာ. ၁၁:၂) ကျွန်တော်တို့အားလုံးမှာ အချိန်နဲ့ ခွန်အား အကန့်အသတ် ရှိကြတယ်။ ဒါကြောင့် ကိုယ် ဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူးဆိုတာ သတ်မှတ်ထားပါ။ ငြင်းသင့်တာ ငြင်းပါ။ ငြင်းလိုက်ရလို့ စိတ်မကောင်းမဖြစ်ပါနဲ့။ ဒါ ကျိုးနွံကြောင်း ပြနေတာပါ။ တခြားသူတွေ အကူအညီ ပေးလာတဲ့အခါ ဝမ်းသာအားရ လက်ခံပါ။ “ရတဲ့အချိန်၊ ရှိတဲ့ခွန်အားနဲ့ အကုန် လိုက်လုပ်ချင်လို့မရဘူး။ ကိုယ်လုပ်နိုင်တဲ့ ဘောင်ကို မကျော်မှ ပျော်ရွှင်နေနိုင်မှာ” လို့ ညီအစ်ကို ဂျေး ပြောတယ်။
၁၀။ ပြုစုစောင့်ရှောက်ပေးသူတွေ ပိုင်းခြားသိမြင်မှု ရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ပညာအလိမ္မာ ၁၉:၁၁)
၁၀ ပိုင်းခြားသိမြင်ပါ။ (ပညာအလိမ္မာ ၁၉:၁၁ ကို ဖတ်ပါ။) ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရင် ဒေါသထွက်စရာ တွေ့ရင်တောင် လွယ်လွယ်နဲ့ ဒေါသမထွက်တော့ဘူး။ လူတစ်ယောက် ဘာကြောင့် ဒီလို ပြုမူသလဲဆိုတာ နားလည်ပေးနိုင်မယ်။ တချို့က ရောဂါကြောင့် သတိလက်လွတ် ပြုမူမိလာကြတယ်။ (ဒေ. ၇:၇) ဥပမာ၊ တခြားသူတွေအတွက် စဉ်းစားပေးတတ်သူ၊ သဘောကောင်းသူဟာ အငြင်းသန်လာနိုင်တယ်။ စကားနာထိုးတတ်လာနိုင်တယ်။ ဗျစ်တောက်ဗျစ်တောက် ပြောလာနိုင်တယ်။ အလိုမကျဖြစ်လာနိုင်တယ်။ ကိုယ်ပြုစုပေးနေသူ အဲဒီလိုဖြစ်လာတယ်ဆိုရင် သူ့ရောဂါအကြောင်း သိအောင် လုပ်ထားတာ အကျိုးရှိတယ်။ ဒါဆိုရင် သူ့ပင်ကိုစရိုက်ကြောင့် မဟုတ်ဘဲ ရောဂါကြောင့် ဒီလိုပြုမူနေတာ ဖြစ်မှန်း ပိုနားလည်ပေးနိုင်လာမယ်။—ပညာ. ၁၄:၂၉။
၁၁။ ပြုစုစောင့်ရှောက်ပေးသူတွေဟာ နေ့တိုင်း ဘာအတွက် အချိန်ဖယ်ထားရမလဲ။ (ဆာလံ ၁၃၂:၄၊ ၅)
၁၁ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် လုပ်ဖို့ အချိန်ဖယ်ထားပါ။ “ပိုအရေးကြီးတဲ့အရာတွေ” အတွက် အချိန်ထွက်လာအောင် တချို့ကိစ္စတွေအတွက် သုံးတဲ့အချိန် လျှော့ဖို့ လိုအပ်နိုင်တယ်။ (ဖိ. ၁:၁၀) ပိုအရေးကြီးတဲ့အရာ တစ်ခုကတော့ ယေဟောဝါနဲ့ ကိုယ့်ဆက်ဆံရေး ခိုင်မြဲအောင် လုပ်တာပါ။ ဒါဝိဒ်ဟာ ဘုရင်ဖြစ်လို့ အလုပ်သိပ်များပေမဲ့ ဝတ်ပြုရေးကို ဦးစားထားတယ်။ (ဆာလံ ၁၃၂:၄၊ ၅ ကို ဖတ်ပါ။) သင်လည်း ဘယ်လောက် အလုပ်များများ နေ့တိုင်း ကျမ်းစာဖတ်ဖို့၊ ဆုတောင်းဖို့ အချိန်ဖယ်ထားပါ။ “နေ့တိုင်း ဆုတောင်းလို့၊ ဆာလံကျမ်းထဲက နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်တွေ ဖတ်ပြီး တွေးတောဆင်ခြင်လို့ ပျော်ရွှင်နေနိုင်တာ။ ဆုတောင်းတာက ကျွန်မအတွက်တော့ အသက်သွေးကြောပဲ။ စိတ်တည်ငြိမ်နေဖို့ တစ်နေ့တာအတွင်း ယေဟောဝါဆီ ဆုတောင်းတာ အခါခါပဲ” လို့ ညီအစ်မ အလီရှာ ပြောတယ်။
၁၂။ ပြုစုစောင့်ရှောက်ပေးသူတွေ ကိုယ့်ကျန်းမာရေး ဂရုစိုက်ဖို့ ဘာကြောင့် လိုအပ်သလဲ။
၁၂ ကိုယ့်ကျန်းမာရေး ဂရုစိုက်ပါ။ ပြုစုစောင့်ရှောက်ပေးသူတွေဟာ ဈေးသွားဖို့၊ အာဟာရရှိရှိ ချက်ပြုတ်စားသောက်ဖို့ အချိန်မပေးနိုင်လို့ ဖြစ်သလိုပဲ စားလိုက်တတ်ကြတယ်။ အာဟာရရှိရှိ စားမှ၊ ကိုယ်လက်လှုပ်ရှားမှ စိတ်ရော လူပါ ကျန်းမာလန်းဆန်းမှာ။ ဒါကြောင့် အချိန် သိပ်မရရင်တောင် အာဟာရရှိအောင် စားသောက်ပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ (ဧ. ၅:၁၅၊ ၁၆) အိပ်ရေးဝဝ အိပ်ပါ။ (ဒေ. ၄:၆) အိပ်စက်တာက ဦးနှောက်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်လို့ ပညာရှင်တွေ ဆိုကြတယ်။ အိပ်ရေးဝရင် စိတ်ကြည်တယ်လို့ ကျန်းမာရေးဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတယ်။ ဒါ့အပြင် အပန်းဖြေဖို့လည်း အချိန်ဖယ်ထားပါ။ (ဒေ. ၈:၁၅) “နေသာတဲ့ နေ့တွေမှာ ကျွန်မ အိမ်ပြင်ထွက်ပြီး နေရောင်ခံတယ်။ အနည်းဆုံး တစ်လတစ်ခါတော့ သူငယ်ချင်းနဲ့ လုပ်ချင်တာလေးတွေ လုပ်ဖို့ အချိန်ဖယ်ထားတယ်” လို့ ညီအစ်မတစ်ယောက် ပြောတယ်။
၁၃။ ရယ်မောတာ ဘာကြောင့် ကောင်းသလဲ။ (ပညာအလိမ္မာ ၁၇:၂၂)
၁၃ ဟာသဉာဏ် ရှိပါ။ (ပညာအလိမ္မာ ၁၇:၂၂ ကို ဖတ်ပါ။ ဒေ. ၃:၁၊ ၄) ရယ်မောတာက စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကို အထောက်အကူပြုတယ်။ တစ်ယောက်ယောက် ကို ပြုစုပေးရင်း တစ်ခါတလေ အလွဲလေးတွေ ဖြစ်တတ်တယ်။ စိတ်ညစ်မခံပါနဲ့။ ဟာသလို့ သဘောထားလို့ရရင် သဘောထားလိုက်ပါ။ ကိုယ်ပြုစုပေးနေသူနဲ့ အတူတူ ရယ်မောတာက မေတ္တာနှောင်ကြိုး ပိုခိုင်မြဲစေနိုင်တယ်။
၁၄။ မိတ်ဆွေရင်းတစ်ယောက်ကို ရင်ဖွင့်တာ ဘာကြောင့် ကောင်းသလဲ။
၁၄ မိတ်ဆွေရင်းတစ်ယောက်ကို ရင်ဖွင့်ပါ။ ပျော်ပျော်နေဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ စိတ်မောလူမော ဖြစ်လာတဲ့အချိန် ရှိမှာပဲ။ အဲဒီလိုအချိန်မျိုးမှာ ကိုယ့်ကို မဝေဖန်မယ့်၊ အားပေးနိုင်မယ့် မိတ်ဆွေရင်းတစ်ယောက်ကို ရင်ဖွင့်ပါ။ (ပညာ. ၁၇:၁၇) သင် လိုအပ်နေတာဟာ နားထောင်ပေးတတ်တဲ့ နားတစ်စုံ၊ အားပေးစကားတစ်ခွန်းလောက်ပဲ ဖြစ်နေနိုင်တယ်။—ပညာ. ၁၂:၂၅။
၁၅။ မျှော်လင့်ချက်ကို အာရုံစိုက်ရင် ဘယ်လို ပျော်ရွှင်နေနိုင်သလဲ။
၁၅ ပရဒိသုအသက်တာကို အတူတူ မြင်ယောင်ကြည့်ပါ။ တစ်ယောက်ယောက်ကို ပြုစုပေးရတဲ့အလုပ်ဟာ ထာဝစဉ် လုပ်ရမယ့်အလုပ် မဟုတ်ဘူး။ လူတွေအတွက် ယေဟောဝါ နဂိုရည်ရွယ်ထားတဲ့ အလုပ်တွေထဲမှာ အဲဒီအလုပ် မပါဘူး။ (၂ ကော. ၄:၁၆-၁၈) မကြာခင် “စစ်မှန်တဲ့အသက်” ရတော့မယ်။ (၁ တိ. ၆:၁၉) ပရဒိသု ရောက်ရင် ဘာတွေ အတူတူ လုပ်မယ်ဆိုတာ ကိုယ်ပြုစုပေးနေရသူနဲ့ ပြောတာ ပျော်စရာကောင်းတယ်။ (ဟေရှာ. ၃၃:၂၄။ ၆၅:၂၁) “နောက်ဆိုရင် အတူတူ အပ်ချုပ်ကြမယ်၊ ပြေးလွှားကြမယ်၊ စက်ဘီးစီးကြမယ်၊ ရှင်ပြန်ထမြောက်လာတဲ့ ချစ်ရသူတွေအတွက် မုန့်ဖုတ်ကြမယ်၊ ဟင်းချက်ကျွေးကြမယ်ဆိုပြီး ကျွန်မ ပြုစုပေးနေရသူတွေကို ပြောလေ့ရှိတယ်။ ဒီလိုမျှော်လင့်ချက် ပေးထားလို့ ယေဟောဝါကို ကျွန်မတို့ သိပ်ကျေးဇူးတင်ကြတယ်” လို့ ညီအစ်မ ဟေသာ ပြောတယ်။
တခြားသူတွေ ကူညီပေးနိုင်ပုံ
၁၆။ ပြုစုစောင့်ရှောက်ပေးသူကို အသင်းတော်က ညီအစ်ကို/မတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၆ ပြုစုပေးသူတွေ အနားရအောင် ကူညီပေးပါ။ ပြုစုပေးသူတွေ နားချိန်ရဖို့၊ လုပ်စရာရှိတာ လုပ်ချိန်ရဖို့ သူတို့ ပြုစုပေးနေရသူကို တစ်လှည့် အဖော်သွားလုပ်ပေးနိုင်တယ်။ (ဂလ. ၆:၂) ညီအစ်ကို/မတချို့ဆိုရင် ဘယ်နေ့ ဘယ်သူ အဖော်သွားလုပ်ပေးမယ်ဆိုတာ ပတ်စဉ်ဇယားတောင် ဆွဲထားကြတယ်။ လေဖြတ်နေတဲ့ ခင်ပွန်းကို ပြုစုပေးနေတဲ့ ညီအစ်မ နာတာလျာ ဒီလိုပြောတယ်– “အသင်းတော်က ညီအစ်ကိုတစ်ယောက်က ကျွန်မယောက်ျားဆီ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ် လာတယ်။ သူတို့နှစ်ယောက် အတူတူ ဟောပြောသက်သေခံကြတယ်။ စကားပြောကြတယ်။ ရုပ်ရှင်ကြည့်ကြတယ်။ သူ လာရင် ကျွန်မယောက်ျားလည်း ပျော်တယ်။ ကျွန်မလည်း နားဖို့၊ လုပ်စရာရှိတာ လုပ်ဖို့၊ လမ်းလျှောက်ထွက်ဖို့ အချိန်ရတယ်။” ပြုစုစောင့်ရှောက်သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရအောင် သင့်တော်မယ်ဆိုရင် သူတို့ ပြုစုပေးနေရသူကို ညအိပ် သွားစောင့်ပေးနိုင်တယ်။
သက်ကြီးရွယ်အို ဒါမှမဟုတ် လူနာ ပြုစုပေးသူတစ်ယောက်ကို သင် ဘယ်လို ကူညီပေးနိုင်သလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ)a
၁၇။ ပြုစုစောင့်ရှောက်ပေးသူတွေကို အစည်းအဝေးအချိန်မှာ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၇ အစည်းအဝေးအချိန်မှာ ကူညီပေးပါ။ ချစ်ရသူကို ပြုစုပေးနေရလို့ အသင်းတော်အစည်းအဝေး၊ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးမှာ သူတို့ အပြည့်အဝ အာရုံမစိုက်နိုင်ဘဲ ဖြစ်နေနိုင်တယ်။ ဒါကြောင့် အစည်းအဝေး အစအဆုံးဖြစ်ဖြစ်၊ တစ်ပိုင်းဖြစ်ဖြစ် သူတို့ ပြုစုပေးနေရသူနဲ့ သွားထိုင်ပေးပါ။ အိမ်ပြင်မထွက်နိုင်တဲ့သူဆိုရင် သူ့အိမ် သွားပြီး အစည်းအဝေးကို အတူတူ ချိတ်ဆက်နားထောင်ပါ။ ဒါဆိုရင် ပြုစုပေးနေသူက လူကိုယ်တိုင် အစည်းအဝေး သွားတက်နိုင်မယ်။
၁၈။ ပြုစုစောင့်ရှောက်ပေးသူတွေကို ဘာလုပ်ပေးနိုင်သေးသလဲ။
၁၈ ချီးမွမ်းပေးပါ၊ ဆုတောင်းပေးပါ။ ပြုစုစောင့်ရှောက်ပေးသူတွေဆီ အကြီးအကဲတွေ မှန်မှန်လည်ပတ်အားပေးသင့်တယ်။ (ပညာ. ၂၇:၂၃) အကြီးအကဲတွေပဲ မဟုတ်ဘဲ အသင်းတော်မှာ ရှိသူအားလုံး သူတို့ကို အမြဲ ချီးမွမ်းပေးနိုင်တယ်။ သူတို့ ခံနိုင်ရည် ဆက်ရှိဖို့၊ ပျော်ရွှင်နေဖို့ ဆုတောင်းပေးနိုင်တယ်။—၂ ကော. ၁:၁၁။
၁၉။ ဘယ်အနာဂတ်ကို ကျွန်တော်တို့ စောင့်မျှော်နေသလဲ။
၁၉ ဝမ်းနည်းမျက်ရည် ကျစေမယ့် အကြောင်းရင်းတွေကို ယေဟောဝါ မကြာခင် ဖယ်ရှားပေးတော့မယ်။ ဖျားနာခြင်း၊ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ (ဗျာ. ၂၁:၃၊ ၄) “ခြေဆွံ့သူဟာ သမင်လို ခုန်ပေါက်လိမ့်မယ်။” (ဟေရှာ. ၃၅:၅၊ ၆) “အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး။” သတိမရတော့မယ့်အထဲမှာ ဇရာအိုအရွယ် အခက်အခဲတွေ၊ ပြုစုစောင့်ရှောက်ပေးသူတွေရဲ့ အခက်အခဲတွေ ပါတယ်။ (ဟေရှာ. ၆၅:၁၇) အဲဒီအချိန် မရောက်ခင်မှာလည်း ကျွန်တော်တို့ကို ယေဟောဝါ အမြဲထောက်မပေးနေမှာပါ။ ယေဟောဝါကြောင့် “ခွန်အားပြည့်ဝလာပြီး အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်ကြပါစေ။”—ကော. ၁:၁၁။
သီချင်း ၁၅၅ ထာဝရ ပျော်ရွှင်မှု
a ပုံအညွှန်း– သက်ကြီး ညီအစ်မဆီ ညီအစ်မငယ်နှစ်ယောက် သွားလည်လို့ ပြုစုပေးနေသူ လမ်းလျှောက်ထွက်ချိန် ရ။