ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဒီဇင်ဘာ စာ. ၁၄-၁၉
  • ယေဟောဝါရဲ့ နှိမ့်ချခြင်းကို အတုယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ နှိမ့်ချခြင်းကို အတုယူပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဟာ ချဉ်းကပ်ရလွယ်ကူတဲ့ ဘုရားဖြစ်
  • ယေဟောဝါဟာ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ဘုရားဖြစ်
  • ယေဟောဝါဟာ စိတ်ရှည်တဲ့ ဘုရားဖြစ်
  • ယေဟောဝါဟာ နိမ့်ကျသူတွေကို ဂုဏ်တင်
  • ယေဟောဝါနဲ့ ယေရှုရဲ့ စဉ်းစားတွေးခေါ်ပုံကို အတုယူပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ကိုယ်မသိတာတွေ ရှိတယ်ဆိုတာ ကျိုးနွံမှုရှိရှိ အသိအမှတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ပေးကမ်းခြင်းက ပိုပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဒီဇင်ဘာ စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၅၀

သီချင်း ၄၈ ယေဟောဝါနဲ့ နေ့စဉ် လျှောက်လှမ်းပါ

ယေဟောဝါရဲ့ နှိမ့်ချခြင်းကို အတုယူပါ

“ခင်ဗျားတို့ဟာ ဘုရားသခင်ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။”—ဧ. ၅:၁။

အာရုံစိုက်ရာ

ယေဟောဝါရဲ့ နှိမ့်ချမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး လေးခုကို အတုယူနိုင်ပုံအကြောင်း ဆွေးနွေးပါမယ်။

၁။ ယေဟောဝါရဲ့ နှိမ့်ချမှုက ဘာကြောင့် ထူးခြားသလဲ။

အာဏာရှိသူတွေအကြောင်း စဉ်းစားရင် နှိမ့်ချမှုရှိတယ်ဆိုတာ တွေ့ရသလား။ မတွေ့ရတာ များပါတယ်။ ယေဟောဝါကတော့ အနန္တတန်ခိုးရှင်ဖြစ်ပေမဲ့ နှိမ့်ချတယ်။ မောက်မာမှု လုံးဝမရှိဘူး။ (ဆာ. ၁၁၃:၅-၈) ယေဟောဝါလောက် နှိမ့်ချတဲ့သူ မရှိဘူး။ ယေဟောဝါရဲ့ နှိမ့်ချမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး လေးခုကို ဒီဆောင်းပါးမှာ လေ့လာသွားပါမယ်။ အဖဘုရားရဲ့ နှိမ့်ချမှုကို ယေရှု တုပခဲ့ပုံအကြောင်းလည်း ဆွေးနွေးပါမယ်။ အဲဒါတွေကို လေ့လာရင် ဘုရားနဲ့ ပိုရင်းနှီးလာမယ်၊ ပိုနှိမ့်ချတတ်လာမယ်။

ယေဟောဝါဟာ ချဉ်းကပ်ရလွယ်ကူတဲ့ ဘုရားဖြစ်

၂။ ဆာလံ ၆၂:၈ ကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၂ မာနကြီးသူတွေဆီ ချဉ်းကပ်ဖို့ မလွယ်ကူဘူး။ မောက်မာပြီး အတ္တကြီးကြတဲ့အတွက် လူတွေ သူတို့ကို ရှောင်ကြတယ်။ ကောင်းကင်ဘုံစံအဖ ယေဟောဝါကတော့ သူတို့နဲ့မတူဘူး။ နှိမ့်ချမှုရှိတဲ့အတွက် ကျွန်တော်တို့ စိတ်ထဲခံစားနေရတဲ့အတိုင်း ဖွင့်ဟပြောပြလို့ရတယ်။ (ဆာလံ ၆၂:၈ ကို ဖတ်ပါ။) မေတ္တာရှိတဲ့ဖခင်ဟာ သားသမီးတွေပြောချင်တာကို နားထောင်ပေးဖို့ အသင့်ရှိသလို ယေဟောဝါလည်း မိမိကျေးကျွန်တွေရဲ့ ဆုတောင်းသံတွေကို နားထောင်ပေးတယ်။ အဲဒီဆုတောင်းသံတွေကို ကျမ်းစာမှာတောင် မှတ်တမ်းတင်စေတယ်။ ယေဟောဝါဟာ ချဉ်းကပ်ရလွယ်ကူတဲ့ဘုရားပါပဲ။ (ယရ. ၁၀:၁၂-၁၄။ ၁ ရှ. ၁:၁၀-၁၈) အမှားတွေလုပ်ခဲ့မိလို့ ဘုရားဆီ ဆုတောင်းဖို့ မထိုက်တန်ဘူးလို့ ခံစားနေရရင်ကော။

လေယာဉ်ပျံအရုပ်နဲ့ ကစားနေရင်း ပန်းအိုးကို ထိမိပြီး ကွဲသွားတဲ့အကြောင်း သားဖြစ်သူ ရှင်းပြနေတာကို အဖေဖြစ်သူ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနေ။

သားဖြစ်သူ ကစားရင်း ပန်းအိုးကွဲသွား၊ အဖေဖြစ်သူ ယေဟောဝါကို တုပပြီး သားပြောတာကို နားထောင်ပေးနေ (စာပိုဒ် ၂ ကို ကြည့်ပါ)


၃။ ယေဟောဝါဆီ ဘာကြောင့် ဆုတောင်းသင့်သလဲ။

၃ ဘုရားမေတ္တာမခံစားထိုက်ဘူးလို့ တွေးမိနေရင်တောင် ဆုတောင်းနိုင်တယ်။ ဘာကြောင့်လဲ။ ယေရှုပြောတဲ့ ပျောက်တဲ့သားပုံဥပမာ အကြောင်း စဉ်းစားကြည့်ပါ။ အမှားတွေ အများကြီးလုပ်ထားတဲ့အတွက် အဖေက သူ့ကို မိသားစုဝင်အဖြစ် လက်ခံတော့မှာမဟုတ်ဘူးလို့ သားဖြစ်သူခံစားနေရတယ်။ ဒါပေမဲ့ သူ အိမ်ပြန်လာတဲ့အခါ အဖေ ဘာလုပ်သလဲ။ သားကို အဝေးကနေ လှမ်းမြင်တဲ့အခါ “ပြေးဖက်ပြီး နမ်းတယ်” လို့ ယေရှု ပြောတယ်။ (လု. ၁၅:၁၇-၂၀) ယေဟောဝါလည်း အဲဒီ ဖခင်လိုပါပဲ။ ကျွန်တော်တို့ အပြစ်ဝန်ပိနေလို့၊ စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ ဆုတောင်းတဲ့အခါ ယေဟောဝါ အာရုံစိုက် နားထောင်ပေးတယ်။ (မြည်. ၃:၁၉၊ ၂၀) သားကိုပြေးဖက်ပြီး ကြိုဆိုတဲ့ ပုံဥပမာထဲက ဖခင်လိုပဲ ယေဟောဝါဟာ သနားစာနာတဲ့စိတ်နဲ့ ကျွန်တော်တို့ဆီ ပြေးလာတယ်။ (ဟေရှာ. ၅၇:၁၅) ဘယ်လိုနည်းနဲ့လဲ။ အကြီးအကဲတွေ၊ မိတ်ဆွေတွေ၊ ယုံကြည်ခြင်းတူတဲ့ မိသားစုဝင်တွေကတစ်ဆင့် အားပေးနှစ်သိမ့်ပေးတာပါ။ (ယာ. ၅:၁၄၊ ၁၅) ဒီလိုလုပ်ပေးတာဟာ မိမိနဲ့ ဆက်ပြီးရင်းနှီးနေနိုင်ဖို့ပါ။

၄။ ယေရှုဟာ ဘာကြောင့် ချဉ်းကပ်ရလွယ်ကူသလဲ။

၄ ယေဟောဝါကို ယေရှု အတုယူ။ ဖခင် ယေဟောဝါလိုပဲ ယေရှု နှိမ့်ချတယ်။ ဒါကြောင့် မြေကြီးပေါ်ရှိတုန်းက ယေရှုနား လူတွေလာချင်ကြတယ်။ မေးခွန်းမေးရမှာ မကြောက်ကြဘူး။ (မာ. ၄:၁၀၊ ၁၁) ယေရှု ပြန်မေးတဲ့အခါလည်း သူတို့ စိတ်ထဲရှိတဲ့အတိုင်း ဖြေရဲကြတယ်။ အမှားလုပ်မိတဲ့အခါလည်း ယေရှုစိတ်ဆိုးမှာကိုကြောက်ပြီး တွန့်ဆုတ်မနေကြဘူး။ (မ. ၁၆:၁၃-၁၆) ယေရှုဟာ စိတ်ရှည်ပြီး ကရုဏာကြီးတယ်ဆိုတာ သိထားလို့ပါ။ (မ. ၁၇:၂၄-၂၇) ယေဟောဝါကို အပြည့်အဝ အတုယူတဲ့ ယေရှုအကြောင်း ပိုသိလာတော့ ယေဟောဝါဟာ မောက်မာတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မတူဘဲ နှိမ့်ချတယ်၊ ချဉ်းကပ်ရလွယ်တယ်ဆိုတာ သူတို့ နားလည်လာကြတယ်။—ယော. ၁၄:၉။

၅။ နှိမ့်ချတာက ချဉ်းကပ်ရလွယ်သူဖြစ်ဖို့ ဘယ်လိုအထောက်အကူပြုသလဲ။

၅ ယေဟောဝါကို အတုယူနိုင်ပုံ။ နှိမ့်ချမှုမရှိရင် တခြားသူတွေကို မနာလိုဖြစ်မိနိုင်တယ်၊ တခြားသူတွေထက် ကိုယ်က ပိုသာတယ်လို့ ထင်မိနိုင်တယ်၊ ထိခိုက်နစ်နာတာကို တေးမှတ်ထားမိနိုင်တယ်။ ဒါက တခြားသူတွေနဲ့ အလှမ်းဝေးသွားစေနိုင်တယ်။ ဒါပေမဲ့ နှိမ့်ချရင် တခြားသူတွေအပေါ် စိတ်ရှည်မယ်၊ ကြင်နာမယ်၊ ခွင့်လွှတ်ပေးတတ်မယ်၊ တခြားသူတွေ ချဉ်းကပ်ရလွယ်မယ်။ (ကော. ၃:၁၂-၁၄) အထူးသဖြင့် အကြီးအကဲတွေက ချဉ်းကပ်ရလွယ်သူတွေ ဖြစ်ဖို့လိုတယ်။ ချဉ်းကပ်ရလွယ်သူဖြစ်ကြောင်း ဘယ်လိုပြနိုင်သလဲ။ တစ်နည်းကတော့ အသင်းတော် အစည်းအဝေးတွေကို ဗီဒီယိုချိတ်ဆက်မှုကနေ မဟုတ်ဘဲ လူကိုယ်တိုင် သွားတက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားတာပါ။ ဒါမှ ညီအစ်ကို/မတွေနဲ့ စကားပြောဖို့ အခွင့်အရေး ပိုရမှာ။ ဖြစ်နိုင်တဲ့အခါတိုင်းလည်း ညီအစ်ကို/မတွေနဲ့အတူ တစ်အိမ်မှတစ်အိမ် အမှုဆောင် သွားပါ။ အကြီးအကဲတွေနဲ့ ပိုရင်းနှီးလာလေ အခက်အခဲဖြစ်တဲ့အခါ အကူအညီတောင်းဖို့ တခြားသူတွေအတွက် ပိုလွယ်လေပါပဲ။

ယေဟောဝါဟာ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ဘုရားဖြစ်

၆-၇။ ယေဟောဝါဟာ အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ဘယ်လိုသိရသလဲ။

၆ မာနကြီးသူတွေဟာ ကိုယ်ပဲအသိဆုံး၊ အတတ်ဆုံးဆိုပြီး ခံယူထားကြလို့ တခြားသူတွေနဲ့ဆက်ဆံရာမှာ အကျိုးသင့်အကြောင်းသင့် မရှိတတ်ကြဘူး။ ယေဟောဝါဘုရားကတော့ အဲဒီလို မဟုတ်ဘူး။ တခြားသူတွေထက် အရာရာမှာ သာနေပေမဲ့ တခြားသူတွေပြောတာကို နားထောင်ပေးတယ်၊ ဆုံးဖြတ်ထားပြီးသား ကိစ္စတွေမှာတောင် အပြောင်းအလဲ လုပ်ပေးတယ်။ မိရိအံအကြောင်း စဉ်းစားကြည့်ပါ။ အာရုန်နဲ့ပေါင်းပြီး မောရှေကို ပြစ်တင်ဝေဖန်တယ်။ ယေဟောဝါ ခန့်အပ်ထားသူကို အခုလို ဝေဖန်ပြောဆိုတာက ယေဟောဝါကို မလေးစားရာကျတယ်။ ဒါနဲ့ ယေဟောဝါ အကြီးအကျယ် စိတ်ဆိုးပြီး မိရိအံကို အနာကြီးရောဂါ စွဲစေတယ်။ ချက်ချင်းပဲ အာရုန်က သူတို့ရဲ့လုပ်ရပ်အတွက် မောရှေကို တောင်းပန်တယ်။ မောရှေလည်း မိရိအံရဲ့ အနာကြီးရောဂါပျောက်အောင် လုပ်ပေးဖို့ ယေဟောဝါဆီ အသနားခံတယ်။ ယေဟောဝါ ဘာလုပ်ပေးသလဲ။ မာနကြီးသူသာဆိုရင် ဆုံးဖြတ်ပြီးသားကိစ္စကို ပြန်ပြင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ယေဟောဝါကတော့ မိရိအံရဲ့ ရောဂါပျောက်အောင် လုပ်ပေးခဲ့တယ်။ တကယ် နှိမ့်ချတဲ့ ဘုရားပါပဲ။—တော. ၁၂:၁-၁၅။

၇ သေလုမြောပါး ဖျားနာနေတဲ့ ဘုရင်ဟေဇကိအကြောင်းလည်း စဉ်းစားကြည့်ပါ။ ဟေဇကိ ပြန်ကောင်းလာမှာမဟုတ်ဘူး၊ သေရလိမ့်မယ် ဆိုပြီး ပရောဖက်ကနေတစ်ဆင့် ယေဟောဝါ ပြောခိုင်းတယ်။ ဒါနဲ့ ဟေဇကိ ရှိုက်ကြီးတငင် ငိုပြီး ဘုရားဆီ အသနားခံတယ်။ ယေဟောဝါ ဘာလုပ်ပေးသလဲ။ နောက်ထပ် ၁၅ နှစ် အသက်ရှင်ခွင့်ပေးလိုက်တယ်။ (၂ ဘု. ၂၀:၁၊ ၅၊ ၆) ကရုဏာပါတဲ့ လုပ်ရပ်ပါပဲ။ နှိမ့်ချမှုရှိတဲ့အတွက် အသနားခံတဲ့အတိုင်း လိုက်လျောပေးနိုင်တာ။

၈။ ယေရှု အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ဘယ်လိုသိရသလဲ။ (မာကု ၃:၁-၆)

၈ ယေဟောဝါကို ယေရှု အတုယူ။ ယေရှု မြေကြီးပေါ်ရှိတုန်းက လူတွေကို ကူညီလို့ရသလောက် ကူညီပေးတယ်။ ဥပမာ၊ ဘာသာရေးခေါင်းဆောင်တွေ အပြစ်မြင်နေတဲ့ကြားက ဥပုသ်နေ့လို နေ့မျိုးမှာ လူတွေကို ကုသပေးတယ်။ (မာကု ၃:၁-၆ ကို ဖတ်ပါ။) လက်ရှိအချိန်မှာ ခရစ်ယာန်အသင်းတော်ကို စာနာမှုရှိရှိ၊ အကျိုးသင့်အကြောင်းသင့်ရှိရှိ ဦးဆောင်ပေးနေတယ်။ ဥပမာ၊ အသင်းတော်မှာရှိသူတစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်မိတဲ့အခါ သူ့အပေါ် စိတ်ရှည်တယ်၊ ပြောင်းလဲဖို့ အခွင့်အရေးပေးတယ်။—ဗျာ. ၂:၂-၅။

၉။ အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ဘယ်လိုပြနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၉ ယေဟောဝါကို အတုယူနိုင်ပုံ။ ကျွန်တော်တို့လည်း အကျိုးသင့်အကြောင်းသင့်ရှိသူဖြစ်အောင် ကြိုးစားရမယ်။ (ယာ. ၃:၁၇) ဥပမာ၊ ယေဟောဝါကို အတုယူတဲ့ မိဘတွေဟာ သားသမီးတွေ လုပ်နိုင်တာထက်ပိုလုပ်ဖို့ မတောင်းဆိုကြဘူး။ ယာကုပ်ဆိုရင် သားသမီးတွေရဲ့ အဆင်ပြေရေးကို ထည့်စဉ်းစားပေးတယ်။ (က. ၃၃:၁၂-၁၄) အကျိုးသင့်အကြောင်းသင့်ရှိတဲ့ မိဘတွေဟာ သားသမီးတစ်ယောက်နဲ့တစ်ယောက်ကို နှိုင်းယှဉ်မှာ မဟုတ်ဘူး။ အကြီးအကဲတွေလည်း အကျိုးသင့်အကြောင်းသင့် ရှိဖို့လိုတယ်။ ဥပမာ၊ မိမိ ထင်မြင်ယူဆချက်အတိုင်းလုပ်ဖို့ တခြားသူတွေကို ဖိအားပေးမှာ မဟုတ်ဘူး။ ကျမ်းစာမူကို ချိုးဖောက်ရာ မကျသ၍ အကြီးအကဲအများစု သဘောတူတဲ့အတိုင်း လုပ်ဆောင်မှာဖြစ်တယ်။ (၁ တိ. ၃:၂၊ ၃) ကျွန်တော်တို့လည်း တခြားသူတွေနဲ့ အမြင်မတူတဲ့အခါတွေမှာ သူတို့ရဲ့အမြင်ကို နားလည်အောင် ကြိုးစားရမယ်။ (ရော. ၁၄:၁) “အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေ” ဖို့ အသင်းတော်မှာရှိသူတိုင်း ပန်းတိုင်ထားကြတယ်။—ဖိ. ၄:၅။

ရုပ်ပုံများ– ဖခင်တစ်ယောက် သားသမီးနဲ့အတူ တစ်အိမ်မှတစ်အိမ် အမှုဆောင်မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်နေ။ ၁။ သားငယ်က အမျိုးသားတစ်ယောက်ကို “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင်သုံးပြီး သက်သေခံနေတာကို ဖခင်ဖြစ်သူ ပြုံးပြီးကြည့်နေ။ ၂။ သမီးငယ်က အမျိုးသမီးတစ်ယောက်ကို jw.org လိပ်စာကတ် ပေးနေတာကို ဖခင်ဖြစ်သူ ပြုံးပြီးကြည့်နေ။

သားသမီးတွေ အမှုဆောင်မှာ တတ်နိုင်တာကို လုပ်ဆောင်ဖို့ပဲ ဖခင် မျှော်လင့် (စာပိုဒ် ၉ ကို ကြည့်ပါ)


ယေဟောဝါဟာ စိတ်ရှည်တဲ့ ဘုရားဖြစ်

၁၀။ ယေဟောဝါ စိတ်ရှည်ကြောင်း ဘယ်လိုပြသလဲ။

၁၀ မာနကြီးသူတွေဟာ တခြားသူတွေကို စောင့်နေရတာမျိုး မကြိုက်ကြမှန်း၊ စိတ်မရှည်ကြမှန်း သတိထားမိမှာပါ။ ယေဟောဝါကတော့ သူတို့နဲ့ တခြားစီပါပဲ။ ယေဟောဝါလောက် စိတ်ရှည်တဲ့သူ မရှိဘူး။ ဥပမာ၊ နောဧခေတ်က လူဆိုးတွေကို မဖျက်ဆီးခင် နှစ်ပေါင်း ၁၂၀ လောက် စောင့်ပေးခဲ့တယ်။ (က. ၆:၃) ဒါကြောင့် သားတွေကို ပြုစုပျိုးထောင်ဖို့၊ မိသားစုနဲ့အတူ သင်္ဘောဆောက်ဖို့ နောဧ အချိန်ရခဲ့တယ်။ နောက်ပိုင်းမှာ သောဒုံနဲ့ဂေါမောရမြို့ ဖျက်ဆီးခြင်းနဲ့ပတ်သက်ပြီး အာဗြဟံ မေးခွန်းတွေမေးတာကို ယေဟောဝါ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတယ်။ ယေဟောဝါသာ မာနကြီးသူဖြစ်မယ်ဆိုရင် ‘မင်းကများ ရာရာစစ ငါ့ကို မေးခွန်းထုတ်နေတာလား’ လို့ ပြောမှာပဲ။ ဒါပေမဲ့ နှိမ့်ချတဲ့အရှင် ယေဟောဝါက အာဗြဟံအပေါ် စိတ်ရှည်တယ်။—က. ၁၈:၂၀-၃၃။

၁၁။ ၂ ပေတရု ၃:၉ အရ ဒီနေ့အချိန်မှာ ယေဟောဝါ ဘာကြောင့် စိတ်ရှည်နေသလဲ။

၁၁ ဒီနေ့အချိန်မှာလည်း ယေဟောဝါ စိတ်ရှည်နေတုန်းပါပဲ။ ဒီစနစ်ဆိုး အဆုံးတိုင်မယ့်အချိန် သတ်မှတ်ထားပြီးပြီ။ အဲဒီအချိန်ရောက်လာဖို့ စိတ်ရှည်ရှည် စောင့်နေတယ်။ ဘာကြောင့်လဲ။ “ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့ပါ။” (၂ ပေတရု ၃:၉ ကို ဖတ်ပါ။) ယေဟောဝါစိတ်ရှည်တာ အလဟဿ ဖြစ်သွားသလား။ မဖြစ်ပါဘူး။ သန်းနဲ့ချီတဲ့ စိတ်ရင်းမှန်သူတွေ ယေဟောဝါရဲ့မိတ်ဆွေတွေဖြစ်လာကြတယ်။ နောက်ထပ် သန်းနဲ့ချီတဲ့သူတွေလည်း ဖြစ်လာနိုင်သေးတယ်။ ဒါပေမဲ့ အဆုံးမရှိ စောင့်နေမှာတော့ မဟုတ်ဘူး။ လူတွေကို ချစ်ပေမဲ့ ဆိုးချင်တိုင်းဆိုးနေတာကိုတော့ ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။—ဟဗ. ၂:၃။

၁၂။ ယေဟောဝါရဲ့စိတ်ရှည်ခြင်းကို ယေရှု ဘယ်လိုအတုယူသလဲ။

၁၂ ယေဟောဝါကို ယေရှု အတုယူ။ ယေရှုဟာ နှစ်ပေါင်းထောင်ချီ ယေဟောဝါရဲ့စိတ်ရှည်ခြင်းကို အတုယူခဲ့တယ်။ ယေဟောဝါနဲ့ သစ္စာရှိလူသားတွေကို စာတန် လိမ်ညာစွပ်စွဲတာကို ယေရှုမြင်တယ်။ (က. ၃:၄၊ ၅။ ယောဘ ၁:၁၁။ ဗျာ. ၁၂:၁၀) လူတွေ ဆင်းရဲဒုက္ခခံစားနေရတာကို တွေ့တယ်။ “မာရ်နတ် လုပ်သမျှကို ချေဖျက်ဖို့” ဘယ်လောက်တောင် စိတ်ပြင်းပြနေလိုက်မလဲ။ (၁ ယော. ၃:၈) မာရ်နတ်လုပ်သမျှကို ချေဖျက်တော့လို့ ယေဟောဝါ ပြောတဲ့အချိန်အထိ စိတ်ရှည်ရှည် စောင့်နိုင်အောင် ယေရှုကို ဘာက ကူညီပေးသလဲ။ တစ်ခုကတော့ နှိမ့်ချခြင်းပါ။ အဆုံးရောက်ဖို့ အချိန်သတ်မှတ်တဲ့အရှင်ဟာ ယေဟောဝါဆိုတာ သိထားလို့ပါ။—တ. ၁:၇။

၁၃။ တမန်တော်တွေအပေါ် ယေရှု ဘာကြောင့် စိတ်ရှည်သလဲ။

၁၃ ယေရှု မြေကြီးပေါ်ရှိတုန်းက တမန်တော်တွေအပေါ် စိတ်ရှည်ခဲ့တယ်။ ဥပမာ၊ ဘယ်သူအကြီးမြတ်ဆုံးလဲဆိုတာ တမန်တော်တွေ အကြိမ်ကြိမ် ငြင်းခုံကြပေမဲ့ ယေရှု စိတ်မပျက်ဘူး။ စိတ်ရှည်ရှည်နဲ့ ပဲ့ပြင်ပေးတယ်။ (လု. ၉:၄၆။ ၂၂:၂၄-၂၇) နောက်ပိုင်း သူတို့ ပြောင်းလဲလာကြမယ်ဆိုတာ စိတ်ချတယ်။ သင်ကော အမှားတစ်ခုကိုပဲ ထပ်ခါထပ်ခါ လုပ်ဖူးသလား။ လုပ်ဖူးတယ်ဆိုရင် နှိမ့်ချပြီး စိတ်ရှည်တဲ့ ဘုရင်ရထားလို့ ကျေးဇူးတင်မှာပဲ။

၁၄။ စိတ်ရှည်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၄ ယေဟောဝါကို အတုယူနိုင်ပုံ။ “ခရစ်တော်ရဲ့ စိတ်သဘောထား” ရှိအောင် ကြိုးစားတာက ယေဟောဝါကို အတုယူရာရောက်တယ်။ (၁ ကော. ၂:၁၆) ဘယ်လိုနည်းနဲ့ ခရစ်တော်ရဲ့ စိတ်သဘောထား ရှိလာနိုင်သလဲ။ အကောင်းဆုံးနည်းကတော့ ခရစ်ဝင်ကျမ်းတွေကို ဖတ်ရှုလေ့လာခြင်းပါ။ ပြီးတော့ ယေရှု ဘာတွေလုပ်သလဲ၊ ဘာကြောင့် လုပ်သလဲဆိုတာကို အချိန်ယူတွေးတောဖို့ လိုတယ်။ ယေရှုလို နှိမ့်ချပြီး စိတ်ရှည်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ ခရစ်တော်လို သဘောထားမျိုး ရှိလေ ယေဟောဝါကို ပိုတုပနိုင်လေ ဖြစ်လာပြီး ကိုယ်တိုင်နဲ့ တခြားသူတွေအပေါ် ပိုစိတ်ရှည်လာမယ်။—မ. ၁၈:၂၆-၃၀၊ ၃၅။

ယေဟောဝါဟာ နိမ့်ကျသူတွေကို ဂုဏ်တင်

၁၅။ နိမ့်ကျသူတွေကို ယေဟောဝါ ဂုဏ်တင်ခဲ့ပုံအကြောင်း ဥပမာပေးပါ။ (၁ ရှမွေလ ၂:၈)

၁၅ ၁ ရှမွေလ ၂:၈ ကို ဖတ်ပါ။ ယေဟောဝါဟာ စကြဝဠာ ပိုင်သအုပ်စိုးရှင် ဖြစ်တယ်။ ယေဟောဝါရဲ့ အသိအမှတ်ပြုမှုကိုရတာ နိမ့်ကျသူတွေအတွက် ဂုဏ်ယူစရာပါပဲ။ နှစ်ပေါင်းများစွာ တခြားသူတွေ အထင်အမြင်သေးတာ ခံရသူတွေကို ယေဟောဝါ ဂုဏ်တင်တယ်။ သူတို့ကို ကျွန်တော်တို့ကောင်းကောင်း သိချင်မှ သိမယ်။ ဒါပေမဲ့ သူတို့အကြောင်း ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်စေတယ်။ ဥပမာ၊ ဒေဗောရဟာ အိဇက်နဲ့ ယာကုပ်တို့ရဲ့ မိသားစုကို ၁၂၅ နှစ်လောက် သစ္စာရှိရှိ အလုပ်အကျွေးပြုခဲ့တယ်။ သူ့အကြောင်း သိပ်မသိရပေမဲ့ ယာကုပ်တို့မိသားစု သူ့ကိုချစ်တယ်ဆိုတာ ကျမ်းစာမှတ်တမ်းကနေ သိရတယ်။ (က. ၂၄:၅၉။ ၃၅:၈၊ အောက်ခြေမှတ်ချက်) နှစ်ပေါင်းများစွာကြာပြီးနောက်မှာ သိုးထိန်းလေး ဒါဝိဒ်ကို အစ္စရေးဘုရင်အဖြစ် ယေဟောဝါ မင်းမြှောက်တယ်။ (၂ ရှ. ၂၂:၁၊ ၃၆) ယေရှုမွေးခါစမှာ ယေဟောဝါက ကောင်းကင်တမန်ကို စေလွှတ်ပြီး ဗက်သလီဟင်မြို့နားမှာ မေရှိယဘုရင် မွေးဖွားပြီဆိုတဲ့အကြောင်း သိုးထိန်းတွေကို ဦးဆုံးအသိပေးတယ်။ (လု. ၂:၈-၁၁) ယောသပ်နဲ့မာရိ ယေရှုကို ဗိမာန်တော်ဆီ ခေါ်သွားချိန်မှာလည်း သက်ကြီးရွယ်အို ရှိမောင်နဲ့ အန္နတို့ ယေရှုလေးကို မြင်ခွင့်ရခဲ့တယ်။ (လု. ၂:၂၅-၃၀၊ ၃၆-၃၈) ယေဟောဝါက မြင့်မြတ်ပေမဲ့ နိမ့်ကျသူကို ဂရုတစိုက် ကြည့်ရှုတဲ့ သက်သေပါပဲ။

၁၆။ ယေရှု နိမ့်ကျသူတွေကို ဘယ်လို ဂုဏ်တင်သလဲ။

၁၆ ယေဟောဝါကို ယေရှု အတုယူ။ လူအထင်အမြင်သေးခံရသူတွေကို ယေရှု ဂုဏ်တင်တယ်။ “ပညာမတတ်သူတွေ၊ သာမန်လူတွေ” ကို ဘုရားနိုင်ငံတော်အကြောင်း သင်ပေးတယ်။ (တ. ၄:၁၃။ မ. ၁၁:၂၅) ရောဂါသည်တွေကို ကုသပေးတဲ့အပြင် လေးလေးစားစား ဆက်ဆံတယ်။ (လု. ၅:၁၃) ယေရှု မသေဆုံးခင်ညမှာ တမန်တော်တွေရဲ့ခြေကို ဆေးပေးတယ်။ အဲဒီအလုပ်က ကျွန်တွေပဲ လုပ်လေ့ရှိတဲ့ အလုပ်ပါ။ (ယော. ၁၃:၅) ကောင်းကင်မတက်ခင်လေးမှာ နောက်လိုက်ဖြစ်ပြီးသားသူတွေကိုကော၊ ဖြစ်လာမယ့်သူတွေကိုပါ အရေးကြီးဆုံး တာဝန်ပေးခဲ့တယ်။ လူတွေကို ထာဝရအသက်ရစေတဲ့ အသိပညာ သင်ပေးခြင်းပါ။—မ. ၂၈:၁၉၊ ၂၀။

၁၇။ တခြားသူတွေကို ဘယ်လို ဂုဏ်တင်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ ယေဟောဝါကို အတုယူနိုင်ပုံ။ နောက်ခံ၊ အသားအရောင်နဲ့ ပညာအရည်အချင်း ဘယ်လိုပဲရှိပါစေ လူတိုင်းကို ကျွန်တော်တို့ သတင်းကောင်းပြောပြခြင်းအားဖြင့် ဂုဏ်တင်ကြတယ်။ ကိုယ့်မှာ ဘယ်လိုအရည်အချင်း၊ အခွင့်ထူးတွေပဲရှိရှိ ညီအစ်ကို/မတွေဟာ ကိုယ့်ထက်သာတယ်လို့ သဘောထားကြတယ်။ (ဖိ. ၂:၃) ဒီနည်းနဲ့ရော တခြားနည်းတွေနဲ့ပါ “ကိုယ်တိုင်အစပြုပြီး” အချင်းချင်း ဂုဏ်တင်တာကို ယေဟောဝါ နှစ်သက်တယ်။—ရော. ၁၂:၁၀။ ဇေ. ၃:၁၂။

ညီအစ်မနှစ်ယောက် အကျဉ်းသားအမျိုးသမီးတစ်ယောက်ကို စာရိတ္တပြုပြင်ရေး အဆောင်မှာ ကျမ်းစာသင်ပေးနေ။

လူတွေရဲ့ အခြေအနေ ဘယ်လိုပဲရှိရှိ သတင်းကောင်းပြောတာက ယေဟောဝါရဲ့ နှိမ့်ချခြင်းကို အတုယူတာဖြစ် (စာပိုဒ် ၁၇ ကို ကြည့်ပါ)a


၁၈။ ယေဟောဝါရဲ့ နှိမ့်ချခြင်းကို ဘာကြောင့် အတုယူချင်သလဲ။

၁၈ ကောင်းကင်ဘုံစံအဖရဲ့ နှိမ့်ချခြင်းကို အတုယူမယ်ဆိုရင် ပိုချဉ်းကပ်ရလွယ်သူ၊ ပိုအကျိုးသင့်အကြောင်းသင့်ရှိသူ၊ ပိုစိတ်ရှည်သူ ဖြစ်လာမယ်။ ဒါ့အပြင် ယေဟောဝါလို တခြားသူတွေကို ဂုဏ်တင်တတ်လာမယ်။ နှိမ့်ချတတ်သူဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားလေ ဘုရားအတွက် ပိုတန်ဖိုးရှိလေ ဖြစ်လာပါလိမ့်မယ်။—ဟေရှာ. ၄၃:၄။

သင် ဘယ်လို ဖြေမလဲ

  • ချဉ်းကပ်ရလွယ်သူဖြစ်အောင် နှိမ့်ချခြင်းက ဘယ်လိုကူညီပေးသလဲ။

  • အကျိုးသင့်အကြောင်းသင့်ရှိသူဖြစ်အောင် နှိမ့်ချခြင်းက ဘယ်လိုကူညီပေးသလဲ။

  • စိတ်ရှည်သူဖြစ်အောင် နှိမ့်ချခြင်းက ဘယ်လိုကူညီပေးသလဲ။

သီချင်း ၁၅၉ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းပါ

a ပုံအညွှန်း– ယေဟောဝါရဲ့ နှိမ့်ချမှုကို အတုယူပြီး အကျဉ်းသားတွေကိုညီအစ်မတွေ ဟောပြောနေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ