ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဒီဇင်ဘာ စာ. ၈-၁၃
  • အကြံဉာဏ်ကောင်းပေးနိုင်ဖို့ ယောဘကျမ်းက ကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြံဉာဏ်ကောင်းပေးနိုင်ဖို့ ယောဘကျမ်းက ကူညီပေး
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောဘကို မိတ်ဆွေသုံးဦး အားပေးနှစ်သိမ့်ပုံ
  • ယောဘကို ဧလိဟု အကြံပေးပုံ
  • ယောဘကျမ်းကနေ ဆက်သင်ယူနေပါ
  • နာကျင်မှုကို ယေဟောဝါ ကုသပေးခဲ့
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ပြဿနာများကိုင်တွယ်ပုံတွင် သင်ခန်းစာတစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယောဘ၏ ဆုကျေးဇူး —မျှော်လင့်ခြင်း၏ အရင်းအမြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဒီဇင်ဘာ စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၄၉

သီချင်း ၄၄ နိမ့်ကျသူရဲ့ ဆုတောင်းစကား

အကြံဉာဏ်ကောင်းပေးနိုင်ဖို့ ယောဘကျမ်းက ကူညီပေး

“ယောဘ၊ အခု ကျွန်တော်ပြောတာကို တစ်ဆိတ်လောက် နားထောင်ပါ။”—ယောဘ ၃၃:၁။

အာရုံစိုက်ရာ

တခြားသူတွေကို အားပေးနှစ်သိမ့်တတ်အောင်၊ ပဲ့ပြင်တည့်မတ်ပေးတတ်အောင် ယောဘကျမ်းက ဘယ်လိုကူညီပေးနိုင်သလဲ သုံးသပ်သွားပါမယ်။

၁-၂။ ယောဘရဲ့ မိတ်ဆွေသုံးဦးနဲ့ ဧလိဟုတို့ ဘာအခက်ကြုံရသလဲ။

ယောဘရဲ့ ပိုင်ဆိုင်ရာတွေအားလုံး ဆုံးရှုံးသွားပြီဆိုတဲ့သတင်း အရှေ့ပြည်သားတွေအလယ်မှာ ပျံ့သွားတယ်။ ဒါနဲ့ ယောဘရဲ့ မိတ်ဆွေတွေဖြစ်ကြတဲ့ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့လည်း သတင်းကြားပြီး ယောဘကို အားပေးနှစ်သိမ့်ဖို့ ဥဇမြို့ကို ရောက်လာကြတယ်။ ထင်မှတ်မထားတာကို သူတို့တွေ့လိုက်ရတဲ့အတွက် ထိတ်လန့်သွားကြတယ်။

၂ ယောဘပိုင်ဆိုင်တဲ့ တန်ဖိုးရှိရာတွေ၊ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်တွေ ပျက်စီးဆုံးရှုံးသွားတယ်။ ကျွန်တွေ အသတ်ခံလိုက်ရတယ်။ အိမ်ပြိုကျလို့ သားသမီးတွေလည်း သေဆုံးကုန်တယ်။ ဒီ့အပြင် ယောဘကိုယ်တိုင်လည်း ဆိုးရွားတဲ့အနာစိမ်းတွေ ခြေဆုံးခေါင်းဆုံး ပေါက်ပြီး ဝေဒနာခံစားနေရတယ်။ စိတ်ပျက်လက်ပျက်နဲ့ ပြာပုံထဲထိုင်နေတဲ့ ယောဘကို မိတ်ဆွေသုံးယောက် အဝေးကနေ လှမ်းမြင်တယ်။ သူတို့ဘာလုပ်ကြသလဲ။ ခုနစ်ရက်ပတ်လုံး စကားတစ်ခွန်းမှမပြောဘဲ ယောဘနဲ့အတူ မြေပေါ်မှာ ထိုင်ကြတယ်။ (ယောဘ ၂:၁၂၊ ၁၃) လူငယ်လေး ဧလိဟုလည်း သူတို့နား လာထိုင်တယ်။ အဲဒီနောက် ယောဘ နှုတ်ဆိတ်မနေနိုင်တော့ဘဲ သူမွေးတဲ့နေ့ကို ကျိန်ဆဲပြီး သေသွားရင်အကောင်းသားလို့ ပြောတယ်။ (ယောဘ ၃:၁-၃၊ ၁၁) ယောဘတော့ မိတ်ဆွေတွေရဲ့ အကူအညီ လိုနေပြီ။ မိတ်ဆွေတွေအနေနဲ့ ယောဘကို အားပေးဖို့၊ ဂရုစိုက်ဖို့ အခွင့်အရေးရှိနေပြီ။ သူတို့ ဘာလုပ်ကြမလဲ ကြည့်ရအောင်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်းဆွေးနွေးမလဲ။

၃ ယောဘရဲ့ မိတ်ဆွေသုံးဦးနဲ့ ဧလိဟုတို့ရဲ့ စကားပြောခန်းကို မောရှေကတစ်ဆင့် ယေဟောဝါ မှတ်တမ်းတင်စေတယ်။ ဧလိဟုပြောတဲ့စကားတွေက ယေဟောဝါဆီက ဆိုပေမဲ့ ဧလိဖတ်ပြောတာကတော့ နတ်ဆိုးဆီက ဖြစ်နိုင်တယ်။ (ယောဘ ၄:၁၂-၁၆။ ၃၃:၂၄၊ ၂၅) ယောဘ တစ်ကျမ်းထဲမှာပဲ အကောင်းဆုံး အကြံပေးပုံပါသလို အဆိုးဆုံး အကြံပေးပုံလည်းပါတယ်။ မိတ်ဆွေတစ်ယောက်ကို အားပေးနှစ်သိမ့်တဲ့အခါ၊ ပဲ့ပြင်တည့်မတ်ပေးတဲ့အခါ ယောဘကျမ်းက ဘယ်လို ကူညီပေးနိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အရင်ဆုံး ယောဘမိတ်ဆွေသုံးဦးဆီကနေ ရှောင်သင့်တဲ့ အချက်တွေ လေ့လာပါမယ်။ ပြီးနောက် ဧလိဟုဆီကနေ လိုက်နာသင့်တဲ့အချက်တွေ သင်ယူကြမယ်။ ယောဘကျမ်းက ရှေးအစ္စရေးတွေကို ဘယ်လိုအကျိုးပြုခဲ့နိုင်သလဲ၊ ကျွန်တော်တို့ကိုရော ဘယ်လို အကျိုးပြုနိုင်သလဲဆိုတာကိုလည်း ဆွေးနွေးပါမယ်။

ယောဘကို မိတ်ဆွေသုံးဦး အားပေးနှစ်သိမ့်ပုံ

၄။ ယောဘရဲ့မိတ်ဆွေသုံးဦး သူတို့ရည်ရွယ်ထားတဲ့အတိုင်း ဘာကြောင့် မလုပ်နိုင်ခဲ့သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၄ မိတ်ဆွေသုံးဦးဟာ ယောဘရဲ့သတင်းကိုကြားပြီး “စာနာတဲ့စကား၊ နှစ်သိမ့်စကားတွေပြောဖို့ ရောက်လာကြတယ်” လို့ ကျမ်းစာဆိုတယ်။ (ယောဘ ၂:၁၁) ဒါပေမဲ့ သူတို့ရည်ရွယ်တဲ့အတိုင်း မလုပ်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲ။ အကြောင်းရင်း သုံးရပ်ကြောင့်ပါ။ ပထမ၊ ယောဘ ပြောတာကို အရင်နားထောင်ပြီး သူ့အခြေအနေကို နားလည်အောင် မကြိုးစားခဲ့ကြဘူး။ ဥပမာ၊ ယောဘဟာ လုပ်ခဲ့တဲ့ အပြစ်တွေကြောင့် ဒဏ်ပေးခံရတာလို့ တလွဲ ကောက်ချက်ချကြတယ်။a (ယောဘ ၄:၇။ ၁၁:၁၄) ဒုတိယ၊ သူတို့ပြောတဲ့ စကားတွေက ပညာရှိစကားဖြစ်ပုံရပေမဲ့ တန်ဖိုးမရှိဘူး။ ယောဘအတွက် အထောက်အကူမပြု၊ စာနာမှုရှိရာမကျတဲ့အပြင် ပိုနာကျင်ခံစားသွားစေတယ်။ (ယောဘ ၁၃:၁၂) ဗိလဒဒ်က ယောဘကို အပြောကြီးသူလို့ နှစ်ကြိမ် ပြောတယ်။ (ယောဘ ၈:၂။ ၁၈:၂) ဇောဖာက ယောဘကို “ဦးနှောက်မရှိသူ” လို့ ပြောတယ်။ (ယောဘ ၁၁:၁၂) တတိယ၊ ယောဘကို သူတို့အော်ဟစ်ပြောဆိုတာ မဟုတ်ပေမဲ့ သူတို့ရဲ့ စကားအသုံးအနှုန်းကိုကြည့်ရင် အထက်စီးဆန်တဲ့၊ လှောင်ပြောင်တဲ့၊ ခနဲ့တဲ့ စကားတွေပါတယ်။ (ယောဘ ၁၅:၇-၁၁) ယောဘအပြစ်ရှိလို့ အခုလိုကြုံရတာ ဆိုတာကိုပဲ ဖိပြောကြတယ်။ အားပေးနှစ်သိမ့်တဲ့စကား မတွေ့ရဘူး။

ယောဘကို မိတ်ဆွေတစ်ယောက် ပြစ်တင်ပြောဆိုနေတာကို နောက်နှစ်ယောက်က ထိုင်ကြည့်နေ။ ကိုယ်ခန္ဓာအနှံ့ အနာစိမ်းတွေပေါက်နေတဲ့ ယောဘက မြေကြီးပေါ်မှာထိုင်နေပြီး စိတ်ပျက်လက်ပျက် နားထောင်နေ။

အားပေးနှစ်သိမ့်တဲ့အခါ အထက်စီး မဆန်ပါနဲ့။ အတတ်နိုင်ဆုံး ကူညီပေးပါ (စာပိုဒ် ၄ ကို ကြည့်ပါ)


၅။ မိတ်ဆွေသုံးဦးရဲ့စကားက ယောဘကို ဘာဖြစ်စေသလဲ။

၅ ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့ရဲ့စကားကြောင့် ယောဘ ပိုစိတ်ထိခိုက်သွားတယ်။ (ယောဘ ၁၉:၂) အပြစ်ရှိကြောင်း စွပ်စွဲလေ သူမမှားကြောင်း ပိုချေပပြောဆိုချင်လေ ဖြစ်လာတယ်။ ဒါကြောင့် မှန်မှန်ကန်ကန် မတွေးနိုင်တော့ဘဲ မဆင်မခြင် ပြောမိသွားတယ်။ (ယောဘ ၆:၃၊ ၂၆) ယောဘမိတ်ဆွေတွေရဲ့ပြောစကားက ယေဟောဝါရဲ့ အလိုတော်နဲ့မညီသလို ယောဘကို မစာနာရာလည်း ကျတယ်။ ဒီလိုနဲ့ သူတို့ဟာ စာတန်ရဲ့ လက်ကိုင်တုတ် ဖြစ်လာကြတယ်။ (ယောဘ ၂:၄၊ ၆) ဒီမှတ်တမ်းက ရှေးအစ္စရေးတွေကို ဘယ်လို အကျိုးပြုခဲ့နိုင်သလဲ၊ ကျွန်တော်တို့ကိုရော ဘယ်လို အကျိုးပြုနိုင်သလဲ။

၆။ အစ္စရေးအကြီးအကဲတွေဟာ ယောဘရဲ့ မိတ်ဆွေသုံးဦးဆီကနေ ဘာသင်ခန်းစာရခဲ့နိုင်သလဲ။

၆ ရှေးအစ္စရေးတွေကို အကျိုးပြုခဲ့နိုင်ပုံ။ ယေဟောဝါက အစ္စရေးတွေကို လူမျိုးတစ်မျိုးအဖြစ် ဖွဲ့စည်းပေးပြီးနောက် ပညတ်တရားပေးတယ်။ ပညတ်တရားနဲ့အညီ လူတွေကို တရားစီရင်ဖို့ အရည်အချင်းရှိတဲ့ အမျိုးသားတွေ၊ အကြီးအကဲတွေ ခန့်အပ်တယ်။ (တရား. ၁:၁၅-၁၈။ ၂၇:၁) သူတို့က အကြံမပေးခင်၊ မတည့်မတ်ပေးခင် ကောင်းကောင်းနားထောင်ဖို့ လိုတယ်။ (၂ ရာ. ၁၉:၆) အကြောင်းစုံသိတယ်လို့ မယူမှတ်ဘဲ မေးခွန်းတွေမေးဖို့ လိုတယ်။ (တရား. ၁၉:၁၈) အကူအညီလာတောင်းသူတွေအပေါ် စိတ်ရှည်ဖို့ လိုတယ်။ ဘာကြောင့်လဲ။ စိတ်မရှည်ရင် ခံစားချက်တွေကို အကုန်ထုတ်ပြောရဲမှာ မဟုတ်ဘူး။ (ထွ. ၂၂:၂၂-၂၄) ဒီလိုနည်းနဲ့ အစ္စရေးအကြီးအကဲတွေဟာ ယောဘကျမ်းကနေ အကျိုးရရှိခဲ့မှာပဲ။

၇။ အစ္စရေးအကြီးအကဲတွေအပြင် တခြားဘယ်သူတွေလည်း အကြံပေးကြသလဲ။ ယောဘကျမ်းကနေ သူတို့ ဘာအကျိုးရနိုင်သလဲ။ (ပညာအလိမ္မာ ၂၇:၉)

၇ အစ္စရေးအကြီးအကဲတွေပဲ အကြံပေးကြတာ မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ကျား/မ မရွေး ဝတ်ပြုရေးနဲ့ပတ်သက်ပြီး အချင်းချင်း အကြံပေးနိုင်တယ်၊ အမှားလုပ်သူကို တည့်မတ်ပေးနိုင်ကြတယ်။ (ဆာ. ၁၄၁:၅) စိတ်ရင်းမှန်နဲ့ အကြံပေးတာဟာ မိတ်ဆွေကောင်းတွေရဲ့ အမှတ်အသားပါ။ (ပညာအလိမ္မာ ၂၇:၉ ကို ဖတ်ပါ။) အစ္စရေးတွေသာ ယောဘရဲ့ မိတ်ဆွေသုံးဦးဆီကနေ သင်ခန်းစာယူခဲ့ရင် အကြံပေးတဲ့အခါ ဘာမပြောသင့်ဘူး၊ ဘာမလုပ်သင့်ဘူးဆိုတာကို သိထားကြမှာ။

၈။ အကြံပေးတဲ့အခါ ဘာတွေသတိထားရမလဲ။ (ရုပ်ပုံတွေကိုလည်း ကြည့်ပါ။)

၈ ကျွန်တော်တို့ အကျိုးရနိုင်ပုံ။ အခက်အခဲကြုံနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကူညီပေးချင်ကြတယ်။ ဒါပေမဲ့ ယောဘမိတ်ဆွေသုံးဦးလို မလုပ်မိဖို့ သတိထားရမယ်။ ပထမ၊ အကြံမပေးခင် အကြောင်းစုံသိအောင် လုပ်ပါ။ ဒုတိယ၊ ဧလိဖတ်လို ကိုယ့်ရဲ့အတွေ့အကြုံကိုပဲ အခြေခံပြီး အကြံပေးတာမျိုး မလုပ်ပါနဲ့။ ကျမ်းစာမူတွေအပေါ် အခြေခံပါ။ (ယောဘ ၄:၈။ ၅:၃၊ ၂၇) တတိယ၊ ပြစ်တင်ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ယောဘမိတ်ဆွေသုံးဦးပြောတဲ့ စကားထဲမှာ မှန်တာတွေလည်းပါတယ်။ နောက်ပိုင်းမှာ ဧလိဖတ်ရဲ့စကားတချို့ကို တမန်တော်ပေါလု ပြန်ကိုးကားခဲ့တယ်။ (ယောဘ ၅:၁၃ ကို ၁ ကောရိန္သု ၃:၁၉ နဲ့ နှိုင်းယှဉ်ပါ။) ဒါပေမဲ့ ဘုရားနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့ စကားအများစုက မမှန်တဲ့အပြင် ယောဘကို စိတ်ထိခိုက်စေတယ်။ ငါ့အကြောင်း အမှန်အတိုင်းမပြောဘူးလို့ ယေဟောဝါပြောခဲ့တယ်။ (ယောဘ ၄၂:၇၊ ၈) ဒါကြောင့် ယေဟောဝါကို ခက်ထန်တဲ့ဘုရားလို့ မြင်သွားစေတဲ့နည်းနဲ့ အကြံမပေးသင့်ဘူး။ အကြံပေးခံရသူဟာ အချစ်မခံထိုက်ဘူးလို့ ခံစားသွားရအောင်လည်း မလုပ်သင့်ဘူး။ အခု ဧလိဟုဆီကနေ ဘာသင်ယူနိုင်ကြောင်း ဆက်ဆွေးနွေးရအောင်။

ရုပ်ပုံများ– ညီအစ်ကိုတစ်ယောက်က စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ညီအစ်ကိုကို အားပေးနေပုံ။ ၁။ စိတ်ပျက်နေတဲ့ ညီအစ်ကိုက အိမ်အပြင်ဘက် ပန်းခြံထဲက ထိုင်ခုံမှာ ထိုင်ပြီး ရင်ဖွင့်နေတာကို ညီအစ်ကို စိတ်ရှည်ရှည် နားထောင်ပေးနေ။ ၂။ ကောင်းကောင်း နားထောင်ပေးပြီးနောက် ကျမ်းစာဖွင့်ပြနေ။ ၃။ ညီအစ်ကိုက ကျမ်းစာကို သုံးပြီး မေတ္တာနဲ့အားပေးနေတာကို စိတ်ပျက်နေတဲ့ညီအစ်ကို သေသေချာချာ နားထောင်နေ။

အကြံပေးတဲ့အခါ (၁) အကြောင်းစုံသိအောင်လုပ်ပါ၊ (၂) ကျမ်းစာမူတွေကို အခြေခံပါ၊ (၃) မေတ္တာနဲ့ ပြောပါ (စာပိုဒ် ၈ ကို ကြည့်ပါ)


ယောဘကို ဧလိဟု အကြံပေးပုံ

၉။ မိတ်ဆွေသုံးဦးနဲ့ စကားပြောပြီးနောက်မှာတောင် ယောဘ ဘာကြောင့် အားပေးမှု လိုနေသေးသလဲ။ ယေဟောဝါ ဘယ်လိုနှစ်သိမ့်ပေးသလဲ။

၉ ယောဘနဲ့ မိတ်ဆွေသုံးဦး ငြင်းခုံနေကြတာ အချိန်တော်တော်ကြာသွားတယ်။ သူတို့ပြောတဲ့ စကားတွေကို မှတ်တမ်းတင်လိုက်တာ အခန်းကြီး ၂၈ ခန်းအထိ ရှိသွားတယ်။ အများစုဟာ ဒေါသတကြီး၊ မကျေမနပ် အပြန်အလှန် ပြောဆိုခဲ့တဲ့စကားတွေပါ။ ဒါကြောင့် ယောဘ စိတ်သက်သာရာ မရနိုင်သေးဘူး။ အားပေးနှစ်သိမ့်မှု လိုနေဆဲပဲ။ ယေဟောဝါ ဘာလုပ်သလဲ။ ဧလိဟုကိုသုံးပြီး ယောဘကို နှစ်သိမ့်ပေးတယ်။ ဧလိဟု ဘာကြောင့် အခုမှ စကားစပြောသလဲ။ “ခင်ဗျားတို့က အသက်ကြီးပြီး ကျွန်တော်က အသက်ငယ်တဲ့အတွက် လေးစားတဲ့အနေနဲ့ နှုတ်ဆိတ်နေတာပါ” လို့ ဧလိဟု ပြောတယ်။ (ယောဘ ၃၂:၆၊ ၇) အသက်ကြီးသူတွေဟာ အတွေ့အကြုံများတဲ့အတွက် ပိုပြီး ဉာဏ်ပညာရှိတယ်လို့ ဧလိဟု ယူဆပုံရတယ်။ ယောဘနဲ့ မိတ်ဆွေသုံးဦး အပြန်အလှန်ပြောကြတဲ့စကားတွေ ကြားပြီးနောက် ဧလိဟု နှုတ်ဆိတ်မနေနိုင်တော့ဘူး။ “အသက်ကြီးတိုင်းလည်း ပညာရှိတာ မဟုတ်ဘူး။ အသက်ကြီးသူတွေပဲ မှန်တာကို နားလည်တာ မဟုတ်ဘူး” လို့ ပြောတယ်။ (ယောဘ ၃၂:၉) ဧလိဟု ဘာတွေများဆက်ပြောသလဲ။

၁၀။ ယောဘကို မတည့်မတ်ပေးခင် ဧလိဟု ဘာလုပ်သလဲ။ (ယောဘ ၃၃:၆၊ ၇)

၁၀ ယောဘကို မတည့်မတ်ပေးခင် ဧလိဟု လုပ်ခဲ့ရတာတွေရှိတယ်။ ကြားရတဲ့စကားတွေကြောင့် ဧလိဟု ဒေါသထွက်ပေမဲ့ ယောဘကို စကားမပြောခင် သူ့စိတ်သူထိန်းတယ်။ (ယောဘ ၃၂:၂-၅) ဒါကြောင့် ယောဘကို ချိုးချိုးနှိမ်နှိမ် မပြောဘဲ အားရှိစေတဲ့စကားမျိုး ပြောနိုင်သွားတယ်။ ဥပမာ၊ “ကျွန်တော်နဲ့ ခင်ဗျားဟာ စစ်မှန်တဲ့ဘုရားသခင်ရှေ့မှာ အတူတူပါပဲ” လို့ ယောဘကို ပြောတယ်။ (ယောဘ ၃၃:၆၊ ၇ ကို ဖတ်ပါ။) ယောဘကို မတည့်မတ်ပေးခင် ယောဘ ပြောခဲ့တဲ့ စကားခြောက်ခွန်းကို ဧလိဟု ပြန်ပြောတယ်။ (ယောဘ ၃၂:၁၁။ ၃၃:၈-၁၁) တည့်မတ်ပေးနေချိန်မှာလည်း ယောဘစကားတွေကို ပြန်ထည့်ပြောတယ်။ (ယောဘ ၃၄:၅၊ ၆၊ ၉။ ၃၅:၁-၄) ဒါကိုကြည့်ရင် ယောဘစကားပြောတုန်းက သူကောင်းကောင်း နားထောင်ခဲ့တယ်ဆိုတာ ထင်ရှားတယ်။

၁၁။ ယောဘကို ဧလိဟု ဘယ်လို အကြံပေးသလဲ။ (ယောဘ ၃၃:၁)

၁၁ သစ္စာရှိသူ ယောဘကို ဧလိဟု လေးလေးစားစား အကြံပေးတယ်။ ဥပမာ၊ မိတ်ဆွေသုံးဦးလိုမဟုတ်ဘဲ ဧလိဟု စကားပြောတဲ့အခါ ယောဘနာမည်ကိုသုံးတယ်။ (ယောဘ ၃၃:၁ ကို ဖတ်ပါ။) ယောဘနဲ့ မိတ်ဆွေသုံးဦး အချေအတင်ပြောနေချိန်မှာ ဝင်ပြောချင်ခဲ့တာကို ဧလိဟု ပြန်အမှတ်ရသွားပုံရတယ်။ ဒါကြောင့် သူစကားပြောတဲ့အချိန်မှာလည်း ယောဘကို ပြောခွင့်ပေးတယ်။ (ယောဘ ၃၂:၄။ ၃၃:၃၂) ယောဘရဲ့ အပြောအဆို၊ လုပ်ရပ်အမှားတွေကို ဧလိဟု ကြင်ကြင်နာနာ ထောက်ပြတယ်။ ယေဟောဝါရဲ့ ဉာဏ်ပညာ၊ တန်ခိုး၊ တရားမျှတမှုနဲ့ ခိုင်မြဲတဲ့မေတ္တာကိုလည်း ပြန်အမှတ်ရစေတယ်။ (ယောဘ ၃၆:၁၈၊ ၂၁-၂၆။ ၃၇:၂၃၊ ၂၄) ဧလိဟုရဲ့ နည်းမှန်လမ်းကျ တည့်မတ်ပေးမှုကြောင့် ယေဟောဝါဆီကလာတဲ့ နောက်ထပ်လမ်းညွှန်ချက်တွေကို နားထောင်ဖို့ ယောဘ အသင့်ဖြစ်သွားမှာ သေချာတယ်။ (ယောဘ ၃၈:၁-၃) ဧလိဟုရဲ့ ပုံနမူနာက ရှေးအစ္စရေးတွေကို ဘယ်လိုအကျိုးပြုခဲ့နိုင်သလဲ၊ ကျွန်တော်တို့ကိုရော ဘယ်လို အကျိုးပြုနိုင်သလဲ။

၁၂။ ပရောဖက်တွေကို ယေဟောဝါ ဘယ်လို အသုံးပြုခဲ့သလဲ။ ဧလိဟုရဲ့ ပုံနမူနာကနေ အစ္စရေးတွေ ဘယ်လို အကျိုးရနိုင်သလဲ။

၁၂ ရှေးအစ္စရေးတွေကို အကျိုးပြုခဲ့နိုင်ပုံ။ အစ္စရေးတွေကို သွန်သင်တည့်မတ်ပေးဖို့ ပရောဖက်တွေကို ယေဟောဝါ အသုံးပြုခဲ့တယ်။ ဥပမာ၊ တရားသူကြီးတွေခေတ်တုန်းက ပရောဖက်မ ဒေဗောရဟာ အစ္စရေးတွေရဲ့ မိခင်သဖွယ် လမ်းပြပေးတယ်။ ရှမွေလဆိုရင် ငယ်စဉ်ကတည်းက ယေဟောဝါရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အစ္စရေးတွေကို ညွှန်ကြားခဲ့တယ်။ (သူကြီး. ၄:၄-၇။ ၅:၇။ ၁ ရှ. ၃:၁၉၊ ၂၀) ဘုရင်တွေ အုပ်ချုပ်တဲ့ခေတ်မှာလည်း အစ္စရေးတွေ ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုဖို့၊ မနာခံတဲ့သူတွေကို တည့်မတ်ပေးဖို့ ပရောဖက်တွေကို ယေဟောဝါ ဆက်အသုံးပြုတယ်။ (၂ ရှ. ၁၂:၁-၄။ တ. ၃:၂၄) ယောဘကျမ်းမှာပါတဲ့ ဧလိဟုရဲ့ ပုံနမူနာက တခြားသူတွေကို အားပေးနှစ်သိမ့်တဲ့အခါ၊ ပဲ့ပြင်တည့်မတ်ပေးတဲ့အခါ ဘာပြောသင့်သလဲ၊ ဘယ်လိုပြောသင့်သလဲသိအောင် ရှေးသစ္စာရှိအစ္စရေးတွေကို အထောက်အကူပြုခဲ့နိုင်တယ်။

၁၃။ ယုံကြည်သူခြင်းတွေကို ကျွန်တော်တို့ ဘယ်လို အားပေးနိုင်သလဲ။

၁၃ ကျွန်တော်တို့ အကျိုးရနိုင်ပုံ။ ကျွန်တော်တို့လည်း ကျမ်းစာမှာပါတဲ့ ဘုရားအလိုတော်ကို လူတွေသိအောင် ကြေညာနေကြတယ်။ ညီအစ်ကို/မတွေကို တည်ဆောက်မှုဖြစ်စေတဲ့ စကားတွေနဲ့ အားပေးနှစ်သိမ့်ကြတယ်။ (၁ ကော. ၁၄:၃) အကြီးအကဲတွေဟာ ညီအစ်ကို/မတွေနဲ့ ပြောဆိုတဲ့အခါ “ကြင်ကြင်နာနာပြောဖို့” လိုတယ်။ “မဆင်မခြင်” ပြောဆိုတတ်သူတွေအပေါ်မှာတောင် ကြင်နာကြတယ်။—၁ သက်. ၅:၁၄။ ယောဘ ၆:၃။

၁၄-၁၅။ တစ်ယောက်ယောက်ကို အားပေးတဲ့အခါ အကြီးအကဲတွေ ဧလိဟုကို ဘယ်လို အတုယူနိုင်သလဲ။

၁၄ အသင်းတော်မှာ စိတ်ဓာတ်ကျနေတဲ့ ညီအစ်မကို အကြီးအကဲတစ်ယောက် သတိထားမိတယ် ဆိုပါစို့။ နောက်အကြီးအကဲတစ်ယောက်နဲ့အတူ ညီအစ်မကိုအားပေးဖို့ သူ့ဆီ သွားလည်ပတ်တယ်။ အမှုဆောင် ပုံမှန်ထွက်၊ အစည်းအဝေးပုံမှန်တက်နေပေမဲ့ မပျော်ကြောင်း ညီအစ်မ ရင်ဖွင့်လာတယ်။ အကြီးအကဲ ညီအစ်ကို ဘယ်လိုအားပေးမလဲ။

၁၅ ဦးဆုံး၊ ညီအစ်မရဲ့ အခြေအနေကို ကောင်းကောင်းနားလည်ဖို့ ကြိုးစားမှာဖြစ်တယ်။ နားလည်ဖို့ဆိုရင် ညီအစ်မပြောတာ စိတ်ရှည်ရှည်နားထောင်ပေးမှာပဲ။ ဘုရားမေတ္တာမရထိုက်ဘူးလို့ ညီအစ်မ ခံစားနေရတာ ဖြစ်နိုင်တယ်။ “ဘဝရဲ့ စိုးရိမ်ပူပန်စရာတွေကြောင့်” သောကရောက်နေတာ ဖြစ်နိုင်တယ်။ (လု. ၂၁:၃၄) ဒုတိယ၊ တစ်ချိန်တည်းမှာ ချီးမွမ်းစရာလေးတွေ ရှာကြည့်နိုင်တယ်။ သောကရောက်နေတဲ့ကြားက အစည်းအဝေးတွေ တက်တဲ့အတွက်၊ အမှုဆောင်ထွက်တဲ့အတွက် ချီးမွမ်းပေးနိုင်တယ်။ တတိယ၊ အကြောင်းစုံသိပြီဆိုရင် ယေဟောဝါချစ်တယ်ဆိုတာ ညီအစ်မ ယုံကြည်စိတ်ချလာအောင် ကျမ်းစာနဲ့ အားပေးနိုင်တယ်။—ဂလ. ၂:၂၀။

ယောဘကျမ်းကနေ ဆက်သင်ယူနေပါ

၁၆။ ယောဘကျမ်းကနေ အကျိုးရအောင် ဘာဆက်လုပ်မလဲ။

၁၆ ယောဘကျမ်းကနေ သင်ခန်းစာတွေ အများကြီးရခဲ့ပြီ။ ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားရတယ်၊ ဘယ်လို ခံရပ်နိုင်တယ်ဆိုတာ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့ကြတယ်။ တခြားသူတွေကို အားပေးနှစ်သိမ့်တဲ့အခါ၊ ပဲ့ပြင်တည့်မတ်ပေးတဲ့အခါ ယောဘရဲ့မိတ်ဆွေသုံးဦးကို မဟုတ်ဘဲ ဧလိဟုကို အတုယူဖို့ ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့ကြတယ်။ တစ်ယောက်ယောက်ကို အကြံပေးရတော့မယ်ဆိုရင် ယောဘကျမ်းထဲက သင်ခန်းစာတွေကို အရင် ပြန်လေ့လာပါ။ ယောဘကျမ်းကို မဖတ်ဖြစ်တာကြာပြီဆိုရင် ပြန်ဖတ်ဖို့ ပန်းတိုင်ထားပါ။ ရှေးခေတ်က ဘုရားကျေးကျွန်တွေကို အကျိုးပြုခဲ့သလို သင့်အတွက် အသုံးတည့်မယ့် သင်ခန်းစာတွေ ရနိုင်ပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • ယောဘမိတ်ဆွေသုံးဦးဆီကနေ ဘာသင်ခန်းစာရသလဲ။

  • ဧလိဟုရဲ့ ပဲ့ပြင်တည့်မတ်ပေးပုံကနေ ဘာသင်ယူနိုင်သလဲ။

  • ယောဘကျမ်းကနေ အကျိုးရအောင် ဘာဆက်လုပ်မလဲ။

သီချင်း ၁၂၅ “သနားကြင်နာတတ်သူတွေ ပျော်ရွှင်ချမ်းမြေ့”

a ယေဟောဝါအမြင်မှာ ဖြောင့်မတ်တဲ့သူဆိုတာ မရှိဘူး၊ ဘုရားမျက်နှာသာရတဲ့သူ မရှိဘူးလို့ ဧလိဖတ် အတွေးဝင်လာတာ နတ်ဆိုးကြောင့် ဖြစ်ပုံရတယ်။ သူ့စိတ်ထဲ အဲဒီအတွေး လွှမ်းမိုးနေတယ်။ ဒါကြောင့် ယောဘကို ဒီအကြောင်းပဲ သုံးကြိမ်တောင်ပြောတယ်။—ယောဘ ၄:၁၇။ ၁၅:၁၅၊ ၁၆။ ၂၂:၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ