အုပ်ချုပ်ရေးအဖွဲ့ထံမှစာ
ကျွန်ုပ်တို့အမှန်ပင်မျက်နှာသာခံစားရပေသည်! ယေဟောဝါသက်သေများအနေနှင့် ကျွန်ုပ်တို့သည် စစ်မှန်ပြီးအသက်ရှင်တော်မူသည့် တစ်ဆူတည်းသောဘုရားသခင်၊ စကြဝဠာဖန်ဆင်းရှင်ယေဟောဝါကို သိရှိရုံမက ကိုယ်တော်၏နာမတော်ကို ခံယူခွင့်နှင့် ကိုယ်တော်ထံအမှုတော်ထမ်းဆောင့်ခွင့်ကိုပါ ရရှိထားသည်။ ယင်းထက်သာ၍ကြီးမြတ်သောကောင်းချီး ရှိနိုင်ဦးမည်လော!—ဟေရှာ. ၄၃:၁၂; ဟေဗြဲ ၈:၁၁။
ကျွန်ုပ်တို့တွင် ကယ်တင်ခြင်းမျှော်လင့်ချက်ရှိထားပြီး အခြားသူများလည်း ယေဟောဝါအားဝတ်ပြုကာ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ရရှိပိုင်ဆိုင်စေဖို့ နိုင်ငံတော်သတင်းကောင်းဟောပြောရန်တာဝန်ကို ရရှိထားသည်။ (မ. ၂၄:၁၄; ရော. ၁၀:၁၃၊ ၁၄; ၁ သက်. ၅:၈) ကျွန်ုပ်တို့သည် တစ်ဦးကိုတစ်ဦးချစ်ကြကာ တက်ကြွစွာကူညီပေးသည့် အပြည်ပြည်ဆိုင်ရာဝတ်ပြုသူများ၏ညီအစ်ကိုအသင်းအပင်းဖြစ်ရသည့် ရွှင်လန်းမှုကိုလည်းရရှိထားသည်။ ယင်းတို့အားလုံးသည် အလွန်ကောင်းသောဆုကျေးဇူးများပင်တည်း!
သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သင့်လျော်စွာဖိတ်ခေါ်သည်– “ထာဝရဘုရား၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့။ . . . ကျေးဇူးတော်ကြီးပါသည်ဟုဝန်ခံလျက် တံခါးတော်တို့ကိုလည်းကောင်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တံတိုင်းတော်တို့ကိုလည်းကောင်း ဝင်ကြလော့။ ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုကောင်းချီးပေးကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍ သစ္စာတော်သည် ကာလအဆက်ဆက်တည်လေသတည်း။” (ဆာ. ၁၀၀:၂-၅) ယေဟောဝါ၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ခြင်းသည် ကိုယ်တော်နှင့် ခိုင်မာသောနှစ်ကိုယ်ကြားဆက်ဆံရေးရှိခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ ကိုယ်တော်သည် ထိုသို့သောဆက်ဆံရေးကို ထူထောင်ပေးထားရာ ကျွန်ုပ်တို့သည် ယင်းကို ပြုစုပျိုးထောင်ရန်အခွင့်အရေး ရရှိကြသည်။ ကျွန်ုပ်တို့သည် ထိုသို့သောဆက်ဆံရေးမျိုးရရှိသည့်အခါ ယေဟောဝါသည် လိုအပ်သည့်အချိန်အခါများတွင် ကျွန်ုပ်တို့ကိုကူညီရန် အမြဲအသင့်ရှိကာ ခွန်အားပေးနိုင်ကြောင်း သိထားကြသည်။ ဤအစီအစဉ်စနစ်၏နောက်ဆုံးနေ့ရက်များတွင် အသက်ရှင်ခြင်း၏စိန်ခေါ်ချက်များကို ရင်ဆိုင်ရန်လိုအပ်သည့် ဝိညာဏခွန်အားနှင့် လမ်းညွှန်မှုကို ကိုယ်တော်ပေးတော်မူမည်ဟု ကျွန်ုပ်တို့စိတ်ချကြသည်။ ကျွန်ုပ်တို့သည် မည်သည့်ဖိစီးမှုများကိုရင်ဆိုင်ရပါစေ ဓမ္မအမှုတွင် ပျော်ရွှင်ကြပြီး ယေဟောဝါကို နေ့စဉ်ကျေးဇူးတင်ကြသည်၊ အကြောင်းမှာ ကိုယ်တော့်နှုတ်ကပါဌ်တော်က သတိပေးထားသည့်အတိုင်း ‘ကျွန်ုပ်တို့ကို သတိနှင့်ကြည့်ရှုတော်မူ’ သောကြောင့်ဖြစ်သည်။—၁ ပေ. ၅:၇။
ယေဟောဝါသည် ယမန်နှစ်အတွင်းက ကျွန်ုပ်တို့ကို အမှန်ပင်ကောင်းချီးအလျှံပယ်ပေးခဲ့သည်။ “ဘုရားသခင့်စကားတော်ကိုကျင့်သုံးသူများ” ခရိုင်စည်းဝေးကြီးတွင် အဖိုးထိုက်သောယုံကြည်ခြင်းရှိသည့် အခြားထောင်ပေါင်းများစွာသောသူတို့နှင့်အတူရှိကာ ယေဟောဝါ၏ဝိညာဏစားပွဲတွင် အတူတကွသီဆိုစားသုံးရသည့်အတွက် ဝမ်းသာပီတိဖြစ်ကြသည်။ ကျွန်ုပ်တို့၏အသင်းတော်စာအုပ်ကြီးသင်တန်းများတွင် ဒံယေလပရောဖက်ပြုချက်ကိုအာရုံစိုက်လော့! [မြန်မာအစီအစဉ်တွင် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!]စာအုပ်ကို အတူလေ့လာရခြင်းမှ ယုံကြည်ခြင်းခိုင်မာစေသောတွေ့ကြုံမှုရရှိခဲ့ကြပြီ။ ထို့အပြင် ဟေရှာယပရောဖက်ပြုချက်—လူသားအားလုံးအတွက်အလင်း စာအုပ်သစ်အတွဲ ၁ ကိုရရှိ၍ ကျွန်ုပ်တို့မည်မျှဝမ်းသာပီတိဖြစ်ခဲ့ရသည်တကား! ‘ကျွန်ုပ်တို့၏ခွက်ဖလားသည် လျှံလျက်ရှိပါသည်။’—ဆာ. ၂၃:၅။
သန်းနှင့်ချီသည့် ကျွန်ုပ်တို့၏ဝိညာဏညီအစ်ကိုညီအစ်မများသည် ယေဟောဝါ၏အမှုတော်ထမ်းဆောင်ရာတွင် စည်းလုံးမှုရှိကြသည်ကို သိရခြင်းသည် အလွန်ရွှင်လန်းစရာပင်! လယ်ကွင်းဓမ္မအမှုနှင့်ပတ်သက်၍ အမြင့်ဆုံးနှုန်းသစ်များရရှိခဲ့ကြောင်းဖတ်ရခြင်းသည်လည်း အလွန်အားရှိစရာကောင်းလှပါဘိ! ကမ္ဘာ့အခြေအနေများကြားမှ ကျွန်ုပ်တို့သခင်၏သေခြင်းအောက်မေ့ရာပွဲကို သန်းပေါင်းများစွာတက်ရောက်ခဲ့ကြ၍ ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်။ ကမ္ဘာချီလယ်ကွင်းကို ကျွန်ုပ်တို့ကြည့်ရှုလိုက်သည့်အခါ “စပါးရိတ်စရာများစွာရှိ” ကြောင်းထင်ရှားပါသည်။ (လု. ၁၀:၂) လွန်ခဲ့သည့်နှစ်က ပတ်စဉ် ပျမ်းမျှ ၅,၅၅၅ ယောက်သောကျမ်းစာသင်သားများသည် ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ဆက်ကပ်အပ်နှံကြောင်းတင်ပြသည်အထိ တိုးတက်ခဲ့သည်။ ကမ္ဘာ့ဒေသအချို့သည် အခြားသောဒေသများထက် စပါးရိတ်စရာများစွာရှိနေစဉ် ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါလုပ်ဆောင်နေသည့်အရာများ၌ ပျော်မွေ့ကြသည်။ မိမိကျေးကျွန်များ၏စည်းလုံးညီညွတ်သောကြိုးစားမှုများကို ကိုယ်တော်ကောင်းချီးပေးသည့် မမှားနိုင်သောသာဓကကို ကျွန်ုပ်တို့တွေ့ မြင်ကြရသည်။
နိုင်ငံတော်ခန်းမအသစ်များဆောက်လုပ်ခြင်းက အလွန်ပျော်ရွှင်ရသည့် နောက်ထပ်အကြောင်းရင်းတစ်ခုဖြစ်သည်! ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများက ဤလုပ်ငန်းကို စိတ်နှလုံးအကြွင်းမဲ့ကူညီပေးနေသည်ကို တွေ့ရ၍ ကျွန်ုပ်တို့အလွန်အားရကျေနပ်သည်။ လိုအပ်သောလေ့ကျင့်မှုရရှိထားသည့် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးအုပ်စုများ၏အကူအညီဖြင့် ရာပေါင်းများစွာသောနိုင်ငံတော်ခန်းမများ ဆောက်လုပ်ပြီးပြီဖြစ်သည်။ ဤညီအစ်ကိုများသည် နိုင်ငံတော်ခန်းမဆောက်လုပ်ရေးစီမံကိန်းများကို ဦးဆောင်ရန် ၎င်းတို့၏နိုင်ငံအတွင်းရှိ အသင်းတော်တစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့ကြရသည်။ နိုင်ငံတော်ခန်းမထောင်ပေါင်းများစွာ ဆောက်လုပ်ရန်လိုသေးသဖြင့် ယင်းလိုအပ်သည့်လုပ်ငန်းတွင်အကူအညီပေးရန် ဖွံ့ဖြိုးဆဲနိုင်ငံများအတွင်း နောက်ထပ်စေတနာ့ဝန်ထမ်းများ အပူတပြင်းလိုအပ်နေပါသည်။ ထိုသို့သောနိုင်ငံတစ်ခုတွင် သင်နေထိုင်ပါက သင့်ကိုယ်သင် အသင့်ဖြစ်စေနိုင်မည်လော။ ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများသည် ဝတ်ပြုစည်းဝေးရန် ၎င်းတို့၏ကိုယ်ပိုင်နိုင်ငံတော်ခန်းမ ရရှိကြသည့်အတွက် မည်မျှကျေးဇူးတင်ကြမည်တကား! ထို့အပြင် ထိုသို့ပြုနိုင်ရန် ငွေကြေးအကူအညီပေးသည့်အတွက် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကို သူတို့မည်မျှကျေးဇူးတင်ကြမည်တကား!
ဥပဒေဆိုင်ရာအောင်မြင်မှုများသတင်းက ကျွန်ုပ်တို့ကို ပီတိဖြစ်စေသည်။ သို့တိုင် နေရာများစွာတွင် ယေဟောဝါ၏ဝတ်ပြုရေးကို နှိပ်ကွပ်လိုသည့် ဩဇာရှိသူများလည်းရှိသည်။ ကျွန်ုပ်တို့သည် ဤအခြေအနေများကို ကိုင်တွယ်ဖြေရှင်းရစဉ် အကူအညီပေးဖို့နှင့်ပတ်သက်လာလျှင် အတိုက်အခံပြုသူများမည်မျှပင်များနေပါစေ သို့မဟုတ် ကိုယ်တော့်ကျေးကျွန်များသည် မည်မျှပင်အကာအကွယ်မဲ့ပုံပေါက်နေပါစေ ယေဟောဝါအတွက်ပြဿနာမဟုတ်ကြောင်း ယုံကြည်စိတ်ချထားသည်။ (၆ ရာ. ၁၄:၁၁) စစ်မှန်သောဝတ်ပြုရေးအတွက် ဆက်၍ခိုင်မြဲစွာရပ်တည်ကြသော အသင်ညီအစ်ကိုညီအစ်မများအားလုံးကို ကျွန်ုပ်တို့ လှိုက်လှဲစွာချီးမွမ်းပါသည်။
သင့်ခရစ်ယာန်တာဝန်များကို ပျော်ရွှင်စွာထမ်းဆောင်သည်နှင့်အမျှ သင့်ယုံကြည်ခြင်းကို ဆက်၍ခိုင်မြဲစေကာ လမ်းညွှန်မှုအတွက် ယေဟောဝါကို လုံးလုံးလျားလျား ဆက်၍မှီခိုအားထားပါ။ (သု. ၃:၅၊ ၆) မည်သည့်အရာကိုမဆို ရန်သူအားပြုခွင့်ပေးထားပါစေ စိတ်ဓာတ်ကျစရာအကြောင်းမရှိပေ။ စိုးရိမ်နေသောမိမိ၏ကျွန်အား ဧလိရှဲပေးခဲ့သည့်အားပေးချက်ကို သတိရပါ– “မစိုးရိမ်နှင့်။ ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌နေသောသူတို့ထက် သာ၍များကြသည်။” (၄ ရာ. ၆:၁၅-၁၇) ယနေ့ ယေဟောဝါ၏ကောင်းကင်စစ်တပ်သည် ဧလိရှဲခေတ်ကကဲ့သို့ စင်ကြယ်သောဝတ်ပြုရေးကိုစိတ်ဝင်စားသူများအား ကာကွယ်ရန်အသင့်ရှိတော်မူသည်။ ကျွန်ုပ်တို့သည် အနာဂတ်ကို ယုံကြည်စိတ်ချမှုဖြင့် ရင်ဆိုင်ကြသည်။ ယေဟောဝါထိန်းချုပ်ထားတော်မူသည်။ တိုင်းနိုင်ငံများသည် ကိုယ်တော်နှင့်မယှဉ်နိုင်ပါ။ ကိုယ်တော်သည် အုပ်ချုပ်ရေးအာဏာအပြည့်ဖြင့် မိမိ၏သားတော်ကို နန်းတင်ခဲ့ပြီဖြစ်သည်။ “ကိုယ်တော်ကို ခိုလှုံသူအပေါင်းတို့သည် ပျော်ရွှင်ကြ၏။”—ဆာ. ၂:၁-၆၊ ၁၂၊ ကဘ။
ချစ်လှစွာသောအသင်ညီအစ်ကိုညီအစ်မအားလုံးကို ကျွန်ုပ်တို့ အမြဲပင် အလွန်ချစ်ခင်တွယ်တာလျက်ရှိနေကြောင်း ကျေးဇူးပြု၍သတိရပါ။ သင်တို့ယောက်တိုင်း “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်” နိုင်ရန် ကျွန်ုပ်တို့ထက်သန်စွာဆုတောင်းပေးပါသည်။—ကော. ၄:၁၂၊ ကဘ။
သင်တို့၏ညီအစ်ကိုများ၊
ယေဟောဝါသက်သေတို့၏အုပ်ချုပ်ရေးအဖွဲ့