ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၁၂၇
  • ကျမ်းစာထဲက သတင်းစကား—ဒုက္ခသည်များအတွက် မျှော်လင့်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာထဲက သတင်းစကား—ဒုက္ခသည်များအတွက် မျှော်လင့်ချက်
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားဆီက နှစ်သိမ့်မှု
  • ဘုရားပေးတဲ့ မျှော်လင့်ချက်
  • ကျမ်းစာထဲက ဉာဏ်ပညာ
  • ယူကရိန်းကနေ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေး
    ထပ်ဆင့် အကြောင်းအရာများ
  • “ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြု” ဖို့ “တိုင်းတစ်ပါးသားတွေကို” ကူညီပေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၁၂၇
ကယ်ဆယ်ရေးစခန်းမှာ ဒုက္ခသည်နှစ်ယောက် အိတ်တွေကိုချထားပြီး မြေကြီးပေါ်ထိုင်နေ။ မလှမ်းမဝေးက တဲတွေနဲ့ တခြားသူတွေကို ငေးကြည့်နေ

Imagination World/stock.adobe.com

ကျမ်းစာထဲက သတင်းစကား—ဒုက္ခသည်များအတွက် မျှော်လင့်ချက်

ဒီဆောင်းပါးကို ပရင့်ထုတ်ဖို့ ကူးယူပါ

နှစ်စဉ် လူသန်းပေါင်းများစွာ အိုးအိမ်စွန့်ခွာနေကြရတယ်။ သင်လည်း ဒီလို စိတ်ခြောက်ခြားစရာ အဖြစ်မျိုး ကြုံနေရသလား။ ကြုံနေရရင် သင့်ကို ကူညီပေးနိုင်တဲ့သူတစ်ဦး ရှိတယ်ဆိုတာ စိတ်ချပါ။ ဘုရားသခင်က ကောင်းမွန်တဲ့ ဘဝမျှော်လင့်ချက်ကို ကမ်းလှမ်းထားတယ်။ အဲဒီအကြောင်းကို ကျမ်းစာထဲမှာ လေ့လာကြည့်နိုင်တယ်။

“ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့်ခွာရသူတွေဟာa ကျွန်တော်တို့ရဲ့ အရေးပေါ်အကူအညီလောက်ကိုသာ လိုအပ်တာ မဟုတ်ဘဲ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခုခုလည်း လိုအပ်တယ်” လို့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဟောင်းb ခရစ္စတော့စ် စတိုင်လီယံနိုက် ပြောတယ်။ မျှော်လင့်ချက်ရှိသူတွေဟာ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်သဘောထား ရှိကြတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေအနေနဲ့ မျှော်လင့်ချက်အပြင် ခံစားခဲ့ရတာတွေကို ကုစားဖို့ နှစ်သိမ့်မှုလည်း လိုအပ်တယ်။

“မိသားစုကို ထားခဲ့ပြီး နိုင်ငံကနေ ထွက်ပြေးရတုန်းက မခံမရပ်နိုင်လောက်အောင် ခံစားခဲ့ရတာ။ ရင်ထဲ ဟာတာတာကြီး ဖြစ်သွားတယ်။ ကြောက်လည်းကြောက်၊ ဝမ်းလည်းနည်း၊ စိုးလည်းစိုးရိမ်ခဲ့တယ်။”—အီမယ်နူယယ်၊ ဟေတီ။

သင်ကော ဒီလို ခံစားဖူးသလား။ အိုးအိမ်စွန့်ခွာခဲ့ရသူ ဖြစ်မယ်ဆိုရင် နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် လိုအပ်တယ်။ ဘုရားသခင့် စကားတော် သမ္မာကျမ်းစာက သင့်ကို ဘယ်လိုကူညီပေးနိုင်သလဲ။

ဘုရားဆီက နှစ်သိမ့်မှု

ကျမ်းစာဖတ်ရှုပြီး နှစ်သိမ့်မှုရယူနေသူတစ်ဦးကို ပုံဖော်ထားတဲ့ သင်္ကေတ

ကျမ်းစာ ဒီလိုဆိုတယ်– ‘ယေဟောဝါဟာc တိုင်းတစ်ပါးသားကို ချစ်တယ်။’—တရားဟောရာ ၁၀:၁၇၊ ၁၈။

ဒါက သင် တစ်ယောက်တည်းမဟုတ်မှန်း ဆိုလိုတယ်။ ကျမ်းစာရဲ့အာဘော်ရှင် ယေဟောဝါဟာ သင့်အခြေအနေကို နားလည်တယ်၊ သင့်ကို ချစ်တယ်၊ သင့်ကောင်းကျိုးကို တကယ် လိုလားတယ်။

ကျမ်းစာ ဒီလိုဆိုတယ်– “ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်း . . . ရဲ့ အနီးအပါးမှာ ရှိတယ်။”—ဆာလံ ၁၄၅:၁၈။

ဒါက သင်ဆုတောင်းတဲ့အခါ ယေဟောဝါ ကြားတာကို ဆိုလိုတယ်။ ကိုယ်တော် စိတ်ငြိမ်သက်မှု ပေးနိုင်တယ်။ ကြုံရတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ဉာဏ်ပညာကိုလည်း ကျမ်းစာကတစ်ဆင့် ပေးထားတယ်။

ကျမ်းစာ ဒီလို ဆိုတယ်– “စစ်မှန်တဲ့ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝမလုပ်ဘူး။”—ယောဘ ၃၄:၁၀၊ ၁၂။

ဒါက ဆင်းရဲဒုက္ခရောက်အောင် ဘုရားမလုပ်မှန်း ဆိုလိုတယ်။ ကိုယ်တော်က သင့်ကို ဒဏ်ခတ်နေတာ မဟုတ်ဘူး။ ဘဝကို ခက်ခဲအောင်လုပ်ပြီး စမ်းသပ်နေတာလည်း မဟုတ်ဘူး။

ဘုရားပေးတဲ့ မျှော်လင့်ချက်

ကျမ်းစာဖတ်ရှုပြီး တွေးတောဆင်ခြင်နေသူတစ်ဦးကို ပုံဖော်ထားတဲ့ သင်္ကေတ

အနာဂတ်မှာ ကျွန်တော်တို့အတွက် ဘုရား ဘာလုပ်ပေးမလဲဆိုတာ ကျမ်းစာမှာ ရှင်းပြထားတယ်။ အဲဒီမျှော်လင့်ချက်က အိုးအိမ်စွန့်ခွာရသူတွေကို ဘယ်လိုအကူအညီ ဖြစ်စေသလဲ စဉ်းစားကြည့်ပါ။

ကျမ်းစာ ဒီလို ဆိုတယ်– “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄။

ဒါက ဆင်းရဲဒုက္ခကနေ လွတ်မြောက်မှာကို ဆိုလိုတယ်။ ဘဝမှာ မျှော်လင့်ချက် မရှိတော့သယောင်ဖြစ်စေတဲ့ ပြဿနာအားလုံးကို ဘုရားသခင် အဆုံးတိုင်စေမယ်လို့ ကတိပေးထားတယ်။

“ကျွန်တော်တို့ ဝန်းကျင်မှာ ဖြစ်နေတဲ့ မတရားမှုနဲ့ ဆိုးသွမ်းမှုအားလုံးကို မကြာခင် ဘုရားသခင် အဆုံးတိုင်စေတော့မှာ။ အဲဒီမျှော်လင့်ချက် ရှိထားလို့ ဆင်းရဲဒုက္ခအားလုံး အဆုံးတိုင်မယ့်နေ့ကိုပဲ အာရုံစိုက်နိုင်တယ်။”—ကာလာ၊ အယ်ဆာဗေးဒေါ။

ကျမ်းစာ ဒီလို ဆိုတယ်– “အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲပေါ်လာတော့မှာ မဟုတ်ဘူး။”—ဟေရှာယ ၆၅:၁၇။

ဒါက နာကျင်စရာ အတိတ်ဆိုးတွေကနေ လွတ်မြောက်မှာကို ဆိုလိုတယ်။ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ခါးသီးစရာအဖြစ်အပျက်တွေကို ပြန်ပြန်သတိရပြီး ကြောက်လန့်မနေအောင် ဘုရား လုပ်ဆောင်ပေးမယ်။

“ကျွန်မတို့ ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ ဆုံးရှုံးမှုတွေကို သတိရတော့မှာတောင် မဟုတ်ဘူးလို့ ကျမ်းစာမှာ ကတိပေးထားတယ်။ ဒီမျှော်လင့်ချက် ရှိထားလို့ ကျွန်မတို့မိသားစု အခက်အခဲတွေကို ရင်ဆိုင်နိုင်တာပါ။ မကြာခင် အရာရာပြောင်းလဲသွားတော့မှာကို သိနေလို့လေ။”—နာတာလီယာ၊ ယူကရိန်း။

ကျမ်းစာ ဒီလို ဆိုတယ်– “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က . . . နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံဟာ . . . အထက်မှာပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။”—ဒံယေလ ၂:၄၄။

ဒါက ပြီးပြည့်စုံတဲ့ ကောင်းကင်အစိုးရတစ်ခု ကမ္ဘာကို အုပ်စိုးတော့မှာကို ဆိုလိုတယ်။ မကြာခင် ဘုရားသခင်က လူ့အုပ်ချုပ်မှုအားလုံးရဲ့ နေရာမှာ မိမိရဲ့ကောင်းကင်အစိုးရနဲ့ အစားထိုးပါတော့မယ်။ ဒီအစိုးရက စစ်မှန်တဲ့ ငြိမ်သက်မှု၊ လုံခြုံမှု၊ တရားမျှတမှုနဲ့ ကြွယ်ဝတဲ့ ကောင်းချီးတွေ ဆောင်ကျဉ်းပေးပါလိမ့်မယ်။—မိက္ခာ ၄:၃၊ ၄။

“ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု၊ သံသယ လွန်ကဲမှု၊ လူမျိုးရေးခွဲခြားမှုတွေ အမြဲရှိနေမှာမဟုတ်ဘူးဆိုတာ သိရလို့ တကယ်အားရှိရတယ်ဗျာ။ ဒီပြဿနာတွေ အားလုံးကို ယေဟောဝါဘုရားရဲ့ နိုင်ငံတော် မကြာခင် အဆုံးတိုင်စေတော့မယ်။”—မူစတာဖာ၊ အရှေ့အလယ်ပိုင်းဒေသ။

ကယ်ဆယ်ရေးစခန်းက တဲတစ်ခုမှာ ဇနီးမောင်နှံတစ်စုံ အတူတူထိုင်ပြီး ကျမ်းစာဖတ်နေကြစဉ်

မျှော်လင့်ချက်ရှိစေတဲ့ ကျမ်းစာသတင်းစကားကနေ နှစ်သိမ့်မှုရယူပါ

ကျမ်းစာထဲက ဉာဏ်ပညာ

ကျမ်းစာဖတ်ရှုပြီး အကြံဉာဏ်ရဖို့ စဉ်းစားနေသူတစ်ဦးကို ပုံဖော်ထားတဲ့ သင်္ကေတ

ကြုံတွေခဲ့ရတာတွေကို တဖြည်းဖြည်း လက်ခံနိုင်ဖို့ ကျမ်းစာပါ လက်တွေ့ကျ အကြံဉာဏ်တွေက သင့်ကို ကူညီပေးနိုင်ပါတယ်။ အိုးအိမ်ဆုံးရှုံးမှုအပါအဝင် ပြောင်းလဲသွားတဲ့ သင့်အခြေအနေကို ရင်ဆိုင်နိုင်ဖို့လည်း ကူညီပေးနိုင်တယ်။ ကျမ်းစာမူတွေကနေ ဒုက္ခသည်တွေ ဘယ်လိုအကျိုးရနေသလဲ သတိပြုကြည့်ပါ။

ကျမ်းစာ ဒီလို ဆိုတယ်– “လူတစ်ယောက်ဟာ စည်းစိမ်ကြွယ်ဝနေရင်တောင် သူ့စည်းစိမ်က အသက်မပေးနိုင်ဘူး။”—လုကာ ၁၂:၁၅။

ဒီပညာရှိစကားက သင့်ကို ခံရပ်နိုင်ဖို့ ဘယ်လိုကူညီပေးသလဲ။ ဆုံးရှုံးသွားတာတွေအတွက် အကြီးအကျယ် စိတ်ထိခိုက်နေနိုင်တယ်။ ဒါပေမဲ့ တန်ဖိုးအရှိဆုံးဖြစ်တဲ့ ကိုယ့်အသက်ကိုတော့ မဆုံးရှုံးလိုက်တဲ့အကြောင်း ပြန်စဉ်းစားမယ်ဆိုရင် ယူကျုံးမရ ဖြစ်တော့မှာ မဟုတ်ဘူး။

“ပစ္စည်းဥစ္စာတွေထက် အသက်က ပိုတန်ဖိုးရှိပါတယ်။ စည်းစိမ်နဲ့ ပိုက်ဆံက ကိုယ့်ကို ဘာမှမကူညီပေးနိုင်တဲ့ အခြေအနေတွေရှိတယ်။”—နာတာလီယာ၊ ယူကရိန်း။

ကျမ်းစာ ဒီလို ဆိုတယ်– “‘အရင်ခေတ်က အခုခေတ်ထက် ပိုကောင်းတယ်’ လို့ မပြောပါနဲ့။”—ဒေသနာ ၇:၁၀။

ဒီပညာရှိစကားတွေက သင့်ကို ခံရပ်နိုင်ဖို့ ဘယ်လိုကူညီပေးသလဲ။ သင့်အတွက် လက်ရှိအခြေအနေက သိပ်ခက်ခဲနေနိုင်ပါတယ်။ ဒါပေမဲ့ အရင်တုန်းက အခြေအနေနဲ့ မနှိုင်းယှဉ်ဘူးဆိုရင် ခါးခါးသီးသီး ခံစားနေတော့မှာ မဟုတ်ဘူး။

“လက်ရှိ ကိုယ့်အခြေအနေကို လက်ခံလိုက်တော့ အကောင်းမြင်စိတ်ထားနိုင်သွားတယ်။”—အယ်လီ၊ ရဝမ်ဒါ။

ကျမ်းစာ ဒီလို ဆိုတယ်– “ဒါကြောင့် စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။”—၁ တိမောသေ ၆:၈။

ခံရပ်နိုင်ဖို့ ဒီဉာဏ်ပညာရှိစကားတွေက ဘယ်လိုကူညီပေးသလဲ။ ကိုယ့်မှာရှိတာတွေနဲ့ ကျေနပ်ရောင့်ရဲနိုင်ဖို့ ကြိုးစားပါ။ ဒါဆိုရင် စိတ်ဖီးစီးစရာ လျော့နည်းသွားမှာဖြစ်လို့ ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။

“ဆုံးရှုံးသွားတာတွေကို အာရုံမစိုက်ဘဲ အခြေအနေတွေကို ပြောင်းလဲရှုမြင်တတ်ဖို့ ကျမ်းစာ ကူညီပေးတယ်။ အခုလို လုံခြုံတဲ့နေရာလေးမှာ အသက်ဆက်ရှင်နေသေးတာကိုပဲ ကျွန်တော်တို့ ဇနီးမောင်နှံ ကျေနပ်ပျော်ရွှင်လှပါပြီ။”—အိုင်ဗင်၊ ယူကရိန်း။

ကျမ်းစာ ဒီလို ဆိုတယ်– “ဒါကြောင့် ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။ ဒါဟာ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းရဲ့ အနှစ်ချုပ်ပဲ။”—မဿဲ ၇:၁၂။

ခံရပ်နိုင်ဖို့ ဒီဉာဏ်ပညာရှိစကားတွေက ဘယ်လိုကူညီပေးသလဲ။ အတတ်နိုင်ဆုံး စိတ်ရှည်၊ ကြင်နာဖို့ ကြိုးစားတာက တခြားသူတွေနဲ့ ဆက်ဆံရေး ပြေလည်စေတယ်။ ပတ်ဝန်းကျင်ကလူတွေရဲ့ မလိုမုန်းထားစိတ်တွေ လျော့နည်းလာနိုင်သလို သင့်ကို လက်ခံပေါင်းသင်းဖို့လည်း လွယ်ကူစေတယ်။

“ကိုယ့်ကို လေးလေးစားစား၊ ကြင်ကြင်နာနာ၊ မေတ္တာနဲ့ ဆက်ဆံရင် လူတိုင်း သဘောကျကြတယ်။ ဒါက နေရာအသစ်က လူတွေနဲ့ ဆက်ဆံရေးကောင်းရှိစေတယ်။”—အန်ဂျလို၊ သီရိလင်္ကာ။

ကျမ်းစာ ဒီလို ဆိုတယ်– “ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် . . . ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။”—ဖိလိပ္ပိ ၄:၆၊ ၇။

ခံရပ်နိုင်ဖို့ ဒီဉာဏ်ပညာရှိစကားတွေက ဘယ်လိုကူညီပေးသလဲ။ ကိုယ့်ခံစားချက်တွေ၊ လိုအပ်ချက်တွေ၊ ကြောက်စိတ်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဘုရားဆီ ဆုတောင်းပြောပြပါ။ အခုလို ဆုတောင်းလိုက်တာက စိတ်ဖိစီးမှုတွေကို ပြေလျော့စေသလို အခြေအနေအသစ်ကြောင့် ဆောက်တည်ရာမရ မဖြစ်အောင်လည်း ကူညီပေးတယ်။

“အခက်အခဲကြုံလို့ ဘုရားဆီ ဆုတောင်းတိုင်း ကိုယ်တော် အဖြေပေးတယ်။ ကျမ်းစာကနေ သိလာတာတွေကြောင့် စိတ်ငြိမ်သက်မှု ရတယ်။”—ယိုလ်၊ တောင်ဆူဒန်။

“ဒီလိုခက်ခဲတဲ့အခြေအနေကို ခံရပ်နိုင်ဖို့ လိုအပ်တဲ့ စိတ်ငြိမ်သက်မှု ရအောင် ကျမ်းစာမှာပါတဲ့ အကြံဉာဏ်ကောင်းတွေက ကူညီပေးတယ်။”—ဗာလင်တီနာ၊ ယူကရိန်း။

“ကောင်းမွန်တဲ့ အသက်တာ ရမယ်ဆိုတဲ့ ယေဟောဝါဘုရားရဲ့ကတိက ကျွန်တော့်အတွက် အားအင်ပဲ။”—အီမယ်နူယယ်၊ ဟေတီ။

ကျမ်းစာမှာ မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှု ဖြစ်စေတဲ့ ဘယ်ကတိတွေအကြောင်း ဖော်ပြထားသလဲ၊ ဒါတွေကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတာ ပိုသိချင်ပါသလား။ ယေဟောဝါသက်သေ တစ်ယောက်ယောက်ကို သင့်ထံပြန်လည်ပတ်ဖို့ အခမဲ့ တောင်းဆိုနိုင်တယ်။ သင့်ကို လိုလိုလားလား ကူညီပေးချင်ကြပါတယ်။

ကျမ်းစာထဲက ဒုက္ခသည်များ

ကျမ်းစာမှာ အိုးအိမ်စွန့်ခွာရသူတွေရဲ့ မှတ်တမ်းကို ထည့်သွင်းဖော်ပြထားတယ်။ ဒီမှတ်တမ်းတွေက ဒုက္ခသည်တွေကို ဘုရား ဘယ်လောက်ဂရုစိုက်မှန်း သိစေတယ်။

  • ရှေးခေတ်မှာ ဘုရားလူမျိုးတွေဟာ အီဂျစ်ပြည်မှာ မညှာမတာ ခိုင်းစေခံ တိုင်းတစ်ပါးသားဘဝနဲ့ နေခဲ့ကြဖူးတယ်။ သူတို့ရဲ့ ညည်းတွားသံတွေ၊ အော်ဟစ်အကူအညီတောင်းသံတွေကို ဘုရား ကြားတယ်။ (ထွက်မြောက်ရာ ၁:၁၃၊ ၁၄။ ၂:၂၃-၂၅) ဒါကြောင့် နေရာအသစ်မှာ သူတို့ အခြေမကျခင်အထိ လိုအပ်ရာတွေကို ဘုရား ထောက်ပံ့ပေးခဲ့တယ်။ တိုင်းတစ်ပါးသားဘဝတုန်းက သူတို့ကို ဘုရား ဆက်ဆံခဲ့တဲ့အတိုင်း ကိုယ့်ပြည်မှာနေတဲ့ တိုင်းတစ်ပါးတွေကို ဆက်ဆံပေးကြဖို့ ဘုရား သူတို့ကို ပြန်သတိပေးတယ်။—ထွက်မြောက်ရာ ၂၃:၉။

  • ရုသကျမ်းမှာလည်း နောမိနဲ့ သူ့မိသားစုဟာ အစာခေါင်းပါးမှုကြောင့် အိုးအိမ်စွန့်ခွာခဲ့ကြရတယ်။ နောမိရဲ့ ခင်ပွန်းနဲ့ သားနှစ်ယောက်ဆုံးသွားချိန်မှာ ကာယပိုင်းနဲ့ စိတ်ပိုင်းအရ လိုအပ်တဲ့အကူအညီတွေကို ချွေးမဖြစ်သူ ရုသကတစ်ဆင့် ယေဟောဝါ ကရုဏာပါပါ ထောက်ပံ့ပေးတယ်။—ရုသ ၁:၁-၅၊ ၁၅၊ ၁၆၊ ၂၀၊ ၂၁။ ၂:၁၁။

  • ယေရှုကလေးဘဝတုန်းကလည်း မိဘတွေက သူတို့ရဲ့ဒေသမှာ ဖြစ်လာမယ့် အကြမ်းဖက်မှုတွေကြောင့် အီဂျစ်ပြည်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ ဘုရားက သူတို့ကို ဘေးဆိုးကနေ အချိန်မီလွတ်မြောက်အောင် ကူညီပေးခဲ့ရုံမက ရေရေရာရာမရှိတဲ့၊ ခက်ခဲတဲ့ကာလမှာပါ သူတို့နဲ့အတူ ရှိပေးခဲ့တယ်။—မဿဲ ၂:၁၃-၁၆။

ဒီနေ့ခေတ်မှာ ဘုရားကို ကြည်ညိုလေးစားသူတွေအနေနဲ့ ဘုရားဆီက အံ့ဖွယ်အကူအညီ ရဖို့ မျှော်လင့်လို့တော့ မရဘူး။ ဒါပေမဲ့ လက်ရှိအခက်အခဲတွေကို ခံရပ်နိုင်ဖို့ လိုအပ်တဲ့ နှစ်သိမ့်မှု၊ ဉာဏ်ပညာကို ပေးထားတဲ့အပြင် ပိုကောင်းတဲ့အနာဂတ်မျှော်လင့်ချက်ကိုလည်း ပေးထားပါတယ်။

ခေါက်လို့ရတဲ့ မျက်နှာပြင်နှစ်ဖက်ပါ ဝေစာကို ပရင့်ထုတ်ဖို့ ကူးယူပါ။

ကူးယူပါ

a ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီက နိုင်ငံအတွင်း တခြားဒေသကို အိုးအိမ်စွန့်ခွာရသူတွေနဲ့ နိုင်ငံတကာနယ်စပ်တွေကနေ ဖြတ်ပြီး ခိုလှုံခွင့်တောင်းခံသူတွေကို ဒုက္ခသည်အဖြစ် သတ်မှတ်ပါတယ်။ ဒီအထဲမှာ ဥပဒေအရ ဒုက္ခသည်အဖြစ်သတ်မှတ်ဖို့ တောင်းဆိုချက် မပြည့်မီသူတွေတောင် ပါဝင်တယ်။

b လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ အရေးပေါ်အခြေအနေများဆိုင်ရာ စီမံခန့်ခွဲရေး ဥရောပသမဂ္ဂ အဖွဲ့ဝင်ဟောင်း

c ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ကိုယ်ပိုင်နာမည်ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ