သောကြာနေ့၊ အောက်တိုဘာ ၁၇
အလင်းရဲ့ သားသမီးတွေအဖြစ် လျှောက်လှမ်းနေကြပါ။—ဧ. ၅:၈။
“အလင်းရဲ့ သားသမီးတွေအဖြစ်” ဆက်ပြုမူနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီ လိုတယ်။ အကျင့်ပျက် လောကမှာ သန့်ရှင်းမြဲ သန့်ရှင်းနေဖို့ မလွယ်လို့ပဲ။ (၁ သက်. ၄:၃-၅၊ ၇၊ ၈) ဘုရားအတွေးအခေါ်နဲ့ မညီတဲ့ လောကအတွေးအခေါ်တွေ၊ အမြင်တွေကို တွန်းလှန်ဖို့ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးနိုင်တယ်။ “ကောင်းမြတ်” နေဖို့၊ “ဖြောင့်မတ်” နေဖို့လည်း ကူညီပေးနိုင်တယ်။ (ဧ. ၅:၉) စွမ်းအားတော် ရနိုင်တဲ့ တစ်နည်းကတော့ ဆုတောင်းခြင်းပါပဲ။ “တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော်” ယေဟောဝါ ပေးမယ်လို့ ယေရှု ပြောတယ်။ (လု. ၁၁:၁၃) အစည်းအဝေးမှာ ယေဟောဝါကို အတူတကွ ချီးမွမ်းတဲ့အခါလည်း စွမ်းအားတော် ရတယ်။ (ဧ. ၅:၁၉၊ ၂၀) သန့်ရှင်းသော စွမ်းအားတော် သက်ရောက်နေရင် သန့်ရှင်းတဲ့ ဘဝပုံစံနဲ့ နေနိုင်မယ်။ w24.03 ၂၃-၂၄ ¶၁၃-၁၅
စနေနေ့၊ အောက်တိုဘာ ၁၈
တောင်းမြဲ တောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲ ရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲ ခေါက်ပါ၊ တံခါး ပွင့်လာလိမ့်မယ်။—လု. ၁၁:၉။
ပိုစိတ်ရှည်တတ်လာဖို့ လိုနေသလား။ ဆုတောင်းပါ။ စိတ်ရှည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒါကြောင့် စိတ်ရှည်တတ်လာဖို့ ယေဟောဝါဆီကနေ စွမ်းအားတော် တောင်းပါ။ စိတ်ရှည်ဖို့ ခက်တဲ့ အခြေအနေ ကြုံရတဲ့အခါ ဆက်စိတ်ရှည်နိုင်ဖို့ စွမ်းအားတော် “တောင်းမြဲ တောင်းပါ။” (လု. ၁၁:၁၃) ဒါ့အပြင် ကိစ္စရပ်တွေကို ဘုရား မြင်သလို မြင်တတ်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ကိုယ့်ဘက်ကလည်း စိတ်ရှည်ဖို့ နေ့တိုင်း ကြိုးစားပါ။ ဆုတောင်းမယ်၊ ကြိုးစားမယ်ဆိုရင် ပင်ကို စိတ်ရှည်သူ မဟုတ်ရင်တောင် စိတ်ရှည်တတ်လာမယ်။ ကျမ်းစာ စံနမူနာရှင်တွေအကြောင်း စဉ်းစားတာကလည်း အကူအညီ ဖြစ်စေတယ်။ ကျမ်းစာမှာ စိတ်ရှည်သူများစွာရဲ့ စံနမူနာတွေ ပါတယ်။ စိတ်ရှည်မှု ပြနိုင်တဲ့ နည်းတွေ သူတို့ဆီကနေ သင်ယူနိုင်တယ်။ w23.08 ၂၂ ¶၁၀-၁၁
တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၉
ပိုက်ကွန် ချပါ။—လု. ၅:၄။
ယေဟောဝါ ထောက်မပေးမယ်ဆိုတာ တမန်တော် ပေတရုကို ယေရှု စိတ်ချစေတယ်။ ရှင်ပြန်ထမြောက်ပြီးနောက် ပေတရုနဲ့ တမန်တော်တွေကို အံ့ဖွယ်နည်းနဲ့ ငါးအများကြီး မိစေတယ်။ (ယော. ၂၁:၄-၆) ဒီအံ့ဖွယ်အမှု မြင်လိုက်ရတော့ မိမိရဲ့ စားဝတ်နေရေးကို ယေဟောဝါ လွယ်လွယ်လေး ဖြည့်ဆည်းပေးနိုင်မှန်း ပေတရု စိတ်ချသွားမှာပဲ။ ဒါ့အပြင် ‘ဘုရားသခင်ရဲ့ နိုင်ငံတော် အမြဲ ဦးစားထား’ သူတွေကို ယေဟောဝါ ထောက်မပေးမယ်ဆိုတဲ့ ယေရှုစကားကို သတိရသွားမှာပဲ။ (မ. ၆:၃၃) ဒါကြောင့် တံငါလုပ်ငန်းကို မဟုတ်ဘဲ အမှုဆောင်လုပ်ငန်းကို ဘဝမှာ ဦးစားထားတယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ သတ္တိရှိရှိ သက်သေခံပြီး လူထောင်ချီ သတင်းကောင်း လက်ခံလာဖို့ ကူညီပေးတယ်။ (တ. ၂:၁၄၊ ၃၇-၄၁) ခရစ်တော်နောက်လိုက် ဖြစ်လာဖို့ ရှမာရိလူတွေ၊ လူမျိုးခြားတွေကိုလည်း ကူညီပေးတယ်။ (တ. ၈:၁၄-၁၇။ ၁၀:၄၄-၄၈) နောက်ခံပေါင်းစုံက လူတွေ အသင်းတော်ထဲ ရောက်လာအောင် ပေတရုကို ယေဟောဝါ ထူးထူးခြားခြား သုံးခဲ့တယ်။ w23.09 ၂၀ ¶၁။ ၂၃ ¶၁၁