ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es25 စာ. ၉၈-၁၀၈
  • အောက်တိုဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်တိုဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၂
  • သောကြာနေ့၊ အောက်တိုဘာ ၃
  • စနေနေ့၊ အောက်တိုဘာ ၄
  • တနင်္ဂနွေနေ့၊ အောက်တိုဘာ ၅
  • တနင်္လာနေ့၊ အောက်တိုဘာ ၆
  • အင်္ဂါနေ့၊ အောက်တိုဘာ ၇
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၈
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၉
  • သောကြာနေ့၊ အောက်တိုဘာ ၁၀
  • စနေနေ့၊ အောက်တိုဘာ ၁၁
  • တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၂
  • တနင်္လာနေ့၊ အောက်တိုဘာ ၁၃
  • အင်္ဂါနေ့၊ အောက်တိုဘာ ၁၄
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၅
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၁၆
  • သောကြာနေ့၊ အောက်တိုဘာ ၁၇
  • စနေနေ့၊ အောက်တိုဘာ ၁၈
  • တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၉
  • တနင်္လာနေ့၊ အောက်တိုဘာ ၂၀
  • အင်္ဂါနေ့၊ အောက်တိုဘာ ၂၁
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၂
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၂၃
  • သောကြာနေ့၊ အောက်တိုဘာ ၂၄
  • စနေနေ့၊ အောက်တိုဘာ ၂၅
  • တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၆
  • တနင်္လာနေ့၊ အောက်တိုဘာ ၂၇
  • အင်္ဂါနေ့၊ အောက်တိုဘာ ၂၈
  • ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၉
  • ကြာသပတေးနေ့၊ အောက်တိုဘာ ၃၀
  • သောကြာနေ့၊ အောက်တိုဘာ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
es25 စာ. ၉၈-၁၀၈

အောက်တိုဘာ

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁

အထက်က လာတဲ့ ဉာဏ်ပညာကို ပိုင်ဆိုင်တဲ့ သူဟာ . . . နာခံဖို့ အသင့်ရှိတယ်။ —ယာ. ၃:၁၇။

နာခံဖို့ တစ်ခါတလေ ခက်သလား။ “စိတ်ပါလက်ပါ နာခံချင်စိတ် ရှိအောင် လှုံ့ဆော်ပေးပါ” လို့ ဘုရင် ဒါဝိဒ် ဆုတောင်းတယ်။ (ဆာ. ၅၁:၁၂) ယေဟောဝါဘုရားကို ချစ်ပေမဲ့ နာခံဖို့ ခက်တဲ့အချိန်တွေ ရှိလို့ပဲ။ ကျွန်တော်တို့လည်း နာခံဖို့ ခက်တဲ့အချိန်တွေ ရှိနိုင်တယ်။ ဘာကြောင့်လဲ။ ပထမ၊ ကလန်ကဆန် လုပ်ချင်စိတ်ဟာ မွေးရာပါ ဖြစ်နေလို့။ ဒုတိယ၊ ယေဟောဝါကို မိမိလို ပုန်ကန်ဖို့ စာတန် မပြတ် လှုံ့ဆော်နေလို့။ (၂ ကော. ၁၁:၃) တတိယ၊ “နာခံမှု မရှိသူတွေဆီမှာ ရှင်သန်လှုပ်ရှားနေ” တဲ့ ကလန်ကဆန် စိတ်ဓာတ် ကျွန်တော်တို့ဝန်းကျင်မှာ ပျံ့နေလို့ပါ။ (ဧ. ၂:၂) ဒါကြောင့် ယေဟောဝါဘုရားနဲ့ ဘုရား အခွင့်အာဏာ ပေးထားသူတွေကို နာခံနိုင်ဖို့ဆိုရင် ကိုယ်တိုင်ရဲ့ အပြစ်လုပ်ချင်တဲ့ ဆန္ဒ၊ စာတန်နဲ့ ဒီလောကရဲ့ ဖိအားကို ကြိုးစားတိုက်လှန်မှ ရမယ်။ w23.10 ၆ ¶၁

ကြာသပတေးနေ့၊ အောက်တိုဘာ ၂

ခင်ဗျားကတော့ ဝိုင်အကောင်းစားကို အခုထိ ချန်ထားတာပဲ။—ယော. ၂:၁၀။

ရေကနေ ဝိုင်ဖြစ်အောင် ပြောင်းလဲပေးတဲ့ ယေရှုရဲ့ အံ့ဖွယ်အမှုကနေ ဘာသင်ယူနိုင်သလဲ။ နှိမ့်ချမှုပါ။ အံ့ဖွယ်အမှုအတွက် ယေရှု ဂုဏ်မဖော်ဘူး။ တကယ်တော့ ဘာလုပ်လုပ်ကို ဂုဏ်မဖော်တာပါ။ နှိမ့်ချမှု ရှိရှိ အဖဘုရားကိုပဲ အမြဲ ဂုဏ်တင်တယ်။ (ယော. ၅:၁၉၊ ၃၀။ ၈:၂၈) ကျွန်တော်တို့လည်း ယေရှုကို အတုယူပြီး နှိမ့်ချမယ်ဆိုရင် ကိုယ့်ပြီးမြောက်အောင်မြင်မှုတွေအတွက် ဝါကြွားမှာ မဟုတ်ဘူး။ အံ့ချီးဖွယ် ဘုရားအတွက် အမှုဆောင်ခွင့် ရတာကိုပဲ ဂုဏ်ယူကြရအောင်။ (ယေ. ၉:၂၃၊ ၂၄) ဘုရား အကူအညီ မပါရင် ကျွန်တော်တို့ ပြီးမြောက်အောင်မြင်နိုင်တာ ဘာမှ မရှိတာမို့ ဘုရားကိုပဲ ဂုဏ်တင်ကြရအောင်။ (၁ ကော. ၁:၂၆-၃၁) ကျွန်တော်တို့သာ နှိမ့်ချမှု ရှိတယ်ဆိုရင် တခြားသူတွေကို လုပ်ပေးသမျှအတွက် ဂုဏ်ဖော်မှာ မဟုတ်ဘူး။ ကိုယ့်လုပ်ရပ်ကို ယေဟောဝါ မြင်တယ်၊ တန်ဖိုးထားတယ်ဆိုတဲ့ အသိနဲ့တင် ကျေနပ်နေမှာ။ (မဿဲ ၆:၂-၄ နဲ့ နှိုင်းယှဉ်ပါ။ ဟီ. ၁၃:၁၆) ယေရှုကို ကျွန်တော်တို့ အတုယူပြီး နှိမ့်ချမှု ပြတဲ့အခါ ယေဟောဝါ သိပ်နှစ်သက်တယ်။—၁ ပေ. ၅:၆။ w23.04 ၄ ¶၉။ ၅ ¶၁၁-၁၂

သောကြာနေ့၊ အောက်တိုဘာ ၃

ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။—ဖိ. ၂:၄။

သူတစ်ပါးအကျိုးကို ထည့်စဉ်းစားပေးဖို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု အားပေးထားတယ်။ အစည်းအဝေးတွေမှာ ဒီအကြံပြုချက်ကို ဘယ်လို လက်တွေ့ကျင့်နိုင်သလဲ။ ကိုယ့်လိုပဲ တခြားသူတွေလည်း မှတ်ချက်ပေးချင်ကြတယ်ဆိုတာ သတိရခြင်းအားဖြင့်ပါ။ ဥပမာ၊ မိတ်ဆွေတွေနဲ့ စကားပြောတဲ့အခါ ကိုယ်တစ်ယောက်တည်း ဒိုင်ခံ ပြောမလား။ မပြောဘူး။ တခြားသူတွေကို ဝင်ပြောခွင့် ပေးမှာပဲ။ အဲဒီလိုပဲ အစည်းအဝေးမှာ ကျွန်တော်တို့ လူများနိုင်သမျှ များများကို မှတ်ချက်ပေးခွင့် ရစေချင်ကြတယ်။ ညီအစ်ကို/မတွေကို အားပေးနိုင်တဲ့ အကောင်းဆုံး နည်းတစ်နည်းက သူတို့ရဲ့ ယုံကြည်ချက်ကို ထုတ်ပြောဖို့ အခွင့်အရေး ပေးတာပဲ။ (၁ ကော. ၁၀:၂၄) ဒါကြောင့် တိုတိုတုတ်တုတ် မှတ်ချက်ပေးပါ။ ဒါဆိုရင် လူများများ မှတ်ချက်ပေးဖို့ အချိန်ထွက်လာမယ်။ မှတ်ချက်တိုတယ်ဆိုရင်တောင် အချက် အများကြီး ထည့်မပြောပါနဲ့။ တစ်ပိုဒ်လုံး ခြုံဖြေလိုက်ရင် တခြားသူတွေ ဖြေစရာ မကျန်ဘဲ ဖြစ်သွားမယ်။ w23.04 ၂၂-၂၃ ¶၁၁-၁၃

စနေနေ့၊ အောက်တိုဘာ ၄

သတင်းကောင်းကို တခြားသူတွေဆီ ဟောနိုင်ဖို့ သတင်းကောင်းအတွက် လုပ်နိုင်တာမှန်သမျှ ကျွန်တော်လုပ်ခဲ့တယ်။—၁ ကော. ၉:၂၃။

အမှုဆောင်မှာ ပါဝင်ခြင်းအားဖြင့် တခြားသူတွေကို ကူညီပေးဖို့ ဘယ်လောက် အရေးကြီးကြောင်း ကျွန်တော်တို့ သတိရကြရမယ်။ အမှုဆောင်လုပ်ငန်းမှာ အလိုက်သင့် ပြုပြင်ပြောင်းလဲကြရမယ်။ အမှုဆောင်မှာ ကြုံရသူတွေဟာ ယုံကြည်ချက်၊ နောက်ခံအမျိုးမျိုး ရှိကြတယ်။ တမန်တော် ပေါလုဟာ အလိုက်သင့် ပြုပြင်ပြောင်းလဲတတ်သူ ဖြစ်တယ်။ သူ့ဆီကနေ အများကြီး သင်ယူနိုင်တယ်။ ပေါလုကို “လူမျိုးခြားတွေနဲ့ ဆိုင်တဲ့ တမန်တော်” အဖြစ် ယေရှု ခန့်တယ်။ (ရော. ၁၁:၁၃) ဒါကြောင့် ဂျူးတွေ၊ ဂရိတွေ၊ ပညာတတ်တွေ၊ အခြေခံ လူတန်းစားတွေ၊ အစိုးရ အရာရှိတွေ၊ ဘုရင်တွေကို ပေါလု ဟောရတယ်။ အလွှာအသီးသီးက အဲဒီလူတွေ စိတ်ထိမိစေဖို့ ပေါလု ‘လုပ်နိုင်တာ မှန်သမျှ လုပ်တယ်။’ (၁ ကော. ၉:၁၉-၂၂) နားထောင်နေသူတွေရဲ့ ယဉ်ကျေးမှု၊ နောက်ခံ၊ ယုံကြည်ချက်ကို ထည့်စဉ်းစားပြီး အလိုက်သင့် ပြောင်းလဲဟောပြောတယ်။ ကျွန်တော်တို့လည်း နားထောင်နေသူတွေအကြောင်း ထည့်စဉ်းစားပြီး အလိုက်သင့် ပြောင်းလဲဟောပြောမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ပိုထိရောက်လာနိုင်တယ်။ w23.07 ၂၃ ¶၁၁-၁၂

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၅

ဘုရားသခင်ရဲ့ ကျွန်ဟာ ခိုက်ရန်ဖြစ်စရာ မလိုဘူး။ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ သိမ်မွေ့ တဲ့သူ . . . ဖြစ်ရမယ်။—၂ တိ. ၂:၂၄၊ ၂၅။

နူးညံ့သိမ်မွေ့တာဟာ စိတ်ပျော့တာ မဟုတ်ဘူး။ စိတ်မာတာ။ အခြေအနေ တင်းမာချိန်မှာ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ဖို့ဆိုရင် စိတ်ကြံ့ခိုင်မှ ရမယ်။ နူးညံ့သိမ်မွေ့ခြင်းဟာ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ယဉ်ပါးအောင် လေ့ကျင့်ထားတဲ့ မြင်းရိုင်းအကြောင်း ဖော်ပြဖို့ “နူးညံ့သိမ်မွေ့ခြင်း” ဆိုတဲ့ ဂရိစကားလုံး သုံးလေ့ရှိတယ်။ မြင်းရိုင်းတစ်ကောင် ယဉ်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ ယဉ်သွားပေမဲ့ သန်မာနေတုန်းပဲ။ ကျွန်တော်တို့လည်း နူးညံ့သိမ်မွေ့သူကော ကြံ့ခိုင်သူပါ ဖြစ်နိုင်တယ်။ ကိုယ့်အစွမ်းအစနဲ့တော့ မဖြစ်နိုင်ဘူး။ နူးညံ့သိမ်မွေ့တတ်လာအောင် ကူညီပေးဖို့၊ စွမ်းအားတော် ပေးဖို့ ဘုရားဆီ ဆုတောင်းရမယ်။ ဒီလိုနည်းနဲ့ နူးညံ့သိမ်မွေ့တတ်လာသူတွေ အများကြီးပဲ။ အတိုက်အခံ ကြုံရချိန်မှာတောင် ညီအစ်ကို/မများစွာ သိမ်သိမ်မွေ့မွေ့ တုံ့ပြန်တာကို ကြည့်ပြီး သက်သေခံတွေအပေါ် လူတွေ အမြင် ပြောင်းလာကြတယ်။—၂ တိ. ၂:၂၄၊ ၂၅။ w23.09 ၁၄ ¶၃

တနင်္လာနေ့၊ အောက်တိုဘာ ၆

ကျွန်မ အသနားခံတဲ့အတိုင်း ယေဟောဝါဘုရား လုပ်ပေးခဲ့ [တယ်။]—၁ ရှ. ၁:၂၇။

ကောင်းကင်မှာ ယေဟောဝါကို ကိုးကွယ်နေကြတဲ့ အကြီးအကဲ ၂၄ ပါးကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ သူတို့က “ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်” ဆိုပြီး ချီးမွမ်းကြတယ်။ (ဗျာ. ၄:၁၀၊ ၁၁) သစ္စာရှိ ကောင်းကင်တမန်တွေလည်း ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ရတဲ့ အကြောင်းရင်း များစွာ ရှိတယ်။ ကောင်းကင်မှာ ဘုရားနဲ့အတူ နေလို့ ဘုရားအကြောင်း ကောင်းကောင်း သိလာကြတယ်။ လုပ်ဆောင်မှုတိုင်းမှာ ဘုရားရဲ့ အရည်အသွေးတွေ မြင်ရလို့ ဘုရားကို ချီးမွမ်းချင်စိတ် တဖွားဖွား ပေါ်လာကြတယ်။ (ယောဘ ၃၈:၄-၇) ကျွန်တော်တို့လည်း ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်းသင့်တယ်။ ချီးမွမ်းနိုင်တဲ့ တစ်နည်းကတော့ ဘုရားနဲ့ပတ်သက်ပြီး ဘာကို နှစ်သက်တယ်၊ ဘာကြောင့် နှစ်သက်တယ်ဆိုတာ ထည့်ဆုတောင်းခြင်းပဲ။ ကျမ်းစာ ဖတ်ရှု၊ လေ့လာတဲ့အခါ အထူးတလည် နှစ်သက်မိတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို တွေ့အောင် ရှာပါ။ (ယောဘ ၃၇:၂၃။ ရော. ၁၁:၃၃) အဲဒီအရည်အသွေးတွေနဲ့ပတ်သက်ပြီး ဘယ်လို ခံစားရတယ်ဆိုတာ ယေဟောဝါကို ပြောပြပါ။ ကိုယ့်အတွက်၊ ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းအတွက် ယေဟောဝါ လုပ်ဆောင်ပေးရာတွေကိုလည်း ချီးမွမ်းနိုင်တယ်။—၁ ရှ. ၂:၁၊ ၂။ w23.05 ၃-၄ ¶၆-၇

အင်္ဂါနေ့၊ အောက်တိုဘာ ၇

ယေဟောဝါ . . . နဲ့ ထိုက်တန်စွာ လျှောက်လှမ်း နိုင်ကြမှာပါ။—ကော. ၁:၁၀။

၁၉၁၉ မှာ မဟာဗာဗုလုန် ဩဇာအောက်ကနေ ဘုရားလူမျိုး လွတ်မြောက်လာတယ်။ အဲဒီနှစ်မှာပဲ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အတန်းအစား အချိန်ကိုက် ပေါ်လာလို့ ဖွင့်ခါစ “သန့်ရှင်းတဲ့ လမ်း” ပေါ် စိတ်ရိုးဖြောင့်သူတွေ စလျှောက်ဖို့ ကူညီပေးနိုင်ခဲ့တယ်။ (မ. ၂၄:၄၅-၄၇။ ဟေရှာ. ၃၅:၈) ဒီလမ်းပေါ် စလျှောက်သူတွေဟာ ရှေ့က သစ္စာရှိ “လမ်းလုပ်သားတွေ” ရဲ့ ကျေးဇူးကြောင့် ယေဟောဝါရဲ့ ရည်ရွယ်ချက်တွေအကြောင်း အများကြီး သိလာကြတယ်။ (ပညာ. ၄:၁၈) ယေဟောဝါရဲ့ တောင်းဆိုချက်တွေအတိုင်း နေတတ်လာကြတယ်။ ဒါပေမဲ့ မိမိလူမျိုး အပြောင်းအလဲတွေ တစ်ထိုင်တည်း လုပ်ဖို့ ယေဟောဝါ မမျှော်လင့်ပါဘူး။ အဆင့်ဆင့် သန့်စင်ပေးတယ်။ နောက်ဆိုရင်တော့ ကျွန်တော်တို့ လုပ်သမျှ ဘုရားစိတ်တော်နဲ့ တွေ့တဲ့ အချိန် ရောက်လာတော့မှာမို့ ဝမ်းသာစရာပါပဲ။ ဘယ်လမ်းဖြစ်ဖြစ် မှန်မှန် ပြုပြင်မွမ်းမံပေးဖို့ လိုတယ်။ ဒါကြောင့် နောက်ထပ် လူများနိုင်သမျှ များများ မဟာဗာဗုလုန်ကနေ ထွက်လာနိုင်ဖို့ “သန့်ရှင်းတဲ့ လမ်း” ကို ၁၉၁၉ ကစပြီး ပြုပြင်မွမ်းမံတယ်။ w23.05 ၁၇ ¶၁၅၊ ၁၆

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၈

မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။—ဟီ. ၁၃:၅။

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီ အသီးသီးရဲ့ အကူတွေကို လက်ထပ် သင်ကြားပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကော်မတီ အကူတွေဟာ တာဝန်ကြီးတွေ သစ္စာရှိရှိ ထမ်းဆောင်နေကြတယ်။ ခရစ်တော်ရဲ့ သိုးတွေကို ဆက်စောင့်ရှောက်ပေးဖို့ ကောင်းကောင်း လေ့ကျင့်ခံထားကြရတယ်။ ကြီးစွာသောဒုက္ခ အဆုံးပိုင်းမှာ နောက်ဆုံးဘိသိက်ခံ ကောင်းကင် ရောက်သွားတဲ့အခါ မြေကြီးပေါ်က ဘုရားကျေးကျွန်တွေ ဘုရားကို သစ္စာရှိရှိ ဆက်ဝတ်ပြုနေကြမယ်။ ယေရှုခရစ် ဦးဆောင်နေတဲ့အတွက် အိုးနင်းခွက်နင်း ဖြစ်နေကြမှာ မဟုတ်ဘူး။ မာဂေါဂပြည်က ဂေါဂမင်းလို့ ခေါ်တဲ့ နိုင်ငံပေါင်းစုံ မဟာမိတ် တိုက်ခိုက်တာတော့ ခံရမှာပေါ့။ (ယေဇ. ၃၈:၁၈-၂၀) ဒါပေမဲ့ အဲဒီတိုက်ခိုက်မှု တိုမယ်၊ အရေးနိမ့်မယ်။ ယေဟောဝါကို လူမျိုးတော် ဆက်ဝတ်မပြုအောင် နှောင့်ယှက်နိုင်မှာ မဟုတ်ဘူး။ မိမိလူမျိုးကို ဘုရား သေချာပေါက် ကယ်မယ်။ တခြားသိုးအဝင် “လူအုပ်ကြီး” “ကြီးစွာသောဒုက္ခကနေ လွတ်မြောက်လာ” တာကို စိတ်အာရုံမှာ တမန်တော် ယောဟန် မြင်တယ်။ (ဗျာ. ၇:၉၊ ၁၄) ဘေးကင်းကြမယ်ဆိုတဲ့ သဘောပါပဲ။ w24.02 ၅-၆ ¶၁၃-၁၄

ကြာသပတေးနေ့၊ အောက်တိုဘာ ၉

စွမ်းအားတော်မီးကို မငြိမ်းစေနဲ့။—၁ သက်. ၅:၁၉။

သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဘာလုပ်ရမလဲ။ ဆုတောင်းနိုင်တယ်။ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးထားတဲ့ ကျမ်းစာ ဖတ်နိုင်တယ်။ စွမ်းအားတော် လမ်းညွှန်နေတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းနိုင်တယ်။ ဒါဆိုရင် “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” ရှိလာပါလိမ့်မယ်။ (ဂလ. ၅:၂၂၊ ၂၃) ဘုရားက အတွေးအခေါ်၊ လုပ်ရပ် သန့်ရှင်းနေသူတွေကိုပဲ စွမ်းအားတော် ပေးတယ်။ မသန့်ရှင်းတဲ့ အတွေးတွေ တွေးနေမယ်၊ မသန့်ရှင်းတဲ့ အကျင့်တွေ ကျင့်နေမယ်ဆိုရင် စွမ်းအားတော် ဆက်မပေးဘူး။ (၁ သက်. ၄:၇၊ ၈) ဒါ့အပြင် သန့်ရှင်းသော စွမ်းအားတော် ဆက်ရနေဖို့ဆိုရင် “ပရောဖက်ပြုချက်တွေကို မထီမဲ့မြင် မလုပ်” မိဖို့လည်း လိုတယ်။ (၁ သက်. ၅:၂၀) “ပရောဖက်ပြုချက်” လို့ ပြောတဲ့အခါ စွမ်းအားတော်ကတစ်ဆင့် ဘုရား ပေးတဲ့ သတင်းစကားတွေကို ဆိုလိုတယ်။ အဲဒီထဲမှာ ယေဟောဝါရဲ့ နေ့၊ ကျွန်တော်တို့ ခေတ်ကာလရဲ့ အရေးကြီးမှုနဲ့ပတ်သက်တဲ့ သတိပေးချက်တွေ ပါတယ်။ ကိုယ့်ခေတ်မှာ အာမဂေဒုန် ရောက်လာဦးမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ မတွေးကြဘူး။ အဲဒီနေ့ ရောက်လာတော့မယ်ဆိုတဲ့ စိတ်နဲ့ နေ့တိုင်း သန့်ရှင်းတဲ့ အမူအကျင့်တွေ ကျင့်ကြံနေကြတယ်။ “ဘုရားတရား ကိုင်းရှိုင်း” နေကြတယ်။—၂ ပေ. ၃:၁၁၊ ၁၂။ w23.06 ၁၂-၁၃ ¶၁၃-၁၄

သောကြာနေ့၊ အောက်တိုဘာ ၁၀

ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။—ပညာ. ၉:၁၀။

ညစ်ညမ်းရုပ်ပုံတွေ ဘွားခနဲ တွေ့လိုက်ရတဲ့အခါ ခရစ်ယာန်တွေ ဘာလုပ်သင့်သလဲ။ ချက်ချင်း အကြည့်လွှဲသင့်တယ်။ ကျွန်တော်တို့ ပိုင်ဆိုင်သမျှမှာ ယေဟောဝါနဲ့ ဆက်ဆံရေးဟာ အဖိုးတန်ဆုံးပဲဆိုတာ သတိရတာက အကူအညီ ဖြစ်စေတယ်။ ရုပ်ပုံတချို့ဟာ ညစ်ညမ်းရုပ်ပုံလို့ မဆိုသာပေမဲ့ လိင်စိတ် ကြွစေနိုင်တယ်။ အဲဒါတွေကိုကော ဘာကြောင့် ရှောင်ရမလဲ။ လိင်အကျင့်ယိုယွင်းမိစေနိုင်တဲ့ ခြေလှမ်း သေးသေးလေးတောင် မလှမ်းချင်လို့ပါပဲ။ (မ. ၅:၂၈၊ ၂၉) “‘ညစ်ညမ်းရုပ်ပုံ မဟုတ်ပေမဲ့ ငါ ဆက်ကြည့်နေရင် ယေဟောဝါ နှစ်သက်ပါ့မလား’ လို့ စဉ်းစားလိုက်တယ်။ အဲဒီလို စဉ်းစားတာက ပညာရှိရှိ ပြုမူဖို့ ကူညီပေးတယ်” လို့ ထိုင်းနိုင်ငံက အကြီးအကဲ ဒေးဗစ် ပြောတယ်။ ယေဟောဝါ မနှစ်သက်တာ လုပ်မိမှာ ကြောက်တဲ့ စိတ်က ပညာရှိရှိ ပြုမူဖို့ ကူညီပေးတယ်။ “ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။” w23.06 ၂၃ ¶၁၂-၁၃

စနေနေ့၊ အောက်တိုဘာ ၁၁

ငါ့လူတို့၊ အတွင်းခန်းတွေထဲ ဝင် . . . ကြပါ။ —ဟေရှာ. ၂၆:၂၀။

“အတွင်းခန်း” ဆိုတာ အသင်းတော်တွေကို ဆိုလိုတာ ဖြစ်နိုင်တယ်။ ကြီးစွာသောဒုက္ခအတွင်း ညီအစ်ကို/မတွေနဲ့ စည်းစည်းလုံးလုံး ဆက်ရှိနေမှ ယေဟောဝါရဲ့ ကာကွယ်မှု ရမှာ။ ဒါကြောင့် ညီအစ်ကို/မတွေကို သည်းခံတတ်ရုံ မဟုတ်ဘဲ နှစ်နှစ်ကာကာ ချစ်တတ်ဖို့ အခုကတည်းက အစွမ်းကုန် ကြိုးစားရမယ်။ ကာကွယ်ခံရ၊ မခံရ အဲဒီအပေါ် မူတည်နေလို့ပဲ။ “ယေဟောဝါရဲ့ နေ့ကြီး” ရောက်လာတဲ့အခါ လူအားလုံးအတွက် သိပ်ခက်မယ်။ (ဇေ. ၁:၁၄၊ ၁၅) ဘုရားလူမျိုးလည်း အခက်အခဲတွေ ကြုံရမယ်။ ဒါပေမဲ့ အခုကတည်းက ပြင်ဆင်ထားရင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်မယ်။ တခြားသူတွေကို ကူညီပေးနိုင်မယ်။ ကြုံလာသမျှ အခက်အခဲတွေကို ခံရပ်နိုင်မယ်။ ညီအစ်ကို/မတွေ အခက်အခဲ ကြုံရတဲ့အခါ စာနာမှု ရှိရှိ ကူညီပေးနိုင်မယ်။ အခုကတည်းက ညီအစ်ကို/မတွေကို မေတ္တာ ထားတတ်ရင် အနာဂတ်မှာလည်း မေတ္တာ ထားနိုင်မယ်။ ဒါဆိုရင် ကပ်ဘေးတွေ၊ ဒုက္ခတွေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမယ့် ကမ္ဘာမှာ ထာဝရ အသက်ဆု ရပါလိမ့်မယ်။—ဟေရှာ. ၆၅:၁၇။ w23.07 ၇ ¶၁၆-၁၇

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၂

[ယေဟောဝါ] က ခင်ဗျားတို့ကို မြဲမြံစေပြီး ခွန်အား ရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်စေမယ်။ —၁ ပေ. ၅:၁၀။

သစ္စာရှိသူတွေကို သူရဲကောင်းတွေအဖြစ် ကျမ်းစာမှာ ဖော်ပြလေ့ရှိတယ်။ ဒါပေမဲ့ သူရဲကောင်းတွေတောင် အားမရှိဘူးလို့ ခံစားရတဲ့အချိန်တွေ ရှိတယ်။ ဥပမာ၊ ဘုရင် ဒါဝိဒ်ဟာ “တောင်တန်းလို ခိုင်မြဲနေတယ်” လို့ ခံစားရတဲ့အချိန် ခံစားရပြီး တစ်ခါတလေကျတော့ “ကြောက်လန့်နေ” ပြန်ရော။ (ဆာ. ၃၀:၇) ရှံဆုန်လည်း ဘုရားစွမ်းအားတော်ကြောင့် ထူးခြားတဲ့ ခွန်အား ပိုင်ဆိုင်ပေမဲ့ ဘုရားပေး ခွန်အား မရှိတော့ရင် “တခြားလူတွေလို ဖြစ်သွားမယ်” ဆိုတာ အသိအမှတ်ပြုတယ်။ (သူကြီး. ၁၄:၅၊ ၆။ ၁၆:၁၇) ယေဟောဝါဘုရားကြောင့်သာ ဒီသစ္စာရှိသူတွေ အားရှိနေကြတာ။ ဘုရားပေး ခွန်အား လိုတယ်ဆိုတာ တမန်တော် ပေါလု အသိအမှတ်ပြုတယ်။ (၂ ကော. ၁၂:၉၊ ၁၀) ပေါလုမှာ ကျန်းမာရေး ပြဿနာ ရှိတယ်။ (ဂလ. ၄:၁၃၊ ၁၄) မှန်တာ လုပ်ဖို့ ခက်တဲ့ အချိန် ရှိတယ်။ (ရော. ၇:၁၈၊ ၁၉) ရှေ့မှာ ဘာကြုံမယ်မှန်း မသိလို့ တွေးပူမိတဲ့ အချိန်တွေ ရှိတယ်။ (၂ ကော. ၁:၈၊ ၉) ဒါပေမဲ့ အားနည်းနေချိန်မှာ အားပြည့်နေတယ်။ ဘယ်လိုလုပ်ပြီးတော့လဲ။ လိုနေတဲ့ ခွန်အား ယေဟောဝါ ပေးလို့ပဲ။ w23.10 ၁၂ ¶၁-၂

တနင်္လာနေ့၊ အောက်တိုဘာ ၁၃

ယေဟောဝါက . . . နှလုံးသားကို ကြည့်တယ်။ —၁ ရှ. ၁၆:၇။

အသုံးမကျဘူး၊ တန်ဖိုး မရှိဘူးဆိုတဲ့ ခံစားချက် ဝင်လာရင် ယေဟောဝါကိုယ်တိုင် ကိုယ့်ကို ဆွဲဆောင်ထားတာ သတိရပါ။ (ယော. ၆:၄၄) ကိုယ်တိုင် မမြင်တဲ့ ကောင်းကွက်တွေ ဘုရား မြင်တယ်။ ကိုယ် ဘယ်လို လူစားမျိုးလဲ ကိုယ့်ထက် ပိုသိတယ်။ (၂ ရာ. ၆:၃၀) ဒါကြောင့် ကိုယ့်ကို တန်ဖိုး ရှိပါတယ်လို့ ဘုရား ပြောရင် စိတ်ချလက်ချ ယုံလိုက်ပါ။ (၁ ယော. ၃:၁၉၊ ၂၀) အမှန်တရား မသိခင်က လုပ်ခဲ့မိတာတွေအတွက် အပြစ်ရှိတယ်လို့ တချို့ တနုံ့နုံ့ ခံစားနေရတုန်းပဲ။ (၁ ပေ. ၄:၃) သစ္စာရှိ ခရစ်ယာန်တချို့လည်း အားနည်းချက်တွေ တိုက်လှန်နေရတုန်းပဲ။ သင့်အဖြစ်ကော အဲဒီလိုပဲလား။ ယေဟောဝါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရသလား။ တခြားသစ္စာရှိ ဘုရားကျေးကျွန်တွေလည်း အဲဒီလို ခံစားကြရတယ်။ ဥပမာ၊ မိမိအပြစ်တွေ စဉ်းစားမိတဲ့အခါ အဖြစ်ဆိုးလိုက်တာလို့ တမန်တော် ပေါလု ခံစားရတယ်။ (ရော. ၇:၂၄) တကယ်ဆိုရင် အပြစ်တွေအတွက် နောင်တယူပြီးပြီ။ နှစ်ခြင်းခံပြီးပြီ။ ဒါပေမဲ့ “တမန်တော်တွေထဲမှာ အရေးမပါဆုံးသူ၊” ‘အပြစ်ရှိသူတွေထဲမှာ အပြစ်အများဆုံးသူ’ လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်။—၁ ကော. ၁၅:၉။ ၁ တိ. ၁:၁၅။ w24.03 ၂၇ ¶၅-၆

အင်္ဂါနေ့၊ အောက်တိုဘာ ၁၄

ယေဟောဝါရဲ့ အိမ်တော်ကို ပစ်ထား [ကြတယ်။]—၂ ရာ. ၂၄:၁၈။

မိတ်ဆွေတွေက ကျွန်တော်တို့အပေါ် အတော်အတန် လွှမ်းမိုးနိုင်တယ်။ ဒါကြောင့် ဘုရားကို ချစ်တဲ့၊ ဘုရားစိတ် ရွှင်လန်းစေချင်တဲ့ အပေါင်းအသင်းမျိုး ရွေးရမယ်။ ဘုရင် ယောရှအကြောင်း စဉ်းစားကြည့်ပါ။ မိတ်ဆွေ ယောယဒထက် အသက် အများကြီး ငယ်တယ်။ သင်လည်း သက်တူရွယ်တူတွေနဲ့ပဲ မပေါင်းပါနဲ့။ အပေါင်းအသင်း ရွေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုဆန်းစစ်ပါ– ‘အပေါင်းအသင်းတွေကြောင့် ငါ ယုံကြည်ခြင်း ပိုခိုင်ခံ့လာသလား။ ဘုရားစံနှုန်းတွေအတိုင်း ပိုနေချင်လာသလား။ ဘုရားအကြောင်း၊ ကျမ်းစာအကြောင်း သူတို့ ထည့်ထည့် ပြောကြသလား။ ဘုရားစံနှုန်းတွေကို လေးစားကြသလား။ ငါ လမ်းလွဲနေတဲ့အခါ အမုန်းခံပြီး တည့်မတ်ပေးကြသလား။’ (ပညာ. ၂၇:၅၊ ၆၊ ၁၇) ယေဟောဝါကို မချစ်တဲ့ အပေါင်းအသင်းတွေဆိုရင် လွှတ်သာ ချလိုက်ပါ။ ယေဟောဝါကို ချစ်တဲ့သူတွေဆိုရင်တော့ အမိအရ ဖမ်းဆုပ်ထားပါ။ သင့်ကို အမြဲ ကူညီပေးကြလိမ့်မယ်။—ပညာ. ၁၃:၂၀။ w23.09 ၉ ¶၆-၇

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၁၅

ငါဟာ အာလဖနဲ့ ဩမေဃ ဖြစ်တယ်။ —ဗျာ. ၁:၈။

ဂရိ အက္ခရာမှာ အာလဖဟာ ဦးဆုံး ဖြစ်ပြီး ဩမေဃဟာ နောက်ဆုံး ဖြစ်တယ်။ ဒါကြောင့် “အာလဖနဲ့ သြမေဃ” လို့ ယေဟောဝါ ပြောတာဟာ တစ်ခုခုကို စပြီးရင် အောင်အောင်မြင်မြင် အဆုံးသတ်မယ်လို့ ပြောလိုက်တာပဲ။ အာဒံ၊ ဧဝကို ဖန်ဆင်းပြီးနောက် “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ” လို့ ယေဟောဝါ ပြောတယ်။ (က. ၁:၂၈) “အာလဖ” လို့ ပြောလိုက်တဲ့ သဘောပါပဲ။ ရည်ရွယ်ချက်အတိုင်း အာဒံ၊ ဧဝရဲ့ စုံလင်ပြီး နာခံမှု ရှိတဲ့ သားစဉ်မြေးဆက်တွေ ကမ္ဘာမြေမှာ ပြည့်သွားပြီး ပရဒိသုအဖြစ် ပြောင်းလဲမယ့်အချိန်ဟာ “ဩမေဃ” လို့ ပြောမယ့်အချိန်ပဲ။ “ကောင်းကင်နဲ့ မြေကြီးကို၊ အဲဒါတွေပေါ် ရှိသမျှကို ဖန်ဆင်းပြီး” နောက် ရည်ရွယ်ချက် ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ အာမခံတယ်။ သတ္တမနေ့အကုန်မှာ လူတွေနဲ့ ကမ္ဘာမြေအတွက် ရည်ရွယ်ချက် ပြည့်စုံမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။—က. ၂:၁-၃။ w23.11 ၅ ¶၁၃-၁၄

ကြာသပတေးနေ့၊ အောက်တိုဘာ ၁၆

ယေဟောဝါဘုရားရဲ့ လမ်းကို ရှင်းလင်းကြ။ တောကန္တာရမှာ ငါတို့ရဲ့ ဘုရားသခင်အတွက် လမ်းမကို ဖြောင့်ဖြူးအောင် လုပ်ကြ။ —ဟေရှာ. ၄၀:၃။

ဗာဗုလုန်ပြည်ကနေ အစ္စရေးပြည်ကို လေးလလောက် ခရီးကြမ်း နှင်ရမယ်။ ဒါပေမဲ့ လမ်းမှာ အတားအဆီး မှန်သမျှ ရှင်းထားမယ်လို့ ယေဟောဝါ ကတိပေးတယ်။ စွန့်လွှတ်ရမှာတွေ ရှိပေမဲ့ အစ္စရေးပြည် ပြန်လာရင် ကောင်းချီး အများကြီး ရမယ်ဆိုတာ သစ္စာရှိ ဂျူးတွေ သိကြတယ်။ ကောင်းချီးတစ်ခုကတော့ ဝတ်ပြုရေးနဲ့ ဆိုင်တယ်။ ဗာဗုလုန်ပြည်မှာ ယေဟောဝါရဲ့ ဗိမာန်တော် မရှိဘူး။ မောရှေပညတ် တောင်းဆိုတဲ့အတိုင်း ပူဇော်သက္ကာတွေ ဆက်သဖို့ ပလ္လင် မရှိဘူး။ ဆက်သပေးဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ ပုရောဟိတ်တွေ မရှိဘူး။ ဒါ့အပြင် ယေဟောဝါဘုရားနဲ့ ဘုရားစံနှုန်းတွေကို အလေးမထားတဲ့ အယူမှား အမျိုးသား/သမီးတွေကြားမှာ ဘုရားလူမျိုး မြုပ်နေတယ်။ ဒါကြောင့် ယေဟောဝါကို ချစ်တဲ့ ဂျူးတွေကတော့ နေရင်းပြည် ပြန်ဖို့ စိုင်းပြင်းနေကြပြီ။ အဲဒီကို ရောက်မှ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်ထွန်းကားအောင် လုပ်နိုင်ကြမှာ။ w23.05 ၁၄-၁၅ ¶၃-၄

သောကြာနေ့၊ အောက်တိုဘာ ၁၇

အလင်းရဲ့ သားသမီးတွေအဖြစ် လျှောက်လှမ်းနေကြပါ။—ဧ. ၅:၈။

“အလင်းရဲ့ သားသမီးတွေအဖြစ်” ဆက်ပြုမူနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီ လိုတယ်။ အကျင့်ပျက် လောကမှာ သန့်ရှင်းမြဲ သန့်ရှင်းနေဖို့ မလွယ်လို့ပဲ။ (၁ သက်. ၄:၃-၅၊ ၇၊ ၈) ဘုရားအတွေးအခေါ်နဲ့ မညီတဲ့ လောကအတွေးအခေါ်တွေ၊ အမြင်တွေကို တွန်းလှန်ဖို့ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးနိုင်တယ်။ “ကောင်းမြတ်” နေဖို့၊ “ဖြောင့်မတ်” နေဖို့လည်း ကူညီပေးနိုင်တယ်။ (ဧ. ၅:၉) စွမ်းအားတော် ရနိုင်တဲ့ တစ်နည်းကတော့ ဆုတောင်းခြင်းပါပဲ။ “တောင်းတဲ့သူတွေကို သန့်ရှင်းသော စွမ်းအားတော်” ယေဟောဝါ ပေးမယ်လို့ ယေရှု ပြောတယ်။ (လု. ၁၁:၁၃) အစည်းအဝေးမှာ ယေဟောဝါကို အတူတကွ ချီးမွမ်းတဲ့အခါလည်း စွမ်းအားတော် ရတယ်။ (ဧ. ၅:၁၉၊ ၂၀) သန့်ရှင်းသော စွမ်းအားတော် သက်ရောက်နေရင် သန့်ရှင်းတဲ့ ဘဝပုံစံနဲ့ နေနိုင်မယ်။ w24.03 ၂၃-၂၄ ¶၁၃-၁၅

စနေနေ့၊ အောက်တိုဘာ ၁၈

တောင်းမြဲ တောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲ ရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲ ခေါက်ပါ၊ တံခါး ပွင့်လာလိမ့်မယ်။—လု. ၁၁:၉။

ပိုစိတ်ရှည်တတ်လာဖို့ လိုနေသလား။ ဆုတောင်းပါ။ စိတ်ရှည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒါကြောင့် စိတ်ရှည်တတ်လာဖို့ ယေဟောဝါဆီကနေ စွမ်းအားတော် တောင်းပါ။ စိတ်ရှည်ဖို့ ခက်တဲ့ အခြေအနေ ကြုံရတဲ့အခါ ဆက်စိတ်ရှည်နိုင်ဖို့ စွမ်းအားတော် “တောင်းမြဲ တောင်းပါ။” (လု. ၁၁:၁၃) ဒါ့အပြင် ကိစ္စရပ်တွေကို ဘုရား မြင်သလို မြင်တတ်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ကိုယ့်ဘက်ကလည်း စိတ်ရှည်ဖို့ နေ့တိုင်း ကြိုးစားပါ။ ဆုတောင်းမယ်၊ ကြိုးစားမယ်ဆိုရင် ပင်ကို စိတ်ရှည်သူ မဟုတ်ရင်တောင် စိတ်ရှည်တတ်လာမယ်။ ကျမ်းစာ စံနမူနာရှင်တွေအကြောင်း စဉ်းစားတာကလည်း အကူအညီ ဖြစ်စေတယ်။ ကျမ်းစာမှာ စိတ်ရှည်သူများစွာရဲ့ စံနမူနာတွေ ပါတယ်။ စိတ်ရှည်မှု ပြနိုင်တဲ့ နည်းတွေ သူတို့ဆီကနေ သင်ယူနိုင်တယ်။ w23.08 ၂၂ ¶၁၀-၁၁

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၁၉

ပိုက်ကွန် ချပါ။—လု. ၅:၄။

ယေဟောဝါ ထောက်မပေးမယ်ဆိုတာ တမန်တော် ပေတရုကို ယေရှု စိတ်ချစေတယ်။ ရှင်ပြန်ထမြောက်ပြီးနောက် ပေတရုနဲ့ တမန်တော်တွေကို အံ့ဖွယ်နည်းနဲ့ ငါးအများကြီး မိစေတယ်။ (ယော. ၂၁:၄-၆) ဒီအံ့ဖွယ်အမှု မြင်လိုက်ရတော့ မိမိရဲ့ စားဝတ်နေရေးကို ယေဟောဝါ လွယ်လွယ်လေး ဖြည့်ဆည်းပေးနိုင်မှန်း ပေတရု စိတ်ချသွားမှာပဲ။ ဒါ့အပြင် ‘ဘုရားသခင်ရဲ့ နိုင်ငံတော် အမြဲ ဦးစားထား’ သူတွေကို ယေဟောဝါ ထောက်မပေးမယ်ဆိုတဲ့ ယေရှုစကားကို သတိရသွားမှာပဲ။ (မ. ၆:၃၃) ဒါကြောင့် တံငါလုပ်ငန်းကို မဟုတ်ဘဲ အမှုဆောင်လုပ်ငန်းကို ဘဝမှာ ဦးစားထားတယ်။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ သတ္တိရှိရှိ သက်သေခံပြီး လူထောင်ချီ သတင်းကောင်း လက်ခံလာဖို့ ကူညီပေးတယ်။ (တ. ၂:၁၄၊ ၃၇-၄၁) ခရစ်တော်နောက်လိုက် ဖြစ်လာဖို့ ရှမာရိလူတွေ၊ လူမျိုးခြားတွေကိုလည်း ကူညီပေးတယ်။ (တ. ၈:၁၄-၁၇။ ၁၀:၄၄-၄၈) နောက်ခံပေါင်းစုံက လူတွေ အသင်းတော်ထဲ ရောက်လာအောင် ပေတရုကို ယေဟောဝါ ထူးထူးခြားခြား သုံးခဲ့တယ်။ w23.09 ၂၀ ¶၁။ ၂၃ ¶၁၁

တနင်္လာနေ့၊ အောက်တိုဘာ ၂၀

အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ်ကို မပြောပြနိုင်ရင် မင်းတို့ကို အပိုင်းပိုင်း ခုတ်ပစ်မယ်။—ဒံ. ၂:၅။

ဂျေရုဆလင်မြို့ကို ဗာဗုလုန်တွေ ဖျက်ဆီးပြီးနောက် နှစ်နှစ်လောက် အကြာမှာ ဧရာမ ရုပ်တုကြီးအကြောင်း ထိတ်လန့်စရာ အိပ်မက် ဘုရင် နေဗုခဒ်နေဇာ မက်တယ်။ အိပ်မက်နဲ့ အိပ်မက်အဓိပ္ပာယ် ပြောမပြနိုင်ရင် ဒံယေလ အပါအဝင် ပညာရှိအားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ (ဒံ. ၂:၃-၅) ဒံယေလ မြန်မြန်ဆန်ဆန် လုပ်ရတော့တယ်။ မဟုတ်ရင် အားလုံး အသတ်ခံကြရမှာ။ ဒါကြောင့် “မင်းကြီးဆီ အခစားဝင်ပြီး အိပ်မက်အဓိပ္ပာယ်ကို ပြောပြနိုင်ဖို့ အချိန်နည်းနည်း ပေးပါလို့ ခွင့်တောင်းတယ်။” (ဒံ. ၂:၁၆) သတ္တိ ရှိလို့၊ ယုံကြည်ခြင်း ရှိလို့သာ ဒီလို ခွင့်တောင်းရဲတာ။ ဘာကြောင့်လဲ။ အရင်က ဒံယေလ အိပ်မက်အဓိပ္ပာယ် ပြန်ဖူးတယ်ဆိုတဲ့ ကျမ်းမှတ်တမ်း မရှိဘူး။ “ဒီလျှို့ဝှက်ချက်ကို ဖွင့်ပြပြီး ကရုဏာ ပြပါလို့ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ဆီ ဆုတောင်းဖို့” သူငယ်ချင်းတွေကို တောင်းဆိုတယ်။ (ဒံ. ၂:၁၈) ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးတယ်။ ဘုရားအကူအညီကြောင့် နေဗုခဒ်နေဇာရဲ့ အိပ်မက်အဓိပ္ပာယ်ကို ဒံယေလ ပြောပြလိုက်နိုင်တယ်။ ဒံယေလနဲ့ သူငယ်ချင်းတွေ အသက်ဘေး လွတ်သွားကြတယ်။ w23.08 ၃ ¶၄

အင်္ဂါနေ့၊ အောက်တိုဘာ ၂၁

အဆုံးထိ ခံနိုင်ရည်ရှိသူဟာ ကယ်တင် ခံရလိမ့်မယ်။—မ. ၂၄:၁၃။

စိတ်ရှည်ရင် ရမယ့် အကျိုးကျေးဇူးတွေ စဉ်းစားပါ။ စိတ်ရှည်ရင် ပိုပျော်မယ်။ စိတ်ပိုအေးချမ်းမယ်။ ကိုယ်ရော စိတ်ပါ ကျန်းမာမယ်။ တခြားသူတွေနဲ့ ဆက်ဆံရေး ပိုကောင်းမယ်။ အသင်းတော်မှာ ပိုစည်းလုံးမယ်။ ဒေါသ ဆွခံရရင်လည်း လွယ်လွယ် ဒေါသ မထွက်တဲ့အတွက် ပြဿနာ ပိုမကြီးတော့ဘူး။ (ဆာ. ၃၇:၈၊ အောက်ခြေမှတ်ချက်။ ပညာ. ၁၄:၂၉) ကောင်းကင်ဘုံစံ ဖခင်ကို အတုယူရာ ရောက်မယ်။ ဘုရားနဲ့ ပိုရင်းနှီးလာမယ်။ စိတ်ရှည်မှုဟာ တကယ့်ကို အကျိုးရှိတဲ့ အရည်အသွေးကောင်းပါပဲ။ စိတ်ရှည်ဖို့ အမြဲ လွယ်မှာ မဟုတ်ပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် ဆက်ပြီး စိတ်ရှည်နိုင်ပါတယ်။ ‘မိမိကို ကြောက်ရွံ့သူတွေ၊ ခိုင်မြဲတဲ့ မေတ္တာတော် စောင့်မျှော်နေသူတွေကို ယေဟောဝါ ကြည့်ရှုနေတယ်’ ဆိုတာ စိတ်ချရင်း ကမ္ဘာသစ်ကို စိတ်ရှည်ရှည် စောင့်နိုင်မယ်။ (ဆာ. ၃၃:၁၈) ဒါကြောင့် ကျွန်တော်တို့အားလုံး ဆက်ပြီး စိတ်ရှည်ဖို့ ဆုံးဖြတ်ထားကြရအောင်။ w23.08 ၂၂ ¶၇။ ၂၅ ¶၁၆-၁၇

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၂

လုပ်ရပ် မပါတဲ့ ယုံကြည်ခြင်းဟာ အသေပဲ။ —ယာ. ၂:၁၇။

လူတစ်ယောက် ယုံကြည်ခြင်း ရှိတယ်လို့ ပြောပေမဲ့ ယုံကြည်ခြင်း မရှိဘူးဆိုတာ လုပ်ရပ်တွေက ပြနေနိုင်တယ်လို့ ယာကုပ် ပြောတယ်။ (ယာ. ၂:၁-၅၊ ၉) ‘ဝတ်စရာ၊ စားစရာ မရှိတဲ့ ညီအစ်ကို၊ ညီအစ်မ’ ကို မြင်ပေမဲ့ လက်တွေ့ မကူညီသူနဲ့လည်း ဥပမာ ပေးတယ်။ ယုံကြည်ခြင်း ရှိတယ်လို့ အဲဒီလူ ပြောရင်တောင် အကျိုးမရှိဘူး။ (ယာ. ၂:၁၄-၁၆) ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြတဲ့ ရာခပ်အကြောင်း ယာကုပ် ဖော်ပြတယ်။ (ယာ. ၂:၂၅၊ ၂၆) ယေဟောဝါဘုရားအကြောင်း ရာခပ် ကြားထားတယ်။ အစ္စရေးတွေကို ဘုရား ထောက်မပေးတယ်ဆိုတာ ယုံတယ်။ (ယောရှု ၂:၉-၁၁) အသက်ဘေး ကြုံတဲ့ အစ္စရေး သူလျှိုနှစ်ယောက်ကို ကာကွယ်ပေးခြင်းအားဖြင့် ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြတယ်။ ဒါကြောင့် မစုံလင်ပေမဲ့၊ မောရှေပညတ် စောင့်ထိန်းသူ မဟုတ်ပေမဲ့ အာဗြဟံလိုပဲ ဖြောင့်မတ်သူလို့ သတ်မှတ်ခံရတယ်။ ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြဖို့ အရေးကြီးတယ်ဆိုတာ ရာခပ်ဆီကနေ သိရတယ်။ w23.12 ၅-၆ ¶၁၂-၁၃

ကြာသပတေးနေ့၊ အောက်တိုဘာ ၂၃

အုတ်မြစ်ပေါ်မှာ အမြစ်စွဲပြီး အခြေခိုင်ကြပါစေ။—ဧ. ၃:၁၇။

ကျွန်တော်တို့ ခရစ်ယာန်တွေဟာ ကျမ်းစာကို အပေါ်ယံ နားလည်ရုံလောက်နဲ့ မကျေနပ်ကြဘူး။ သန့်ရှင်းသော စွမ်းအားတော် အကူအညီအားဖြင့် “ဘုရားသခင်ရဲ့ နက်နဲတဲ့ အကြံအစည်တွေကိုတောင်” လေ့လာချင်ကြတယ်။ (၁ ကော. ၂:၉၊ ၁၀) ယေဟောဝါဘုရားနဲ့ ပိုရင်းနှီးချင်ကြလို့ပါ။ ဒါဆိုရင် ဘယ်အကြောင်းအရာတွေကနေ စလေ့လာလို့ ရသလဲ။ ရှေးခေတ် ကျေးကျွန်တွေကို ဘုရား မေတ္တာ ဘယ်လို ပြသလဲ၊ အဲဒီအချက်က သင့်ကို ဘုရား ချစ်တယ်ဆိုတာ ဘယ်လို သက်သေထူသလဲ လေ့လာပါ။ ရှေးခေတ် အစ္စရေးတွေရဲ့ ဝတ်ပြုမှု အစီအစဉ်နဲ့ ဒီနေ့ခေတ် ခရစ်ယာန် ဝတ်ပြုမှု အစီအစဉ်ကို နှိုင်းယှဉ်ကြည့်ပါ။ ယေရှုရဲ့ မြေကြီးအသက်တာနဲ့ အမှုဆောင်လုပ်ငန်းမှာ ပြည့်စုံခဲ့တဲ့ ကြိုဟောချက်တွေ အသေးစိတ် ဆန်းစစ်ပါ။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ် သုံးပြီး အဲဒီအကြောင်းအရာတွေ လေ့လာတဲ့အခါ ပျော်စရာကောင်းတယ်။ ယုံကြည်ခြင်း ခိုင်မြဲလာမယ်။ “ဘုရားနဲ့ပတ်သက်တဲ့ အသိပညာကို ရလာမယ်။”—ပညာ. ၂:၄၊ ၅။ w23.10 ၁၈-၁၉ ¶၃-၅

သောကြာနေ့၊ အောက်တိုဘာ ၂၄

အရေးကြီးဆုံးကတော့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။ ချစ်ခြင်းမေတ္တာ ရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်။—၁ ပေ. ၄:၈။

တမန်တော် ပေတရု သုံးတဲ့ “နှစ်နှစ်ကာကာ” ဆိုတဲ့ စကားလုံးဟာ “ဆွဲဆန့်” လို့ အဓိပ္ပာယ် ရတယ်။ နှစ်နှစ်ကာကာ ချစ်ရင် ဘာလုပ်မယ်လို့ ဆက်ပြောသလဲ။ ခွင့်လွှတ်မယ်လို့ ပြောတယ်။ မူရင်းကျမ်းမှာ ဖုံးအုပ်တယ်လို့ သုံးထားတယ်။ အစွန်းအထင်း၊ ခြစ်ရာ အပြည့်နဲ့ စားပွဲတစ်လုံးကို မြင်ယောင်ကြည့်ပါ။ ဆွဲသားပိတ်စသာ ရှိရင် အစွန်းအထင်း တစ်ခု၊ နှစ်ခုလောက် မဟုတ်ဘဲ အစွန်းအထင်းအားလုံး လုံအောင် ဆွဲဖုံးလိုက်လို့ ရတယ်။ အဲဒီလိုပဲ၊ ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်ရင် အမှားတစ်ခု၊ နှစ်ခုလောက် မဟုတ်ဘဲ အမှားအားလုံး ဖုံးလိုက်နိုင်၊ ခွင့်လွှတ်လိုက်နိုင်တယ်။ ခွင့်လွှတ်ဖို့ ခက်ရင်တောင် ခွင့်လွှတ်နိုင်တဲ့အထိ ချစ်ခြင်းမေတ္တာ ခိုင်မြဲသင့်တယ်။ (ကော. ၃:၁၃) တခြားသူတွေကို ခွင့်လွှတ်တာဟာ ချစ်ခြင်းမေတ္တာ ခိုင်မြဲကြောင်း၊ ဘုရားစိတ်တော်နဲ့ တွေ့ချင်ကြောင်း သက်သေပဲ။ w23.11 ၁၀-၁၁ ¶၁၃-၁၅

စနေနေ့၊ အောက်တိုဘာ ၂၅

ဘုရင့်ရှေ့မှာ ကျမ်းလိပ်ကို [ရှာဖန်] ဖတ်ပြတယ်။—၂ ရာ. ၃၄:၁၈။

ဘုရင် ယောရှိ အသက် ၂၆ နှစ်မှာ ဗိမာန်တော်ကို စပြုပြင်တယ်။ ပြုပြင်ရင်း “မောရှေကတစ်ဆင့် ပေးခဲ့တဲ့ ယေဟောဝါရဲ့ ပညတ်ကျမ်း” ကို တွေ့သွားတယ်။ ပညတ်ကျမ်းမှာ ရေးထားတာတွေ ဖတ်ပြတာ ကြားပြီးနောက် အဲဒီမှာ ပါတဲ့အတိုင်း လုပ်ဖို့ ချက်ချင်း စီစဉ်တယ်။ (၂ ရာ. ၃၄:၁၄၊ ၁၉-၂၁) သင်ကော ကျမ်းစာ မှန်မှန် ဖတ်ချင်သလား။ ဖတ်နေတယ်ဆိုရင် ဖတ်ရတာ ပျော်ရဲ့လား။ သင့်အတွက် အထောက်အကူ ဖြစ်စေမယ့် ကျမ်းပိုဒ်တွေ မှတ်ထားသလား။ ယောရှိ အသက် ၃၉ နှစ်လောက်မှာ အမှားတစ်ခုကြောင့် အသက်ပါ ရင်းလိုက်ရတယ်။ ဘုရားလမ်းညွှန်မှု ရှာမယ့်အစား ကိုယ့်အားကိုယ် ကိုးလိုက်လို့ပါ။ (၂ ရာ. ၃၅:၂၀-၂၅) ဘာသင်ခန်းစာ ရသလဲ။ အသက် ဘယ်လောက် ကြီးကြီး၊ ကျမ်းစာ အသိပညာ ဘယ်လောက် ရှိရှိ ယေဟောဝါကို ဆက်ရှာရမယ်။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားလမ်းညွှန်မှု ရဖို့ မှန်မှန် ဆုတောင်းခြင်း၊ ကျမ်းစာ မှန်မှန် လေ့လာခြင်း၊ ရင့်ကျက်တဲ့ ခရစ်ယာန်တွေဆီက အကြံဉာဏ် တောင်းခြင်းအားဖြင့်ပါ။ ဒါဆိုရင် ကြီးလေးတဲ့ အမှားတွေ ရှောင်နိုင်လို့ ပျော်ရလိမ့်မယ်။—ယာ. ၁:၂၅။ w23.09 ၁၂ ¶၁၅-၁၆

တနင်္ဂနွေနေ့၊ အောက်တိုဘာ ၂၆

ဘုရားသခင်က မောက်မာသူတွေကို ဆန့်ကျင်တယ်။ စိတ်နှိမ့်ချသူတွေကိုတော့ မဟာကရုဏာ ပေးသနားတယ်။—ယာ. ၄:၆။

ယေဟောဝါဘုရားကို ချစ်ပြီး ဘုရားအမှု ဆောင်တဲ့ သစ္စာရှိ အမျိုးသမီးတွေ ကျမ်းစာမှာ ပါတယ်။ အဲဒီအမျိုးသမီးတွေဟာ “ပြုမူပြောဆိုရာမှာ ထိန်းချုပ်နိုင်သူ၊” “အရာရာမှာ သစ္စာရှိသူ” တွေပါ။ (၁ တိ. ၃:၁၁) အသင်းတော်မှာလည်း စံထားထိုက်တဲ့ ရင့်ကျက်တဲ့ ညီအစ်မတွေ တွေ့နိုင်တယ်။ လူငယ် ညီအစ်မတို့၊ ကိုယ် စံထားလို့ ရမယ့် ညီအစ်မ တွေ ရှာပါ။ သူတို့ရဲ့ အရည်အသွေးကောင်းတွေ သတိထားကြည့်ပါ။ အဲဒီအရည်အသွေးတွေကို သင် ဘယ်လို ပြနိုင်မလဲ စဉ်းစားပါ။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာစေမယ့် အရေးကြီး အရည်အသွေးတစ်ခုကတော့ နှိမ့်ချမှု ဖြစ်တယ်။ နှိမ့်ချမှု ရှိရင် ယေဟောဝါနဲ့ကော တခြားသူတွေနဲ့ပါ ဆက်ဆံရေး ကောင်းလာမယ်။ ဥပမာ၊ ယေဟောဝါကို ချစ်တဲ့၊ နှိမ့်ချမှု ရှိတဲ့ အမျိုးသမီးဟာ ယေဟောဝါ ချမှတ်ထားတဲ့ ဦးစီးမှု အစီအစဉ်ကို လက်အောက်ခံမှာ ဖြစ်တယ်။ (၁ ကော. ၁၁:၃) အဲဒီဦးစီးမှု အစီအစဉ်ဟာ အသင်းတော်နဲ့ကော မိသားစုနဲ့ပါ ဆိုင်တယ်။ w23.12 ၁၉ ¶၃-၅

တနင်္လာနေ့၊ အောက်တိုဘာ ၂၇

ခင်ပွန်းဟာ ကိုယ့်ကိုယ်ကိုယ် ချစ်သလို ဇနီးကို ချစ်ရမယ်။—ဧ. ၅:၂၈။

ဇနီးကို ချစ်ဖို့၊ ထောက်ပံ့ဖို့၊ အဖော်အဖက်ကောင်း ဖြစ်ဖို့၊ ဘုရားနဲ့ ရင်းနှီးအောင် ကူညီပေးဖို့ ခင်ပွန်းတွေကို ယေဟောဝါ တောင်းဆိုတယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိခြင်း၊ အမျိုးသမီးတွေကို လေးစားခြင်း၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ခြင်းစတဲ့ အရည်အသွေးတွေက ခင်ပွန်းကောင်း၊ အိမ်ထောင်ဦးစီးကောင်း ဖြစ်ဖို့ ကူညီပေးနိုင်တယ်။ အိမ်ထောင်ပြုပြီးရင် သားသမီး ရလာနိုင်တယ်။ ဖခင်ကောင်း ဖြစ်ဖို့ ယေဟောဝါဆီက ဘာသင်ယူနိုင်သလဲ။ (ဧ. ၆:၄) သားယေရှုကို ချစ်မြတ်နိုးတယ်လို့ ယေဟောဝါ ထုတ်ပြောတယ်။ (မ. ၃:၁၇) သင်လည်း ဖခင် ဖြစ်လာရင် သားသမီးတွေကို ချစ်ကြောင်း မကြာမကြာ ပြောပါ၊ ပြပါ။ ချီးမွမ်းပေးပါ။ ယေဟောဝါကို အတုယူတဲ့ ဖခင်တွေဟာ သားသမီးတွေ ရင့်ကျက်တဲ့ အမျိုးသား/သမီး ဖြစ်လာဖို့ ကူညီပေးကြတယ်။ မိသားစု၊ အသင်းတော်မှာ ရှိသူတွေကို မေတ္တာပြခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခင်တန်ဖိုးထားတယ်ဆိုတာ ထုတ်ပြောခြင်းအားဖြင့် ဖခင်ကောင်း ဖြစ်ဖို့ အခုကတည်းက ပြင်ဆင်နိုင်တယ်။—ယော. ၁၅:၉။ w23.12 ၂၈-၂၉ ¶၁၇-၁၈

အင်္ဂါနေ့၊ အောက်တိုဘာ ၂၈

ဘုရားသခင်ဟာ မင်းတို့ရဲ့ ခေတ်ကာလကို တည်ငြိမ်အေးချမ်းစေတဲ့ အရှင်ပဲ။—ဟေရှာ. ၃၃:၆။

ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေဟာ လောက,က လူတွေလိုပဲ အခက်အခဲတွေ ကြုံကြရတယ်။ ဖျားကြနာကြတယ်။ ဒါ့အပြင် ဘုရားလူမျိုးကို မုန်းသူတွေ ဆန့်ကျင်တာ၊ နှိပ်စက်ညှဉ်းပန်းတာ ကြုံရနိုင်တယ်။ အခက်အခဲ မှန်သမျှကနေ ကျွန်တော်တို့ကို ယေဟောဝါ လိုက်ကာကွယ်မပေးဘူး။ ဒါပေမဲ့ ကူညီမယ်လို့ ကတိပေးတယ်။ (ဟေရှာ. ၄၁:၁၀) ဘုရား ကူညီလို့ အခက်ဆုံး ကာလမှာတောင် ဆက်ဝမ်းမြောက်နိုင်တယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်။ ဆက်သစ္စာရှိနိုင်တယ်။ ဒါ့အပြင် ယေဟောဝါက “ဘုရားသခင့်ငြိမ်သက်ခြင်း” ပေးတယ်။ (ဖိ. ၄:၆၊ ၇) ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိလို့ ခံစားရတဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကို ဆိုလိုတာပါ။ အဲဒီငြိမ်သက်ခြင်းဟာ “လူ့ဉာဏ်နဲ့ မမီနိုင်” ဘူး။ ကျွန်တော်တို့ စိတ်ကူးကြည့်နိုင်တာထက် အများကြီး သာတယ်။ ယေဟောဝါဆီ ပြင်းပြင်းပြပြ ဆုတောင်းပြီးနောက် အံ့ဩစရာကောင်းလောက်အောင် စိတ်ငြိမ်သက်သွားဖူးသလား။ အဲဒါ ဘုရားသခင့်ငြိမ်သက်ခြင်းပဲ။ w24.01 ၂၀ ¶၂။ ၂၁ ¶၄

ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာ ၂၉

ယေဟောဝါကို ချီးမွမ်းပါရစေ။ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို စိတ်ရော ကိုယ်ပါ ချီးမွမ်းပါရစေ။—ဆာ. ၁၀၃:၁။

ဘုရားကို ချစ်သူတွေဟာ ဘုရားနာမည်ကို စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းချင်ကြတယ်။ နာမတော်ကို ချီးမွမ်းတာဟာ ယေဟောဝါကို ချီးမွမ်းတာ ဖြစ်ကြောင်း ဘုရင် ဒါဝိဒ် သဘောပေါက်တယ်။ နာမတော် ကြားတာနဲ့ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ၊ ဘာအံ့ဩစရာကောင်းတာတွေ လုပ်သလဲ တစ်တွဲတည်း ပါလာလို့ပဲ။ အဖဘုရားရဲ့ နာမည် သန့်ရှင်းမြင့်မြတ်တယ်လို့ ဒါဝိဒ် သဘောထားတယ်။ “စိတ်ရော ကိုယ်ပါ ချီးမွမ်း” ချင်တယ်။ လေဝိအမျိုးသားတွေလည်း ယေဟောဝါကို ချီးမွမ်းရာမှာ ဦးဆောင်ကြတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်လွန်းလို့ ထိုက်သင့်သလောက် ချီးမွမ်းဂုဏ်တင်နိုင်မှာ မဟုတ်ကြောင်း နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုကြတယ်။ (နေ. ၉:၅) နှိမ့်ချမှုရှိရှိ၊ စိတ်နှလုံး အကြွင်းမဲ့ ချီးမွမ်းကြလို့ ယေဟောဝါ သိပ်ဝမ်းသာမှာပဲ။ w24.02 ၉ ¶၆

ကြာသပတေးနေ့၊ အောက်တိုဘာ ၃၀

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီဖြစ်လို့ ဒီလမ်းစဉ်အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့။—ဖိ. ၃:၁၆။

သင်နဲ့ မကိုက်လို့ ပန်းတိုင် မရောက်တာကို ကျရှုံးတာလို့ ယေဟောဝါ မသတ်မှတ်ဘူး။ (၂ ကော. ၈:၁၂) ကိုယ့်ကို လဲကျစေတဲ့အရာကနေ သင်ခန်းစာ ယူပါ။ ကိုယ် အရောက်လှမ်းနိုင်ခဲ့တဲ့ ပန်းတိုင်တွေကို သတိရပါ။ ‘ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့ ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို ဘယ်တော့မှ မမေ့ဘူး’ လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဟီ. ၆:၁၀) သင်လည်း မမေ့ပါနဲ့။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိတာ၊ တခြားသူတွေကို ဟောပြောတာ၊ နှစ်ခြင်းခံတာလိုမျိုး သင် အရောက်လှမ်းနိုင်ခဲ့တဲ့ ပန်းတိုင်တွေကို ပြန်စဉ်းစားပါ။ အဲဒီလို ဘုရားရေးရာ ပန်းတိုင်တွေဆီ အရောက်လှမ်းနိုင်ခဲ့သလို လက်ရှိ ပန်းတိုင်တွေဆီလည်း အရောက်လှမ်းနိုင်ပါလိမ့်မယ်။ ယေဟောဝါရဲ့ အကူအညီကြောင့် ပန်းတိုင် ရောက်နိုင်ပါတယ်။ ဘုရားရေးရာ ပန်းတိုင်တွေဆီ အရောက်သွားနေတုန်းမှာ ကိုယ့်ကို ယေဟောဝါ ကူညီပေးနေတာတွေ၊ ကောင်းချီးပေးတာတွေကို ကြည့်ဖို့ သတိရပါ။ လမ်းခရီးမှာ ပျော်ရပါလိမ့်မယ်။ (၂ ကော. ၄:၇) လက်မလျှော့ဘူးဆိုရင် ပိုကောင်းတဲ့ ကောင်းချီးတွေတောင် ခံစားရပါလိမ့်မယ်။—ဂလ. ၆:၉။ w23.05 ၃၁ ¶၁၆-၁၈

သောကြာနေ့၊ အောက်တိုဘာ ၃၁

ခင်ဗျားတို့က ကျွန်တော့်ကို ချစ်ခင်တွယ်တာတယ်။ ဘုရားသခင့်ကိုယ်စားလှယ်အဖြစ် ကျွန်တော် ရောက်လာတယ်ဆိုတာကို ယုံကြည်တယ်။ ဒါကြောင့် အဖဘုရားကလည်း ခင်ဗျားတို့ကို ချစ်ခင်တွယ်တာတယ်။—ယော. ၁၆:၂၇။

နှစ်သက်မြတ်နိုးရသူတွေကို နှစ်သက်မြတ်နိုးကြောင်း ယေဟောဝါ ပြတယ်။ ယေရှုဟာ မိမိ မြတ်နိုးတဲ့ ချစ်သား ဖြစ်ကြောင်း ယေဟောဝါ နှစ်ကြိမ် ပြောတာကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (မ. ၃:၁၇။ ၁၇:၅) သင်ကော ကိုယ့်ကို နှစ်သက်မြတ်နိုးတယ်လို့ ယေဟောဝါ ပြောတာ ကြားချင်ပါသလား။ ကောင်းကင်ကနေ လှမ်းမပြောပေမဲ့ ကျမ်းစာကတစ်ဆင့် ပြောတယ်။ ခရစ်ဝင်ကျမ်းတွေမှာ ပါတဲ့ ယေရှုစကားတွေ ဖတ်တဲ့အခါ ယေဟောဝါအသံ “ကြား” ရသလိုပါပဲ။ ဖခင်ကို ယေရှု အပြည့်အဝ အတုယူတယ်။ ဒါကြောင့် မစုံလင်ကြပေမဲ့ သစ္စာရှိတဲ့ နောက်လိုက်တွေကို ချစ်မြတ်နိုးကြောင်း ယေရှု ပြောတာ ဖတ်ရတဲ့အခါ ကိုယ့်ကို ယေဟောဝါ ပြောနေတယ်လို့ ကြားယောင်နိုင်တယ်။ (ယော. ၁၅:၉၊ ၁၅) ဒုက္ခကြုံရတာဟာ ဘုရားနှစ်သက်မှု ဆုံးရှုံးတာ မဟုတ်ဘူး။ ဘုရားကို ချစ်တယ်၊ ကိုးစားတယ်ဆိုတာ ပြဖို့ အခွင့်အရေးတောင် ရသေးတယ်။—ယာ. ၁:၁၂။ w24.03 ၂၈ ¶၁၀-၁၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ