ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es25 စာ. ၁၀၈-၁၁၈
  • နိုဝင်ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုဝင်ဘာ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • စနေနေ့၊ နိုဝင်ဘာ ၁
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂
  • တနင်္လာနေ့၊ နိုဝင်ဘာ ၃
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၄
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၅
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၆
  • သောကြာနေ့၊ နိုဝင်ဘာ ၇
  • စနေနေ့၊ နိုဝင်ဘာ ၈
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၉
  • တနင်္လာနေ့၊ နိုဝင်ဘာ ၁၀
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၁၁
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၂
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၃
  • သောကြာနေ့၊ နိုဝင်ဘာ ၁၄
  • စနေနေ့၊ နိုဝင်ဘာ ၁၅
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၆
  • တနင်္လာနေ့၊ နိုဝင်ဘာ ၁၇
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၁၈
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၉
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၀
  • သောကြာနေ့၊ နိုဝင်ဘာ ၂၁
  • စနေနေ့၊ နိုဝင်ဘာ ၂၂
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၃
  • တနင်္လာနေ့၊ နိုဝင်ဘာ ၂၄
  • အင်္ဂါနေ့၊ နိုဝင်ဘာ ၂၅
  • ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၆
  • ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၇
  • သောကြာနေ့၊ နိုဝင်ဘာ ၂၈
  • စနေနေ့၊ နိုဝင်ဘာ ၂၉
  • တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၃၀
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၂၅
es25 စာ. ၁၀၈-၁၁၈

နိုဝင်ဘာ

စနေနေ့၊ နိုဝင်ဘာ ၁

ကလေးငယ်တွေနဲ့ နို့စို့ကလေးတွေရဲ့ နှုတ်ကနေ ချီးမွမ်းစကား ထွက်စေတယ်။ —မ. ၂၁:၁၆။

အစည်းအဝေးတွေမှာ အချင်းချင်း ဘယ်လို အားပေးနိုင်သေးသလဲ။ သင်ဟာ မိဘဆိုရင် ကိုယ့်သားသမီးတွေကို အသက်အရွယ်နဲ့ လိုက်တဲ့ မှတ်ချက်တွေ ပြင်ပေးနိုင်တယ်။ တစ်ခါတလေ အိမ်ထောင်ရေး ကိစ္စ၊ ကိုယ်ကျင့်တရား ကိစ္စလိုမျိုး လေးနက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးလေ့ရှိတယ်။ ဒါပေမဲ့ ကလေးတွေ မှတ်ချက်ပေးလို့ ရတဲ့ စာပိုဒ် တစ်ပိုဒ်၊ နှစ်ပိုဒ်တော့ ရှိနိုင်ပါတယ်။ လက်ထောင်တိုင်း အခေါ်ခံရချင်မှ ခံရမယ်ဆိုတာကို သားသမီးတွေ နားလည်အောင် ရှင်းပြထားပါ။ အဲဒီလို ရှင်းပြထားတာက ကိုယ့်ကို မခေါ်ဘဲ တခြားသူတွေကို ခေါ်တဲ့အခါ စိတ်ဓာတ်မကျဖို့ ကူညီပေးတယ်။ (၁ တိ. ၆:၁၈) ကျွန်တော်တို့အားလုံး ယေဟောဝါကို ဂုဏ်တင်ရာရောက်မယ့်၊ ညီအစ်ကို/မတွေကို အားပေးရာရောက်မယ့် မှတ်ချက်တွေ ပြင်နိုင်ပါတယ်။ (ပညာ. ၂၅:၁၁) ရံဖန်ရံခါ ကိုယ်ပိုင် တွေ့ကြုံမှု ထည့်ပြောနိုင်ပေမဲ့ ကိုယ့်အကြောင်း အများကြီး ပြောတာမျိုး ရှောင်သင့်တယ်။ (ပညာ. ၂၇:၂။ ၂ ကော. ၁၀:၁၈) ယေဟောဝါဘုရား၊ ဘုရားရဲ့ တရားစကား၊ ဘုရားလူမျိုးအကြောင်း ပိုအလေးပေးသင့်တယ်။—ဗျာ. ၄:၁၁။ w23.04 ၂၄ ¶၁၇-၁၈

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂

တခြားသူတွေလို အိပ်မနေဘဲ နိုးနိုးကြားကြားနဲ့ သတိရှိနေကြစို့။—၁ သက်. ၅:၆။

နိုးနိုးကြားကြား သတိရှိနေဖို့ မေတ္တာက ကူညီပေးတယ်။ (မ. ၂၂:၃၇-၃၉) ဟောပြောလို့ အခက်အခဲတွေ ကြုံရရင်တောင် ဘုရားကို ချစ်တဲ့ မေတ္တာက ခံနိုင်ရည် ရှိစေတယ်။ (၂ တိ. ၁:၇၊ ၈) ကိုယ်နဲ့ ယုံကြည်ခြင်း မတူတဲ့သူတွေကိုလည်း ကျွန်တော်တို့ ချစ်ကြတယ်။ တစ်နေ့၊ သူတို့ ပြောင်းလဲလာပြီး မှန်ရာ လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ဟောပြောကြတယ်။ ဖုန်းဆက်၊ စာရေး သက်သေခံကြတယ်။ (ယေဇ. ၁၈:၂၇၊ ၂၈) ညီအစ်ကို/မတွေကိုလည်း ကျွန်တော်တို့ ချစ်ကြတယ်။ “အချင်းချင်း ဆက်ပြီး နှစ်သိမ့်အားပေး” ခြင်းအားဖြင့် ချစ်ကြောင်း ပြကြတယ်။ (၁ သက်. ၅:၁၁) အတူတူ တိုက်ပွဲဝင်တဲ့ စစ်သားတွေလို အချင်းချင်း အားပေးကြတယ်။ ညီအစ်ကို/မတွေ ထိခိုက်အောင် သိသိကြီးနဲ့ မလုပ်ကြဘူး။ ကိုယ့်ကို ထိခိုက်လာတဲ့အခါ လက်တုံ့မပြန်ကြဘူး။—၁ သက်. ၅:၁၃၊ ၁၅။ w23.06 ၁၀ ¶၆။ ၁၁ ¶၁၀-၁၁

တနင်္လာနေ့၊ နိုဝင်ဘာ ၃

[ယေဟောဝါက] ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တယ်။—တော. ၂၃:၁၉။

ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်တဲ့ တစ်နည်းကတော့ ရွေးဖိုးအကြောင်း တွေးတောခြင်းပါ။ ဘုရားရဲ့ ကတိတွေ ပြည့်စုံလာမယ်ဆိုတာ ရွေးဖိုးက အာမခံချက်ပါပဲ။ ဘာကြောင့် ရွေးဖိုး ပေးထားကြောင်း၊ ယေဟောဝါ ဘယ်လောက်ထိ စွန့်လွှတ်အနစ်နာခံခဲ့ရကြောင်း သေသေချာချာ တွေးတောဆင်ခြင်တဲ့အခါ ပိုကောင်းတဲ့ ကမ္ဘာမှာ ထာဝစဉ် အသက်ရှင်ရမယ်ဆိုတဲ့ ဘုရားကတိ ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်စိတ်ချလာမယ်။ ဘာကြောင့်လဲ။ ရွေးဖိုးအတွက် ယေဟောဝါ ဘယ်လောက် ပေးဆပ်ခဲ့ရသလဲ စဉ်းစားကြည့်ပါ။ သိပ်ချစ်ခင်တွယ်တာရတဲ့ သားဦးကို ကောင်းကင်ကနေ မြေကြီးကို စေလွှတ်ပြီး စုံလင်တဲ့ လူသားအဖြစ် မွေးဖွားလာစေတယ်။ မြေကြီးပေါ် ရှိနေစဉ်တစ်လျှောက် အခက်အခဲမျိုးစုံ ယေရှု ကြုံရတယ်။ အဲဒီနောက် မချိမဆံ့ ဝေဒနာ ခံစားပြီး သေဆုံးသွားတယ်။ ယေဟောဝါအတွက် တကယ့် ပေးဆပ်မှုကြီးပါပဲ။ ကျွန်တော်တို့ ခဏတာ အသက်ရှင်ဖို့လောက်အတွက်နဲ့ သားတော် ဝေဒနာ ခံပြီး သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုပါ့မလား။ (ယော. ၃:၁၆။ ၁ ပေ. ၁:၁၈၊ ၁၉) တန်ဖိုးကြီးကြီး ပေးဆပ်ထားမှတော့ ကမ္ဘာသစ်မှာ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်နိုင်အောင် ကျိန်းသေ လုပ်ပေးပါလိမ့်မယ်။ w23.04 ၂၇ ¶၈-၉

အင်္ဂါနေ့၊ နိုဝင်ဘာ ၄

အို သေမင်း၊ မင်းရဲ့အဆိပ်ဆူး ဘယ်မှာလဲ။—ဟော. ၁၃:၁၄။

သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်တဲ့ ဆန္ဒ ယေဟောဝါမှာ ရှိသလား။ ရှိပါတယ်။ ရှင်ပြန်ထမြောက်ခြင်း ကတိအကြောင်း ကျမ်းရေးသူများစွာကို ဘုရား မှတ်တမ်းတင်စေခဲ့တယ်။ (ဟေရှာ. ၂၆:၁၉။ ဗျာ. ၂၀:၁၁-၁၃) ကတိပေးပြီးရင်လည်း အမြဲ တည်တယ်။ (ယောရှု ၂၃:၁၄) ဒါ့အပြင် သေဆုံးသွားသူတွေကို ပြန်ထမြောက်ပေးချင်စိတ် သိပ်ပြင်းပြတယ်။ ယောဘဟာ မိမိ သေဆုံးသွားရင်တောင် အသက်ပြန်ရှင်လာတာကို ယေဟောဝါ ပြန်မြင်ချင်စိတ် ပြင်းပြနေမယ်ဆိုတာ စိတ်ချတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) ယောဘကိုမှ မဟုတ်ပါဘူး။ သေဆုံးသွားတဲ့ ကျေးကျွန်အားလုံးကို ယေဟောဝါ ပြန်မြင်ချင်တယ်။ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင် ပြန်ထမြောက်လာစေချင်တယ်။ မိမိအကြောင်း အမှန်တရား သင်ယူခွင့် မရလိုက်ဘဲ သေဆုံးသွားတဲ့ သန်းနဲ့ချီတဲ့ လူတွေကိုကော။ သူတို့ကိုလည်း ပြန်ထမြောက်ပေးချင်တယ်။ (တ. ၂၄:၁၅) မိမိနဲ့ မိတ်ဆွေ ဖြစ်ခွင့်၊ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ခွင့် ပေးချင်တယ်။—ယော. ၃:၁၆။ w23.04 ၉ ¶၅-၆

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၅

ဘုရားသခင်ဆီကနေ ကျွန်တော်တို့ ခွန်အား ရလိမ့်မယ်။—ဆာ. ၁၀၈:၁၃။

မျှော်လင့်ချက်ကို ဘယ်လို ခိုင်မာစေနိုင်မလဲ။ သင်ဟာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူဆိုရင် ပရဒိသုအကြောင်း ကျမ်းစာဖော်ပြချက်တွေ ဖတ်ရှု၊ တွေးတောပါ။ (ဟေရှာ. ၂၅:၈။ ၃၂:၁၆-၁၈) ကမ္ဘာသစ် အသက်တာကို မြင်ယောင်ကြည့်ပါ။ ကမ္ဘာသစ် မျှော်လင့်ချက်သာ စိတ်ထဲ စွဲနေရင် အခု ကြုံရတဲ့ အခက်အခဲတွေဟာ “ခဏတာ” ဖြစ်ပြီး “ပေါ့ပါး” တယ်လို့ ခံစားရမယ်။ (၂ ကော. ၄:၁၇) ဘုရားပေး မျှော်လင့်ချက်က အခက်အခဲတွေ ခံရပ်ဖို့ တကယ်ပဲ ကူညီပေးတယ်။ အားရှိစေဖို့ လိုအပ်တာတွေ ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ ဒါကြောင့် တာဝန်တစ်ခု ထမ်းဆောင်ဖို့၊ အခက်အခဲတစ်ခု ဆက်ခံရပ်ဖို့၊ ဆက်ဝမ်းမြောက်ဖို့ အကူအညီ လိုနေတယ်ဆိုရင် ဆုတောင်းပါ။ ကိုယ်ပိုင်လေ့လာမှု လုပ်ပြီး ဘုရားလမ်းညွှန်မှု ရှာပါ။ ညီအစ်ကို/မတွေဆီကနေ အားပေးမှု ရယူပါ။ မျှော်လင့်ချက် ရှင်သန်နေစေပါ။ ဒါဆိုရင် “[ဘုရားသခင့်] ဘုန်းတန်ခိုးတော်ကြောင့် ခွန်အား ပြည့်ဝလာပြီး အရာရာကို ဝမ်းမြောက်စွာ၊ စိတ်ရှည်စွာ ခံရပ်နိုင်” ပါလိမ့်မယ်။—ကော. ၁:၁၁။ w23.10 ၁၇ ¶၁၉-၂၀

ကြာသပတေးနေ့၊ နိုဝင်ဘာ ၆

အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ။—၁ သက်. ၅:၁၈။

ယေဟောဝါကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ ကောင်းမြတ်တဲ့ ဆုကျေးဇူး မှန်သမျှ ဘုရားဆီက လာတာ ဖြစ်လို့ ကိုယ့်မှာ ရှိတဲ့ ကောင်းမြတ်ရာတွေအတွက် ဘုရားကို ကျေးဇူးတင်နိုင်တယ်။ (ယာ. ၁:၁၇) လှပတဲ့ ကမ္ဘာမြေ၊ အံ့ချီးဖွယ် ဖန်ဆင်းခြင်း လက်ရာတွေအတွက် ကျေးဇူးတင်နိုင်တယ်။ မိသားစု၊ မိတ်ဆွေ၊ အသက်၊ မျှော်လင့်ချက် ပေးထားလို့ ကျေးဇူးတင်နိုင်တယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရထားတာကလည်း ကျေးဇူးတင်စရာပါပဲ။ ယေဟောဝါကို ကိုယ် သတ်သတ်မှတ်မှတ် ကျေးဇူးတင်ရမယ့် အကြောင်းရင်းတွေ ကြိုးစားတွေးတောပါ။ ဒီနေ့ခေတ် လူများစွာဟာ ရဖို့ပဲ အာရုံစိုက်ကြတယ်။ ရထားတာတွေအတွက် ကျေးဇူးတင်ရကောင်းမှန်း မသိကြဘူး။ အဲဒီသဘောထား ကျွန်တော်တို့မှာ ရှိလာရင် တောင်းဖို့ချည်းသက်သက် ဆုတောင်းမိလာနိုင်တယ်။ အဲဒီလို မဖြစ်ဖို့ ယေဟောဝါ လုပ်ပေးသမျှအတွက် ကျေးဇူးတင်နေရမယ်၊ ကျေးဇူးတင်ကြောင်း ပြနေရမယ်။—လု. ၆:၄၅။ w23.05 ၄ ¶၈-၉

သောကြာနေ့၊ နိုဝင်ဘာ ၇

သံသယ မရှိဘဲ ယုံကြည်ခြင်းနဲ့ တောင်းမြဲ တောင်း [ပါ။]—ယာ. ၁:၆။

ကျွန်တော်တို့ ဒုက္ခရောက်တာ မေတ္တာရှင် အဖ ယေဟောဝါ မကြည့်ရက်ဘူး။ (ဟေရှာ. ၆၃:၉) ဒါပေမဲ့ မြစ်ရေလို၊ မီးလို အခက်အခဲတွေ တစ်ခုမှ မကြုံအောင် လိုက်ကာကွယ်မပေးဘူး။ (ဟေရှာ. ၄၃:၂) “ဖြတ်လျှောက်” နိုင်အောင် ကူညီပေးမယ်လို့တော့ ကတိပေးတယ်။ အခက်အခဲတွေကြောင့် မိမိနဲ့ ဆက်ဆံရေး ပြတ်တောက်သွားတာမျိုး အဖြစ်မခံဘူး။ ခံရပ်နိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်။ (လု. ၁၁:၁၃။ ဖိ. ၄:၁၃) ဒါကြောင့် ခံနိုင်ရည် ရှိဖို့၊ ဆက်သစ္စာရှိနိုင်ဖို့ လိုတာ ကွက်တိ ဘုရား အမြဲ ပေးမယ်ဆိုတာ စိတ်ချပါ။ မိမိကို ယုံဖို့ မျှော်လင့်တယ်။ (ဟီ. ၁၁:၆) တစ်ခါတလေ အခက်အခဲတွေ မကျော်လွှားနိုင်ပုံ ပေါက်နေနိုင်တယ်။ ယေဟောဝါ ကူညီပေးပါ့မလားလို့ သံသယ စဝင်လာနိုင်တယ်။ ဒါပေမဲ့ ဘုရားပေး ခွန်အားကြောင့် “မြို့ရိုးကို တက်နိုင်” မယ်လို့ ကျမ်းစာမှာ အာမခံတယ်။ (ဆာ. ၁၈:၂၉) ဒါကြောင့် သံသယ ဝင်မနေပါနဲ့။ ဆုတောင်းချက်တွေ ယေဟောဝါ ဖြေပေးမယ်ဆိုတာ စိတ်ချပြီး ယုံယုံကြည်ကြည်သာ တောင်းနေပါ။—ယာ. ၁:၆၊ ၇။ w23.11 ၂၂ ¶၈-၉

စနေနေ့၊ နိုဝင်ဘာ ၈

ချစ်ခြင်းကို လှိုင်းလုံးကြီးတွေ မငြိမ်းသတ်နိုင်ဘူး။ မြစ်ချောင်းတွေကလည်း မျောပါသွားအောင် မလုပ်နိုင်ဘူး။—သီ. ၈:၆၊ ၇။

အချစ်စစ်အကြောင်း လှလှပပ ဖော်ကျူးထားတာပါပဲ။ မောင်နှံစုံတွေ အချင်းချင်း မပြောင်းမလဲ ချစ်နိုင်ကြောင်း ဒီစကားတွေက ဖော်ပြနေတယ်။ မောင်နှံစုံတွေ အသက်ရှင်သရွေ့ ချစ်မချစ်ဆိုတာ သူတို့ကိုယ်တိုင်အပေါ် မူတည်တယ်။ ဥပမာ၊ မီးဖိုမှာ မပြတ် ထင်းထည့်ပေးနေမှ မီးဆက်တောက်မယ်။ ထင်းမထည့်တော့ဘူးဆိုရင် မီးငြိမ်းသွားမယ်။ ခင်ပွန်းနဲ့ ဇနီးကြားက အချစ်လည်း အဲဒီလိုပဲ။ ခိုင်မြဲအောင် လုပ်နေမှ ခိုင်မြဲမှာ။ ဒါပေမဲ့ ငွေကြေးအခက်အခဲ၊ ကျန်းမာရေး ပြဿနာ၊ သားသမီး ဝေယျာဝစ္စတွေကြောင့် အချစ် လျော့သွားပြီလို့ ခံစားလာရတတ်တယ်။ “ယေဟောဝါရဲ့ မီးလျှံ” ဆက်တောက်လောင်နေဖို့ဆိုရင် ခင်ပွန်းကော ဇနီးပါ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲဖို့ ကြိုးစားရမယ်။ w23.05 ၂၀-၂၁ ¶၁-၃

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၉

မကြောက်ပါနဲ့။—ဒံ ၁၀:၁၉။

သတ္တိ ဘယ်လို မွေးနိုင်မလဲ။ သတ္တိရှိတဲ့ မိဘတွေက သားသမီးတွေ သတ္တိရှိဖို့ အားပေးတတ်ကြတယ်။ ဒါပေမဲ့ သတ္တိဆိုတာ လက်ဆင့်ကမ်း အမွေပေးလို့ ရတာမျိုး မဟုတ်ဘူး။ စွမ်းရည်တစ်ခု သင်ယူသလို သင်ယူရတာမျိုး။ ဆရာသမားတွေဆီကနေ အတုမြင် အတတ်သင်ပြီး ကျွန်တော်တို့ စွမ်းရည်ကောင်းတွေ ရှိလာကြတယ်။ ဒီလိုပဲ သတ္တိရှိသူတွေဆီကနေ အတုမြင် အတတ်သင်တဲ့အခါ သတ္တိရှိလာမယ်။ ဒံယေလလိုပဲ ကျွန်တော်တို့ ကျမ်းစာကို ကောင်းကောင်း အကျွမ်းဝင်ရမယ်။ မကြာခဏ ရင်ဖွင့်ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိအောင် လုပ်ရမယ်။ ဘုရားရဲ့ ကျောထောက်နောက်ခံ ရှိတယ်ဆိုတာ အပြည့်အဝ ယုံကြည်ရမယ်။ ဒါဆိုရင် ယုံကြည်ခြင်း စမ်းသပ်ခံရချိန်မှာ သတ္တိ ရှိနေမယ်။ သတ္တိရှိသူတွေကို လူတွေ လေးစားကြတယ်။ စိတ်ရိုးဖြောင့်သူတွေဆိုရင် ယေဟောဝါအကြောင်းတောင် စိတ်ဝင်စားလာနိုင်တယ်။ သတ္တိရှိဖို့ လိုတဲ့ အကြောင်းကောင်းတွေပါပဲ။ w23.08 ၂ ¶၂။ ၄ ¶၈-၉

တနင်္လာနေ့၊ နိုဝင်ဘာ ၁၀

အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။—၁ သက်. ၅:၂၁။

“စစ်ဆေး” လို့ ပြန်ဆိုထားတဲ့ ဂရိ ဝေါဟာရကို ကျောက်မျက်ရတနာတွေ စစ်တာနဲ့ ဆက်စပ်သုံးလေ့ရှိတယ်။ ကျွန်တော်တို့ ကြားရတာ၊ ဖတ်ရတာတွေ မှန်မမှန် စစ်ဆေးဖို့ ပြောနေတာ။ ကြီးစွာသောဒုက္ခ နီးကပ်လာတဲ့ ကာလမှာ အသက်ရှင်နေရလို့ ပိုလို့တောင် စစ်ဆေးကြရမယ်။ တခြားသူတွေ ပြောသမျှ မျက်စိမှိတ် ယုံမယ့်အစား ကိုယ်ကြားရတာ၊ ဖတ်ရတာတွေဟာ ကျမ်းစာမှာ ပြောတာ၊ အဖွဲ့အစည်း ပြောတာနဲ့ ကိုက်မကိုက် စဉ်းစားဆင်ခြင်နိုင်စွမ်း သုံးပြီး စစ်ဆေးကြရမယ်။ ဒါဆိုရင် နတ်ဆိုးတွေရဲ့ ဝါဒဖြန့်မှု၊ အလိမ်အညာတွေကြောင့် လှည့်စားခံရမှာ မဟုတ်ဘူး။ (ပညာ. ၁၄:၁၅။ ၁ တိ. ၄:၁) ကြီးစွာသောဒုက္ခမှာ ဘုရားကျေးကျွန်တွေ အုပ်စုလိုက်အနေနဲ့ လွတ်မြောက်မယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ တစ်ယောက်ချင်းစီအနေနဲ့တော့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိကြဘူး။ (ယာ. ၄:၁၄) ကြီးစွာသောဒုက္ခကို ကပ်ကျော်သည်ဖြစ်စေ၊ အဲဒီမတိုင်ခင် သေသွားသည်ဖြစ်စေ သစ္စာရှိနေမယ်ဆိုရင် ထာဝရအသက် ဆုချခံရမယ်။ အဲဒီမျှော်လင့်ချက်ကို အာရုံစိုက်ရင်း ယေဟောဝါရဲ့ နေ့အတွက် အသင့်ရှိနေကြရအောင်။ w23.06 ၁၃ ¶၁၅-၁၆

အင်္ဂါနေ့၊ နိုဝင်ဘာ ၁၁

အတွင်းရေးကိစ္စ မဖော်ပြဘဲ ဘာတစ်ခုမှ မလုပ်ဘူး။—အာ. ၃:၇။

ကျမ်းစာ ကြိုဟောချက်တချို့ ဘယ်လို ပြည့်စုံလာမယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူး။ (ဒံ. ၁၂:၈၊ ၉) ဒါပေမဲ့ ဘယ်လို ပြည့်စုံလာမယ်ဆိုတာ အတိအကျ မသိတာနဲ့ပဲ ပြည့်စုံလာမှာ မဟုတ်ပါဘူးလို့ ပြောလို့ မရဘူး။ ကျွန်တော်တို့ သိဖို့ လိုတာကို သိဖို့ လိုတဲ့ အချိန် အတိအကျမှာ ယေဟောဝါ ဖွင့်ပြမယ်ဆိုတာ စိတ်ချနိုင်တယ်။ အတိတ်တုန်းကလည်း အဲဒီလို အမြဲ ဖွင့်ပြခဲ့လို့ပဲ။ မကြာခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြေညာကြမယ်။ (၁ သက်. ၅:၃) မှားယွင်းတဲ့ ဘာသာရေးကို ကမ္ဘာ့နိုင်ငံရေး အင်အားစုတွေ တိုက်ခိုက်ဖျက်ဆီးကြမယ်။ (ဗျာ. ၁၇:၁၆၊ ၁၇) အဲဒီနောက် ဘုရားလူမျိုးကို တိုက်ခိုက်ကြမယ်။ (ယေဇ. ၃၈:၁၈၊ ၁၉) ဒီလိုနဲ့ နောက်ဆုံး စစ်ပွဲ အာမဂေဒုန် စလာမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) ဒီဖြစ်ရပ်တွေ မကြာခင် ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဒီအတောအတွင်းတော့ ကျမ်းစာ ကြိုဟောချက်တွေကို အာရုံစိုက်ခြင်း၊ တခြားသူတွေလည်း အာရုံစိုက်နိုင်အောင် ကူညီပေးခြင်းအားဖြင့် ကောင်းကင်ဘုံစံ မေတ္တာရှင် အဖကို ကျေးဇူးတင်ကြောင်း ဆက်ပြကြရအောင်။ w23.08 ၁၃ ¶၁၉-၂၀

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၂

အချင်းချင်း ချစ်မြဲ ချစ်ကြစို့။ မေတ္တာဟာ ဘုရားသခင်ဆီက အရင်းခံတယ်။ —၁ ယော. ၄:၇။

ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာဆိုတဲ့ အရည်အသွေး သုံးမျိုးထဲမှာ “ချစ်ခြင်းမေတ္တာဟာ အမြတ်ဆုံးပဲ” လို့ တမန်တော် ပေါလု ပြောတယ်။ (၁ ကော. ၁၃:၁၃) ဘာကြောင့်လဲ။ မျှော်လင့်နေတဲ့ ကမ္ဘာသစ် ကတိအားလုံး အနာဂတ်မှာ ပြည့်စုံသွားတဲ့အခါ မျှော်နေစရာ၊ ယုံနေစရာ မလိုတော့ဘူး။ ယေဟောဝါနဲ့ လူလူချင်းကိုတော့ အမြဲ ချစ်နေရမှာ။ ချစ်သည်ထက် ချစ်နေရမှာ။ ချစ်ခြင်းမေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားသိစေတယ်။ “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်” လို့ တမန်တော်တွေကို ယေရှု ပြောတယ်။ (ယော. ၁၃:၃၅) ဒါ့အပြင် ချစ်ခြင်းမေတ္တာက စည်းလုံးစေတယ်။ “စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုး” လို့ ပေါလု ခေါ်ထားတယ်။ (ကော. ၃:၁၄) အချင်းချင်း ချစ်တဲ့အခါ ဘုရားကို ချစ်ရာ ရောက်တယ်။ “ဘုရားသခင်ကို ချစ်ရင် ညီအစ်ကိုကိုလည်း ချစ်ရမယ်” လို့ တမန်တော် ယောဟန် ပြောတယ်။—၁ ယော. ၄:၂၁။ w23.11 ၈ ¶၁၊ ၃

ကြာသပတေးနေ့၊ နိုဝင်ဘာ ၁၃

ဝန်ပိစေတဲ့ အရာမှန်သမျှ . . . ဖယ်ရှားကြစို့။ —ဟီ. ၁၂:၁။

ခရစ်ယာန် အသက်တာကို ပြေးပွဲနဲ့ ကျမ်းစာမှာ နှိုင်းယှဉ်ထားတယ်။ ပန်းဝင်တဲ့အထိ ပြေးသူတွေ ထာဝရ အသက်ဆု ရမယ်။ (၂ တိ. ၄:၇၊ ၈) ပန်းတိုင် နီးသည်ထက် နီးနေပြီ ဖြစ်လို့ အားကုန်ထုတ်ပြီး ဆက်ပြေးကြရမယ်။ အသက်ပြေးပွဲမှာ ပန်းဝင်တဲ့အထိ ပြေးခဲ့တဲ့ တမန်တော် ပေါလုက ပန်းဝင်နိုင်မယ့်နည်း ပြောပြတယ်။ အဲဒါကတော့ ‘ဝန်ပိစေတဲ့ အရာမှန်သမျှ ဖယ်ရှား’ ခြင်း၊ “ရှေ့မှာ ရှိတဲ့ ပြေးပွဲကို ခံနိုင်ရည်ရှိရှိ ပြေး” ခြင်းပါပဲ။ ခရစ်ယာန်တွေ ဘာဝန်မှ မထမ်းရဘူးလို့ ပေါလု ပြောတာလား။ မဟုတ်ပါဘူး။ မလိုအပ်တဲ့ ဝန်တွေ ဖယ်ရှားဖို့ ပြောတာပါ။ အဲဒီဝန်တွေက ပြေးပွဲမှာ အရှိန်လျော့သွားစေနိုင်တယ်။ လူပင်ပန်းစေနိုင်တယ်။ ဒါကြောင့် ခံနိုင်ရည်ရှိရှိ ပြေးနိုင်ဖို့ဆိုရင် အရှိန်လျော့စေနိုင်တဲ့ မလိုအပ်တဲ့ ဝန်တွေ ထမ်းမိနေသလားဆိုတာ သိအောင် မြန်မြန် လုပ်ရမယ်။ မြန်မြန် ဖယ်ရှားရမယ်။ ဒါပေမဲ့ ထမ်းရမယ့် ဝန်တွေ မဖယ်လိုက်မိဖို့တော့ သတိထားရမယ်။ ထမ်းရမှာတွေ ဖယ်လိုက်မိရင် ပြိုင်ပွဲ စည်းမျဉ်းနဲ့ မညီဘဲ ဖြစ်သွားမယ်။—၂ တိ. ၂:၅။ w23.08 ၂၆ ¶၁-၂

သောကြာနေ့၊ နိုဝင်ဘာ ၁၄

အလှဆင်တဲ့အခါ အပြင်ပန်းချည်းပဲ မဖြစ်ပါစေနဲ့။—၁ ပေ. ၃:၃။

တခြားသူတွေရဲ့ အမြင်ကို လေးစားဖို့ အကျိုးသင့်အကြောင်းသင့် သဘောက ကူညီပေးတယ်။ ဥပမာ၊ ညီအစ်မတချို့က မိတ်ကပ် လိမ်းရတာ ကြိုက်တယ်။ တချို့က မကြိုက်ဘူး။ ခရစ်ယာန်တချို့က အရက် အတော်အသင့် သောက်တယ်။ တချို့က လုံးလုံး ရှောင်တယ်။ ခရစ်ယာန်အားလုံး ကျန်းမာရေး ကောင်းချင်ကြတယ်။ ဒါပေမဲ့ ကျန်းမာရေး ဂရုစိုက်ပုံချင်း မတူကြဘူး။ ကိုယ့်အမြင်ပဲ မှန်တယ်လို့ ထင်ပြီး ကိုယ်လုပ်သလို လိုက်လုပ်ဖို့ ညီအစ်ကို/မတွေကို ဖိအားပေးရင် ထိမိလဲကုန်မယ်။ စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာမယ်။ (၁ ကော. ၈:၉။ ၁၀:၂၃၊ ၂၄) ဥပမာ၊ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ယေဟောဝါ တိတိကျကျ ပြောမထားဘူး။ လိုက်နာရမယ့် အခြေခံမူတွေတော့ ပေးထားတယ်။ ဘုရား အမှုဆောင်သူတွေနဲ့ သင့်တော်တဲ့၊ ဣန္ဒြေရှိတဲ့ အဝတ်အစားတွေကို “ချင့်ချိန်မှု ရှိရှိ” ဝတ်ကြရမယ်။ (၁ တိ. ၂:၉၊ ၁၀) ကိုယ့်ဝတ်စားဖြီးလိမ်းပုံကြောင့် အာရုံစိုက်ခံရတာမျိုး ကျွန်တော်တို့ မဖြစ်ချင်ကြဘူး။ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ကိုယ်ပိုင် စည်းမျဉ်းတွေ မထုတ်မိဖို့လည်း အကြီးအကဲတွေကို ကျမ်းစာမူတွေက ကူညီပေးတယ်။ w23.07 ၂၃-၂၄ ¶၁၃-၁၄

စနေနေ့၊ နိုဝင်ဘာ ၁၅

ငါ ပြောတာကို အသေအချာ နားထောင်ကြ။ ကောင်းတဲ့အစာကိုပဲ စားကြ။ ဒါဆိုရင် အဆီအနှစ်ပြည့်ဝတဲ့ အစာကို မင်းတို့ မြိန်ရေရှက်ရေ စားရလိမ့်မယ်။—ဟေရှာ. ၅၅:၂။

ပျော်ရွှင်စရာ အနာဂတ် ပိုင်ဆိုင်နိုင်ပုံကို ယေဟောဝါ သင်ပေးတယ်။ အသံကျယ်ကျယ်နဲ့ လိုက်အော်ခေါ်တဲ့ “မိုက်မဲတဲ့ မိန်းမ” နောက် လိုက်သွားသူတွေဟာ ခိုးကြောင်ခိုးဝှက် သာယာဖို့ပဲ စိတ်ရောက်နေကြတယ်။ ဒါကြောင့် “သင်္ချိုင်းရဲ့ နက်ရှိုင်းတဲ့အရပ်” ဆီ ရောက်သွားကြလိမ့်မယ်။ (ပညာ. ၉:၁၃၊ ၁၇၊ ၁၈) “စစ်မှန်တဲ့ ဉာဏ်ပညာ” ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံသူတွေကတော့ အဲဒီလို မဟုတ်ဘူး။ (ပညာ. ၉:၁) ယေဟောဝါ ချစ်တာကို ချစ်တတ်ဖို့၊ မုန်းတာကို မုန်းတတ်ဖို့ သင်ယူနေကြတယ်။ (ဆာ. ၉၇:၁၀) “စစ်မှန်တဲ့ ဉာဏ်ပညာ” ကနေ တခြားသူတွေပါ အကျိုးရဖို့ “အတွေ့အကြုံ မရှိသူတို့၊ ဒီကို လာကြ” ဆိုပြီး “မြို့ရဲ့ မြင့်တဲ့ နေရာတွေကနေ” ဖိတ်ခေါ်ရလို့ ပျော်နေကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကော၊ ဖိတ်ခေါ်ချက်ကို လက်ခံသူတွေပါ ရမယ့် အကျိုးကျေးဇူးတွေဟာ လက်ရှိအတွက်ပဲ မဟုတ်ဘူး။ ရေရှည်အတွက် ဖြစ်တယ်။ “သိနားလည်မှု လမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်လှမ်း” ရင်း ထာဝစဉ် “အသက်ရှင်” နိုင်ပါလိမ့်မယ်။—ပညာ. ၉:၃၊ ၄၊ ၆။ w23.06 ၂၄ ¶၁၇-၁၈

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၁၆

လွယ်လွယ်နဲ့ ဒေါသမထွက်တဲ့သူဟာ ခွန်အား ကြီးသူထက် သာလွန်တယ်။ စိတ်ချုပ်တည်းနိုင်သူဟာ မြို့ကို အောင်နိုင်သူထက် သာလွန်တယ်။—ပညာ. ၁၆:၃၂။

ယုံကြည်ချက်အကြောင်း အလုပ်ဖော်၊ အတန်းဖော် မေးလာတဲ့အခါ ဘယ်လို ခံစားရသလဲ။ စိုးရိမ်သလား။ အများစု စိုးရိမ်ကြတယ်။ ဒါပေမဲ့ မေးခွန်းကနေ သူ့အမြင်၊ ယုံကြည်ချက်အကြောင်း တစ်စွန်းတစ်စ သိရတတ်လို့ သက်သေခံရ ပိုလွယ်သွားနိုင်တယ်။ ငြင်းချင်လို့ မေးခွန်း မေးသူတွေလည်း ရှိနိုင်တယ်။ မအံ့ဩသင့်ပါဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့ယုံကြည်ချက်အကြောင်း တချို့ တလွဲ ကြားထားကြတယ်။ (တ. ၂၈:၂၂) ဒါ့အပြင် ကျွန်တော်တို့ အသက်ရှင်နေရတာကိုက “ညှိနှိုင်းလို့ မရသူ၊” “ကြမ်းကြုတ်သူ” တွေ ပေါတဲ့ “နောက်ဆုံးကာလ” ဖြစ်နေတယ်။ (၂ တိ. ၃:၁၊ ၃) ‘ယုံကြည်ချက်နဲ့ပတ်သက်ပြီး ကိုယ့်ကို လာငြင်းတဲ့အခါ ဘယ်လို ယဉ်ယဉ်ကျေးကျေး တုံ့ပြန်ရမလဲ’ လို့ စဉ်းစားမိမယ်။ နူးညံ့သိမ်မွေ့မှုက ကူညီပေးနိုင်ပါတယ်။ ခံပြင်းစရာ၊ အကြပ်ရိုက်စရာ အခြေအနေ ကြုံတဲ့အခါ နူးညံ့သိမ်မွေ့သူဟာ လွယ်လွယ် ဒေါသမထွက်ဘူး။ စိတ်ချုပ်တည်းနိုင်တယ်။ w23.09 ၁၄ ¶၁-၂

တနင်္လာနေ့၊ နိုဝင်ဘာ ၁၇

မင်းကြီးက သူတို့ကို ကမ္ဘာမြေတစ်ခွင်မှာ မင်းညီမင်းသားတွေအဖြစ် ခန့်အပ်လိမ့်မယ်။ —ဆာ. ၄၅:၁၆။

ကျွန်တော်တို့အကျိုးအတွက် အဖွဲ့အစည်း လမ်းညွှန်လာနိုင်တယ်။ ဥပမာ၊ ငွေမမက်ဖို့၊ ဘုရားပညတ် ချိုးဖောက်မိစေနိုင်တဲ့ အန္တရာယ်တွေ ရှောင်ဖို့ သတိပေးနိုင်တယ်။ ဒီကဏ္ဍတွေမှာ ယေဟောဝါရဲ့ လမ်းပြမှု လိုက်ရင် အကျိုးရမယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈။ ၁ တိ. ၆:၉၊ ၁၀) လူသား ကိုယ်စားလှယ်တွေ သုံးပြီး ကြီးစွာသောဒုက္ခအတွင်းမှာကော အနှစ်တစ်ထောင်အထိပါ ယေဟောဝါ လမ်းပြသွားမယ်။ လမ်းပြမှု လိုက်မလား။ အဲဒီအချိန် လိုက်မလိုက်ဆိုတာ လောလောဆယ် ယေဟောဝါရဲ့ လမ်းပြမှုကို ဘယ်လို တုံ့ပြန်နေသလဲဆိုတာအပေါ် အများကြီး မူတည်တယ်။ ဒါကြောင့် ခန့်အပ်ခံ အမျိုးသားတွေကတစ်ဆင့် ပေးတဲ့ လမ်းညွှန်ချက် အပါအဝင် ယေဟောဝါ ပေးသမျှ လမ်းညွှန်ချက်တွေ အမြဲ လိုက်နာကြရအောင်။ (ဟေရှာ. ၃၂:၁၊ ၂။ ဟီ. ၁၃:၁၇) အန္တရာယ်တွေ ရှောင်ပြီး ကမ္ဘာသစ် ထာဝရအသက် ပန်းတိုင်ဆီ အရောက်ပို့ပေးမယ့် လမ်းပြ ယေဟောဝါကို မယုံစရာအကြောင်းမှ မရှိတာ။ w24.02 ၂၅ ¶၁၇-၁၈

အင်္ဂါနေ့၊ နိုဝင်ဘာ ၁၈

မဟာကရုဏာတော်ကြောင့် . . . ကယ်တင်ခံရပြီ။—ဧ. ၂:၅။

ဘုရားအမှုဆောင်ရတာ တမန်တော် ပေါလု သိပ်ပျော်တယ်။ ဒါပေမဲ့ အခက်အခဲ အများကြီး ကြုံရတယ်။ ခဏခဏ ခရီးအဝေးကြီး သွားရတယ်။ အဲဒီခေတ်တုန်းက တစ်နေရာနဲ့ တစ်နေရာ သွားရတာ မလွယ်ဘူး။ ခရီးမှာ “မြစ်ရေလျှံတဲ့ဘေး၊ ဓားပြဘေး” တစ်ခါတလေ ကြုံရတယ်။ ဆန့်ကျင်သူတွေ ကိုယ်ထိလက်ရောက် နှိပ်စက်တာ ခံရတယ်။ (၂ ကော. ၁၁:၂၃-၂၇) ဒီကြားထဲ ညီအစ်ကို/မတွေက သူတို့အတွက် ပေါလု လုပ်ပေးတာတွေကို ကျေးဇူးမတင်တတ်ကြဘူး။ (၂ ကော. ၁၀:၁၀။ ဖိ. ၄:၁၅) ဆက်အမှုဆောင်ဖို့ ပေါလုကို ဘာက လှုံ့ဆော်ပေးသလဲ။ ကျမ်းစာကနေ၊ ကိုယ်တွေ့ကနေ ယေဟောဝါအကြောင်း အများကြီး သိလာတယ်။ ကိုယ့်ကို ယေဟောဝါဘုရား သိပ်ချစ်မှန်း ယုံလာတယ်။ (ရော. ၈:၃၈၊ ၃၉။ ဧ. ၂:၄၊ ၅) ဒါကြောင့် ယေဟောဝါကို ပေါလု ချစ်တတ်လာတယ်။ သန့်ရှင်းသူတွေကို မပြတ် အလုပ်အကျွေး ပြုခြင်း၊ အနွံအတာခံခြင်းအားဖြင့် ယေဟောဝါကို ချစ်တယ်ဆိုတာ သက်သေပြတယ်။— ဟီ. ၆:၁၀။ w23.07 ၉ ¶၅-၆

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၉

အထက်အာဏာပိုင်တွေကို . . . လက်အောက်ခံရမယ်။—ရော. ၁၃:၁။

အစိုးရတွေကို “အထက်အာဏာပိုင်တွေ” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။ အစိုးရတွေ ရှိတာ ကောင်းတယ်၊ ဥပဒေ တချို့တလေလောက်ကိုတော့ လိုက်နာသင့်တယ်လို့ လူများစွာ သဘောထားကြတယ်။ ဒါပေမဲ့ ဘဝင်မကျတဲ့၊ မတရားဘူးလို့ ယူဆတဲ့ ဥပဒေတွေ မလိုက်နာကြဘူး။ လူ့အစိုးရတွေဟာ ပြဿနာ တော်တော်များများရဲ့ ရင်းမြစ် ဖြစ်တယ်၊ စာတန့်ထိန်းချုပ်မှုအောက်မှာ ရှိတယ်၊ မကြာခင် ဖျက်ဆီးခံရတော့မယ်ဆိုတာ ကျမ်းစာ အသိအမှတ်ပြုတယ်။ (ဆာ. ၁၁၀:၅၊ ၆။ ဒေ. ၈:၉။ လု. ၄:၅၊ ၆) ဒါပေမဲ့ “အာဏာပိုင်တွေကို ဆန့်ကျင်သူဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်သူပဲ” လို့လည်း ဖော်ပြထားတယ်။ အစိုးရဆိုတာ ငြိမ်ဝပ်ပိပြားမှု ရှိဖို့ ယေဟောဝါ ခွင့်ပြုထားတဲ့ ယာယီ အစီအစဉ် ဖြစ်တယ်။ ဒါကြောင့် အာဏာပိုင်တွေကို နာခံရမယ်။ အခွန်၊ လေးစားမှု၊ နာခံမှု အပါအဝင် “ပေးသင့်ပေးထိုက်ရာတွေ ပေး” ရမယ်။ (ရော. ၁၃:၁-၇) တချို့ဥပဒေတွေ လိုက်နာရတာ ကတ်သီးကတ်သတ် နိုင်ပုံ၊ မတရားပုံ၊ ငွေကုန်ကြေးကျ များပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ဘုရားပညတ် ချိုးဖောက်ဖို့ မတောင်းဆိုသရွေ့ နာခံဖို့ ယေဟောဝါ ပြောထားလို့ ကျွန်တော်တို့ နာခံကြတယ်။—တ. ၅:၂၉။ w23.10 ၈ ¶၉-၁၀

ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၀

ယေဟောဝါရဲ့ စွမ်းအားတော် ခွန်အားပေး . . . တယ်။—သူကြီး. ၁၅:၁၄။

ရှံဆုန် မွေးတဲ့အချိန်မှာ အစ္စရေးလူမျိုးဟာ ဖိလိတိတွေလက်အောက် ရောက်နေတယ်။ (သူကြီး. ၁၃:၁) ဖိလိတိတွေ အနိုင်ကျင့်ဗိုလ်ကျလို့ အနေအစား ဆင်းရဲကြတယ်။ ဒါကြောင့် “အစ္စရေးတွေကို ဖိလိတိလူတွေ လက်ထဲကနေ ကယ်တင်ရာမှာ ဦးဆောင်” ဖို့ ရှံဆုန်ကို ယေဟောဝါ ရွေးတယ်။ (သူကြီး. ၁၃:၅) ယေဟောဝါကို အားကိုးမှ ရမယ်။ ရှံဆုန်ကို ဖမ်းဖို့ ဖိလိတိတွေ လေဟိအရပ် ရောက်လာကြတယ်။ အဲဒီနေရာဟာ ယုဒနယ်မြေထဲက ဖြစ်နိုင်တယ်။ ယုဒအမျိုးသားတွေ ဘယ်လောက်ထိ ကြောက်သလဲဆိုရင် ကိုယ့်နယ်မြေထဲ ဝင်ပြီး ကိုယ့်လူမျိုးကို ရန်သူတွေ လာဖမ်းတာ ထည့်ပေးလိုက်ကြတယ်။ ထွက်မပြေးနိုင်အောင်ဆိုပြီး ကြိုးသစ်နှစ်ချောင်းနဲ့တောင် ချည်ပေးလိုက်ကြသေးတယ်။ (သူကြီး. ၁၅:၉-၁၃) ဒါပေမဲ့ “ယေဟောဝါရဲ့ စွမ်းအားတော် ခွန်အား ပေးတဲ့အတွက်” ချည်ထားတဲ့ ကြိုးတွေ ပြတ်ထွက်ကုန်တယ်။ အဲဒီနောက် “မခြောက်သေးတဲ့ မြည်းမေးရိုးတစ်ချောင်း” တွေ့တော့ ကောက်ယူပြီး ဖိလိတိလူ ၁,၀၀၀ ကို ရှံဆုန် ရိုက်သတ်ပစ်တယ်။—သူကြီး. ၁၅:၁၄-၁၆။ w23.09 ၂-၃ ¶၃-၄

သောကြာနေ့၊ နိုဝင်ဘာ ၂၁

ဒါဟာ သခင်ခရစ်တော်ယေရှုနဲ့ပတ်သက်တဲ့ ထာဝရ ရည်ရွယ်ချက်အတိုင်းပါပဲ။—ဧ. ၃:၁၁။

ဘုရား တစ်ခုခု ရည်ရွယ်ပြီဆိုရင် “ပြည့်စုံလာဖို့ အရာရာကို စီစဉ်ထား” တဲ့အတွက်၊ ပြည့်စုံစေမယ့် နည်းလမ်း အမျိုးမျိုး ရှိတဲ့အတွက် အမြဲ အထမြောက်တယ်။ (ပညာ. ၁၆:၄) ဘုရားရည်ရွယ်ချက်ကို ကျမ်းစာမှာ “ထာဝရ ရည်ရွယ်ချက်” လို့ ခေါ်ထားတယ်။ အချိန် တော်တော်ကြာပြီးမှ ရည်ရွယ်ချက် အထမြောက်လာမှာ ဖြစ်လို့၊ အထမြောက်လာတဲ့အခါ ရလာမယ့် ရလဒ်တွေ ထာဝစဉ် တည်မှာ ဖြစ်လို့ “ထာဝရ ရည်ရွယ်ချက်” လို့ ခေါ်တာ။ ဒါဆိုရင် အဲဒီရည်ရွယ်ချက်က ဘာလဲ။ ရည်ရွယ်ချက် အထမြောက်ဖို့ ဘာအပြောင်းအလဲတွေ လုပ်သလဲ။ ကျမ်းစာမှာ အဆင့်ဆင့် ဖော်ပြထားတာ ကျေးဇူးတင်စရာပါပဲ။ “သားသမီးတွေ အများကြီး မွေးကြ။ ကမ္ဘာမြေကို ပြည့်စေပြီး အုပ်ထိန်းကြ။ . . . သတ္တဝါတွေကို အုပ်စိုးကြ” ဆိုပြီး မိမိရည်ရွယ်ချက်အကြောင်း ပထမလူသား မောင်နှံကို ဘုရား ပြောတယ်။ (က. ၁:၂၈) သူတို့ ပုန်ကန်လို့ လူ့မိသားစုထဲ အပြစ်တရား ဝင်လာပေမဲ့ ယေဟောဝါ ရည်ရွယ်ချက် အပျက်မခံဘူး။ ရည်ရွယ်ချက် ပြည့်စုံစေမယ့် နည်းလမ်းကို ပြောင်းတယ်။ လူတွေနဲ့ ကမ္ဘာမြေအတွက် မူလရည်ရွယ်ချက် အထမြောက်စေမယ့် နိုင်ငံတစ်ခု ကောင်းကင်မှာ တည်ထောင်ဖို့ ချက်ချင်း ဆုံးဖြတ်လိုက်တယ်။—မ. ၂၅:၃၄။ w23.10 ၁၉-၂၀ ¶၆-၇

စနေနေ့၊ နိုဝင်ဘာ ၂၂

ယေဟောဝါသာ မကူညီခဲ့ရင် ငါ သေတာ ကြာလှပြီ။—ဆာ. ၉၄:၁၇။

အားနည်းချက်တစ်ခုကို တစ်ချိန်လုံး တွန်းလှန်နေရတယ်ဆိုရင် ရှေ့ဆက်ဖို့ ခက်နိုင်တယ်။ ကိုယ့်အားနည်းချက်က တမန်တော် ပေတရုရဲ့ အားနည်းချက်ထက် တွန်းလှန်ရ ပိုခက်နေတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ယေဟောဝါ ခွန်အား ပေးနိုင်တယ်။ (ဆာ. ၉၄:၁၈၊ ၁၉) ဥပမာ၊ ညီအစ်ကိုတစ်ယောက်ဟာ အမှန်တရား မသိခင် နှစ်နဲ့ချီ လိင်တူသမား ဖြစ်ခဲ့တယ်။ အသက်တာ လုံးဝ ပြောင်းလဲပြီး ကျမ်းစာစံနှုန်းနဲ့အညီ နေထိုင်တယ်။ တစ်ခါတလေတော့ မကောင်းတဲ့ ဆန္ဒတွေ ပြန်ပေါ်လာတုန်းပဲ။ လက်မလျှော့ဘဲ ဆက်ကြိုးစားဖို့ ဘာက ကူညီပေးသလဲ။ “ယေဟောဝါ ခွန်အား ပေးတယ်။ စွမ်းအားတော် အကူအညီနဲ့သာဆိုရင် . . . အမှန်တရားလမ်းမှာ ဆက်လျှောက်နိုင်မှန်း သိလာတယ်။ . . . ကျွန်တော် ဘယ်လို လူစားလဲဆိုတာ သိလျက်နဲ့ ယေဟောဝါ သုံးခဲ့တယ်။ အခုလည်း အားနည်းချက်တွေ တွေ့တာတောင် တောက်လျှောက် ခွန်အား ပေးနေတယ်” လို့ ပြောတယ်။ w23.09 ၂၃ ¶၁၂

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၃

နှိမ့်ချမယ်၊ ယေဟောဝါကို ကြောက်ရွံ့ရိုသေ မယ်ဆိုရင် စည်းစိမ်၊ ဂုဏ်ကျက်သရေ၊ အသက်ဆိုတဲ့ အကျိုးကျေးဇူးတွေ ရလိမ့်မယ်။—ပညာ. ၂၂:၄။

လူငယ် ညီအစ်ကိုတို့၊ နေရင်းထိုင်ရင်း သင်တို့ ရင့်ကျက်လာမှာ မဟုတ်ဘူး။ ဘယ်သူ့ကို စံထားမလဲ ရွေးရမယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိရမယ်။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ရမယ်။ လက်တွေ့ အသုံးချပညာတွေ တတ်ထားရမယ်။ အနာဂတ် တာဝန်တွေအတွက် ကြိုတင်ပြင်ဆင်ရမယ်။ ကြိုးစားရမယ့် အပိုင်းတွေ စဉ်းစားလိုက်ရင် စိတ်လေးမိနိုင်တယ်။ ဒါပေမဲ့ အဆင်ပြေမှာပါ။ ယေဟောဝါ ကူညီပေးချင်တယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃) ညီအစ်ကို/မတွေလည်း ကူညီပေးကြလိမ့်မယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာရင် ဘဝဟာ ကျေနပ်ပျော်ရွှင်စရာကောင်းပြီး အဓိပ္ပာယ် ပြည့်ဝလာမယ်။ လူငယ် ညီအစ်ကိုတွေကို ကျွန်တော်တို့ သိပ်ချစ်တယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသား ဖြစ်လာအောင် သင် ကြိုးစားနေတာကို ယေဟောဝါ ကောင်းချီး ကြွယ်ဝစွာ ပေးပါစေ။ w23.12 ၂၉ ¶၁၉-၂၀

တနင်္လာနေ့၊ နိုဝင်ဘာ ၂၄

အမှားကို ဗွေမယူ [ပါနဲ့။]—ပညာ. ၁၉:၁၁။

ပျော်စရာ ပေါင်းသင်းမှုမှာ ဓာတ်ပုံ စုရိုက်တယ်လို့ မြင်ယောင်ကြည့်ပါ။ ပထမတစ်ပုံ ပုံထွက် မကောင်းမှာ စိုးလို့ နောက်နှစ်ပုံ ထပ်ရိုက်တယ်။ ဓာတ်ပုံ သုံးပုံ ရှိသွားပြီ။ တစ်ပုံမှာ ညီအစ်ကိုတစ်ယောက် မျက်နှာမဲ့နေတယ်။ အဲဒီညီအစ်ကိုကော ပုံထဲမှာ ပါသမျှ လူတွေ ပြုံးနေတဲ့ နောက်ထပ် နှစ်ပုံ ရှိတာပဲ။ မလှတဲ့ ပုံ ဖျက်လိုက်မှာပေါ့။ ကျွန်တော်တို့မှာ ညီအစ်ကို/မတွေနဲ့ အမှတ်တရကောင်းတွေ ရှိတယ်။ ညီအစ်ကို/မတစ်ယောက် ပြောလိုက်၊ လုပ်လိုက်တာကြောင့် စိတ်ထိခိုက်ရတဲ့အချိန်လည်း တစ်ခါတလေ ရှိနိုင်တယ်။ ဘာလုပ်မလဲ။ မလှတဲ့ ပုံ ဖျက်လိုက်သလို အဲဒီမှတ်ဉာဏ်ကို ကြိုးစားဖျောက်ဖျက်လိုက်ပါ။ (ဧ. ၄:၃၂) အမှတ်တရကောင်းတွေ ရှိနေတာပဲ။ ကောင်းတဲ့ အမှတ်တရတွေပဲ သိမ်းထား၊ တန်ဖိုးထားချင်တယ် မဟုတ်လား။ w23.11 ၁၂ ¶၁၆-၁၇

အင်္ဂါနေ့၊ နိုဝင်ဘာ ၂၅

အမျိုးသမီးတွေကလည်း . . . တော်ရုံသင့်ရုံပဲ ဝတ်စားဆင်ယင်ကြပါ။ . . . ဘုရားသခင်ကို ကြည်ညိုတယ်ဆိုတဲ့ အမျိုးသမီးတွေ ဆင်ယင်သင့်တဲ့ ပုံစံအတိုင်း ဆင်ယင်ကြပါ။—၁ တိ. ၂:၉၊ ၁၀။

ဒီမှာ သုံးထားတဲ့ ဂရိ စကားလုံးဟာ တခြားသူတွေ လေးစားချင်စရာ ကောင်းတဲ့ ပုံစံ၊ တခြားသူတွေကို လေးစားကြောင်း ပြတဲ့ ပုံစံမျိုးနဲ့ ဝတ်စားဆင်ယင်သင့်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဣန္ဒြေရှိရှိ ဝတ်စားတဲ့ ညီအစ်မတွေအတွက် ကျွန်တော်တို့ တကယ် ဂုဏ်ယူတယ်။ ရင့်ကျက်တဲ့ ညီအစ်မအားလုံးမှာ ရှိတဲ့ အရည်အသွေးနောက်တစ်ခုကတော့ ပိုင်းခြားသိမြင်မှု ဖြစ်တယ်။ ပိုင်းခြားသိမြင်မှုဆိုတာ ဘာလဲ။ အမှား၊ အမှန် ခွဲခြားနိုင်ပြီး မှန်ရာ လုပ်နိုင်စွမ်းပါ။ အဘိဂဲလအကြောင်း စဉ်းစားကြည့်ပါ။ ခင်ပွန်းရဲ့ ဆုံးဖြတ်ချက် အမှားကြောင့် တစ်အိမ်သားလုံး ဒုက္ခရောက်တော့မယ်။ အဘိဂဲလ ပိုင်းခြားသိမြင်မှု ရှိလို့၊ မြန်မြန်ဆန်ဆန် လှုပ်ရှားလို့သာ အသက်ဘေး လွတ်သွားကြတာ။ (၁ ရှ. ၂၅:၁၄-၂၃၊ ၃၂-၃၅) ပိုင်းခြားသိမြင်မှု ရှိရင် ဘယ်အချိန်မှာ စကားပြောရမလဲ၊ ဘယ်အချိန်မှာ နှုတ်ဆိတ်ရမလဲ သိမယ်။ သူတစ်ပါးကိစ္စ ဝင်စွက်ရာ မရောက်မယ့် နည်းနဲ့ စိတ်ဝင်စားကြောင်း ပြနိုင်မယ်။—၁ သက်. ၄:၁၁။ w23.12 ၂၀ ¶၈-၉

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၂၆

ဘုရားသခင်ရဲ့ ဘုန်းတော်ကို ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွှင်လန်းနေကြစို့။ —ရော. ၅:၂။

ဒီစကားတွေကို ရောမ အသင်းတော်ဆီ တမန်တော် ပေါလု ရေးခဲ့တာ။ အဲဒီက ညီအစ်ကို/မတွေဟာ ယေဟောဝါ၊ ယေရှုအကြောင်း သိလာကြတယ်။ ယုံလာကြတယ်။ ခရစ်ယာန် ဖြစ်လာကြတယ်။ “ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရ” တယ်။ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတယ်။ (ရော. ၅:၁) တောက်ပတဲ့၊ စိတ်ချလို့ ရတဲ့ မျှော်လင့်ချက် ရှိလာကြတယ်။ ခေါ်တော်မူခြင်းနဲ့ဆိုင်တဲ့ မျှော်လင့်ချက်အကြောင်း ဧဖက် အသင်းတော်က ဘိသိက်ခံ ခရစ်ယာန်တွေဆီ နောက်ပိုင်းမှာ ပေါလု စာရေးတယ်။ အဲဒီမျှော်လင့်ချက်မှာ ‘သန့်ရှင်းသူတွေ ရမယ့် အမွေ’ ပါတယ်။ (ဧ. ၁:၁၈) ဘယ်မှာ အမွေ ရမယ်ဆိုတာ ကောလောသဲ အသင်းတော်ဆီ ရေးတဲ့ စာကနေ သိရတယ်။ “ကောင်းကင်ဆုကျေးဇူး” လို့ ခေါ်ထားတယ်။ (ကော. ၁:၄၊ ၅) ဒါကြောင့် ဘိသိက်ခံ ခရစ်ယာန်တွေရဲ့ မျှော်လင့်ချက်ဟာ ခရစ်တော်နဲ့အတူ နန်းထိုင်မယ့် ကောင်းကင်ကို ထမြောက်ဖို့၊ ထာဝရ အသက် ရဖို့ပါပဲ။—၁ သက်. ၄:၁၃-၁၇။ ဗျာ. ၂၀:၆။ w23.12 ၉ ¶၄-၅

ကြာသပတေးနေ့၊ နိုဝင်ဘာ ၂၇

လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။—ဖိ. ၄:၇။

“စောင့်ရှောက်” ဆိုတဲ့ မူရင်း စကားလုံးဟာ စစ်ဘက်ဆိုင်ရာ အသုံးအနှုန်း ဖြစ်ပြီး မြို့ တိုက်ခိုက်မခံရဖို့ စောင့်ကြပ်နေတဲ့ စစ်သားတွေကို ဖော်ပြရာမှာ သုံးတယ်။ မြို့တံခါးမှာ စစ်သားတွေ ကင်းစောင့်နေမှန်း သိလို့ မြို့သားတွေ စိတ်အေးလက်အေး အိပ်နိုင်ကြတယ်။ အဲဒီလိုပဲ ဘုရားသခင့်ငြိမ်သက်ခြင်းက စိတ်နှလုံးနဲ့ အတွေးအခေါ်ကို စောင့်ရှောက်ပေးလို့ လုံခြုံတယ်ဆိုတဲ့ သိစိတ်ကြောင့် စိတ်အေးလက်အေး ဖြစ်နိုင်ကြတယ်။ (ဆာ. ၄:၈) ဟန္နအဖြစ်မှာလိုပဲ ပြဿနာ ချက်ချင်း ပြေလည်မသွားရင်တောင် စိတ်အေးအေး ထားနိုင်သွားတယ်။ (၁ ရှ. ၁:၁၆-၁၈) စိတ်အေးအေး ထားနိုင်ရင် ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်း ချဖို့ လွယ်တယ်။ ကျွန်တော်တို့ဘက်ကကော ဘာလုပ်နိုင်သလဲ။ အဖြစ်ဆိုး ကြုံတဲ့အခါ အစောင့်ကို လှမ်းခေါ်လိုက်ပါ။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားသခင့်ငြိမ်သက်ခြင်း ခံစားရတဲ့အထိ ဆုတောင်းခြင်းအားဖြင့်ပါ။ (လု. ၁၁:၉။ ၁ သက်. ၅:၁၇) အဖြစ်ဆိုး ကြုံရတဲ့အခါ ဇွဲမလျှော့တမ်း ဆုတောင်းပါ။ ဒါဆိုရင် သင့်စိတ်နှလုံးနဲ့ အတွေးအခေါ်ကို ဘုရားသခင့်ငြိမ်သက်ခြင်း စောင့်ရှောက်ပေးမယ်။—ရော. ၁၂:၁၂။ w24.01 ၂၁ ¶၅-၆

သောကြာနေ့၊ နိုဝင်ဘာ ၂၈

ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ။—မ. ၆:၉။

နောက်ဆုံးအချိန်နာရီတွေမှာ စာတန် ဖိတိုက်ခိုက်တာကို ယေရှု ခံရတယ်။ (လု. ၂၂:၂-၄။ ၂၃:၃၃၊ ၃၄) ဒါပေမဲ့ အဆုံးစွန်ထိ အဖကို နာခံသူမို့ ရှက်စရာအကြောင်း မရှိမှန်း သိတယ်။ (ဟီ. ၁၂:၂) အဖနာမည် ဖျက်ခံထားရတာ ရှင်းနိုင်ဖို့ ကျိတ်မှိတ်ပြီး နှိပ်စက်ခံတယ်။ စော်ကားခံတယ်။ အသရေဖျက်ခံတယ်။ ယေရှု သမာဓိ ချိုးဖောက်အောင် လုပ်နိုင်မယ်လို့ အပိုင်တွက်ထားတဲ့ စာတန် ခွက်ခွက်လန် ရှုံးသွားတယ်။ စာတန်ဟာ အကြံပက်စက်တဲ့ မုသာကောင် ဖြစ်ကြောင်း၊ အပြင်းထန်ဆုံး စမ်းသပ်မှု ကြုံတာတောင် သမာဓိ စောင့်ထိန်းတဲ့ ကျေးကျွန်တွေ ယေဟောဝါမှာ ရှိကြောင်း ယေရှု သက်သေပြလိုက်လို့ပဲ။ နန်းထိုင် ဘုရင်ကို သင် ဝမ်းသာစေချင်သလား။ ဝမ်းသာစေချင်ရင် ယေဟောဝါရဲ့ နာမည် ဆက်ချီးမွမ်းပါ။ ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲ တခြားသူတွေ သိအောင် ကူညီပေးပါ။ ဒါ ယေရှုခြေရာ နင်းနေတာပဲ။ (၁ ပေ. ၂:၂၁) ယေရှုလိုပဲ ယေဟောဝါစိတ် ရွှင်လန်းစေရာ ရောက်တယ်။ ရန်သူ စာတန်ဟာ အောက်တန်းကျတဲ့ မုသာကောင် ဖြစ်ကြောင်း သက်သေပြရာ ရောက်တယ်။ w24.02 ၁၁-၁၂ ¶၁၁-၁၃

စနေနေ့၊ နိုဝင်ဘာ ၂၉

ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက် ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ။ —ဆာ. ၁၁၆:၁၂။

လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံသူ တစ်သန်းကျော် ရှိတယ်။ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံတာဟာ ယေရှုခရစ်နောက် လိုက်ဖို့၊ ဘဝမှာ ဘုရားအလိုတော် ဦးစားထားဖို့ ရွေးချယ်လိုက်တာပဲ။ “ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၆:၂၄) ဒါကြောင့် ဆက်ကပ်အပ်နှံထားသူဟာ ဘုရား မကြိုက်တာ မှန်သမျှ ငြင်းပယ်ရမယ်။ (၂ ကော. ၅:၁၄၊ ၁၅) ငြင်းပယ်ရမယ့်အထဲမှာ လိင်အကျင့်ယိုယွင်းခြင်းလိုမျိုး “အပြစ်ရှိတဲ့ အကျင့်တွေ” ပါတယ်။ (ဂလ. ၅:၁၉-၂၁။ ၁ ကော. ၆:၁၈) ဆောင်ရန်၊ ရှောင်ရန်တွေ များလို့ စိတ်ကျဉ်းကျပ်သွားမလား။ ဘုရားကို ချစ်ရင်၊ ဘုရားပညတ်တွေဟာ ကိုယ့်အကျိုးအတွက်ပဲဆိုတာ သိထားရင် စိတ်ကျဉ်းကျပ်မှာ မဟုတ်ဘူး။—ဆာ. ၁၁၉:၉၇။ ဟေရှာ. ၄၈:၁၇၊ ၁၈။ w24.03 ၂ ¶၁။ ၃ ¶၄

တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၃၀

မင်းဟာ ငါ မြတ်နိုးတဲ့ ငါ့ရဲ့ချစ်သားပဲ။ —လု. ၃:၂၂။

ချစ်မြတ်နိုးရသူတွေကို သန့်ရှင်းသော စွမ်းအားတော် ယေဟောဝါ ပေးတယ်။ (မ. ၁၂:၁၈) ‘စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ငါ ပြနိုင်ပြီလား’ လို့ စဉ်းစားကြည့်ပါ။ အမှန်တရား မသိခင်ကထက် စိတ်ရှည်တတ်နေပြီလား။ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ ပြနိုင်လေ ဘုရားနှစ်သက်မှု ရနေတယ်ဆိုတာ စိတ်ချနိုင်လေပဲ။ ချစ်မြတ်နိုးရသူတွေအတွက် ရွေးဖိုးတန်ဖိုးကို ယေဟောဝါ သုံးတယ်။ (၁ တိ. ၂:၅၊ ၆) ဒါပေမဲ့ ရွေးဖိုးကို ယုံကြည်သက်ဝင်ပြီး နှစ်ခြင်းခံပြီးတာတောင် ကိုယ့်ကို ယေဟောဝါ နှစ်သက်မြတ်နိုးတယ်ဆိုတာ လက်ခံရ ခက်နေရင်ကော။ ကိုယ့်ခံစားချက်ကို အမြဲ ယုံလို့ မရကြောင်း၊ ယေဟောဝါကိုတော့ အမြဲ ယုံနိုင်ကြောင်း သတိရပါ။ ရွေးဖိုး ယုံကြည်သက်ဝင်သူတွေကို ဖြောင့်မတ်တယ်လို့ ယေဟောဝါ သတ်မှတ်တယ်။ ကောင်းချီးပေးမယ်လို့ ကတိပေးတယ်။—ဆာ. ၅:၁၂။ ရော. ၃:၂၆။ w24.03 ၃၀ ¶၁၅။ ၃၁ ¶၁၇

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ