-
ကျောင်းအတွက် ကျောင်းသားတာဝန်များကို ပြင်ဆင်ခြင်းသီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
-
-
ကျောင်းအတွက် ကျောင်းသားတာဝန်များကို ပြင်ဆင်ခြင်း
ကျောင်း၌ရသည့်တာဝန်တစ်ခုစီသည် တိုးတက်ရန် အခွင့်အလမ်းရစေသည်။ အသိစိတ်ရှိရှိဖြင့် ကြိုးစားအားထုတ်ပါက သင်၏တိုးတက်မှုသည် သင်နှင့် အခြားသူတို့ရှေ့တွင်ပါ တဖြည်းဖြည်းထင်ရှားလာမည်။ (၁ တိ. ၄:၁၅) ကျောင်းက သင့်စွမ်းရည်ကို ပို၍အပြည့်အဝဖွံ့ဖြိုးလာစေရန်လည်း ကူညီပေးမည်။
အသင်းတော်ရှေ့စကားပြောရမည့်အရေးကို တွေးပူထိတ်လန့်နေသလော။ သင်သည် ကျောင်းတွင် အချိန်အတန်ကြာ ပါဝင်လာခဲ့သည့်တိုင် ယင်းသို့ဖြစ်တတ်ခြင်းသည် ဓမ္မတာပင်။ သို့သော် အချို့သောအရာများက သင့်စိုးရိမ်ပူပန်မှုကို လျော့နည်းသွားအောင် ကူညီနိုင်ပါသည်။ အိမ်တွင် အသံကျယ်ကျယ်ဖြင့် မကြာခဏ စာဖတ်သည့်အကျင့်ပြုလုပ်ပါ။ အသင်းတော်အစည်းအဝေးများ၌ မကြာခဏ မှတ်ချက်ပေးပါ၊ သင်သည် ကြေညာသူတစ်ဦးဖြစ်လျှင် လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ပါ။ ယင်းသို့ပြုခြင်းက အခြားသူများရှေ့ စကားပြောဆိုရာတွင် အတွေ့အကြုံရစေပါလိမ့်မည်။ ထို့အပြင် သင့်ကျောင်းသားတာဝန်များကို ကောင်းစွာကြိုတင်ပြင်ဆင်ပြီး ယင်းတို့ကို အသံကျယ်ကျယ်ဖြင့် အဟောကျင့်ပါ။ သင်သည် ရင်းနှီးသောပရိသတ်ရှေ့တွင် ဟောပြောမည်ဖြစ်ကြောင်းကို သတိရပါ။ မည်သည့်ဟောပြောချက်မဆိုမပေးမီ ယေဟောဝါထံဆုတောင်းပါ။ မိမိထံတောင်းလျှောက်သူကျေးကျွန်များအား ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမြောက်စွာပေးသည်။—လု. ၁၁:၁၃; ဖိ. ၄:၆၊ ၇။
အတော်အသင့်သာ မျှော်လင့်ပါ။ ဟောပြောသူတစ်ယောက်အဖြစ်နှင့် ထိရောက်သောသွန်သင်သူတစ်ယောက်ဖြစ်လာရန် အတွေ့အကြုံရရှိဖို့ အချိန်လိုသည်။ (မိ. ၆:၈) သင်သည် ကျောင်း၌စာရင်းသွင်းခါစဖြစ်လျှင် ချက်ချင်း ချောချောမောမောတင်ဆက်နိုင်ဖို့ မမျှော်လင့်ပါနှင့်။ သို့အစား၊ တစ်ကြိမ်လျှင် စကားပြောသွန်သင်ချက်မှ အချက်တစ်ချက်ကို လုပ်ဆောင်ပါ။ ဤစာအုပ်တွင် ယင်းကိုဆွေးနွေးထားသည့် အပိုင်းကဏ္ဍကို လေ့လာပါ။ ဖြစ်နိုင်လျှင် ထိုတွင်အကြံပြုထားသည့် လေ့ကျင့်ခန်းကို ပြုလုပ်ပါ။ ယင်းက အသင်းတော်တွင် သင့်တာဝန်ကိုမကိုင်တွယ်မီ သွန်သင်ချက်နှင့်ဆက်နွှယ်နေသည့်ကိစ္စများတွင် သင့်အား အတွေ့အကြုံပေးမည်။ တိုးတက်မှုရရှိလာပါလိမ့်မည်။
ဖတ်ရှုခြင်းတာဝန်ကိုပြင်ဆင်ပုံ
လူထုရှေ့စာဖတ်ခြင်းအတွက် ပြင်ဆင်မှုတွင် တာဝန်ကျသည့်အကြောင်းအရာထဲရှိ စကားလုံးများကို ပြောပြနိုင်ရုံထက်မက များစွာပါဝင်ပါသည်။ အကြောင်းအရာက ဘာကိုဆိုလိုကြောင်း ရှင်းရှင်းနားလည်ရန် ကြိုးပမ်းအားထုတ်ပါ။ သင့်တာဝန်ကိုရလျှင်ရချင်း စိတ်တွင်ထိုရည်မှန်းချက်ဖြင့် ၎င်းတစ်ခုလုံးကိုဖတ်ပါ။ ဝါကျတစ်ခုစီ၏လိုရင်းအချက်နှင့် စာပိုဒ်တစ်ပိုဒ်စီတွင် အဆင့်ဆင့်ရှင်းလင်းထားသည့် အယူအဆတို့ကို နားလည်ရန်ကြိုးစားပါ၊ သို့မှသာ သဘောတရားများကို တိကျမှန်ကန်စွာနှင့် လျောက်ပတ်သောခံစားမှုဖြင့် ပြောနိုင်မည်ဖြစ်သည်။ ဖြစ်နိုင်သည့်အခါတိုင်း အကျွမ်းတဝင်မရှိသောစကားလုံးများ၏ အသံထွက်အမှန်အတွက် အဘိဓာန်တွင် စစ်ကြည့်ပါ။ အကြောင်းအရာကို ကောင်းစွာသိကျွမ်းအောင် ကြိုးစားပါ။ မိဘများသည် မိမိတို့သားသမီးများ ယင်းကိုပြုလုပ်ရန် ကူညီဖို့လိုပေမည်။
ကျမ်းစာ၏အပိုင်းတစ်ပိုင်း သို့မဟုတ် ကင်းမျှော်စင်မှ ဆောင်းပါးတစ်ပုဒ်၏စာပိုဒ်များ ဖြစ်ကောင်းဖြစ်မည့်အရာကိုဖတ်ရန် တာဝန်ပေးခံခဲ့ရဖူးသလော။ ထိုအကြောင်းအရာကက်ဆက်ခွေများကို သင့်ဘာသာစကားဖြင့်ရနိုင်ပါက ဖတ်ရှုခြင်းကို နားထောင်ခြင်း၊ အသံထွက်၊ စကားစုများဖတ်ရှုပုံ၊ လေးနက်မှုနှင့် အသံအပြောင်းအလဲကဲ့သို့သော အချက်များကို မှတ်သားခြင်းတို့သည် လွန်စွာအထောက်အကူဖြစ်နိုင်သည်။ ယင်းနောက် ထိုအရည်အချင်းများကို သင့်ကိုယ်ပိုင်ဖတ်ရှုမှုတွင် ထည့်သုံးသွားဖို့ကြိုးစားပါ။
သင့်တာဝန်ကို အစပြုလုပ်ဆောင်သည့်အခါ တာဝန်ပေးခံရသောစကားပြောအရည်အချင်းကို ဆွေးနွေးသည့်သင်ခန်းစာအား ဂရုတစိုက်လေ့လာဖို့ သေချာစေပါ။ ဖြစ်နိုင်မည်ဆိုလျှင် သင်တာဝန်ကျသည့်အကြောင်းအရာအား ကြိမ်ဖန်များစွာ အသံထွက်ဖတ်ရှုလေ့ကျင့်ပြီးနောက်မှ ယင်းကို ပြန်လည်သုံးသပ်ပါ။ ထိုရေးသားထားသည့်သွန်သင်ချက်ကို အတတ်နိုင်ဆုံး လုံးစေ့ပတ်စေ့လိုက်နိုင်အောင် ကြိုးပမ်းပါ။
ဤလေ့ကျင့်ပေးမှုသည် သင့်အား ဓမ္မအမှုတွင် ကောင်းစွာလုပ်ဆောင်နိုင်စေမည်။ သင်သည် လယ်ကွင်းလုပ်ငန်းတွင်ပါဝင်စဉ် အခြားသူများအားဖတ်ပြဖို့ အခွင့်အရေးများစွာ ရတတ်သည်။ ဘုရားသခင့်စကားတော်သည် လူတို့၏အသက်တာများကိုပြောင်းလဲနိုင်သည့် တန်ခိုးရှိခြင်းကြောင့် ယင်းကို သင်ကောင်းစွာဖတ်ပြရန် အရေးကြီးသည်။ (ဟေဗြဲ ၄:၁၂) တာဝန်တစ်ခုနှစ်ခုရပြီးသည်နှင့် ထိရောက်စွာဖတ်ရှုဖို့လိုသည့် ကဏ္ဍများအားလုံးကို ကျွမ်းကျင်လာမည်ဟု မမျှော်လင့်ပါနှင့်။ နှစ်များစွာအတွေ့အကြုံရှိခဲ့သူ ခရစ်ယာန်အကြီးအကဲတစ်ဦးထံ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “လူထုရှေ့စာဖတ်ခြင်းကို ဆက်၍ကြိုးစားအားထုတ်နေလော့။”—၁ တိ. ၄:၁၃၊ ကဘ။
ဆွေးနွေးမည့်အကြောင်းအရာနှင့် ဇာတ်အိမ်တို့ကို လုပ်ဆောင်ခြင်း
ကျောင်းတွင် ဇာတ်အိမ်တစ်ခုဖြင့်လုပ်ဆောင်ရသည့် တာဝန်တစ်ခုကို သင်ရရှိသည့်အခါ သင်မည်သို့ရှေ့ဆက်ဆောင်ရွက်သင့်သနည်း။
အဓိကအရာသုံးခုကို သုံးသပ်ဖို့လိုသည်– (၁) သင်တာဝန်ကျသည့်အကြောင်းအရာ၊ (၂) သင်၏ဇာတ်အိမ်နှင့် သင်စကားပြောဆိုမည့်ပုဂ္ဂိုလ်နှင့် (၃) သင်တာဝန်ရထားသည့်သွန်သင်ချက်။
သင်တာဝန်ကျသည့်အကြောင်းအရာ၏ အကြောင်းကို ရွေးချယ်စုဆောင်းဖို့လိုသည်။ သို့သော် ထိုအထိမပြုမီ သင့်ဇာတ်အိမ်ကိုသာမက သင်နှင့်ပြောဆိုမည့်သူကိုပါ အလေးအနက်စဉ်းစားပါ၊ ထိုအချက်များသည် သင်ဆွေးနွေးမည့်အကြောင်းအရာအမျိုးအစားနှင့် သင့်တင်ဆက်ဟောပြောပုံအပေါ် ဆက်နွှယ်နေမည်ဖြစ်သောကြောင့်တည်း။ မည်သည့်ဇာတ်အိမ်ကို သင်အသုံးပြုမည်နည်း။ သင်သိသူတစ်ယောက်ယောက်အား သတင်းကောင်းမည်သို့တင်ဆက်နိုင်ကြောင်းကို သရုပ်ပြမည်လော။ သို့မဟုတ် ဦးဆုံးအကြိမ် လူတစ်ယောက်နှင့်တွေ့ဆုံသည့်အခါ ဖြစ်နိုင်ဖွယ်ရာကို သင်ပြသမည်လော။ သင့်ထက်အသက်ပိုကြီးသူ သို့မဟုတ် အသက်ငယ်သူလော။ သင်ဆွေးနွေးဖို့စီစဉ်သည့် အကြောင်းအရာနှင့်စပ်လျဉ်းပြီး သူ့တွင်အဘယ်သဘောထားရှိနိုင်သနည်း။ ယင်းနှင့်ပတ်သက်၍ သူမည်မျှသိထားနှင့်ပုံရသနည်း။ သင့်ဆွေးနွေးခန်းရလဒ်အနေဖြင့် အဘယ်ရည်မှန်းချက်အထမြောက်စေရန် သင်မျှော်လင့်သနည်း။ ထိုမေးခွန်းများအတွက်အဖြေများက လုပ်ဆောင်ရမည့် အရေးကြီးသောလမ်းညွှန်ချက်များကို ပေးပါမည်။
တာဝန်ပေးခံရသည့်အကြောင်းအရာပါ အကြောင်းကို အဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ ဤစာအုပ်၏ စာမျက်နှာ ၃၃ မှ ၃၈ တွင် “သုတေသနပြုလုပ်ပုံ” ဆွေးနွေးခန်းပါရှိသည်။ ၎င်းကိုဖတ်ရှုပြီးနောက် သင်ရရှိနိုင်သည့် သုတေသနကိရိယာများကို အသုံးပြုပါ။ ကိစ္စရပ်အများစုတွင် သင်အသုံးပြုနိုင်သည်ထက်ပိုသော အကြောင်းကို လျင်မြန်စွာရှာတွေ့ပေမည်။ အသုံးချနိုင်သည့်အရာကို သတိပြုမိလာသည်အထိ လုံလုံလောက်လောက်ဖတ်ရှုပါ။ သို့သော် ထိုသို့ပြုစဉ် သင့်တင်ဆက်မှုအတွက် အသုံးပြုမည့်ဇာတ်အိမ်အပြင် သင်နှင့်ပြောဆိုမည့်သူကိုပါ ခေါင်းထဲထည့်ထားပါ။ အသုံးပြုရန်သင့်လျော်သည့်အချက်များကို မှတ်သားထားပါ။
သင့်တင်ဆက်မှုကိုဖွဲ့စည်းပြီး အသေးစိတ်အချက်အလက်များကို နောက်ဆုံး ရွေးချယ်ခြင်းမပြုမီ သင်တာဝန်ရထားသည့် သွန်သင်ချက်ဆွေးနွေးခန်းကို ဖတ်ရှုဖို့အချိန်ယူပါ။ ထိုသွန်သင်ချက်ကိုကျင့်သုံးခြင်းသည် သင့်ကိုတာဝန်ပေးခြင်းအတွက် အဓိကအကြောင်းရင်းများမှ တစ်ခုဖြစ်သည်။
ရသည့်အချိန်စေ့သောအခါ အချက်ပေးမည်ဖြစ်သောကြောင့် ပေးထားသည့်အချိန်အတွင်း အကြောင်းအရာကိုငုံမိစေခြင်းအားဖြင့် သင်၏နိဂုံးချုပ်ကိုပေးရသည့် ကျေနပ်မှုကို သင်ရရှိလိမ့်မည်။ သို့သော် ကျွန်ုပ်တို့၏လယ်ကွင်းဓမ္မအမှုတွင် အချိန်သည်အဓိကအချက် အမြဲတမ်းမဟုတ်ချေ။ ထို့ကြောင့် သင်ပြင်ဆင်သည့်အခါ ရနိုင်သည့်အချိန်ပမာဏကို ထည့်တွက်ပါ၊ သို့သော် ထိရောက်သည့်သွန်သင်မှုအပေါ် အလေးထားပါ။
ဇာတ်အိမ်များနှင့်စပ်လျဉ်း၍ အမှာစကား။ စာမျက်နှာ ၈၂ ရှိအကြံပြုချက်များကို ဆန်းစစ်ပြီး သင့်ဓမ္မအမှုတွင်လက်တွေ့ကျမည့်၊ တာဝန်ကျသည့်အကြောင်းအရာကို ယုတ္တိရှိရှိ အသုံးပြု၍ရနိုင်မည့်အရာတစ်ခုကို ရွေးချယ်ပါ။ အကယ်၍ သင်သည် ကျောင်းတွင်ပါဝင်လာသည်မှာ အချိန်အတန်ကြာပြီဆိုလျှင် ယင်းကို သင့်ဓမ္မအမှုအတွက်တက်လှမ်းစရာနှင့် ထပ်ဆင့်အရည်အသွေးတိုးတက်စရာ အခွင့်အလမ်းအဖြစ် ရှုမြင်ပါ။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူးက ဇာတ်အိမ်ပေးထားလျှင် စိန်ခေါ်ချက်ကိုလက်ခံပါ။ ဇာတ်အိမ်အများစုသည် သက်သေခံခြင်းနှင့်ပတ်သက်သည်။ ဖော်ပြပါအခြေအနေများအောက်တွင် သင်တစ်ခါမျှသက်သေမခံခဲ့ဖူးပါက အတွေ့အကြုံရှိကြေညာသူများနှင့်ဆွေးနွေးကာ အကြံဉာဏ်များရယူပါ။ ဖြစ်နိုင်မည်ဆိုလျှင် သင်၏တာဝန်ကျအကြောင်းအရာကို ကျောင်းတွင် သင်အသုံးပြုမည့်ဇာတ်အိမ်မျိုးဖြင့် ဆွေးနွေးကြည့်ရန်ကြိုးစားပါ။ ယင်းသို့ပြုခြင်းက သင့်လေ့ကျင့်မှု၏ အရေးကြီးသောရည်မှန်းချက်ကို အထမြောက်စေရန် သင့်အား ကူညီပေးမည်။
ဟောပြောချက်တစ်ခုပုံစံဖြင့် တင်ဆက်ရမည့်အခါ
သင်သည်အမျိုးသားဖြစ်လျှင် အသင်းတော်၌ တိုတုတ်သောဟောပြောချက်တစ်ခုတင်ဆက်ရန် တာဝန်ပေးခံရနိုင်သည်။ ယင်းဟောပြောချက်များကို ပြင်ဆင်ရာတွင် ဆင်ခြင်သုံးသပ်ဖို့လိုသည့် အခြေခံအချက်များသည် ဖော်ပြထားပြီးဖြစ်သော သရုပ်ပြခန်းပုံစံ ကျောင်းသားတာဝန်များပါအချက်များနှင့် အတူတူပင်ဖြစ်သည်။ အဓိကကွဲပြားခြားနားချက်များမှာ ပရိသတ်နှင့် တင်ဆက်သည့်နည်းတို့ဖြစ်သည်။
ပရိသတ်ရှိယောက်စီတိုင်း ယင်းမှအကျိုးရရှိစေရန် မိမိ၏အကြောင်းအရာကို ပြင်ဆင်လိုခြင်းမှာ သဘာဝဆန္ဒဖြစ်သည်။ တက်ရောက်လာသူအများစုသည် အခြေခံကျမ်းစာအမှန်တရားများကို သိနှင့်ထားကြသည်။ သင်ဟောပြောဖို့တာဝန်ကျသည့်အကြောင်းနှင့် သူတို့ကောင်းစွာရင်းနှီးနေပေမည်။ သင့်အကြောင်းအရာနှင့်ပတ်သက်၍ သူတို့အဘယ်အရာသိထားနှင့်ကြောင်းကို ထည့်တွက်စဉ်းစားပါ။ သင့်တင်ဆက်မှုမှ တစ်နည်းနည်းဖြင့် သူတို့အကျိုးရသွားစေရန် ကြိုးပမ်းအားထုတ်ပါ။ သင့်ကိုယ်သင်ဤသို့မေးစမ်းကြည့်ပါ– ‘ယေဟောဝါကို ပုဂ္ဂိုလ်တစ်ဦးအဖြစ် မိမိကိုယ်တိုင်နဲ့ ပရိသတ်တို့ရဲ့လေးမြတ်မှုကို သာ၍နက်ရှိုင်းအောင် မိမိရဲ့အကြောင်းအရာကို ဘယ်လိုအသုံးပြုနိုင်မလဲ။ အကြောင်းအရာတွေထဲမှာ ဘုရားသခင့်အလိုတော်ကို ပိုင်းခြားသိမြင်ဖို့ ကျွန်ုပ်တို့အားကူညီမည့် အဘယ်အရာပါရှိသလဲ။ ဇာတိလိုအင်များဖြင့်လွှမ်းမိုးနေတဲ့ လောကအလယ်မှာ ယုံကြည်အားထားရတဲ့ ဆုံးဖြတ်ချက်များချဖို့ ဒီအကြောင်းအရာက ကျွန်ုပ်တို့ကိုဘယ်လိုကူညီနိုင်မလဲ။’ (ဧ. ၂:၃) ထိုမေးခွန်းများ၏ ကျေနပ်ဖွယ်အဖြေများရရန် သုတေသနပြုဖို့လိုအပ်သည်။ သမ္မာကျမ်းစာကိုအသုံးပြုနေချိန်တွင် ကျမ်းပိုဒ်များဖတ်ရုံမျှထက်မက ပိုပြုလုပ်ရန် ကြိုးပမ်းအားထုတ်ပါ။ သင်အသုံးပြုသည့်ကျမ်းစာအပေါ် ကျိုးကြောင်းဆင်ခြင်ပြီး ကောက်ချက်များဆွဲထုတ်ရန်အတွက် အခြေခံအကြောင်းရင်းကို ယင်းတို့က မည်သို့ပေးကြောင်း ပြသပါ။ (တ. ၁၇:၂၊ ၃) အကြောင်းအရာမများစေပါနှင့်။ မှတ်မိလွယ်စေမည့်နည်းဖြင့် သင့်အကြောင်းအရာကိုတင်ဆက်ပါ။
ပြင်ဆင်ခြင်းတွင် သင့်ဟောပြောပုံကိုဂရုစိုက်ခြင်းလည်း ပါဝင်သင့်သည်။ ယင်းကို ပေါ့ပေါ့သဘောမထားပါနှင့်။ သင့်ဟောပြောချက်ကို ကောင်းကောင်းကြားနိုင်လောက်အောင်ပေးရန် လေ့ကျင့်ပါ။ အမျိုးမျိုးသော စကားပြောအရည်အချင်းများဆိုင်ရာ သွန်သင်ချက်ကို လေ့လာကာအသုံးချရန် သင့်ကြိုးပမ်းအားထုတ်မှုသည် သင်၏တိုးတက်မှုကို များစွာထောက်ကူမည်။ သင်သည် ဟောပြောခါစတစ်ဦးဖြစ်စေ သို့မဟုတ် အတွေ့အကြုံရှိပြီးသူဖြစ်စေ မိမိအကြောင်းအရာနှင့်သင့်လျော်သည့် ယုံကြည်စိတ်ချမှု၊ ခံစားမှုတို့ဖြင့် ဟောပြောနိုင်ရန် ကောင်းကောင်းပြင်ဆင်ပါ။ ကျောင်း၌တာဝန်တစ်ခုစီကို သင်လုပ်ဆောင်စဉ် ဘုရားပေးလက်ဆောင်ဖြစ်သည့် စကားပြောစွမ်းရည်ကိုအသုံးပြုခြင်းမှာ ယေဟောဝါအားဂုဏ်တင်ရန်ဟူသည့် ရည်မှန်းချက်ကို စိတ်တွင်စွဲမှတ်ထားပါလေ။—ဆာ. ၁၅၀:၆။
-
-
အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်းသီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
-
-
အသင်းတော်အတွက် ဟောပြောချက်များ ပြင်ဆင်ခြင်း
အသင်းတော်တစ်ခုလုံးအကျိုးရရန် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်ကို ပြင်ဆင်ပေးထားသည်။ အခြားသောအသင်းတော်အစည်းအဝေးများအပြင် စည်းဝေးပွဲများနှင့် စည်းဝေးကြီးများ၌ အဖိုးမဖြတ်နိုင်သော သတင်းအချက်အလက်ကိုလည်း တင်ဆက်ပေးသည်။ ယင်းအစီအစဉ်များတွင် ကဏ္ဍတစ်ခုကို တာဝန်ပေးခံရပါက သင်သည် ကြီးလေးသောတာဝန်တစ်ခု ပေးအပ်ခံရခြင်းဖြစ်သည်။ ခရစ်ယာန်ကြီးကြပ်မှူးတိမောသေအား မိမိ၏သွန်သင်ခြင်း၌အမြဲသတိပြုနေရန် တမန်တော်ပေါလုတိုက်တွန်းခဲ့သည်။ (၁ တိ. ၄:၁၆) ခရစ်ယာန်အစည်းအဝေးများ၌ တက်ရောက်လာသူတို့သည် တန်ဖိုးရှိအချိန်ကို သီးသန့်ဖယ်ထားကြပြီး—အချို့မူ များစွာကြိုးပမ်းအားထုတ်ခဲ့ကြရပြီး ဘုရားသခင်နှင့် သူတို့ဆက်ဆံရေးနှင့်သက်ဆိုင်သော ကိစ္စရပ်များအတွက် ညွှန်ကြားမှုခံယူရန် တက်ရောက်လာကြခြင်းဖြစ်သည်။ ထိုကဲ့သို့သွန်သင်ချက်ပေးရခြင်းက အမှန်ပင် ခမ်းနားသောအခွင့်ထူးတစ်ခု ဖြစ်ပေသည်! ယင်းကို သင် မည်သို့သင့်လျော်စွာ ကိုင်တွယ်နိုင်မည်နည်း။
ကျမ်းစာဖတ်ရှုခြင်းမှ ပေါ်လွင်ချက်များ
ကျောင်း၏ ဤကဏ္ဍကို အပတ်အတွက် သတ်မှတ်ပေးထားသည့် ကျမ်းစာဖတ်ရှုခြင်းအပေါ် အခြေခံသည်။ အကြောင်းအရာက ယနေ့ကျွန်ုပ်တို့အား မည်သို့အကျိုးသက်ရောက်စေပုံကို အလေးပေးတင်ပြသင့်သည်။ နေဟမိ ၈:၈ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဧဇရနှင့် သူ၏အပေါင်းအဖော်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ လူထုရှေ့ဖတ်ရွတ်ခြင်း၊ ရှင်းပြခြင်း၊ ‘အနက်ကိုပြန်ခြင်း’ နှင့် နားလည်စေခြင်းငှာပြုခဲ့ကြသည်။ ကျမ်းစာပေါ်လွင်ချက်များကို သင်ကိုင်တွယ်ခြင်းတွင် ထိုသို့ပြုလုပ်ရန်အခွင့်အလမ်းရစေသည်။
ထိုသို့သောတာဝန်ကို သင်မည်သို့ပြင်ဆင်သင့်သနည်း။ ဖြစ်နိုင်လျှင် တာဝန်ရထားသည့်ကျမ်းစာအပိုင်းကို တစ်ပတ်၊ တစ်ပတ်ထက်မက ကြိုတင်ဖတ်ရှုပါ။ ထို့နောက် အသင်းတော်နှင့် ယင်း၏လိုအပ်ရာများကို စဉ်းစားကြည့်ပါ။ ၎င်းအတွက်ဆုတောင်းပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဤအပိုင်း၌ အဘယ်သွန်သင်ချက်၊ အဘယ်ဥပမာများ၊ အဘယ်မူများက ထိုလိုအပ်ရာများနှင့်အကိုက်ဖြစ်သနည်း။
သုတေသနပြုမှုသည် မရှိမဖြစ်လိုအပ်သည်။ စီဒီရွမ်ကင်းမျှော်စင်စာကြည့်တိုက် သို့မဟုတ် ကင်းမျှော်စင်စာပေများအညွှန်းတို့ကို သင့်ဘာသာစကားဖြင့် ရနိုင်သလော။ ရနိုင်ပါက၊ ၎င်းတို့ကို ကောင်းစွာအသုံးချပါလေ။ အဓိကအာရုံစိုက်ရန် သင်ရွေးချယ်ထားသည့် အခန်းငယ်များဆိုင်ရာ ရှင်းပြထုတ်ဝေထားပြီးခဲ့ရာကို သုတေသနပြုခြင်းအားဖြင့် ဉာဏ်အလင်းပေးသည့် အကြောင်းအရာနောက်ခံ၊ ပရောဖက်ပြုချက်များပြည့်စုံမှု၏ရှင်းလင်းချက်များ၊ ယေဟောဝါအကြောင်း အဘယ်ကျမ်းပိုဒ်များက ဖော်ပြသည်ကို ဆန်းစစ်တင်ပြထားမှုများ သို့မဟုတ် အခြေခံမူဆွေးနွေးချက်များကို သင်တွေ့ရှိပေမည်။ အချက်အလက်များများထည့်ဖို့ မကြိုးစားပါနှင့်။ ရွေးချယ်ထားသည့်အခန်းငယ် အနည်းငယ်ပေါ်တွင်သာ အာရုံစူးစိုက်ပါ။ အခန်းငယ်အနည်းငယ်ကို ခြုံငုံမိစေပြီး ကောင်းစွာရှင်းလင်းတင်ဆက်ခြင်းသည် သာ၍ကောင်းသည်။
သင့်တာဝန်သည် ပရိသတ်အား ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းမှ သူတို့ မည်သို့အကျိုးရရှိခဲ့ကြောင်း မှတ်ချက်ပေးရန် ဖိတ်ခေါ်ဖို့လည်းလိုပေမည်။ မိမိတို့ကိုယ်ပိုင်နှင့်မိသားစုလေ့လာမှု သို့မဟုတ် မိမိတို့ဓမ္မအမှု သို့မဟုတ် မိမိတို့အသက်လမ်းတွင် အကျိုးရစေမည့်အဘယ်အရာကို သူတို့တွေ့ရှိခဲ့ကြသနည်း။ လူများ၊ နိုင်ငံများနှင့် ကိုယ်တော်ဆက်ဆံမှုများတွင် ယေဟောဝါ၏အဘယ်အရည်အသွေးများ ပေါ်လွင်ထင်ရှားခဲ့သနည်း။ သူတို့၏ယုံကြည်ခြင်းကိုခိုင်ခံ့စေပြီး ယေဟောဝါအား တန်ဖိုးထားလေးမြတ်မှု တည်ဆောက်ပေးသည့်အဘယ်အရာကို ပရိသတ် သိရှိခဲ့ကြသနည်း။ အသေးစိတ်ကျကာ ရှုပ်ထွေးသည့်အချက်များဖြင့် အချိန်ကုန်ခံမနေပါနှင့်။ အဓိပ္ပာယ်နှင့် ရွေးချယ်ထားသည့် အချက်များ၏ လက်တွေ့ကျသောတန်ဖိုးကို အလေးပေးပါ။
သွန်သင်ခြင်းဟောပြောချက်
၎င်းသည် ကင်းမျှော်စင် သို့မဟုတ် နိုးလော့!ရှိဆောင်းပါးတစ်ပုဒ် သို့မဟုတ် စာအုပ်တစ်အုပ်၏အပိုင်းတစ်ပိုင်း အစရှိသည့် ထုတ်ဝေထားသည့်အကြောင်းအရာပေါ် အခြေပြုပေမည်။ များသောအားဖြင့် သတ်မှတ်ထားသောအချိန်အတွက် အကြောင်းအရာ လိုသည်ထက်ပိုရှိပါသည်။ ထိုတာဝန်ကို သင်မည်သို့ကိုင်တွယ်သင့်သနည်း။ သွန်သင်သူတစ်ယောက်အနေဖြင့် အကြောင်းအရာကို ငုံမိရုံသာပြုသောသူကဲ့သို့ မဖြစ်ရပါ။ ကြီးကြပ်မှူးတစ်ဦးသည် “ဆုံးမသြဝါဒပေးတတ်သူ” ဖြစ်ရမည်။—၁ တိ. ၃:၂။
သင်၏ပြင်ဆင်မှုကို တာဝန်ကျအကြောင်းအရာလေ့လာခြင်းဖြင့် စတင်ပါ။ ကျမ်းချက်များကို ဖွင့်ဖတ်ပါ။ တွေးတောဆင်ခြင်ပါ။ ဟောပြောသည့်ရက်မတိုင်ခင် ကြိုတင်၍ ကောင်းစွာပြုလုပ်ရန် ကြိုးပမ်းပါ။ ဟောပြောချက်ကိုအခြေပြုထားသော ထုတ်ဝေပြီးအကြောင်းအရာကို ကြိုတင်ဖတ်ရှုဖို့ ညီအစ်ကိုများ အားပေးခံထားရကြောင်း စိတ်တွင်စွဲမှတ်ထားပါ။ သင့်တာဝန်သည် ယင်းကိုပြန်လည်သုံးသပ်ရုံ သို့မဟုတ် အကျဉ်းချုပ်တင်ပြရုံသက်သက်မဟုတ်ဘဲ ယင်းကို မည်သို့ကျင့်သုံးရမည်ကို ပြသရန်ဖြစ်သည်။ အသင်းတော်ကို အမှန်ပင်အကျိုးရစေမည့်နည်းဖြင့် အကြောင်းအရာ၏ သင့်လျော်သောအစိတ်အပိုင်းများကို အသုံးပြုပါ။
ကလေးတိုင်းတွင် မိမိတို့ကိုယ်ပိုင်အရည်အသွေးရှိကြသကဲ့သို့ပင် အသင်းတော်တစ်ခုစီတွင်လည်း ထူးခြားသည့်စရိုက်ရှိကြသည်။ ထိရောက်စွာသွန်သင်သည့်မိဘတစ်ဦးသည် မိမိကလေးကို ကျင့်ဝတ်စည်းမျဉ်းများအား အလွတ်ရွတ်ပြရုံသာပြုမည်မဟုတ်ပါ။ သူသည် ကလေးနှင့်အတူ ကျိုးကြောင်းဆင်ခြင်သည်။ သူသည် ကလေး၏အရည်အသွေးနှင့် ကလေးရုန်းကန်နေရသော အခက်အခဲများကို ထည့်တွက်စဉ်းစားသည်။ ထိုနည်းထပ်တူပင် အသင်းတော်ရှိသွန်သင်သူများသည် မိမိတို့ ဟောပြောနေသည့်အုပ်စု၏လိုအပ်ရာများကို နားလည်ကာဖြေရှင်းပေးဖို့ ကြိုးပမ်းအားထုတ်ကြသည်။ သို့သော် ပိုင်းခြားသိမြင်မှုရှိသောသွန်သင်သူတစ်ဦးသည် ပရိသတ်ရှိတစ်စုံတစ်ယောက်အား အရှက်ရစေနိုင်သည့်ဥပမာများအသုံးပြုခြင်းကို ရှောင်ကြဉ်မည်။ သူသည် ယေဟောဝါ၏နည်းလမ်းတော်တွင် လျှောက်လှမ်းခြင်း၏ရလဒ်တစ်ခုအနေနှင့် ခံစားနေရသည့် အကျိုးကျေးဇူးများကို ထောက်ပြမည်ဖြစ်ပြီး သူတို့ရင်ဆိုင်ရသောပြဿနာများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းရန် အသင်းတော်အားကူညီမည့် ကျမ်းစာမှသွန်သင်ချက်ကို ပေါ်လွင်စေမည်ဖြစ်သည်။
ကောင်းသောသွန်သင်ခြင်းသည် ပရိသတ်ထဲရှိသူတို့၏နှလုံးကို ထိမိသည်။ ယင်းသည် အချက်အလက်များကိုဖော်ပြရုံမျှသာမက ၎င်းတို့ကိုယ်စားပြုရာအပေါ် တန်ဖိုးထားလေးမြတ်မှုကို တည်ဆောက်ပေးရန်လည်း လိုအပ်ပါသည်။ ယင်းက သွန်သင်မှုခံနေရသူများအတွက် စစ်မှန်သောစိုးရိမ်ကြောင့်ကြပေးမှု လိုအပ်စေသည်။ ဝိညာဉ်ရေးရာသိုးထိန်းများသည် သိုးစုကိုသိသင့်သည်။ သူတို့သည် အသီးသီးရင်ဆိုင်နေရသည့် ပြဿနာများကို မေတ္တာပါစွာ စိတ်တွင်စွဲမှတ်ပါက နားလည်မှု၊ သနားကြင်နာမှုနှင့် စာနာမှုပြသလျက် အားတက်သရောဟောပြောနိုင်ပေမည်။
ထိရောက်သောသွန်သင်သူများ သိကြသည့်အတိုင်း ဟောပြောချက်တစ်ခုတွင် အတိအကျသတ်မှတ်ထားသည့် ရည်မှန်းချက်တစ်ခုရှိထားရမည်။ သော့ချက်များသည်ပေါ်လွင်ကာ မှတ်မိစေမည့်နည်းဖြင့် အကြောင်းအရာကို တင်ဆက်သင့်သည်။ ပရိသတ်သည် မိမိတို့အသက်တာအား အကျိုးသက်ရောက်စေမည့် လက်တွေ့ကျသော သဘောတရားများကို မှတ်မိနိုင်စေသင့်သည်။
လုပ်ငန်းတော်အစည်းအဝေး
သင်သည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ဆောင်းပါးတစ်ပုဒ်ကိုအခြေပြုထားသည့် ဟောပြောချက်တစ်ခုပေးသောအခါ စိန်ခေါ်ချက်သည် တစ်မူကွဲပြားပေမည်။ ဤတွင် သင်သည် အသင့်လျော်ဆုံးအရာကို ရွေးချယ်ရန်မဟုတ်ဘဲ ပေးထားသည့်အကြောင်းအရာကို ပရိသတ်ထံ ပြည့်ပြည့်ဝဝတင်ပြရန် တောင်းဆိုခံရလေ့ရှိသည်ကို တွေ့ရမည်။ ပေးသည့်မည်သည့်သွန်သင်ချက်မဆိုအတွက် အခြေခံဖြစ်သောကျမ်းစာအပေါ် ကျိုးကြောင်းဆင်ခြင်ရန် ပရိသတ်ကိုကူညီပေးပါ။ (တိ. ၁:၉) အချိန်ကန့်သတ်ထားရာ များသောအားဖြင့် ထပ်ဆင့်အကြောင်းအရာကို ထည့်ပြောချိန်မရှိချေ။
တစ်ဖက်တွင်မူ သင်သည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် ဆောင်းပါးမပါသည့် အကြောင်းအရာကိုတင်ဆက်ရန် တာဝန်ပေးခံရပေမည်။ ကင်းမျှော်စင် ဆောင်းပါးတစ်ခုကို ညွှန်းပေးထားပေမည် သို့မဟုတ် တာဝန်တွင် တိုတုတ်သောမှတ်စုအနည်းငယ်ပါဝင်ပေမည်။ သွန်သင်သူတစ်ယောက်အနေဖြင့် တာဝန်ကျအကြောင်းအရာနှင့်ဆက်နွှယ်လျက်ရှိသော အသင်းတော်လိုအပ်ရာများကိုသုံးသပ်ရန်မှာ သင့်တာဝန်ဖြစ်သည်။ တိုတုတ်၍လိုရင်းရောက်သည့် ပုံဥပမာတစ်ခုကို အသုံးပြုရန် သို့မဟုတ် သင့်လျော်သော တွေ့ကြုံမှုတစ်ခုကိုပြောပြပေးဖို့ လိုပေမည်။ သင့်တာဝန်သည် ထိုအကြောင်းကို ဟောပြောရန်သာမကဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ပြဋ္ဌာန်းထားသည့်အလုပ်ကို ပြီးမြောက်စေရန်နှင့် ယင်းကိုလုပ်ဆောင်ခြင်း၌ ရွှင်လန်းမှုရရန် အသင်းတော်အား အကူအညီပေးသည့်နည်းဖြင့် ၎င်းကိုကိုင်တွယ်ရန်ဖြစ်ကြောင်း သတိရပါ။—တ. ၂၀:၂၀၊ ၂၁။
သင့်တာဝန်ကိုပြင်ဆင်စဉ် အသင်းတော်သားများ၏အခြေအနေများလည်း ထည့်စဉ်းစားပါ။ သူတို့လုပ်ဆောင်နေပြီးဖြစ်ရာအတွက် သူတို့အားချီးမွမ်းပါ။ တာဝန်ကျအကြောင်းအရာတွင်ပေးထားသည့် အကြံပြုချက်များကို သူတို့ကျင့်သုံးခြင်းက ဓမ္မအမှုတွင် သူတို့၏ထိရောက်မှုနှင့် ရွှင်လန်းမှုကို မည်သို့တိုးပွားစေနိုင်မည်နည်း။
သင့်တာဝန်တွင် သရုပ်ပြတစ်ခု သို့မဟုတ် လူတွေ့မေးမြန်းခန်းတစ်ခု လိုအပ်သလော။ ထိုသို့ဆိုလျှင် ၎င်းကိုကောင်းစွာ ကြိုတင်စီစဉ်သင့်သည်။ ယင်းအတွက် စီစဉ်ဆောင်ရွက်ပေးရန် တစ်စုံတစ်ယောက်ကို လွယ်လွယ်နှင့်တောင်းဆိုလိုက်လိုစိတ် ပေါ်နိုင်ပေသည်၊ သို့သော် ယင်းသို့ပြုခြင်းက အကောင်းဆုံးရလဒ်များကို အမြဲမပေါ်ထွက်စေပါ။ အတတ်နိုင်ဆုံး သရုပ်ပြ သို့မဟုတ် လူတွေ့မေးမြန်းခန်းကို စည်းဝေးရက်မတိုင်မီ အစမ်းလေ့ကျင့်ပါ။ ဤသင့်အပိုင်းကဏ္ဍအား ပေးထားသည့်ညွှန်ကြားချက်ကို အမှန်အားဖြည့်ပေးသည့်နည်းဖြင့် ကိုင်တွယ်ကြောင်းသေချာစေပါ။
-