ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • re အခန်း ၅ စာ. ၂၂-၂၇
  • ဘုန်းပွင့်သောယေရှုကို ယောဟန်မြင်ရခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုန်းပွင့်သောယေရှုကို ယောဟန်မြင်ရခြင်း
  • ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သခင့်နေ့တော်ထဲ
  • မြင့်မြတ်သော လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • အသင်းတော်တို့အား ဝိညာဉ်တော် ဆင့်ဆိုရာကို ကြားနာပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • အားပေးမှုနှင့်တကွ ယေရှုကြွလာခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • အသင်းတော်များကို ခရစ်တော် မိန့်ဆို၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
re အခန်း ၅ စာ. ၂၂-၂၇

အခန်း ၅

ဘုန်းပွင့်သောယေရှုကို ယောဟန်မြင်ရခြင်း

ရူပါရုံ ၁ ဗျာဒိတ် ၁:၁၀–၃:၂၂

အကြောင်းအရာ– ကမ္ဘာပေါ်ရှိ ဝိညာဏဣသရေလကို ယေရှုကြွရောက်စစ်ဆေး၍ လှိုက်လှိုက်လှဲလှဲ အားပေးခြင်း

ပြည့်စုံချိန်– သခင့်နေ့တော်၏ ဤကဏ္ဍသည် ၁၉၁၄ ခုမှအစပြုပြီး နောက်ဆုံးသောသစ္စာရှိဘိသိက်ခံ သေ၍ ထမြောက်သည့်အချိန်အထိဖြစ်သည်

၁။ ပထမရူပါရုံကို မည်သို့တင်ပြသနည်း။ ၎င်း၏သက်ဆိုင်ချိန်ကို ယောဟန် မည်သို့အရိပ်အမြွက်ပြသနည်း။

ဗျာဒိတ်ကျမ်းမှ ပထမရူပါရုံသည် အခန်းကြီး ၁၊ အခန်းငယ် ၁၀ မှစသည်။ ၎င်းသည် ဗျာဒိတ်ကျမ်းရှိ အခြားရူပါရုံများနည်းတူ ထူးခြားသောအရာတစ်ခုကို ယောဟန်ကြားရသည် သို့မဟုတ် မြင်ရသည် ဟူသောကြေညာချက်ဖြင့် နိဒါန်းပျိုး၏။ (ဗျာဒိတ် ၁:၁၀၊ ၁၂; ၄:၁; ၆:၁) ပထမရူပါရုံကို ပထမရာစု၏ ဘောင်အတွင်း တင်ပြထားသည်။ ထိုဘောင်အတွင်း ယောဟန်နှင့် ခေတ်ပြိုင်ဖြစ်သော အသင်းတော်ခုနစ်ပါးထံ သတင်းများကို ပေးပို့လိုက်သည်။ သို့သော် ယောဟန်က “မှုတ်သွင်းတော်မူခြင်းဖြင့် ငါသည် သခင့်နေ့တော်ထဲသို့ ရောက်သွား၏” ဟု ဆိုစဉ် ၎င်းရူပါရုံ တကယ်သက်ဆိုင်သည့် အချိန်ကိုပြသည်။ (ဗျာဒိတ် ၁:၁၀က) ထို “နေ့တော်” ကား အဘယ်အချိန်နည်း။ ကသောင်းကနင်းနိုင်သော ယခုခေတ်အဖြစ်အပျက်များသည် ၎င်းနှင့်ဆက်စပ်မှုရှိသလော။ ရှိလျှင် ဤပရောဖက်ပြုချက်ကို ကျွန်ုပ်တို့အထူးဂရုပြုသင့်၏။ ကျွန်ုပ်တို့၏အသက်တာနှင့် ဆိုင်ရုံမက—ကျွန်ုပ်တို့၏ သေရေးရှင်ရေးပင်ဖြစ်သည်။—၁ သက်သာလောနိတ် ၅:၂၀၊ ၂၁။

သခင့်နေ့တော်ထဲ

၂။ သခင့်နေ့တော် အဘယ်အချိန်စတင်၍ အဘယ်အချိန်၌ ကုန်ဆုံးသနည်း။

၂ ၎င်းသည် ဗျာဒိတ်ကျမ်း ပြည့်စုံချက်ကို အဘယ်အချိန်ဘောင်အတွင်း၌ ထည့်သွင်းသနည်း။ စဉ်းစားကြည့်လေ။ သခင့်နေ့တော်ကား အဘယ်နည်း။ တမန်တော်ပေါလုက ၎င်းကို တရားစီရင်ရာ၊ ကတိတော်များပြည့်စုံရာ အချိန်အဖြစ် ညွှန်းဆိုသည်။ (၁ ကောရိန္သု ၁:၈; ၂ ကောရိန္သု ၁:၁၄; ဖိလိပ္ပိ ၁:၆၊ ၁၀; ၂:၁၆) ထို “နေ့တော်” ရောက်လာသည်နှင့် ယေဟောဝါ၏ မြင့်မြတ်သောရည်ရွယ်ချက်များသည် အထွတ်အထိပ်သို့ တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာတက်လှမ်းလေသည်။ ထို “နေ့တော်” သည် ယေရှု ကောင်းကင်ဘုရင်အဖြစ် သရဖူဆောင်းသည့်အချိန်မှ အစပြုသည်။ စာတန့်လောကကို ယေရှု စီရင်သည့်နောက်မှာပင် သခင့်နေ့တော် မကုန်ဆုံးသေး။ ပရဒိသုပြန်လည်ထူထောင်ခြင်း၊ လူသားတို့ကို စုံလင်ခြင်းသို့ ပို့ခြင်းနှင့်အတူ စခန်းဆက်ဦးမည်။ နောက်ဆုံး၌ “မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ [ယေရှု] အပ်ပြန်တော်မူ” သည့်အချိန်အထိဖြစ်သည်။—၁ ကောရိန္သု ၁၅:၂၄-၂၆; ဗျာဒိတ် ၆:၁၊ ၂။

၃။ (က) “ခုနစ်ကာလ” ဆိုင်ရာ ဒံယေလပရောဖက်ပြုချက်က သခင့်နေ့တော် စတင်ချိန်ကိုသိနိုင်အောင် မည်သို့ထောက်ကူသနည်း။ (ခ) သခင့်နေ့တော် ၁၉၁၄ ခုတွင်စတင်ကြောင်း အဘယ်ကမ္ဘာ့အခြင်းအရာများက ထောက်ခံသနည်း။

၃ အခြားကျမ်းစာပရောဖက်ပြုချက်များ၏ ပြည့်စုံမှုက သခင့်နေ့တော် အစပြုချိန်ကို သိမြင်နိုင်ရန် ထောက်ကူ၏။ ဥပမာ၊ ဒံယေလက ဒါဝိဒ်မင်းဆက်အုပ်ချုပ်မှု ဖြတ်တောက်ခံရခြင်းကို ဖော်ပြသည်။ “ခုနစ်ကာလ” လွန်သည့်နောက် “အမြင့်ဆုံးအရှင်သည် လူသားတို့နိုင်ငံ၌ အုပ်စိုးရှင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ပေးလိုသူအား ပေးတော်မူကြောင်း” လူတို့သိရကြလိမ့်မည်။ (ဒံယေလ ၄:၂၃၊ ၂၄၊ ၃၁၊ ၃၂၊ ကဘ) ထိုပရောဖက်ပြုချက်၏ အကြီးစားပြည့်စုံချက်သည် ယုဒနိုင်ငံပျက်စီးသည့်အချိန်မှအစပြုသည်။ ကျမ်းစာအထောက်အထားက ဘီစီ ၆၀၇ ခု၊ အောက်တိုဘာလတွင် ယုဒနိုင်ငံ အပြီးဖျက်ဆီး ခံရသည်ကိုပြ၏။ ဗျာဒိတ် ၁၂:၆၊ ၁၄ က ၃ ၁/၂ ကာလသည် ရက်ပေါင်း ၁,၂၆၀ နှင့်ညီသည်ဟုဆို၏။ ထို့ကြောင့် ၎င်း၏နှစ်ဆဖြစ်သော ခုနစ်ကာလသည် ရက်ပေါင်း ၂,၅၂၀ ဖြစ်ရလိမ့်မည်။ ‘တစ်ရက်ကိုတစ်နှစ်’အဖြစ်တွက်လျှင် “ခုနစ်ကာလ” သည် အနှစ် ၂,၅၂၀ တာရှည်၏။ (ယေဇကျေလ ၄:၆) ထို့ကြောင့် ခရစ်တော်ယေရှုသည် ၁၉၁၄ ခုနှစ် နှောင်းကာလတွင် ကောင်းကင်မှ စတင်အုပ်စိုးတော်မူသည်။ ထိုနှစ်၌ ပထမကမ္ဘာစစ်ဖြစ်ပွားခြင်းသည် ယနေ့တိုင် လူသားတို့ကို အဆက်မပြတ်နှိပ်စက်သည့် “ဒုက္ခဆင်းရဲခြင်း၏ အစအဦး” ကိုသတ်မှတ်လိုက်သည်။ ၁၉၁၄ ခုမှစ၍ သွေးစွန်းသောကမ္ဘာပေါ်မှ အဖြစ်သနစ်များက ထိုနှစ်ပင် ယေရှုရောက်ရှိရာ “နေ့တော်” ၏အစဖြစ်ကြောင်း သိသာထူးခြားစွာ ထောက်ခံနေသည်တကား။—မဿဲ ၂၄:၃-၁၄။a

၄။ (က) ပထမရူပါရုံ ပြည့်စုံချိန်နှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းစကားများကိုယ်နှိုက်က မည်သို့အရိပ်အမြွက်ပြသနည်း။ (ခ) ပထမရူပါရုံပြည့်စုံခြင်းသည် အဘယ်အချိန်၌ အဆုံးတိုင်သနည်း။

၄ ထို့ကြောင့် ပထမရူပါရုံနှင့် ၎င်းပါသြဝါဒသည် ၁၉၁၄ ခုမှ အစပြုသော သခင့်နေ့တော်အတွက်ဖြစ်သည်။ ဗျာဒိတ်ကျမ်း၏ နောက်ပိုင်းမှတ်တမ်း၌ ဘုရားသခင့် စစ်မှန်ဖြောင့်မတ်သော စီရင်ချက်များအတိုင်း ထင်ရှားသောကဏ္ဍမှ သခင်ယေရှု ပါဝင်စီရင်ဆောင်ရွက်ခြင်းအကြောင်း ဖော်ပြသည်ဟူသည့်အချက်က ၎င်းအချိန်သတ်မှတ်ချက် မှန်ကန်ကြောင်း ထောက်ခံသည်။ (ဗျာဒိတ် ၁၁:၁၈; ၁၆:၁၅; ၁၇:၁; ၁၉:၂၊ ၁၁) ပထမရူပါရုံသည် ၁၉၁၄ ခုမှစ၍ ပြည့်စုံလာသည်မှန်လျှင် အဘယ်အချိန်၌ ကုန်ဆုံးသနည်း။ သတင်းစကားတော်များကိုယ်နှိုက် တင်ပြသည့်အတိုင်း ကမ္ဘာပေါ်ရှိ ဘိသိက်ခံများဖြင့်ဖွဲ့စည်းသော ဘုရားသခင့်အသင်းတော်ထံ စာရေးနေခြင်းဖြစ်သည်။ ထို့ကြောင့် ပထမရူပါရုံ ပြည့်စုံမှုသည် ထိုဘိသိက်ခံအသင်းတော်၏ နောက်ဆုံးသစ္စာရှိအသင်းသားသေ၍ ကောင်းကင်အသက်တာသို့ ထမြောက်သည့်အခါ အဆုံးတိုင်၏။ သို့ရာတွင် သခင့်နေ့တော်သည် မြေကြီးဆိုင်ရာ အခြားသိုးများကို ကောင်းချီးပေးခြင်းနှင့်အတူ ယေရှုခရစ်၏ အနှစ်တစ်ထောင်အုပ်စိုးမှု ကုန်ဆုံးချိန်အထိ စခန်းဆက်၏။—ယောဟန် ၁၀:၁၆; ဗျာဒိတ် ၂၀:၄၊ ၅။

၅။ (က) အသံတစ်ခုက ယောဟန်အားဘာလုပ်ရန် ဆော်သြသနည်း။ (ခ) “အသင်းတော်ခုနစ်ပါး” ၏ တည်နေရာသည် အဘယ်ကြောင့် စာလိပ်ကို ရလွယ်သည့်နေရာများဖြစ်သနည်း။

၅ ပထမရူပါရုံ၌ ယောဟန်သည် ဘာကိုမျှမမြင်ရမီ အောက်ပါစကားကိုကြားရသည်– “ငါ့နောက်၌ တံပိုးသံကဲ့သို့သော အသံကြီးကို ကြားရ၏။ ထိုအသံက ‘သင်မြင်သောအရာကို စာလိပ်တွင်ရေးသား၍ ဧဖက်၊ စမုရန၊ ပေရဂံ၊ သွာတိရ၊ သာဒိ၊ ဖိလဒေလဖိ၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံ ပေးပို့လော့’ ဟုဆို၏။” (ဗျာဒိတ် ၁:၁၀ခ၊ ၁၁) အသံတစ်ခုက တံပိုးဆင့်ဆိုသံကဲ့သို့ အမိန့်အာဏာပါပါဖြင့် ယောဟန်အား “အသင်းတော်ခုနစ်ပါး” ထံ စာရေးရန် ဆင့်ခေါ်သည်။ ယောဟန်သည် သတင်းတော်တသီတသန်းရရှိမည်ဖြစ်၍ မြင်ရကြားရမည့်အရာများကို ဖြန့်ချိရန်ဖြစ်သည်။ ဤတွင်ဖော်ပြသော အသင်းတော်များသည် ယောဟန်လက်ထက်၌ အမှန်တကယ်တည်ရှိကြောင်း သတိပြုပါ။ ၎င်းတို့အားလုံး ပတ်မုကျွန်း၏ ပင်လယ်တစ်ဖက်ကမ်း၊ အာရှမိုင်းနား၌ တည်ရှိကြသည်။ ရောမလူတို့ ထိုဒေသ၌ ဖောက်လုပ်ထားသည့် အထူးကောင်းမွန်သောလမ်းများဖြင့် ထိုမြို့များဆီသို့ လွယ်လင့်တကူ သွားလာနိုင်၏။ သတင်းပို့သူသည် စာလိပ်ကိုဆောင်၍ အသင်းတော်တစ်ခုမှ နောက်တစ်ခုသို့ သွားရန်အခက်အခဲ ရှိမည်မဟုတ်ပါ။ ထိုအသင်းတော်ခုနစ်ပါးသည် ယခုခေတ် ယေဟောဝါသက်သေများ၏ တိုက်နယ်တစ်ခု၏ အပိုင်းတစ်ပိုင်းပမာဖြစ်၏။

၆။ (က) “ယခုဖြစ်နေသည့် အမှုအရာများ” သည် ဘာကိုဆိုလိုသနည်း။ (ခ) ယနေ့ ဘိသိက်ခံခရစ်ယာန်အသင်းတော်ရှိ အခြေအနေများသည် ယောဟန်လက်ထက်ရှိ အသင်းတော်များအခြေအနေနှင့် တူလိမ့်မည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့် သေချာပေါက်ပြောနိုင်သနည်း။

၆ ဗျာဒိတ်ကျမ်းပါ ပရောဖက်ပြုချက်အများစုမှာ ယောဟန်လက်ထက်ကို ကျော်လွန်ပြီးမှ ပြည့်စုံလာရန်ဖြစ်သည်။ ၎င်းတို့သည် “ဤအမှုအရာများနောက်၌ ဖြစ်ပျက်မည့် အမှုအရာများ” ကို ရည်ညွှန်းသည်။ သို့သော် အသင်းတော်ခုနစ်ပါးထံ ပေးပို့သောသြဝါဒမှာ “ယခုဖြစ်နေသည့်အမှုအရာများ” ထိုအချိန်၌ အသင်းတော်ခုနစ်ပါးအတွင်း တကယ်ရှိသည့် အခြေအနေများနှင့် သက်ဆိုင်သည်။ သတင်းတော်သည် ထိုအသင်းတော်ခုနစ်ပါးမှ သစ္စာရှိ ခန့်အပ်ခံအကြီးအကဲများအဖို့မက ထိုအချိန်ရှိ ဘိသိက်ခံခရစ်ယာန်များ၏ အခြားသောအသင်းတော်များအားလုံးထဲက အကြီးအကဲများအဖို့လည်း အဖိုးတန်အထောက်အကူ ဖြစ်ပေသည်။b ဤရူပါရုံသည် အဓိကအားဖြင့် သခင့်နေ့တော်နှင့် သက်ဆိုင်ရကား ယေရှုမိန့်မြွက်ချက်များက ကျွန်ုပ်တို့ခေတ်ရှိ ဘိသိက်ခံခရစ်ယာန်များ၏ အသင်းတော်၌လည်း အလားတူအခြေအနေများကို တွေ့ရလိမ့်မည်ဖြစ်ကြောင်း အသိပေး၏။—ဗျာဒိတ် ၁:၁၀၊ ၁၉။

၇။ ပထမရူပါရုံ၌ ယောဟန် မည်သူ့ကို မြင်ရသနည်း။ ၎င်းသည် ယနေ့ ကျွန်ုပ်တို့အဖို့ အဘယ်ကြောင့် အလွန်အရေးကြီးပြီး ရင်ဖိုစရာဖြစ်သနည်း။

၇ ပထမရူပါရုံ၌ ကောင်းကင်ဘုန်းရောင် ကွန့်မြူးလျက်ရှိသော သခင်ယေရှုခရစ်ကို ယောဟန်မြင်ရသည်။ ကောင်းကင်မှစေလွှတ်ခံရသူ ဤသခင်မြတ်၏နေ့တော်ကြီးနှင့်ဆိုင်သည့် ပရောဖက်ပြုကျမ်းစောင်အဖို့ ထို့ထက်သင့်မြတ်သောအရာ ရှိဦးမည်လော။ ထိုကာလပိုင်း၌ အသက်ရှင်၍ ကိုယ်တော့်အမိန့်တော်ကို မြေဝယ်မကျ နာခံသူ ကျွန်ုပ်တို့အဖို့ ထို့ထက်အရေးကြီးသောအရာ ရှိဦးမည်လော။ ထို့ပြင် မေရှိယမျိုးနွယ်တော်သည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက စာတန်ပေးသော စုံစမ်းညှဉ်းပန်းမှုများကို ကြံ့ကြံ့ခံပြီး “ဖနောင့်” ၌ “ကြိတ်” ခံရ၍ ဝေဒနာပြင်းစွာဖြင့် အသေခံပြီးဖြစ်သဖြင့် ယခု ကောင်းကင်ဘုံ၌ အသက်ရှင်လျက် ဘုရားသခင့်မဟာရည်ရွယ်ချက်ကို အောင်မြင်စွာ အပြီးဆောင်ရွက်ရန် အာဏာတော် လွှဲအပ်ခြင်းခံရပြီ ဟူသောအချက်ကို အခိုင်အလုံသိရသည်မှာ ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို ထောက်ခံသူများအဖို့ မည်မျှပီတိဖြာစရာပါတကား။—ကမ္ဘာဦး ၃:၁၅။

၈။ ဘာကိုလုပ်ဆောင်ရန် ယခု ယေရှုတာစူနေသနည်း။

၈ ယေရှုသည် နန်းရဘုရင်အနေနှင့် အရေးယူဆောင်ရွက်ရန် တာစူနေပြီဖြစ်ကြောင်း သာဓကထင်ရှား၏။ ယေဟောဝါ၏ နောက်ဆုံးစီရင်ချက်အတိုင်း ဟောင်းနွမ်းသော ဤအစီအစဉ်စနစ်ဆိုးနှင့်တကွ ၎င်း၏နတ်ဆိုးဘုရား စာတန်ကို အရေးယူရန် ယေဟောဝါ၏ လက်မရွံ့အာဏာသားအဖြစ် ခန့်အပ်တော်မူခြင်း ခံရလေပြီ။ ကိုယ်တော်သည် ဘိသိက်ခံများနှင့် သူတို့၏အပေါင်းပါ လူအုပ်ကြီးဖြင့်ဖွဲ့စည်းသော မိမိ၏အသင်းတော်ကိုလည်းကောင်း၊ လောကကိုလည်းကောင်း တရားစီရင်ရန် အဆင်သင့်ရှိနေပြီ။—ဗျာဒိတ် ၇:၄၊ ၉; တမန်တော် ၁၇:၃၁။

၉။ (က) ရွှေမီးခွက်များအလယ်မှ ဘုန်းပွင့်ယေရှုကို ယောဟန် မည်သို့ဖော်ပြသနည်း။ (ခ) ဗိမာန်တော်နှင့်တူသော နောက်ခံဝန်းကျင်နှင့်ယေရှုဝတ်သော ဝတ်လုံတော်တို့က ဘာကိုပြသနည်း။ (ဂ) ကိုယ်တော်၏ရွှေရင်စည်းက အဘယ်အဓိပ္ပာယ်ဆောင်သနည်း။

၉ ယောဟန်သည် အသံကြီးကြားရာဘက်သို့ လှည့်ကြည့်စဉ် အောက်ပါအရာကိုမြင်ရသည်– “ငါ့အားစကားပြောသော ထိုအသံရှင်ကိုမြင်ရန် ငါလှည့်ကြည့်လိုက်သော် ရွှေမီးခွက်ခုံ ခုနစ်ခုံကို . . . တွေ့ရ၏။” (ဗျာဒိတ် ၁:၁၂) နောက်ပိုင်း၌ ထိုမီးခုံခုနစ်ခုံ ဘာကိုပုံဆောင်ကြောင်း ယောဟန် သိရသည်။ သို့သော် သူအာရုံပြုမိသောအရာမှာ မီးခုံများအလယ်မှ ပုဂ္ဂိုလ်ဖြစ်သည်။ “ထိုမီးခုံများအလယ်၌ လူသားနှင့်တူသောသူတစ်ဦးသည် ခြေဖျားအထိရောက်သော အဝတ်ကိုဝတ်လျက် ရင်၌ ရွှေရင်စည်းကို စည်းထားသည်။” (ဗျာဒိတ် ၁:၁၃) ဤတွင် “လူသား” ယေရှုသည် မှင်တက်မိသော မျက်မြင်သက်သေ ယောဟန်ရှေ့ ခံ့ညားထည်ဝါ၍ ရောင်လျှံတောက်လျက် ပေါ်ထွန်းတော်မူ၏။ မီးတောက်နေသော ရွှေမီးခုံများအလယ်၌ ဘုန်းရောင်ဖြာလျက် ရှိတော်မူသည်။ ဗိမာန်တော်နှင့်တူသော ဤနောက်ခံဝန်းကျင်က ယေရှုသည် တရားစီရင်ခြင်းအာဏာနှင့်တကွ ယေဟောဝါ၏ မဟာယဇ်ပုရောဟိတ်မင်းအနေနှင့် ရောက်ရှိကြောင်း ယောဟန်၏စိတ်ထဲ၌ စွဲထင်စေသည်။ (ဟေဗြဲ ၄:၁၄; ၇:၂၁-၂၅) ကိုယ်တော့်ဝတ်လုံရှည်က ကိုယ်တော့်ယဇ်ပုရောဟိတ်ရာထူးနှင့် လိုက်ဖက်ပေသည်။ ရှေးခေတ်က ဂျူးယဇ်ပုရောဟိတ်မင်းကဲ့သို့ ကိုယ်တော်သည် ရင်၌ နှလုံးကိုဖုံးသော ရင်စည်း—ရွှေရင်စည်းကို စည်းတော်မူ၏။ ယေဟောဝါဘုရားသခင်၏ အမိန့်တော်အတိုင်း နှလုံးအကြွင်းမဲ့ ဆောင်ရွက်မည်ဟူသည့်အဓိပ္ပာယ်ကို ဆောင်ပေသည်။—ထွက်မြောက်ရာ ၂၈:၈၊ ၃၀; ဟေဗြဲ ၈:၁၊ ၂။

၁၀။ (က) ယေရှု၏ နှင်းခဲပမာဖြူဖွေးသော ဆံတော်နှင့် မီးလျှံတောက်သည့် မျက်လုံးတော်များက ဘာကိုပြသနည်း။ (ခ) ယေရှု၏ခြေတော်သည် ဖိတ်ဖိတ်တောက်သော ကြေးနီစစ်နှင့်တူသည် ဟူသောအချက်က အဘယ်အဓိပ္ပာယ်ရှိသနည်း။

၁၀ ယောဟန် ဆက်လက်ရေးသားဖော်ပြ၏– “ထို့ပြင် ဦးခေါင်းတော်နှင့် ဆံတော်သည် ဖြူသောသိုးမွေးပမာ၊ နှင်းခဲပမာဖြစ်၍ မျက်လုံးတော်များသည် မီးလျှံအလား ဖြစ်သည်။” (ဗျာဒိတ် ၁:၁၄) နှင်းခဲနှယ် ဖြူဖွေးသောဆံတော်က ကိုယ်တော်သည် အသက်တော်ရှည်သဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝသည်ကိုပြသည်။ (သုတ္တံ ၁၆:၃၁ နှိုင်းယှဉ်။) မီးလျှံတောက်သော မျက်လုံးတော်များက စူးစမ်းခြင်း၊ စမ်းသပ်ခြင်း၊ အမျက်တော်ထွက်ခြင်း၌ စူးရှ၍ နိုးနိုးကြားကြား ရှိသည်ကိုပြသည်။ ယေရှု၏ခြေတော်ကိုပင် ယောဟန် အထူးသတိပြုမိသည်။ “ခြေတော်သည် မီးပြင်းဖိုထဲ၌ ဖိတ်ဖိတ်တောက်သော ကြေးနီစစ်နှင့်တူ၏။ အသံတော်သည် များပြားသောရေထု၏ အသံနှင့်တူ၏။” (ဗျာဒိတ် ၁:၁၅) ရူပါရုံ၌ ယေရှု၏ခြေတော်သည် ပြောင်လက်တောက်ပသော ကြေးနီနှင့်တူသည်—စိတ်ထက်သန်စွာသွားလာ၍ ယေဟောဝါဘုရားသခင့်ရှေ့ မျက်နှာသာရသောရပ်တည်မှု ရှိသူတစ်ဦးအဖို့ လျောက်ပတ်ပေသည်။ ထိုမျှမက ကျမ်းစာ၌ ဘုရားရေးရာများကိုရွှေဖြင့်ပုံခိုင်းသော်လည်း လူ့ရေးရာများကို တစ်ခါတစ်ရံ ကြေးနီဖြင့် ကိုယ်စားပြု၏။c ထို့ကြောင့် ယေရှု၏ကြေးနီစစ်ကဲ့သို့သော ခြေတော်က ကိုယ်တော် ကမ္ဘာပေါ်မှာသွားလာ၍ သတင်းကောင်းဟောပြောစဉ် ခြေတော် မည်မျှတင့်တယ်ကြောင်း ကျွန်ုပ်တို့အားသတိရစေသည်။—ဟေရှာယ ၅၂:၇; ရောမ ၁၀:၁၅။

၁၁။ (က) ယေရှု၏ဘုန်းရောင်ဖြာသော ခြေတော်က ဘာကိုသတိရစေသနည်း။ (ခ) ယေရှု၏အသံသည် “များပြားသောရေထု၏အသံနှင့် တူသည်” ဟူသည့်အချက်က ဘာကိုပြသနည်း။

၁၁ ယေရှုသည် စုံလင်သောလူသားတစ်ဦးအနေနှင့် ကောင်းကင်တမန်နှင့် လူတို့ရှေ့ ဘုန်းရောင်ကွန့်မြူးခဲ့သည်။ (ယောဟန် ၁:၁၄) ခြေတော်က ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုထမ်းရာ ယေဟောဝါ၏ အဖွဲ့အစည်းအတွင်းရှိ သန့်ရှင်းသောမြေပေါ်မှာ လျှောက်လှမ်းနေတော်မူသည်ကိုလည်း ကျွန်ုပ်တို့အား သတိရစေသည်။ (ထွက်မြောက်ရာ ၃:၅ နှိုင်းယှဉ်။) ထို့ပြင် အသံတော်သည် သွယ်ဖြာကျဆင်းလျက်ရှိသော ရေတံခွန်ကြီးအလားမြည်ဟည်း၏။ ကြားရသူစိတ်ထဲ စွဲထင်လောက်အောင် အံ့သြထိတ်လန့်ဖွယ်ဖြစ်ရကား ဘုရားသခင့်နှုတ်ကပါဌ်တော်ဟု တရားဝင်သမုတ်ခံရသူ၊ “လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်” ရန်ကြွလာသူ ယေရှုနှင့်လိုက်ဖက်လှသည်။—တမန်တော် ၁၇:၃၁; ယောဟန် ၁:၁။

၁၂။ “ထက်သောသန်လျက်ရှည်” မှာ ဘာအဓိပ္ပာယ်ရှိသနည်း။

၁၂ “လက်ယာလက်တော်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်လျက်ရှိပြီး ခံတွင်းတော်မှထက်သောသန်လျက်ရှည် ထွက်နေ၏။ မျက်နှာတော်သည် အစွမ်းကုန်တောက်ပသော နေနှင့်တူ၏။ ငါသည် ကိုယ်တော်ကို တွေ့သောအခါ ခြေတော်ရင်း၌လူသေအလား လဲကျသွားသည်။” (ဗျာဒိတ် ၁:၁၆၊ ၁၇က) မကြာမီကလေးတွင် ယေရှုကိုယ်တော်တိုင် ကြယ်ခုနစ်လုံး၏အဓိပ္ပာယ်ကို ရှင်းပြတော်မူ၏။ သို့သော် ခံတွင်းထဲက ဘာထွက်လာသည်ကို သတိပြုပါ။ “ထက်သောသန်လျက်ရှည်” ဖြစ်သည်။ ဆီလျော်လှသည်တကား။ အကြောင်းမှာ ယေရှုပင်လျှင် ရန်သူများအပေါ်ချမှတ်သော ယေဟောဝါ၏ နောက်ဆုံးတရားစီရင်ချက်များကို ထုတ်ပြန်ရန် ခန့်အပ်ခံရသူဖြစ်သည်။ ကိုယ်တော့်ခံတွင်းတော်မှ ထွက်လာသော ယတိပြတ်အမိန့်ဖြင့် လူဆိုးအားလုံး သုတ်သင်ခံရ၏။—ဗျာဒိတ် ၁၉:၁၃၊ ၁၅။

၁၃။ (က) ယေရှု၏တောက်ပသောမျက်နှာက ဘာကို သတိရစေသနည်း။ (ခ) ယေရှုအကြောင်း ယောဟန်၏ဖော်ပြချက်ကို ခြုံငုံကြည့်လျှင် အဘယ်အရာ စိတ်ထဲစွဲထင်သွားသနည်း။

၁၃ ယေရှု၏ တောက်ပသော မျက်နှာတော်က ယေဟောဝါနှင့် တရင်းတနှီးပြောဆိုသည့်နောက် မောရှေ၏မျက်နှာ ရောင်ခြည်ဖြာထွက်သည့်အဖြစ်ကို သတိရစေသည်။ (ထွက်မြောက်ရာ ၃၄:၂၉၊ ၃၀) လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက တမန်တော်သုံးပါးရှေ့ ယေရှု အဆင်းသဏ္ဌာန်ပြောင်းလဲစဉ် “မျက်နှာတော်သည် နေကဲ့သို့ထွန်းတောက်လျက် အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ” ကြောင်းကိုလည်း သတိရလေ။ (မဿဲ ၁၇:၂) ယခုလည်း သခင့်နေ့တော်အတွင်း ရူပါရုံထဲက ယေရှု၏မျက်နှာတော်သည် ယေဟောဝါရှေ့တော် အခစားဝင်ခဲ့သူတစ်ဦး၏ မျက်နှာကဲ့သို့ ဘုန်းရောင်ဖြင့် ကွန့်မြူးလျက်ရှိသည်။ (၂ ကောရိန္သု ၃:၁၈) အမှန်သော် ယောဟန်၏ ရူပါရုံတစ်ခုလုံးကို ခြုံကြည့်လျှင် ဘုန်းရောင်ကွန့်မြူးသော ရူပါရုံဖြစ်ကြောင်း စိတ်ထဲစွဲမှတ်သွားမည်ဖြစ်သည်။ နှင်းပွင့်ပမာ ဖြူဖွေးသောဆံတော်၊ မီးတောက်သော မျက်လုံးတော်များနှင့် ထွန်းပသည့် မျက်နှာတော်မှအစ ဖိတ်ဖိတ်တောက်သော ခြေတော်အဆုံး “အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌” ကျိန်းဝပ်တော်မူသည့် အရှင်နှင့်ဆိုင်သော အမြတ်ဆုံးရူပါရုံပေတည်း။ (၁ တိမောသေ ၆:၁၆) ဤမြင်ကွင်းသည် သဘာဝကျလိုက်လေခြင်း။ အံ့သြထိတ်လန့်နေသော တမန်တော်ယောဟန်က မည်သို့တုံ့ပြန်သနည်း။ သူက “ငါသည် ကိုယ်တော်ကိုတွေ့သောအခါ ခြေတော်ရင်း၌လူသေအလား လဲကျသွားသည်” ဟုဆို၏။—ဗျာဒိတ် ၁:၁၇။

၁၄။ ဘုန်းပွင့်ယေရှုဆိုင်ရာ ယောဟန်ရူပါရုံကို ဖတ်သောအခါ ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၄ အရောင်အသွေးစုံ၍ အသေးစိတ်ကျသော ယောဟန်၏ရူပါရုံကြောင့် ယနေ့ ဘုရားသခင့်လူမျိုးတော်သည် ကျေးဇူးတော်ချီးမွမ်းခြင်းစိတ်ဖြင့် ပြည့်လျက်ရှိ၏။ သခင့်နေ့တော်၏အနှစ် ၉၀ ကျော်ကိုပင် ကျွန်ုပ်တို့ဖြတ်သန်းခဲ့ပြီ။ ဤအတွင်း ရူပါရုံသည် ရင်ဖိုစေလောက်အောင် ဆက်လက်ပြည့်စုံလျက်ရှိသည်။ ယေရှု၏ နိုင်ငံတော်အုပ်စိုးမှုသည် ကျွန်ုပ်တို့အဖို့ အနာဂတ်မျှော်လင့်ချက်မဟုတ်၊ အသက်ဝင်သော၊ ပစ္စုပ္ပန်ဆိုင်ရာ စစ်မှန်သောအရာဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နိုင်ငံတော်သစ္စာခံများအနေနှင့် ယောဟန်၏ ပထမရူပါရုံ၌ ဖော်ပြသောအရာများကို ဆက်လက်၍ တအံ့တဩ ကြည့်ရှုပြီး ဘုန်းပွင့်ယေရှုခရစ်၏ စကားတော်ကို နာခံစိတ်ဖြင့် နားထောင်ကြပါစို့။

[အောက်ခြေမှတ်ချက်များ]

a အသေးစိတ်ရှင်းလင်းချက်အတွက် ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ စာမျက်နှာ ၈၈-၉၂၊ ၂၁၅-၁၈ ကိုရှု။

b ပထမရာစု၌ အသင်းတော်တစ်ခုက တမန်တော်တစ်ပါးထံမှ စာတစ်စောင်ရသောအခါ အခြားအသင်းတော်များလည်း ထိုသြဝါဒစာမှ အကျိုးရကြစေရန် ၎င်းတို့ထံ ဖြန့်ဝေလေ့ရှိသည်။—ကောလောသဲ ၄:၁၆ နှိုင်းယှဉ်။

c ရှောလမုန်ဗိမာန်၏အတွင်း ဆင်ယင်မှုနှင့် ပရိဘောဂအသုံးအဆောင်များကို ရွှေဖြင့်လုပ်၏။ သို့မဟုတ်၊ ရွှေကွပ်ထား၏။ သို့သော် တံတိုင်းတော်ကိုမူ ကြေးနီဖြင့်ဆင်မြန်းသည်။—၃ ဓမ္မရာဇဝင် ၆:၁၉-၂၃၊ ၂၈-၃၅; ၇:၁၅၊ ၁၆၊ ၂၇၊ ၃၀၊ ၃၈-၅၀; ၈:၆၄။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အသင်းတော်ခုနစ်ခုတည်ရှိခဲ့ရာ မြို့များရှိ ရှေးဟောင်းအပျက်အယွင်းများက ကျမ်းစာမှတ်တမ်းမှန်ကန်ကြောင်း ထောက်ခံသည်။ ယနေ့ ကမ္ဘာချီအသင်းတော်ကို အားရှိစေသော ယေရှု၏သတင်းတရားကို ဤနေရာတွင် ပထမရာစုခရစ်ယာန်များ ရရှိခဲ့ကြသည်

ပေရဂံ

စမုရန

သွာတိရ

သာဒိ

ဧဖက်

ဖိလဒေလဖိ

လောဒိကိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ