ငယ်ရွယ်စဉ်ကပင် ယေဟောဝါအား စိတ်ရှည်စွာစောင့်ဆိုင်းခဲ့
ရူဒေါ့ဖ် ဂရိုက်ကန် ပြောပြသည်
မိုးကြိုးပစ်ခံလိုက်ရသလိုပဲ၊ ကျွန်တော့်အသက် ၁၂ နှစ်အရွယ်မှာ မိသားစုကို ကြေကွဲဝမ်းနည်းဖွယ်ရာတွေက ပစ်ခတ်တော့တယ်။ ဦးဆုံး အဖေထောင်ချခံရတယ်။ ဒီနောက် ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို သူစိမ်းတွေနဲ့သွားနေဖို့ အတင်းအကျပ်ခေါ်သွားကြတယ်။ နောက်ပိုင်း ကျွန်တော်နဲ့ အမေ့ကို ဂျာမန်ဂက်စတာပိုအဖွဲ့က ဖမ်းလိုက်ကြတယ်။ ကျွန်တော်ထောင်ကျခဲ့ပြီး အမေခမျာ ချွေးတပ်စခန်းတစ်ခုမှာပဲ ဆုံးသွားရှာတယ်။
ဒီဆက်တိုက်အဖြစ်ဆိုးတွေက ယေဟောဝါသက်သေတစ်ဦးအနေနဲ့ ကျွန်တော့်ရဲ့ငယ်စဉ်အချိန်က ပြင်းပြင်းထန်ထန်နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ အချိန်ကာလအစကို မှတ်သားဖော်ပြတယ်။ ဆိုးရွားလှတဲ့ နာဇီဂက်စတာပိုအဖွဲ့နဲ့ နောက်ပြီးအရှေ့ဂျာမန်ရှတာဇီအဖွဲ့က ဘုရားသခင်အပေါ်ကျွန်တော့်ရဲ့သမာဓိကို ချိုးဖျက်ပစ်လိုက်ကြဖို့ ကြိုးပမ်းကြတယ်။ ကနေ့၊ အနှစ် ၅၀ ကြာ ကိုယ်တော်ထံဆပ်ကပ်အပ်နှံအမှုဆောင်ပြီးနောက် ဆာလံဆရာပြောသလို ကျွန်တော်လည်းပြောနိုင်ပြီ– “ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကိုသူတစ်ပါးတို့သည် ညှဉ်းဆဲကြပြီ။” (ဆာလံ ၁၂၉:၂) ကျွန်တော်ဖြင့် ယေဟောဝါကို ကျေးဇူးတင်လိုက်တာ!
ကျွန်တော့်ကို ၁၉၂၅၊ ဇွန် ၂ ရက်မှာ ဂျာမနီ၊ လစ်ပဆင့်မြို့အနီး လုကာမြို့ငယ်လေးမှာမွေးခဲ့တယ်။ ကျွန်တော်မမွေးခင် ကျွန်တော့်မိဘများဖြစ်တဲ့ အဲလ်ဖရက်နဲ့ထရီဇာတို့က ယေဟောဝါသက်သေများလို့ နောက်ပိုင်းမှာလူသိများကြတဲ့ ကျမ်းစာကျောင်းသားများရဲ့စာပေတွေထဲက ကျမ်းစာသမ္မာတရားကို အသိအမှတ်ပြုနှင့်ပြီးသားဖြစ်တယ်။ ကျွန်တော်ဟာ နေ့စဉ် ကျွန်တော်တို့ရဲ့အိမ်နံရံမှာ ချိတ်ဆွဲထားတဲ့ကျမ်းစာရှုခင်းပုံတွေ ကြည့်လေ့ရှိတာကိုအမှတ်ရမိတယ်။ ပုံတစ်ပုံက တောခွေးနဲ့သိုးသငယ်၊ ကျားသစ်နဲ့ဆိတ်သငယ်၊ နွားသငယ်နဲ့ခြင်္သေ့သငယ်တို့ဟာ လူငယ်လေးတစ်ဦးရဲ့ဦးဆောင်မှုအောက် အတူတကွငြိမ်ငြိမ်သက်သက်ရှိနေကြပုံကို သရုပ်ဖော်ထားတယ်။ (ဟေရှာယ ၁၁:၆-၉) အဲဒီလိုပုံတွေက ကျွန်တော့်ရဲ့စိတ်ဘဝင်မှာ ထာဝစဉ်စွဲမှတ်သွားစေတယ်။
ဖြစ်နိုင်တဲ့အခါတိုင်း ကျွန်တော့်မိဘတွေနဲ့အတူ ကျွန်တော်ဟာ အသင်းတော်ဆောင်ရွက်မှုတွေမှာ ပါဝင်တယ်။ ဥပမာ ၁၉၃၃ ဖေဖော်ဝါရီမှာ ဟစ်တလာအာဏာသိမ်းပြီးနောက် ရက်အနည်းငယ်အကြာ “ဖန်ဆင်းခြင်း ဓာတ်ပုံပြဇာတ်”—ဆလိုက်များ၊ ရုပ်ရှင်နဲ့ နောက်ခံစကားပြောဆိုမှုများ—ကို ကျွန်တော်တို့ရဲ့မြို့ငယ်လေးမှာ လာရောက်ပြသတယ်။ “ဓာတ်ပုံပြဇာတ်” အတွက် မြို့ပတ်ပြီးကြော်ငြာခြင်းတစ်ခုဖြစ်တဲ့ ကုန်တင်ကားအငယ်စားရဲ့အနောက်မှာ စီးနင်းလိုက်ပါခွင့်ရတဲ့ ခုနစ်နှစ်သာသာရှိသေးတဲ့ ကျွန်တော့်မှာ တကယ့်ကိုပဲစိတ်လှုပ်ရှားခဲ့တယ်! ဒီလိုဖြစ်ရပ်နဲ့ အခြားဖြစ်ရပ်တွေမှာ ကျွန်တော်ဟာငယ်ရွယ်ပေမဲ့ အသင်းတော်မှာ အသုံးဝင်သူတစ်ဦးဖြစ်တယ်လို့ခံစားရအောင် ညီအစ်ကိုတွေက ဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ ငယ်ငယ်လေးကတည်းက ကျွန်တော်ဟာယေဟောဝါရဲ့သွန်သင်ခြင်းခံခဲ့ရပြီး ကိုယ်တော့်နှုတ်ကပါဌ်တော်က ကျွန်တော့်ကိုလွှမ်းမိုးခဲ့တယ်။
ယေဟောဝါကို ယုံကြည်ကိုးစားဖို့ လေ့ကျင့်ခံရ
ခရစ်ယာန်တို့ရဲ့အခိုင်အမာကြားနေမှုကြောင့် ယေဟောဝါသက်သေများဟာ နာဇီတို့ရဲ့နိုင်ငံရေးထဲမှာ မပါဝင်ခဲ့ကြဘူး။ ရလဒ်ကတော့ ၁၉၃၃ မှာနာဇီတွေက ဟောပြောခြင်း၊ အစည်းအဝေးပြုလုပ်ခြင်းနဲ့ ကိုယ်ပိုင်ကျမ်းစာဆိုင်ရာစာပေများဖတ်ရှုခြင်းကိုတောင် ပိတ်ပင်တားမြစ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တယ်။ ၁၉၃၇ စက်တင်ဘာမှာ ကျွန်တော့်အဖေအပါအဝင် အသင်းတော်မှာရှိတဲ့ညီအစ်ကိုအားလုံးကို ဂက်စတာပိုတို့က ဖမ်းဆီးလိုက်ကြတယ်။ အဲဒါက ကျွန်တော့်ကို အရမ်းဝမ်းနည်းစေတယ်။ အဖေ့ကို ထောင်ငါးနှစ်ပြစ်ဒဏ်ချမှတ်လိုက်တယ်။
ကျွန်တော်တို့အိမ်မှာ အရာရာတိုင်းလိုလို တော်တော့ကိုခက်ခဲလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်ကိုယုံကြည်ကိုးစားဖို့ ချက်ချင်းပဲသိမြင်ခဲ့ကြတယ်။ တစ်နေ့ ကျွန်တော်ကျောင်းကပြန်လာတော့ အမေဟာကင်းမျှော်စင်ဖတ်နေတယ်။ ကျွန်တော့်အတွက် နေ့လယ်စာပြင်ဖို့ အမေကမဂ္ဂဇင်းကို ကြောင်အိမ်ပေါ်တင်ထားလိုက်တယ်။ နေ့လယ်စာစားပြီးလို့ ကျွန်တော်တို့ ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းနေတုန်း ကျယ်လောင်တဲ့တံခါးခေါက်သံ ကြားလိုက်ရတယ်။ ကျွန်တော်တို့ရဲ့အခန်းကို သမ္မာကျမ်းစာဆိုင်ရာစာပေတွေ ရှာဖွေဖို့လာတဲ့ ရဲသားတစ်ယောက်ဖြစ်နေတယ်။ ကျွန်တော်အရမ်းကို ကြောက်သွားတယ်။
အဲဒီနေ့က တခြားနေ့တွေနဲ့မတူအောင် ပူအိုက်လှတယ်။ ဒါကြောင့် ရဲသားက ဦးဆုံးသူ့ရဲ့သံခမောက်ကိုချွတ်ပြီး စားပွဲပေါ်တင်ထားလိုက်တယ်။ အဲဒီနောက်သူက ရှာဖွေပါလေရော။ စားပွဲအောက်ကို သူရှာဖွေနေတုန်း သူရဲ့သံခမောက်က လျှောကျလာတယ်။ ဒါကြောင့် အမေက သံခမောက်ကို အမြန်ဖမ်းကိုင်လိုက်ပြီး ကြောင်အိမ်ပေါ်မှာရှိတဲ့ ကင်းမျှော်စင်တည့်တည့်ပေါ်တင်ထားလိုက်တယ်! ရဲသားက ကျွန်တော်တို့ရဲ့အခန်းကို မွှေနှောက်ရှာဖွေပေမဲ့ ဘာစာပေကိုမှမတွေ့ခဲ့ဘူး။ တကယ်ပါပဲ၊ သူဟာ သူ့ရဲ့သံခမောက်အောက်ကို ရှာဖွေဖို့ လုံးဝမစဉ်းစားမိလိုက်ဘူး။ သူပြန်တော့မယ့်အချိန်ကျမှပဲ အမေ့ကိုမပွင့်တပွင့်တောင်းပန်ပြီး သူရဲ့နောက်ကျောဘက်မှာရှိတဲ့ သံခမောက်ကိုဆတ်ခနဲ့လှမ်းယူလိုက်တယ်။ အဲဒီကျမှပဲ ကျွန်တော်စိတ်အေးရတော့တယ်!
ဒီလိုအဖြစ်အပျက်တွေက ပိုပြီးခက်ခဲတဲ့စမ်းသပ်မှုတွေအတွက် ကျွန်တော့်ကိုပြင်ဆင်ပေးတယ်။ ဥပမာ၊ ကျောင်းမှာ ကလေးတွေကို စစ်စည်းမျဉ်းနဲ့လေ့ကျင့်ပေးပြီး နာဇီဝါဒသဘောတရားရေးကိုသွတ်သွင်းပေးတဲ့ ဟစ်တလာလူငယ်အသင်းမှာပါဝင်ဖို့ ကျွန်တော်ဖိအားပေးခံရတယ်။ အချို့ဆရာတွေက ကျောင်းသား ၁၀၀ ရာခိုင်နှုန်းပါဝင်မှုရရှိဖို့ ကိုယ်ပိုင်ပန်းတိုင်ထားကြတယ်။ ကျွန်တော့်ရဲ့ဆရာ ဟဲယ် ရှနိုင်ဒါက ကျောင်းမှာရှိတဲ့တခြားဆရာတွေနဲ့မတူဘဲ သူမှာ အောင်မြင်မှုလုံးလုံးမရရှိဘူးလို့ ခံစားနေရပြီး၊ ၁၀၀ ရာခိုင်နှုန်းပါဝင်ဖို့ ကျောင်းသားတစ်ဦးလိုအပ်တယ်လို့ယူဆနေတယ်။ အဲဒီကျောင်းသားကတော့ ကျွန်တော်ပါပဲ။
တစ်နေ့တော့ ဟဲယ် ရှနိုင်ဒါက အတန်းတစ်ခုလုံးကို “ကလေးတို့၊ မနက်ဖြန်ကျရင် ဆရာတို့အတန်းပြင်ကိုထွက်ကြမယ်” လို့ကြေညာလိုက်တယ်။ လူတိုင်း ဒီအစီအစဉ်ကို နှစ်သက်ကြတယ်။ အဲဒီနောက် သူက “မင်းတို့အားလုံး ဟစ်တလာလူငယ်အသင်းရဲ့ယူနီဖောင်းကိုဝတ်ရမယ်၊ ဒါမှ လမ်းပေါ်ကို ချီတက်ကြတဲ့အခါ အားလုံးက မင်းတို့ကို ဟစ်တလာလူငယ်မွန်လေးများလို့ မြင်နိုင်မယ်” ဆိုပြီးထပ်ပြောတယ်။ နောက်တစ်နေ့မနက်မှာတော့ ကျွန်တော်ကလွဲလို့ ယောက်ျားလေးတွေအားလုံး သူတို့ရဲ့ယူနီဖောင်းတွေနဲ့ ထင်ထင်ရှားရှားဖြစ်နေကြတယ်။ ဆရာက ကျွန်တော့်ကို အတန်းရှေ့ခေါ်ထုတ်လိုက်ပြီး “မင်းဘေးနားမှာရှိတဲ့ တခြားကလေးတွေကိုကြည့်လိုက်စမ်း၊ ပြီးရင် မင်းကိုယ်မင်းပြန်ကြည့်စမ်း” လို့ပြောတယ်။ သူက “မင်းရဲ့မိဘတွေက ဆင်းရဲလို့ ယူနီဖောင်းဝယ်ဖို့မတတ်နိုင်တာ ငါသိပါတယ်၊ ဒါပေမဲ့ မင်းကို ငါတစ်ခုပြရအုံးမယ်” လို့ထပ်ပြောတယ်။ သူက ကျွန်တော့်ကို သူ့ရဲ့စားပွဲနားခေါ်သွားကာ အံဆွဲဖွင့်လိုက်ပြီး “ဒီယူနီဖောင်းအသစ်စက်စက်ကို မင်းကိုငါပေးမယ်။ မလှဘူးလား” ဆိုပြီးပြောတယ်။
နာဇီယူနီဖောင်းဝတ်မဲ့အစား ကျွန်တော်သေလိုတယ်။ အဲဒါကို ကျွန်တော်ဝတ်လိုစိတ်မရှိကြောင်း ဆရာတွေ့တဲ့အခါစိတ်ဆိုးပြီး အတန်းတစ်တန်းလုံးက ကျွန်တော့်ကိုရှုတ်ချသရော်ကြတယ်။ ဒီနောက်တော့ သူက ကျွန်တော်တို့ကို အပြင်ခေါ်ထုတ်သွားတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုဖွက်ဖို့ ယူနီဖောင်းဝတ်ထားတဲ့ ယောက်ျားလေးတွေရဲ့အလယ်မှာ လမ်းလျှောက်စေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့အတန်းဖော်များ အလယ်မှာလမ်းလျှောက်နေတဲ့ ကျွန်တော့်ကို မြို့မှာရှိတဲ့လူများစွာကတွေ့ကြပါတယ်။ ကျွန်တော့်မိဘတွေနဲ့ကျွန်တော်ဟာ ယေဟောဝါသက်သေများဖြစ်ကြတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ငယ်စဉ်အချိန်မှာ လိုအပ်လှတဲ့ဝိညာဉ်ရေးဆိုင်ရာခွန်အား ကျွန်တော့်ကိုပေးတဲ့အတွက် ယေဟောဝါကိုအရမ်းကျေးဇူးတင်ပါတယ်။
နှိပ်စက်ညှဉ်းပန်းခြင်း သာ၍ပြင်းထန်လာ
၁၉၃၈ ခုနှစ်အစပိုင်းရဲ့နေ့တစ်နေ့မှာ ကျွန်တော်တို့မောင်နှမ ကျောင်းမှာရှိနေတုန်း ရဲကားနဲ့လာခေါ်သွားပြီး မိုင် ၅၀ လောက်ဝေးတဲ့ ရှတရိုဒါမြို့၊ ပြုပြင်ရေးကျောင်းကို ပို့လိုက်ကြတယ်။ ဘာကြောင့် ပို့လိုက်တာလဲ။ တရားရုံးက ကျွန်တော်တို့ကို နာဇီလူငယ်များဖြစ်လာစေဖို့ မိဘတွေရဲ့သြဇာလွှမ်းမိုးမှုအောက်ကနေ ခေါ်ထုတ်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက်ပါပဲ။ မကြာခင်မှာပဲ ပြုပြင်ရေးကျောင်းကို ကြီးကြပ်တဲ့အမှုထမ်းက ကျွန်တော်တို့မောင်နှမနှစ်ယောက်ဟာ ခရစ်ယာန်ကြားနေမှုမှာခိုင်မြဲကြပေမဲ့ ရိုသေလေးစားမှုနဲ့ နာခံမှုရှိကြတယ်ဆိုတာကို သတိပြုမိကြတယ်။ ညွှန်ကြားရေးမှူးက စိတ်ထဲမှာအလွန်စွဲမှတ်သွားတဲ့အတွက် သူမက ကျွန်တော့်အမေနဲ့ နှစ်ယောက်တည်းတွေ့လိုပါတယ်။ ခြွင်းချက်တစ်ခုပြုလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ဆီကို အမေလာလည်ခွင့်ရရှိခဲ့တယ်။ ကျွန်တော့်ညီအစ်မ၊ အမေနဲ့ကျွန်တော်တို့အရမ်းပျော်ရွှင်ခဲ့ကြပြီး တစ်နေ့လုံးအတူတကွအပြန်အလှန်အားပေးမှု အခွင့်အလမ်းကိုပွင့်စေတဲ့အတွက် ယေဟောဝါကို အရမ်းကျေးဇူးတင်ခဲ့ကြတယ်။ ဒီလိုလုပ်ဖို့ ကျွန်တော်တို့ တကယ်ပဲလိုအပ်ခဲ့ကြတယ်။
ကျွန်တော်တို့ ပြုပြင်ရေးကျောင်းမှာ လေးလခန့်နေခဲ့ရတယ်။ ဒီနောက်တော့ ပါနားရွာမှာရှိတဲ့ မိသားစုတစ်စုနဲ့သွားနေဖို့ ပို့လိုက်ပြန်တယ်။ ကျွန်တော်တို့ရဲ့ ဆွေမျိုးများကနေ ကျွန်တော်တို့ကိုခွဲထုတ်ပစ်ဖို့ သူတို့ကို ညွှန်ကြားထားတယ်။ ကျွန်တော့်အမေကိုတောင် လာလည်ခွင့်မပြုကြဘူး။ ဒါပေမဲ့ မကြာခင်မှာပဲသူမက ကျွန်တော်တို့ထံကို ဆက်သွယ်ဖို့နည်းလမ်းရရှိခဲ့တယ်။ အခွင့်အလမ်းနည်းပါးတဲ့ကြားက အမေဟာ ယေဟောဝါခွင့်ပြုထားတဲ့ စမ်းသပ်မှုနဲ့ အခြေအနေဘယ်လိုပဲရှိပါစေ ကိုယ်တော်အပေါ် ဆက်ပြီးသစ္စာရှိဖို့ ကျွန်တော်တို့စိတ်ပိုင်းဖြတ်ထားဖို့ သူမတတ်နိုင်သမျှ ကျွန်တော်တို့ကို လေ့ကျင့်သွန်သင်ပေးခဲ့တယ်။—၁ ကောရိန္သု ၁၀:၁၃။
စမ်းသပ်မှု ရောက်လာတော့တယ်။ ၁၉၄၂၊ ဒီဇင်ဘာ ၁၅၊ ကျွန်တော့်အသက် ၁၇ နှစ်သာသာမှာ ဂက်စတာပိုတို့က ကျွန်တော့်ကို ဂရာမြို့မှာရှိတဲ့ အကျဉ်းဌာနကိုပို့လိုက်တယ်။ တစ်ပတ်ခန့်အကြာမှာပဲ အမေလည်းအဖမ်းခံရပြီး ထောင်ထဲမှာဆုံမိကြတယ်။ တရားဝင်အသက်မပြည့်သေးတဲ့အတွက် ကျွန်တော့်ကို တရားရုံးကမစစ်ဆေးနိုင်ဘူး။ ဒါကြောင့် တရားရုံးက ကျွန်တော့်အသက် ၁၈ နှစ်ပြည့်တဲ့နေ့အထိစောင့်နေတုန်း အကျဉ်းထဲမှာ အမေနဲ့ကျွန်တော်ဟာ ခြောက်လကြာအချိန်ကုန်လွန်ခဲ့ကြတယ်။ ကျွန်တော်အသက် ၁၈ နှစ်ပြည့်တဲ့နေ့မှာပဲ အမေနဲ့ကျွန်တော့်ကို စစ်ဆေးဖို့ခေါ်ထုတ်သွားကြတယ်။
ကျွန်တော် ဘာမှန်းမသိလိုက်ရခင်မှာ စစ်ဆေးခြင်းအမှုကပြီးဆုံးသွားခဲ့ပြီ။ ကျွန်တော်လုံးဝမသိလိုက်တာကတော့ အမေ့ကိုနောက်တစ်ခါ မတွေ့ရတော့ဘူးဆိုတာကိုပါပဲ။ အမေနဲ့ပတ်သက်လို့ ကျွန်တော်နောက်ဆုံးသတိရတာကတော့ တရားရုံးမှာရှိတဲ့ သစ်သားခုံတန်းရှည်အမည်းကြီးပေါ်မှာ အမေဟာကျွန်တော်နဲ့ကပ်ရက်ထိုင်နေခြင်းပါပဲ။ ကျွန်တော်တို့နှစ်ယောက်စလုံး အပြစ်ရှိကြောင်း ကြေညာခံရတယ်။ ကျွန်တော့်ကို ထောင်လေးနှစ်ချလိုက်ပြီး အမေကိုတော့ ထောင်တစ်နှစ်ခွဲချလိုက်တယ်။
အဲဒီအချိန်တုန်းက ထောင်နဲ့ချီပြီးယေဟောဝါသက်သေများဟာ အကျဉ်းထောင်တွေနဲ့ စခန်းတွေမှာရှိခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော့်ကို သက်သေခံဆိုလို ကျွန်တော်တစ်ယောက်ထဲပဲရှိတဲ့ ရှတိုလာဘာ့ဂ်မြို့က အကျဉ်းထောင်ကိုပို့လိုက်တယ်။ ကျွန်တော့်ကို တစ်နှစ်ကြာကြာ တိုက်ပိတ်ထားပေမဲ့ ယေဟောဝါဟာကျွန်တော်နဲ့အတူရှိပါတယ်။ ကျွန်တော်ငယ်စဉ်ကတည်းက ကိုယ်တော့်အတွက် ပြုစုပျိုးထောင်ပေးခဲ့တဲ့မေတ္တာက ကျွန်တော့်ရဲ့ဝိညာဉ်ရေးရှင်သန်မှုကို ဖြစ်စေတယ်။
ထောင်သက်တမ်းနှစ်နှစ်ခွဲအကြာ ၁၉၄၅၊ မေလ ၉ ရက်မှာ စစ်ကြီးပြီးဆုံးပြီဆိုတဲ့ သတင်းကောင်းကို ကျွန်တော်တို့ကြားခဲ့ရတယ်။ အဲဒီနေ့မှာပဲ ကျွန်တော်လွတ်လာတယ်။ မိုင် ၇၀ လမ်းလျှောက်ကာ၊ ပင်ပန်းနွမ်းနယ်မှုနဲ့ ငတ်မွတ်မှုကြောင့် တကယ့်ကိုဖျားပြီး အိမ်ကိုပြန်ရောက်ခဲ့တယ်။ ပြန်လည်ကျန်းမာလာဖို့ လအတော်များများကြာခဲ့တယ်။
ရောက်ရောက်ခြင်းပဲ အလွန်ဝမ်းနည်းစရာကောင်းတဲ့သတင်းတွေက ကျွန်တော့်စိတ်ကိုထိခိုက်စေတယ်။ ဦးဆုံးကတော့ ကျွန်တော့်အမေပါပဲ။ အမေဟာ ထောင်ထဲမှာတစ်နှစ်ခွဲကြာပြီးနောက် ယေဟောဝါအပေါ် သူမရဲ့ယုံကြည်ချက်ကိုစွန့်လွှတ်ကြောင်း စာချုပ်မှာလက်မှတ်ရေးထိုးဖို့ နာဇီတွေကတောင်းဆိုတယ်။ သူမက ငြင်းဆိုလိုက်တယ်။ ဒါကြောင့် ဂက်စတာပိုတို့က သူမကို ရေဗန်စ်ဘာ့ဂ်မြို့မှာရှိတဲ့ အမျိုးသမီးချွေးတပ်စခန်းကို ပို့လိုက်ကြတယ်။ အဲဒီမှာ တိုက်ဖွိုက်ရောဂါနဲ့ စစ်မပြီးခင်ကလေးမှာပဲ ဆုံးသွားရှာတယ်။ သူမဟာ ရဲစွမ်းသတ္တိအရမ်းရှိတဲ့ ခရစ်ယာန်တစ်ဦးဖြစ်ပြီး ဘယ်တော့မှလက်မြှောက်အရှုံးမပေးဘဲ ကြံ့ကြံ့ခံရပ်တည်ခဲ့တယ်။ ယေဟောဝါ သူမကို သတိရပါစေ။
ယေဟောဝါထံ ဘယ်တုန်းကမှဆက်ကပ်အပ်နှံခြင်းမပြုခဲ့တဲ့ ကျွန်တော့်အစ်ကိုကြီး ဗာနာရဲ့သတင်းကိုလည်းရခဲ့တယ်။ သူက ဂျာမန်စစ်တပ်ထဲဝင်သွားပြီး ရုရှားမှာအသတ်ခံလိုက်ရတယ်။ အဖေကတော့အိမ်ပြန်လာခဲ့ပေမဲ့ ဝမ်းနည်းစရာကတော့ ရှက်ဖွယ်ဖြစ်တဲ့ သူတို့ရဲ့ယုံကြည်ချက်ကိုစွန့်လွှတ်ကြောင်း စာချုပ်မှာလက်မှတ်ရေးထိုးသူအနည်းငယ်ထဲက တစ်ဦးဖြစ်ခဲ့တယ်။ ကျွန်တော် သူ့ကိုသွားတွေ့တဲ့အခါ သူရဲ့ပုံစံက သုန်သုန်မှုန်မှုန်ဖြစ်နေပြီး စိတ်ပိုင်းဆိုင်ရာကယောက်ကယက်ဖြစ်နေတယ်။—၂ ပေတရု ၂:၂၀။
တိုတောင်းသောကာလရဲ့ ဇွဲရှိရှိဝိညာဉ်ရေးလှုပ်ရှားမှု
စစ်ပြီးနောက် ၁၉၄၆၊ မတ်လ ၁၀ ရက်မှာ လစ်ပဆင့်မြို့မှာကျင်းပတဲ့ ကျွန်တော့်အတွက်ဦးဆုံးဖြစ်တဲ့ အစည်းအဝေးကိုတက်ရောက်ခဲ့တယ်။ အဲဒီနေ့မှာပဲ နှစ်ခြင်းခံခြင်းပြုလုပ်မယ်လို့ ကြေညာလိုက်တဲ့အတွက် တော်တော့ကိုစိတ်လှုပ်ရှားသွားတယ်! ကျွန်တော်ဟာ ကျွန်တော့်ရဲ့ဘဝကို ယေဟောဝါဆီမှာ နှစ်ပေါင်းများစွာဆက်ကပ်အပ်နှံထားပေမဲ့ နှစ်ခြင်းခံယူဖို့ ဒါကကျွန်တော့်အတွက် ပထမဆုံးအခွင့်အရေးပါပဲ။ အဲဒီနေ့ကိုတော့ ကျွန်တော်တစ်သက်မေ့မှာမဟုတ်ပါဘူး။
ရှေ့ဆောင်လုပ်ပြီးတစ်လအကြာ ၁၉၄၇၊ မတ်လ ၁ ရက်မှာ မဲဂ်ျဒဘာ့ဂ်မြို့မှာရှိတဲ့ ဗေသလအိမ်သို့ဖိတ်ခေါ်ခြင်းခံရတယ်။ အသင်းမရဲ့ရုံးခန်းများဟာ ဗုံးဒဏ်ကြောင့် အတော်လေးကို ပျက်စီးနေတယ်။ ပြန်လည်ပြုပြင်ရေးလုပ်ငန်းမှာ ပါဝင်ရတာအခွင့်ထူးကြီးပါပဲ! အဲဒီနွေဦးချိန်ပြီးနောက် ဝင်တန်ဘာဂီမြို့မှာ အထူးရှေ့ဆောင်အနေနဲ့ တာဝန်ခန့်အပ်ခြင်းခံရတယ်။ အချို့လများမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းနဲ့ပတ်သက်ပြီး အခြားသူတွေကို ဟောပြောတဲ့နေရာမှာ နာရီပေါင်း ၂၀၀ ကျော်ကိုအသုံးပြုခဲ့တယ်။ စစ်မရှိ၊ နှိပ်စက်ညှဉ်းပန်းခြင်းမရှိ၊ ထောင်မရှိဘဲ ကျွန်တော်လွတ်လွတ်လပ်လပ်နေရတာ ပျော်လိုက်လေခြင်း!
ဝမ်းနည်းစရာက ဒီလွတ်လပ်မှုဟာ ကြာရှည်မခံလိုက်ပါဘူး။ စစ်ပြီးနောက် ဂျာမနီနိုင်ငံနှစ်ခြမ်းကွဲသွားပြီး ကျွန်တော်နေထိုင်တဲ့နယ်မြေက ကွန်မြူနစ်တွေရဲ့ အုပ်ချုပ်မှုအောက်ရောက်သွားပါတယ်။ ၁၉၅၀ စက်တင်ဘာမှာ ရှတာဇီအဖွဲ့လို့လူသိများတဲ့ အရှေ့ဂျာမနီလျှို့ဝှက်ရဲသားတွေက ညီအစ်ကိုတွေကို စနစ်တကျနဲ့စတင်ပြီးဖမ်းဆီးတော့တယ်။ ကျွန်တော့်ကို စွဲချက်တင်မှုက ရယ်စရာတောင်ကောင်းသေးတယ်။ အမေရိကန်အစိုးရအတွက် သူလျှိုလုပ်နေတယ်လို့ စွပ်စွဲကြတယ်။ သူတို့က ဘရန်ဒန်ဘာ့ဂ်မြို့မှာရှိတဲ့ ဒီနိုင်ငံရဲ့အဆိုးဆုံးရှတာဇီအကျဉ်းထောင်သို့ ကျွန်တော့်ကိုပို့လိုက်တယ်။
ကျွန်တော့်ရဲ့ ဝိညာဉ်ရေးညီအစ်ကိုများမှ ထောက်ပံ့မှု
အဲဒီမှာ ရှတာဇီတို့က ကျွန်တော့်ကို တစ်နေ့လုံးအိပ်စက်ခွင့်မပြုဘူး။ တစ်ညလုံးလည်းပဲ ကျွန်တော့်ကို စစ်ဆေးမေးမြန်းကြတယ်။ ဒီလိုနှိပ်စက်မှုကို ရက်အနည်းငယ်ခံရပြီးနောက် ပိုပြီးအခြေအနေဆိုးလာတယ်။ တစ်မနက်မှာတော့ ကျွန်တော့်ကို အကျဉ်းခန်းထဲပြန်ခေါ်သွားမယ့်အစား သူတို့ရဲ့နာမည်ကြီးလှတဲ့ အူဘို့ ဆဲလ်လန် (ယင်းတို့သည် မြေအောက်ထဲတွင်တည်ရှိသောကြောင့် ရေအောက်အကျဉ်းခန်းအဖြစ်သိရှိကြသည်) ထဲကိုခေါ်သွားတယ်။ သူတို့က ဟောင်းနွမ်းပြီးသံချေးတက်နေတဲ့ သံတံခါးကိုဖွင့်လိုက်ကာ အထဲဝင်ဖို့ပြောတယ်။ မြင့်နေတဲ့တံခါးခုံကို ကျွန်တော်ကျော်ပြီးဝင်လိုက်တယ်။ ကျွန်တော်ခြေချလိုက်တာနဲ့ ကြမ်းပြင်အားလုံးရေတွေနဲ့ ဖုံးလွှမ်းနေတယ်ဆိုတာ သိလိုက်ရတယ်။ တံခါးကို အားနဲ့ဆောင့်ပိတ်လိုက်တဲ့အတွက် ကျယ်လောင်စူးရှတဲ့အသံက ပေါ်ထွက်လာတယ်။ အဲဒီမှာ အလင်းရောင်နဲ့ ပြတင်းပေါက်လုံးဝမရှိဘူး။ မှောင်မဲနေတဲ့ တွင်းနက်ကြီးတစ်ခုပဲဖြစ်တယ်။
လက်မအတော်အတန်ထုရှိတဲ့ ကြမ်းပြင်ပေါ်ကရေကြောင့် ကျွန်တော့်မှာ ထိုင်မရ၊ လဲလျောင်းမရ၊ အိပ်မရဖြစ်ခဲ့ရတယ်။ ကုန်နိုင်ခဲတဲ့အချိန်ကိုစောင့်နေရင်းက ထပ်ပြီးစစ်ဆေးမေးမြန်းဖို့ ပြင်းထန်တဲ့အလင်းရောင်အောက် ကျွန်တော့်ကိုခေါ်သွားပြန်တယ်။ တစ်နေကုန် မှောင်ကြီးမည်းကြီးထဲ ရေမှာမတ်တတ်ရပ်နေရတာနဲ့ စူးရှလှတဲ့အလင်းရောင်တည့်တည့်အောက် တစ်ညလုံးသည်းခံနေရတာ ဘယ်ဟာကပိုဆိုးသလဲဆိုတာ ကျွန်တော်ဖြင့်မသိတော့ပါဘူး။
အခြေအနေအတော်များများမှာ သူတို့က ကျွန်တော့်ကို ပစ်သတ်မယ်လို့ခြိမ်းခြောက်ကြတယ်။ တစ်ညလုံးစစ်ဆေးမေးမြန်းပြီးတဲ့ တစ်မနက်မှာ ရာထူးကြီးတဲ့ရုရှားစစ်အရာရှိတစ်ဦး ကျွန်တော့်ဆီရောက်ချလာတယ်။ ဂျာမန်ရှတာဇီတွေရဲ့ ကျွန်တော့်အပေါ်ပြုမူဆက်ဆံပုံက နာဇီဂက်စတာပိုတွေထက်တောင် ပိုပြီးဆိုးတယ်လို့ သူ့ကိုပြောပြဖို့ အခွင့်အရေးရခဲ့တယ်။ ယေဟောဝါသက်သေများဟာ နာဇီအစိုးရလက်အောက်မှာ ကြားနေခဲ့ပြီး ကွန်မြူနစ်အစိုးရလက်အောက်မှာလည်းကြားနေကာ ကမ္ဘာတစ်ဝန်း ဘယ်နေရာဒေသမဆို နိုင်ငံရေးမှာဝင်မစွက်ဘူးဆိုပြီး သူ့ကိုပြောပြတယ်။ သူတို့နဲ့ခြားနားတဲ့ အခုရှတာဇီအရာရှိများစွာဟာ တစ်ချိန်ကဟစ်တလာလူငယ်အသင်းဝင်ခဲ့ဖြစ်ကြပြီး အဲဒီမှာ အပြစ်မဲ့တဲ့သူတွေအပေါ် လူမဆန်စွာနှိပ်စက်ညှဉ်းပန်းဖို့ သင်လာခဲ့ကြဟန်တူတယ်လို့ ကျွန်တော်ကပြောလိုက်တယ်။ ကျွန်တော်ပြောနေတဲ့အချိန်မှာပဲ ကျွန်တော့်ခန္ဓာကိုယ်ဟာ အအေးဒဏ်၊ ဆာလောင်မှုဒဏ်နဲ့ မောပန်းနွမ်းနယ်မှုကြောင့် တခိုက်ခိုက်တုန်ရီနေတယ်။
အံ့အားသင့်စရာမှာ ရုရှားအရာရှိက ကျွန်တော့်ကိုစိတ်မဆိုးတဲ့အပြင် စောင်ခြုံပေးပြီး ကြင်ကြင်နာနာနဲ့ဆက်ဆံလေတယ်။ သူလာလည်ပတ်ပြီး မကြာခင်မှာပဲ ကျွန်တော့်ကို ပိုပြီးကောင်းတဲ့အကျဉ်းခန်းထဲ ပြန်ပို့ကြတယ်။ ရက်အနည်းငယ်ကြာတော့ ဂျာမန်တရားရုံးဆီသို့ ကျွန်တော့်ကို လွှဲပြောင်းပေးလိုက်ကြတယ်။ ကျွန်တော့်ရဲ့အမှုကို ကိုင်တွယ်နေစဉ်တစ်လျှောက် ငါးယောက်နေတဲ့အခန်းမှာ အခြားယေဟောဝါသက်သေငါးဦးနဲ့အတူ နေခွင့်ရခဲ့တယ်။ တော်တော်ရက်စက်တဲ့ပြုမူဆက်ဆံမှုကို ခံရပ်ပြီးနောက် ကျွန်တော့်ရဲ့ဝိညာဉ်ရေးဆိုင်ရာ ညီအစ်ကိုတွေနဲ့ပေါင်းဖော်လိုက်ရခြင်းက ကျွန်တော့်အတွက် အားသစ်လောင်းလိုက်သလိုပါပဲ!—ဆာလံ ၁၃၃:၁။
တရားရုံးကနေ ကျွန်တော့်ကို သူလျှိုမှုနဲ့အပြစ်ရှိကြောင်းကြေညာပြီး စာရိတ္တပြုပြင်ရေးထောင်သို့ လေးနှစ်ပြစ်ဒဏ်ချမှတ်လိုက်တယ်။ အဲဒီပြစ်ဒဏ်က လျော့လျော့ပေါ့ပေါ့ပါပဲ။ ညီအစ်ကိုအချို့ခမျာ ဆယ်နှစ်ကျော်ပြစ်ဒဏ်ချမှတ်ခြင်းခံကြရရှာတယ်။ ကျွန်တော့်ကို လုံခြုံရေးတင်းကျပ်တဲ့ စာရိတ္တပြုပြင်ရေးထောင်ကိုပို့လိုက်ကြတယ်။ လုံခြုံရေးတင်းကျပ်လွန်းလို့ ကြွက်တစ်ကောင်တစ်မြီးတောင်မှ အဲဒီထောင်ကနေအပြင်ထွက်ဖို့ ဒါမှမဟုတ် ဝင်နိုင်ဖို့လွယ်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့အကူအညီနဲ့ ရဲစွမ်းသတ္တိရှိတဲ့ညီအစ်ကိုတချို့က ကျမ်းစာတစ်အုပ်လုံးကို တိတ်တဆိတ်ယူထားနိုင်ခဲ့တယ်။ အဲဒါကို ဖြုတ်ခဲ့ပြီး ကျမ်းစာတစ်စောင်ချင်းအနေနဲ့ ခွဲထုတ်ခဲ့ကာ ထောင်ထဲမှာရှိတဲ့ညီအစ်ကိုများကြားမှာ လှည့်ပတ်ခဲ့တယ်။
ဒီလိုလှည့်ပတ်နေဖို့ ကျွန်တော်တို့ ဘယ်လိုပြုလုပ်ကြသလဲ။ ဒီလိုပြုလုပ်ဖို့ တော်တော်ကိုခက်တယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်တဲ့တစ်ခုတည်းသောအချိန်ကတော့ နှစ်ပတ်တစ်ခါရေချိုးတဲ့အချိန်ပဲဖြစ်တယ်။ တစ်ခါက ကျွန်တော်ရေချိုးနေတုန်း ညီအစ်ကိုတစ်ယောက်က ကျမ်းစာစာရွက်အချို့ကို သူရဲ့မျက်နှာသုတ်ပဝါထဲမှာဖွက်ထားကြောင်း ကျွန်တော့်ကို တိုးတိုးလေးလာပြောသွားတယ်။ ရေချိုးပြီးနောက် ကျွန်တော်က ကျွန်တော့်ရဲ့မျက်နှာသုတ်ပဝါအစား သူရဲ့မျက်နှာသုတ်ပဝါကို ဆတ်ခနဲကောက်ယူသွားလိုက်တယ်။
အဲဒီညီအစ်ကို ကျွန်တော့်ကို တိုးတိုးလေးလာပြောတာကို အစောင့်တစ်ယောက်ကမြင်သွားတဲ့အတွက် သူ့ကို နံပါတ်တုတ်နဲ့ ပြင်းပြင်းထန်ထန်ရိုက်ပါလေရော။ ကျွန်တော်လည်း အဲဒီမျက်နှာသုတ်ပဝါကို မြန်မြန်လေးကောက်ယူပြီး အခြားထောင်သားတွေကြားမှာ ရောနှောနေလိုက်တယ်။ ကျွန်တော့်ကို ကျမ်းစာစာရွက်တွေနဲ့ မမိသွားတာကျေးဇူးတင်စရာပါပဲ။ တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးကျွေးမွေးခြင်းအစီအစဉ်ဟာ အန္တရာယ်ရှိနိုင်ပါတယ်။ အလားတူ အဖြစ်အပျက်များစွာကို ကျွန်တော်တို့ကျော်ဖြတ်ခဲ့ရတယ်။ အသက်ကိုရင်းထားပြီး ပုန်းလျှိုးကွယ်လျှိုးနဲ့ ကျွန်တော်တို့ရဲကျမ်းစာဖတ်ရှုခြင်းကို အမြဲပဲပြုလုပ်ခဲ့ကြပါတယ်။ တမန်တော်ပေတရုရဲ့ “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့” ဆိုတဲ့စကားက အမှန်တကယ်ပဲဆီလျော်လှပါတယ်။—၁ ပေတရု ၅:၈။
အကြောင်းတစ်ခုခုကြောင့် အာဏာပိုင်တွေက ကျွန်တော်တို့ထဲကအချို့ကို စာရိတ္တပြုပြင်ရေးထောင်တစ်ခုကနေ အခြားတစ်ခုကို ထပ်ခါတလဲလဲပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ လေးနှစ်အတွင်း ကျွန်တော်ဟာ စာရိတ္တပြုပြင်ရေးထောင် ဆယ်ခုခန့်ပြောင်းရွှေ့ခဲ့ရတယ်။ ဒါပေမဲ့ ညီအစ်ကိုများကို အမြဲပဲရှာတွေ့ခဲ့တယ်။ အဲဒီက ညီအစ်ကိုတွေအားလုံးကို ကျွန်တော်ပိုပြီးချစ်ချစ်လာကာ ကျွန်တော်ပြောင်းရွှေ့လိုက်တိုင်း သူတို့နဲ့ခွဲခွာခဲ့ရတဲ့အတွက် အရမ်းကိုပဲဝမ်းနည်းခဲ့ရတယ်။
နောက်ဆုံးမှာတော့ ကျွန်တော့်ကို လစ်ပဆင့်မြို့သို့ပို့လိုက်ပြီး အဲဒီမှာ ထောင်ကနေလွတ်မြောက်ခဲ့တယ်။ ကျွန်တော့်ကို လွှတ်ပေးတဲ့ထောင်စောင့်က နှုတ်ဆက်စကားပြောမဲ့အစား “ကျွန်ုပ်တို့ မကြာခင်မှာ ပြန်ဆုံကြတာပေါ့” လို့ပြောတယ်။ ယုတ်မာတဲ့သူရဲ့အကြံအစည်က ကျွန်တော့်ကို သံတိုင်များရဲ့နောက်ကွယ် ပြန်ရောက်စေချင်တယ်။ “ထာဝရဘုရား[သခင်]သည်ငါတို့ဘက်မှာရှိတော်မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌နေကြသောအခါ၊ အမျက်ထွက်၍ ငါတို့ကိုအသက်နှင့်တကွမျိုကြပြီတကား” လို့ပြောထားတဲ့ ဆာလံ ၁၂၄:၂၊ ၃ ကို ကျွန်တော်စဉ်းစားမိလေ့ရှိတယ်။
ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များအား ကယ်လွှတ်တော်မူ
အခုတော့ ကျွန်တော်ဟာ လွတ်မြောက်သူတစ်ဦးဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့အမြွှာညီအစ်မ ရုသ်နဲ့ အသင်းတော်ကညီအစ်မ ဟဲသာ ရှလန်ဇိုက ကျွန်တော်ကို ထောင်ဝမှာစောင့်နေကြတယ်။ ထောင်ကျနေတဲ့ကာလတစ်လျှောက် ဟဲသာဟာ အစားအသောက်အထုပ်ငယ်လေးကို လစဉ်ကျွန်တော့်ဆီပို့ပေးတယ်။ ဒီအထုပ်ငယ်လေးတွေသာမရခဲ့ရင် ထောင်ထဲမှာသေသွားနိုင်တယ်လို့ ကျွန်တော်တကယ်ပဲယူဆမိတယ်။ သူမကို ယေဟောဝါကရုဏာသက်စွာသတိရပါစေ။
ကျွန်တော်လွတ်မြောက်လာပြီးကတည်းက ယေဟောဝါဟာ လုပ်ငန်းတော်ရဲ့အခွင့်အရေးများစွာနဲ့အတူ ကောင်းချီးမင်္ဂလာပေးတော်မူတယ်။ ဂျာမနီနိုင်ငံ ဂရိုနူးမြို့မှာ အထူးရှေ့ဆောင်အနေနဲ့ ထပ်မံဆောင်ရွက်ရပြီး တိုက်နယ်ကြီးကြပ်မှူးအနေနဲ့ ဂျာမနီနိုင်ငံမှာရှိတဲ့ တောင်တန်းများမှာဆောင်ရွက်ခဲ့ရတယ်။ နောက်ပိုင်းမှာ [ခရစ်ယာန်]သာသနာပြုလုပ်ငန်းအတွက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းရဲ့ ၃၁ ကြိမ်မြောက်သင်တန်းမှာ စာရင်းသွင်းဖို့ ခေါ်ဖိတ်ခြင်းခံခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ ကျောင်းဆင်းပွဲကို ၁၉၅၈ ယေဟောဝါသက်သေများရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးအတွင်း ရန်ကီအားကစားကွင်းမှာပဲ ကျင်းပခဲ့တယ်။ များပြားလှတဲ့ ညီအစ်ကိုနဲ့ညီအစ်မအုပ်စုကြီးကို ကျွန်တော့်ရဲ့အတွေ့အကြုံအချို့ ပြောပြခွင့်ရရှိခဲ့တယ်။
ကျောင်းဆင်းပွဲပြီးနောက် [ခရစ်ယာန်]သာသနာပြုတစ်ဦးအနေနဲ့ ချီလီနိုင်ငံကိုထွက်ခဲ့တယ်။ အဲဒီမှာ ထပ်မံပြီးတိုက်နယ်ကြီးကြပ်မှူးအနေနဲ့ ဆောင်ရွက်ခဲ့ပြီး ပကတိအတိုင်း တကယ့်ကိုကမ္ဘာအစွန်အဖျားဖြစ်တဲ့ ချီလီတောင်ဘက်စွန်းသို့စေလွှတ်ခြင်းခံရတယ်။ ၁၉၆၂ မှာ ကျွန်တော်ဟာ ယူ.အက်စ်.အေ၊ တက္ကဆက်ပြည်နယ်၊ ဆန်အန် တိုနိုမြို့မှ သာသနာပြုတစ်ဦးဖြစ်သူ ချစ်မြတ်နိုးဖွယ်ကောင်းတဲ့ ပက်စီ ဘရိုင်တန်ဂဲလ်ကို လက်ထပ်ခဲ့တယ်။ သူမနဲ့အတူ လက်တွဲပြီး ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကောင်းမွန်စွာလုပ်ဆောင်ရတဲ့နေ့များကို ကျွန်တော်ပျော်မွေ့ခဲ့တယ်။
ကျွန်တော့်အသက်တာရဲ့ ၇၀ ကျော်နှစ်များအတွင်း ကျွန်တော်ဟာ ပျော်ရွှင်စရာအချိန်များစွာနဲ့ အတိဒုက္ခများစွာ ကြုံတွေ့ခဲ့ရတယ်။ ဆာလံဆရာက “ဖြောင့်မတ်သောသူသည် များစွာသောဒုက္ခဆင်းရဲခံရသော်လည်း၊ ထာဝရဘုရား [သခင်]သည် ခပ်သိမ်းသောဒုက္ခဆင်းရဲထဲက ကယ်လွတ်တော်မူ၏” လို့ပြောခဲ့တယ်။ (ဆာလံ ၃၄:၁၉) ၁၉၆၃ ချီလီမှာရှိနေတုန်း ပက်စီနဲ့ ကျွန်တော်တို့ရဲ့ သမီးငယ်လေးသေဆုံးသွားမှုကြောင့် ရင်ကွဲပက်လက်ဖြစ်ခဲ့ရတယ်။ နောက်ပိုင်း ပက်စီမှာ အဖျားအနာစွဲကပ်ပြီး ကျွန်တော်တို့ တက္ကဆက်ကိုပြောင်းခဲ့ကြတယ်။ သူမရဲ့အသက် ၄၃ နှစ်သာရှိသေးတဲ့အရွယ်မှာပဲ ဝမ်းနည်းဖွယ်ရာကောင်းတဲ့ အခြေအနေအောက်မှာသေဆုံးခဲ့ရတယ်။ ကျွန်တော်ဟာ ချစ်ရတဲ့ဇနီးကို ယေဟောဝါကရုဏာသက်စွာသတိရဖို့ မကြာခဏဆုတောင်းနေမိတယ်။
ကနေ့ဆိုရင် ကျွန်တော်ဟာ အိုမင်းမစွမ်းဖြစ်နေပေမဲ့ တက္ကဆက်ပြည်နယ် ဘရာဒီမြို့မှာ မှန်မှန်ရှေ့ဆောင်၊ အကြီးအကဲတစ်ဦးအနေနဲ့ အခွင့်ထူးကြီးမှာပါဝင်ဆောင်ရွက်နေတယ်။ ဘဝဟာ အမြဲလွယ်ကူချောမွေ့မှာမဟုတ်ဘူးဆိုတာ တကယ်ပါပဲ၊ အခြားစမ်းသပ်မှုတွေကို ဆက်ပြီးရင်ဆိုင်နေရအုံးမှာပါ။ ဒါပေမဲ့ ဆာလံဆရာပြောသလို ကျွန်တော်လည်းပြောနိုင်ပါပြီ– “အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍၊ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင်အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။”—ဆာလံ ၇၁:၁၇။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
(၁) ကနေ့ ကျွန်တော်ဟာ အကြီးအကဲနှင့် မှန်မှန်ရှေ့ဆောင်အဖြစ်ဆောင်ရွက်နေ၊ (၂) ကျွန်တော့်ဇနီးလောင်း ပက်စီနဲ့အတူ၊ (၃) ဟဲယ် ရှနိုင်ဒါရဲ့ စာသင်ခန်းထဲတွင်၊ (၄) ရေဗန်စ်ဘာ့ဂ်မှာသေဆုံးသွားတဲ့ ကျွန်တော့်မိခင်ထရီဇာ