အသင်းတော်စာအုပ်ကြီးသင်တန်းမှူးကို ဝိုင်းဝန်းကူညီပေးခြင်း
၁ အသင်းတော်စာအုပ်ကြီးသင်တန်းသည် သတင်းကောင်း၏ဓမ္မအမှုဆောင်များအဖြစ် ကျွန်ုပ်တို့အရည်အချင်းတိုးများလာစေရန် အလွန်အရေးပါသည်။ သမ္မာကျမ်းစာနှင့် အသင်းမစာအုပ်တစ်မျိုးမျိုးတွဲလေ့လာရာတွင် မိသားစုစိတ်ဓာတ်ရှိစေရန် အုပ်စုများကို တမင် လူနည်းစုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ လူနည်းစုဖြစ်၍လည်း လယ်ကွင်းဓမ္မအမှု၌ ပိုမိုထိရောက်စေရန် လေ့ကျင့်ပေးဖို့ အထူးလွယ်ကူစေသည်။ စာအုပ်ကြီးသင်တန်းအစီအစဉ်အားဖြင့် တစ်ဦးချင်းကို လွယ်ကူစွာ ကူညီအားပေးနိုင်ပါသည်။ ဤမွန်မြတ်သောအစီအစဉ်မှ ကိုယ်ကိုယ်တိုင် အကျိုးအများဆုံးရရှိရန် သင်တန်းမှူးကို မည်သို့ဝိုင်းဝန်းကူညီပေးနိုင်မည်နည်း။
၂ လယ်ကွင်းဓမ္မအမှုတွင် ဇွဲရှိရှိပါဝင်ခြင်း– စာအုပ်ကြီးသင်တန်းမှူး၏ အရေးအကြီးဆုံးတာဝန်တစ်ခုမှာ မိမိအုပ်စုရှိသူတိုင်း ဓမ္မအမှုတွင် ဇွဲလုံ့လရှိရှိ ပါဝင်စေရန် ကူညီပေးခြင်းဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ မိမိတို့ဓမ္မအမှုစာအုပ် စာမျက်နှာ ၅၆ ၌ “လယ်ကွင်းလှုပ်ရှားမှုများတွင် ဇွဲနှင့်၊ စိတ်အားထက်သန်မှုနှင့် မှန်မှန်ပါဝင်ခြင်းဖြင့် ကြေညာသူတို့လည်း ထိုပုံစံကို အတုခိုး ရောင်ပြန်ဟပ်လာကြမည်” ဟုသတိပေးထားပါသည်။ တစ်ခါတစ်ရံ သင်တန်းမှူးသည် မိမိအိမ်သူအိမ်သားများနှင့် လုပ်ငန်းတော်၌ပါဝင်မည်ဖြစ်သော်လည်း အခြေအနေခွင့်ပြုသည့်အလျောက် အခြားသူတို့နှင့်အတူ ဓမ္မအမှု၏ကဏ္ဍအသီးသီးတွင် တွဲဖက်ဆောင်ရွက်ရန် အသင့်ရှိပါလိမ့်မည်။ လယ်ကွင်းလုပ်ငန်းအတွက် အစည်းအဝေးများကို သင်မှန်မှန်အားပေးနိုင်ပါသလော။ ယင်းသို့ပြုမည်ဆိုလျှင် သင့်သင်တန်းမှူးနှင့် အခြားကြေညာသူများပါ အလွန်အားရှိပါလိမ့်မည်။
၃ ဟောပြောခြင်းလုပ်ငန်းတွင် ဇွဲလုံ့လနှင့် အားလုံးပါဝင်နိုင်ရန် အဆင်ပြေသောအရပ်များတွင် လယ်ကွင်းလုပ်ငန်းအတွက်စည်းဝေးခြင်းကို စီစဉ်ပေးလေ့ရှိသည်။ ဒေသခံအခြေအနေများအလိုက် အုပ်စုအသီးသီးသည် ဓမ္မအမှုတွင် စောစောစတင်လိုကြပါမည်။ စနေ၊ တနင်္ဂနွေနေ့များတွင် မွန်းလွဲပိုင်းအထိ ဓမ္မအမှုတွင်ပါဝင်ကြခြင်းဖြင့် ကြေညာသူနှင့်ရှေ့ဆောင်များစွာတို့သည် အောင်မြင်မှုများစွာရရှိခဲ့ကြပြီ။
၄ ဓမ္မအမှု၏ ကဏ္ဍတစ်မျိုးမျိုးတွင် သင်အကူအညီရလိုပါသလော။ အုပ်စုရှိ တတ်ကျွမ်းသောကြေညာသူတစ်ဦးနှင့်အတူ သင်တွဲဖက်အမှုဆောင်ရန် စာအုပ်ကြီးသင်တန်းမှူး စီစဉ်ပေးနိုင်ပေမည်။ လကုန်သည်နှင့် သင့်လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို စာရင်းသွင်းဖို့မမေ့ပါနှင့်။ ဤအရေးကြီးအလုပ်ကို သင်ဝိုင်းဝန်းလုပ်ကိုင်ပေးသဖြင့် စာအုပ်ကြီးသင်တန်းမှူးနှင့် အတွင်းရေးမှူးပါ သင့်အားကျေးဇူးတင်ပါလိမ့်မည်။—လုကာ ၁၆:၁၀ နှိုင်းယှဉ်။
၅ လုပ်ငန်းတော်ကြီးကြပ်မှူး အုပ်စုထံလည်ပတ်လာသည့်အခါ– လယ်ကွင်းဓမ္မအမှု၌ တိုးချဲ့ပါဝင်၍ ပိုမိုထိရောက်မှုရှိစေရန် တစ်လလျှင်စာအုပ်ကြီးသင်တန်းအုပ်စု တစ်ခုထံ လုပ်ငန်းတော်ကြီးကြပ်မှူး လည်ပတ်သွားလေ့ရှိပါသည်။ စာအုပ်ကြီးသင်တန်းအပြီးတွင် သူဟောပြောသည့် ၁၅ မိနစ်ဟောပြောချက်ကို ဂရုစိုက်နားထောင်ပါ။ ဟောပြောခြင်းငန်း ကဏ္ဍအသီးအသီး၌ တိုးတက်မှုရှိရန် တိတိကျကျသြဝါဒပေးချက်များကို သင် ကြားနာရလိမ့်မည်။ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း စာအုပ်ကြီးသင်တန်းအုပ်စုရှိသူအသီးသီးနှင့် အလှည့်ကျအမှုဆောင်ရန် လုပ်ငန်းတော်ကြီးကြပ်မှူး အသင့်ရှိပါလိမ့်မည်။ လယ်ကွင်းတွင် သူ၏ရင့်ကျက်သောတွေ့ကြုံမှုနှင့် အရည်အချင်းများမှ အကျိုးရရှိနိုင်ရန် ဤအထူးပြင်ဆင်ချက်ကို လက်ခံယူပါ။
၆ “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြ” ရာတွင် ကျွန်ုပ်တို့၏ဝိုင်းဝန်းကူညီမှုနှင့် အတွေ့အကြုံနည်းသူများကို ကူညီပေးရန် အသင့်ရှိခြင်းက အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ရင်းနှီးနွေးထွေးမှုရှိစေရန် များစွာအထောက်အကူပြုပါလိမ့်မည်။—ဂလ၊ ၆:၁၀။