ကင်းမျှော်စင် နှင့် နိုးလော့!—သမ္မာတရားဂျာနယ်များ
၁ ကျွန်ုပ်တို့၏မဂ္ဂဇင်းများပါအကြောင်းများသည် “လူများ၏အမှန်လိုအပ်ချက်များနှင့် သူတို့၏ဘဝကို အမှန်တကယ် ထိမိစေသောအချက်များကို အခန့်သင့်ဆောင်းပါးများ” ဖြင့်ထုတ်ဝေထားသည်ဟု ၁၉၉၄၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၂ ကသတိပေးပါသည်။ ဤဂျာနယ်များကို အနှံ့အပြား ဖြန့်ချိလိုကြမည်။ ဧပြီနှင့်မေလများအတွင်း ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းများနှင့် ကျောင်းဘရိုရှာမှအပ မည်သည့်ဘရိုရှာကိုမဆို ကျွန်ုပ်တို့အထူးဝေငှကြပါမည်။
၂ ဤမဂ္ဂဇင်းများကိုဝေငှနိုင်ရန် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် အကောင်းဆုံးအခွင့်အရေးများ ရရှိနိုင်ပါသည်။ ထိရောက်စွာဖြင့် အလွတ်သဘောသက်သေခံခြင်း၊ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းအားဖြင့်လည်း မှန်မှန်ဝေငှနိုင်မည့်အခွင့်အရေးများ ရပါလိမ့်မည်။ လမ်းပေါ်သက်သေခံခြင်းနှင့် ရပ်ကွက်ရှိ စီးပွားရေးဈေးကွက်များတွင် သက်သေခံခြင်းသည်လည်း ဖြန့်ချိနှုန်းကို တိုးတက်စေနိုင်မည့် နည်းလမ်းများ ဖြစ်ပါသည်။
၃ ဆွေးနွေးရန် အကြောင်းများ– ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင်က “သာ၍ကောင်းသောကမ္ဘာ—အိပ်မက်မျှသာလော” နှင့် “သာ၍ကောင်းသောကမ္ဘာ—တည်လုနီးပြီ!” အကြောင်းများကို သုံးသပ်ထားပါသည်။ ယင်းသည် မဂ္ဂဇင်း၏ ရည်မှန်းချက်ဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ကို ကြေညာခြင်းနှင့် အမှန်သင့်လျော်ပါသည်။ ဒုတိယဆောင်းပါး၏နိဂုံးတွင် ခရစ်တော်ယေရှုအုပ်စိုးမှုအောက်တွင် ထာဝရပရဒိသုသည် ဖြစ်ရပ်မှန်ဖြစ်လိမ့်မည်ဟု ဖော်ပြထားသည်။—လုကာ ၂၃:၄၃။
၄ “ယုံကြည်စိတ်ချလောက်သော လမ်းပြမှုကို အဘယ်မှာ ရှာတွေ့နိုင်မည်နည်း” ဟူသော မေးခွန်းကို ဧပြီ ၁၅ ထုတ်တွင် ဆွေးနွေးထားသည်။ မေလထုတ်များပါ “သင့်ဘာသာတရားသည် သင့်လိုအပ်ရာများကို ဖြည့်စွက်ပေးနေပါသလော” နှင့် “ကျမ်းစာကို အဘယ်ကြောင့်ဖတ်သင့်” ဆောင်ပါးများတွင် ဤအကြောင်းကို ထပ်ဆင့်ဆည်းပူးလေ့လာပါလိမ့်မည်။ မိမိတို့ဘဝသည် အဓိပ္ပာယ်ကင်းမဲ့ပြီး ရည်ရွယ်ချက်မရှိဟု ယူမှတ်နေသူများနှင့် အဆင့်သင့် အပြန်အလှန်စကား စတင်ပြောဆိုနိုင်သင့်ပါသည်။
၅ ဝေငှမှုတိုးတက်ခြင်း– ဇန်နဝါရီ ၁ ကင်းမျှော်စင်က မဂ္ဂဇင်းဝေငှခြင်း တိုးတက်ရန် အကြံပြုချက်လေးခု တင်ပြထားသည်။ (၁) မဂ္ဂဇင်းကိုအာရုံစိုက်ရန် ကျွန်ုပ်တို့ကို အားပေးထားသည်။ ယင်းတို့ကိုဖတ်သည့်အခါ ရပ်ကွက်ရှိသူများအတွက် ဆွဲဆောင်မှုဖြစ်မည့် ဆောင်းပါးများကို စဉ်းစားသင့်သည်။ ထို့ ပြင် စာစောင်များကို အမြဲသယ်ယူသွားမည်ဆိုလျှင် လုပ်ဖော်ကိုင်ဖက်၊ အိမ်နီးချင်း၊ ဆရာဆရာမများ၊ ကျောင်းနေဖက်ချင်း သို့မဟုတ် ဈေးဝယ်သူများနှင့် စကားပြောဆိုစဉ် သူတို့အား ဝေငှနိုင်ပေမည်။
၆ မဂ္ဂဇင်းဝေငှရာတွင် (၂) ရိုးရိုးကလေးတင်ပြရန် သတိပေးထားပါသည်။ စိတ်ဝင်စားစရာ အကြောင်းတစ်ခုကို ကောက်နှုတ်ပြီး လိုရင်းတိုရှင်းတင်ပြပါ။ အိမ်ထဲသို့ မဂ္ဂဇင်းရောက်စေနိုင်ပါက သင်တွေ့ဆုံသူ သို့မဟုတ် အခြားအိမ်သူအိမ်သားများအား ယင်းက “စကားပြော” ပါလိမ့်မည်။
၇ အခြားလိုအပ်ရာတစ်ခုမှာ (၃) ပြောင်းသာလွဲသာဖြစ်ရမည်။ ဆောင်းပါးအသီးသီးကို—လူငယ်များ၊ ယောက်ျားများ၊ မိန်းမများနှင့် ဆွေးနွေးရန် ပြင်ဆင်ထားလျှင် ကောင်းမည်။
၈ နောက်ဆုံး၊ (၄) ကိုယ်ပိုင်ပန်းတိုင်ထားရှိရန် လိုသည်။ အသင်းတော်လိုက် စောင်ရေ မည်ရွေ့မည်မျှ ဝေငှမည်ဟု မသတ်မှတ်နိုင်သော်လည်း ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ပန်းတိုင်ထားနိုင်ပါသည်။ ယင်းက မဂ္ဂဇင်းများကို စိတ်အားထက်သန်စွာ ဝေငှရန် လှုံ့ဆော်မှု ပိုရရှိစေပါမည်။ မဂ္ဂဇင်းစောင်ရေ မည်ရွေ့မည်မျှကိုကြိုတင် ပုံမှန်မှာယူထားလျှင် ပိုကြိုးစားလိုစိတ်ရှိပေမည်။
၉ သူတစ်ပါးအား ဘုရားသခင့်နိုင်ငံတော်အကြောင်း သိစေလိုကြသည်။ နိုင်ငံတော်သတင်း ပျံ့နှံ့ရန် မဂ္ဂဇင်းများပေးသည့်အထောက်အကူကို အပြည့်အဝအသုံးပြုကြစို့။—မ. ၁၀:၇။