သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းသည့်လက်ဆောင် အဘယ်ကြောင့်ဖြစ်ကြောင်း
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ” ပြီး ဉာဏ်ပညာနှင့်တန်ခိုးတော်လည်းရှိတော်မူကြောင်း သမ္မာကျမ်းစာက ဂုဏ်တင်ထားသည်။ (၁ ယောဟန် ၄:၈။ ယောဘ ၁၂:၁၃။ ဟေရှာယ ၄၀:၂၆) “စီရင်တော်မူသမျှသည် တရားနှင့်ညီ၏” ဟုလည်းဆိုထားသည်။ (တရားဟောရာ ၃၂:၄) သမ္မာကျမ်းစာအရဆိုလျှင် ဘုရားသခင်သည် ကရုဏာနှင့်သနားကြင်နာခြင်း စသည့်အရည်အချင်းများကိုလည်း တင်ပြတော်မူသည်။—ထွက်မြောက်ရာ ၃၄:၆။ ရောမ ၉:၁၅။
သမ္မာကျမ်းစာက ဘုရားသခင်အား ဤကဲ့သို့သောအရည်အချင်းများဖြင့် ဂုဏ်တင်ထားသောကြောင့် ကိုယ်တော်အားရှာဖွေနေသောလူသားများကို ကိုယ်တော့်ထံသို့ နီးကပ်စေသည်။ ဤစာအုပ်သည် ဖန်ဆင်းခြင်း၊ အပြစ်နှင့်သေခြင်း၏မူလအစ၊ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ရန်နည်းလမ်းများကို ဖော်ပြထားသည်။ မြေကြီးပေါ်တွင် ပရဒိသုပြန်လည်ဖြစ်ပေါ်လာမည့် စိတ်လှုပ်ရှားဖွယ်မျှော်လင့်ချက်များကိုလည်း တင်ပြထားသည်။ သို့ရာတွင် သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းသည့် လက်ဆောင်ဖြစ်ကြောင်း သက်သေထူနိုင်မှသာလျှင် ဤအရာအားလုံးအဓိပ္ပာယ်ရှိပေမည်။
သမ္မာကျမ်းစာနှင့်သိပ္ပံပညာ
သမ္မာကျမ်းစာသည် ပြစ်တင်ဝေဖန်မှုများကို စဉ်ဆက်မပြတ်အောင်နိုင်လာခဲ့သည်။ ဥပမာအားဖြင့် ယင်းကို အမြင်ကျယ်ကျယ်ဖြင့်ဖတ်လျှင် ယင်းသည် စစ်မှန်သောသိပ္ပံပညာနှင့်ကိုက်ညီကြောင်း တွေ့မြင်နိုင်သည်။ မှန်ပါသည်၊ သမ္မာကျမ်းစာကို ဝိညာဏရေးရာလမ်းညွှန်အဖြစ် ပြင်ဆင်ထားခြင်းဖြစ်သည်။ သိပ္ပံဖတ်စာအုပ်တစ်အုပ်အဖြစ်မဟုတ်ပါ။ သို့သော် သမ္မာကျမ်းစာသည် သိပ္ပံမှန်ကန်ချက်များနှင့်ကိုက်ညီမညီကို ကျွန်ုပ်တို့စစ်ဆေးကြည့်ကြစို့။
ခန္ဓာဗေဒ။ သမ္မာကျမ်းစာက လူ့သန္ဓေသားလောင်း၏ ‘အစိတ်အပိုင်းအားလုံး’ ကို “ရေးသား” ထားကြောင်း တိကျစွာဖော်ပြထားသည်။ (ဆာလံ ၁၃၉:၁၃-၁၆၊ ကဘ) ဦးနှောက်၊ နှလုံး၊ အဆုတ်၊ မျက်စိ—ယင်းတို့နှင့် အခြားသောကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးသည် မိခင်၏သားအိမ်အတွင်းရှိ သန္ဓေအောင်ဥတွင်ပါသော ဗီဇအမှတ်လက္ခဏာပေါ်တွင်ရေးမှတ်ထားသည်။ ယင်းအမှတ်လက္ခဏာထဲတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် အစီအစဉ်စနစ်တကျဖြင့်ဖြစ်ပေါ်လာရန်အတွက် အချိန်ဇယားလည်းပါဝင်သည်။ စဉ်းစားကြည့်ပါ။ သိပ္ပံပညာရှင်များသည် ဗီဇအမှတ်လက္ခဏာကိုရှာဖွေမတွေ့ရှိမီ နှစ်ပေါင်း ၃၀၀၀ နီးပါးခန့်ကတည်းက ဤကဲ့သို့လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းများ အဆင့်ဆင့်ကြီးထွားလာပုံအကြောင်းကို သမ္မာကျမ်းစာတွင်မှတ်တမ်းတင်ထားသည်။
တိရစ္ဆာန်များ၏ဘဝ။ ကျမ်းစာအရဆိုလျှင် “တောယုန်သည် . . . စားမြုံ့ပြန်” သည်ဟုဖော်ပြထားသည်။ (ဝတ်ပြုရာ ၁၁:၆။ ကဘ) ၁၉၆၄ ခုနှစ်ထုတ် (The Natural History of Mamnals) စာအုပ်စာမျက်နှာ ၄၁ တွင် François Bourlière က “‘သွားရေစာစားခြင်း’ သို့မဟုတ် အစာကိုအူအတွင်းတစ်ကြိမ်မကပဲ နှစ်ကြိမ်ဖြတ်သန်းစေခြင်းသည် ယုန်နှင့်တောယုန်တို့တွင် တွေ့ရလေ့ရှိသော အလေ့အထဖြစ်သည်။ အိမ်မွေးယုန်များသည် သူတို့၏အစာအိမ်တစ်ဝက်စာရှိ ည၌စွန့်ပစ်ထားသည့် အစာဟောင်းများကိုမဝါးပဲ မျိုချ၍ စားလေ့ရှိသည်။ တောယုန်များသည်တစ်ရက်နှစ်ကြိမ်ပုံမှန် သွားရေစာစားကြပြီး ဥရောပယုန်များလည်း အလားတူအလေ့အထရှိကြောင်းသိရသည်” ဟုပြောသည်။ ဤကိစ္စနှင့်ပတ်သက်၍ Mammals of the World E. P. Walker ရေးသည့် ၁၉၆၄ ခုနှစ်ထုတ် အတွဲ ၂၊ စာမျက်နှာ ၆၄၇) စာအုပ်တွင် “ယင်းသည်စားမြုံ့ပြန်တတ်သော နို့တိုက်တိရစ္ဆာန်များ ‘စားမြုံ့ပြန်ခြင်း’ ကဲ့သို့ပင်ဖြစ်သည်” ဟုဖော်ပြထားသည်။
ရှေးဟောင်းသုတေသနပညာ။ ကျမ်းစာတွင်ပါရှိသော ဘုရင်များ၊ မြို့များနှင့် လူမျိုးများသည် ရွံ့စာချပ်များ၊ အိုးခွက်ပန်းကန်များ၊ ကမ္ပည်းစာများနှင့် အလားတူပစ္စည်းများကို ပြန်လည်ရှာဖွေတွေ့ရှိခြင်းအားဖြင့် အသက်ဝင်လာကြသည်။ ဥပမာအားဖြင့် ကျမ်းစာတွင်ဖော်ပြထားသော ဟိတ္တိ (ဟစ်တိုက်) လူမျိုးများသည် အမှန်တကယ်တည်ရှိခဲ့သည်။ (ထွက်မြောက်ရာ၃:၈) ဆာချားလ်စ် မာစတန်က သူရေးသားသော The Bible Comes Alive စာအုပ်တွင် ဤသို့ဆိုထားသည်။ “သမ္မာကျမ်းစာအပေါ်လူအများ၏ယုံကြည်ချက်ကို လှုပ်ခါယိမ်းယိုင်စေပြီး ကျမ်းစာ၏သြဇာအာဏာကို တူးဆွဖျက်ဆီးသောသူသည် ရှာဖွေဖော်ထုတ်ခြင်းခံရသောအထောက်အထားများဖြင့် မိမိတို့ကိုယ်ကိုချေမွပျက်စီးစေပြီး သူတို့၏သြဇာအာဏာလည်း ပျက်စီးလေသည်။ ဂေါ်ပြားသည် ဖျက်လိုဖျက်ဆီးလုပ်သည့်ပြစ်တင်ဝေဖန်မှုများကို သံသယအကြောင်းရင်းများမြေမျက်နှာပြင်သို့ပေါ်ထွက်စေပြီး စိတ်ကူးယဉ်လုပ်ကြံမှုအဖြစ်ထင်ရှားစေသည်။”
ရှေးဟောင်းသုတေသနပညာသည် သမ္မာကျမ်းစာကို နည်းအမျိုးမျိုးဖြင့်ထောက်ခံသည်။ ဥပမာ၊ ရှာဖွေတွေ့ရှိမှုများသည် ကမ္ဘာဦးကျမ်းအခန်းကြီး ၁၀ ပါနေရာဒေသနှင့်အမည်နာမများကို အတည်ဖြစ်စေသည်။ တူးဖော်ရှာဖွေသူများသည် အာဗြဟံမွေးဖွားခဲ့သည့် စီးပွားရေးနှင့်ဘာသာရေးဗဟိုချက်မဖြစ်သော ခါလဒဲလူမျိုးတို့၏ ဥရမြို့ကို တူးဖော်တွေ့ရှိခဲ့ကြသည်။ (ကမ္ဘာဦး ၁၁:၂၇-၃၁) ယေရုရှလင်မြို့အရှေ့တောင်ပိုင်းရှိ ဂိဟုန်ချောင်း၏အထက်နားတွင် ဘုရင်ဒါဝိဒ်တိုက်ခိုက်အောင်မြင်ခဲ့သော ယေဗုသိလူမျိုးများ၏မြို့ကို ရှေးဟောင်းသုတေသနပညာရှင်များတွေ့ရှိကြသည်။ (၂ ဓမ္မရာဇဝင် ၅:၄-၁၀) ဘုရင်ဟေဇကိ၏ရေသွယ်မြောင်းအဆုံးတစ်ဖက်တွင် ထွင်းထားသောရှိလောင်ကမ္ပည်းကို ၁၈၈၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိသည်။ (၄ ဓမ္မရာဇဝင် ၂၀:၂၀) ဗာဗုလုန် [ဗေဘီလုန်] မြို့သည် မဟာကုရု [စိုင်းရပ်စ်] ၏လက်သို့ ဘီစီအီး ၅၃၉ ခုနှစ်တွင်ကျရောက်ခဲ့ကြောင်းကို စီအီး ၁၉ ရာစုတွင် တူးဖော်တွေ့ရှိသော နဘိုနိုက်ဒတ်စ်ကျောက်စာက ပြန်လည်ဖော်ပြသည်။ ဧသတာကျမ်းပါအသေးစိတ်မှတ်တမ်းများကို ပါစယ်ပေါလစ္စကမ္ပည်းစာနှင့် စီအီး ၁၈၈၀ ခုနှစ်နှင့် ၁၈၉၀ ခုနှစ်များအတွင်းကရှာဖွေတွေ့ရှိခဲ့သော ရှုရှန် သို့မဟုတ် စူးစား (ဧသတာ ၁:၂) မြို့ရှိ ဘုရင်ဇခ်စိဇ် (အာရွှေရု) ၏နန်းတော်ကိုပြန်လည်ရှာဖွေတွေ့ရှိခြင်းတို့က အတည်ပြုသည်။ ၁၉၆၁ ခုနှစ်တွင် ကဲသရိရောမဇာတ်ရုံ အပျက်အစီးများတွင်တွေ့ခဲ့ရသောကမ္ပည်းစာက ယေရှုကို နှက်တိုင်တင်ရန်အပ်ခဲ့သော ရောမဘုရင်ခံပုန္တိပိလတ်မင်းတည်ရှိခဲ့ကြောင်း သက်သေထူသည်။—မဿဲ ၂၇:၁၁-၂၆။
နက္ခတ္တဗေဒ။ ကမ္ဘာမြေကြီးသည် လုံးဝန်းကြောင်း လူအများမသိမီ ကြာမြင့်စွာ—လွန်ခဲ့သောနှစ်ပေါင်း ၂၂၀၀—ကတည်းက ပရောဖက်ဟေရှာယက “မြေကြီးစက်အပေါ်မှာထိုင်” တော်မူသောသူအကြောင်း ရေးသားခဲ့သည်။ (ဟေရှာယ ၄၀:၂၂) ဤနေရာတွင် “စက်” ဟုပြန်ဆိုထားသည့်ဟေဗြဲစာလုံး chugh ကို “စက်လုံးထု” ဟုလည်းဖော်ပြနိုင်သည်။ (ဘီဒေးဗစ်ဆင်ရေးသည့် Concordance of the Hebrew and Chaldee Scriptures စာအုပ်) ကမ္ဘာ့မိုးကုပ်စက်ဝိုင်းကို ကောင်းကင်တွင်ရှင်းလင်းစွာမြင်တွေ့နိုင်ပြီး တစ်ခါတစ်ရံ မြင့်မားစွာပျံသန်းသောလေယာဉ်ခရီးမှလည်း တွေ့မြင်နိုင်သည်။ ကြိုတင်သိထားခြင်းမရှိဘဲ ယောဘ ၂၆:၇ တွင် ဘုရားသခင်သည် “မြေကြီးကို အခုအခံမရှိဆွဲထားတော်မူ၏” ဟုပြောခဲ့သည်။ ယင်းအချက်မှန်ကန်သည်။ အကြောင်းမှာ ကမ္ဘာမြေကြီးသည် မည်သည့်မျက်မြင်ရအထောက်အမတစ်စုံတစ်ခုမျှမရှိကြောင်း နက္ခတ္တပညာရှင်များသိကြသည်။
ရုက္ခဗေဒ။ “မုန်ညင်းစေ့” သည် “အစေ့တကာတို့ထက်ငယ်” သည်ဟုယေရှုပြောခဲ့သောကြောင့် သမ္မာကျမ်းစာသည် တိကျမှန်ကန်မှုမရှိဟု လူအချို့မှားယွင်းစွာမှတ်ချက်ချကြသည်။ (မာကု ၄:၃၀-၃၂) အချင်း ၀.၀၃၉ မှ ၀.၀၆၃ လက်မသာရှိသော မုန်ညင်းမဲ (Brassica nigra သို့မဟုတ် Sinapis nigra) အစေ့ကိုယေရှုဆိုလိုခဲ့ဟန်တူသည်။ မှုန့်ညက်နေသည့်အမှုန်သဖွယ်ရှိ သစ်ခွစေ့ကဲ့သို့သော သာ၍သေးငယ်သည့်အစေ့များရှိသော်လည်း ယေရှုသည် သစ်ခွစိုက်ပျိုးသူများကိုစကားပြောနေခဲ့ခြင်းမဟုတ်။ ထိုဂါလိလဲနယ်ရှိဂျူးလူမျိုးများသည် ဒေသခံလယ်ယာသမားများစိုက်ပျိုးသည့် အစေ့အမျိုးမျိုးကိုသိပြီး၊ မုန်ညင်းစေ့သည် အငယ်ဆုံးဖြစ်ကြောင်းသိခဲ့သည်။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောနေခဲ့ခြင်းဖြစ်သည်။ ရုက္ခဗေဒအကြောင်းသင်ပေးနေခြင်းမဟုတ်ပါ။
ဘူမိဗေဒ။ ဖန်ဆင်းခြင်းဆိုင်ရာသမ္မာကျမ်းစာမှတ်တမ်းနှင့်ပတ်သက်၍ ထင်ရှားသည့်ဘူမိဗေဒပညာရှင် ဝေါလပ်စ်ပရတ်က “ဘူမိဗေဒပညာရှင်တစ်ဦးအနေနှင့် ကျွန်ုပ်သည် မြေကြီး၏အစနှင့် ယင်းအပေါ်သက်ရှိများ မည်သို့တိုးတက်ကြီးပွားလာပုံဆိုင်ရာ ခေတ်သစ်အယူအဆကို သမ္မာကျမ်းစာ၏ကမ္ဘာဦးကျမ်းကိုပေးအပ်ခြင်းခံခဲ့ရသော တောနေလူတန်းစားများကဲ့သို့ တိုတိုတုတ်တုတ်နှင့်ရိုးရိုးကလေးရှင်းပြရမည်ဆိုလျှင် ကမ္ဘာဦးကျမ်း၏ပထမအခန်းကြီးပါအချက်အလက်များကို အနီးစပ်ဆုံးပြန်ပြောခြင်းထက်ပို၍ ပြုနိုင်မည်မဟုတ်ပါ” ဟုပြောခဲ့သည်။ သမုဒ္ဒရာ၏အစ၊ ကုန်းမြေများပေါ်ထွက်လာခြင်း၊ ထို့နောက် ရေနေသတ္တဝါ၊ ငှက်များ၊ ကုန်းနေသတ္တဝါများဖြစ်ပေါ်လာခြင်းစသည့် ကမ္ဘာဦးကျမ်းပါဖြစ်စဉ်များသည် မရှိမဖြစ်လိုအပ်သော ကမ္ဘာ့ကပ်ကာလများ၏ အစီအစဉ်ကျသောအပိုင်းအခြားကြီးများဖြစ်ကြောင်း ပရတ် ကမှတ်ချက်ချခဲ့သည်။
ဆေးပညာ။ စီရိုင်မာစမစ်သ်က သူရေးသော The Physician Examines the Bible စာအုပ်တွင် ဤသို့ဆိုထားသည်။ “သမ္မာကျမ်းစာသည် ဆေးပညာရှုထောင့်တွင် အလွန်တိကျသည်ကို ကျွန်ုပ်အလွန်အံ့သြမိသည်။ . . . အနာများ၊ ဒဏ်ရာများ စသည်တို့၏ကုသနည်းများကိုဖော်ပြရာတွင် ခေတ်ပေါ်စံချိန်များအရချိန်ထိုးကြည့်လျှင်ပင် မှန်ကန်လျက်ရှိသည်။ ယနေ့လူများစွာတို့သည် အယူသည်းမှုများကိုလက်ခံယုံကြည်ဆဲရှိရာ ဘတ်ခ်အိုင်းခေါ်အစေ့ကို အင်္ကျီအိတ်ထဲထည့်ထားလျှင် ဒူလာရောဂါပျောက်သည်၊ ဖားပြုပ်များကိုကိုင်လျှင် ကြွက်နို့ဖြစ်တတ်သည်၊ လည်ပင်းတွင် အနီရောင်ဖလန်နယ်စကိုစည်းထားလျှင် လည်ချောင်းနာပျောက်စေသည်၊ ရှိန်းခိုအိတ်ကိုလွယ်ထားခြင်းသည် ရောဂါများကိုကာကွယ်နိုင်သည်၊ ကလေးတစ်ယောက်ဖျားတိုင်း သန်ကောင်ရှိသည် စသဖြင့်ယုံကြည်ကြသည်။ သို့ရာတွင် သမ္မာကျမ်းစာ၌ ယင်းသို့ဖော်ပြထားချက်တစ်ခုမျှမတွေ့ရပါ။ ယင်းအချက်ကိုယ်၌သည် မှတ်သားဖွယ်ဖြစ်သော်လည်း ကျွန်ုပ်အတွက်မူ ကျမ်းစာသည်ဘုရားသခင်ထံမှဖြစ်ကြောင်း သက်သေတစ်ခုဖြစ်သည်။”
ရာဇဝင်ဆိုင်ရာအသေးစိတ်အချက်အလက်များတွင် ယုံကြည်စိတ်ချနိုင်
A Lawyer Examines the Bible စာအုပ်ရေးသူ ရှေ့နေအာဝင် အိပ်ချ်၊ လင်တန်က ဤသို့မှတ်ချက်ချသည်။ “စိတ်ကူးယဉ်အချစ်ဇာတ်လမ်းများ၊ ပုံပြင်ဒဏ္ဍာရီများနှင့် မမှန်သောသက်သေများတို့သည် ဝေးကွာသောဒေသရှိအဖြစ်အပျက်များနှင့် မတိကျသောအချိန်များတို့ကို ဂရုတစိုက်ထည့်သွင်းခြင်းအားဖြင့် ကျွန်ုပ်တို့ရှေ့နေများသင်ယူခဲ့ရသော ‘တင်ပြချက်သည် အချိန်နှင့်နေရာကို ဖော်ကြရမည်’ ဟူသည့် ကောင်းသောလျှောက်လဲချက်၏ပထမဥပဒေသကို ချိုးဖောက်ရာရောက်သည်။ သမ္မာကျမ်းစာ၏ဖော်ပြချက်များမူ အကြောင်းအရာနှင့်သက်ဆိုင်သည့် အတိကျဆုံးသောနေ့စွဲနှင့်နေရာဒေသတို့ကို ကျွန်ုပ်တို့အားဖော်ပြသည်။”
ဤအချက်ကိုသက်သေထူရန် ခရစ်ဝင်ကျမ်းရေးသူက ယေရှုဓမ္မအမှုစတင်ချိန်ကိုရေတွက်နိုင်ရန် အရာရှိခုနစ်ဦး၏အမည်ကိုဖော်ပြထားသည့် လုကာ ၃:၁၊ ၂ ကို လင်တန်ရည်ညွှန်းထားသည်။ ဤတွင်လုကာပေးသည့် အသေးစိတ်မှတ်တမ်းကို သတိထားကြည့်ပါ။ “ကဲသာဘုရင်တိဗေရိနန်းစံ တစ်ဆယ်ငါးနှစ်တွင် ယုဒပြည်၌ ပုန္တိပိလတ်သည် မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့်တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည်စော်ဘွားအရာ၊ အန္နနှင့်ကယာဖတို့သည် ယဇ်ပုရောဟိတ်မင်းအရာအသီးသီးရှိကြသောအခါ တော၌ရှိသောဇာခရိ၏သားယောဟန်သည် ဘုရားသခင်၏ဗျာဒိတ်တော်ကိုခံရ၏။”
သမ္မာကျမ်းစာတွင် ယင်းကဲ့သို့သောအသေးစိတ်မှတ်တမ်းများစွာပါဝင်သည်။ ထို့အပြင် ခရစ်ဝင်ကျမ်းကဲ့သို့သောအပိုင်းများသည် ဂျူး၊ ဂရိနှင့် ရောမတို့၏ယဉ်ကျေးမှုအမြင့်မားဆုံးထွန်းကားသည့်အချိန်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်သည် ရှေ့နေများ၊ စာရေးသူများ၊ အကြီးအကဲများနှင့် အလားတူပုဂ္ဂိုလ်များ၏အချိန်ဖြစ်ခဲ့သည်။ ခရစ်ဝင်ကျမ်းများနှင့် သမ္မာကျမ်းစာ၏အခြားအပိုင်းများပါ အသေးစိတ်မှတ်တမ်းများသည် အမှန်တရားသာမဟုတ်ခဲ့ပါမူ ယင်းတို့သည် လုပ်ကြံမှုများဖြစ်ကြောင်း ဖော်ထုတ်ခံခဲ့ရပေမည်။ သို့ရာတွင် လောကီသမိုင်းဆရာများသည် ခရစ်တော်ယေရှုတည်ရှိခဲ့သည့်အချက်ကို အတည်ပြုကြသည်။ ဥပမာ၊ ယေရှုနှင့်နောက်တော်လိုက်များနှင့်ပတ်သက်၍ ရောမသမိုင်းဆရာ တပ်စီးတပ်စ်ဤသို့ရေးသားခဲ့သည်။ “[ခရစ်ယာန်] ဟူသောအမည်သည် တိဗေရိမင်းနန်းစံချိန်က ဘုရင်ခံပုန္တိပိလတ်သတ်ခဲ့သည့် ခရစ္စတပ်စ်ဟူသောပုဂ္ဂိုလ်မှ ဆင်းသက်လာသည်။” (Annal, Book XV, 44 ) သမ္မာကျမ်းစာ၏ သမိုင်းဆိုင်ရာတိကျမှန်ကန်မှုက ယင်းသည် လူသားများကိုဘုရားသခင်ပေးသောလက်ဆောင်ဖြစ်ကြောင်း သက်သေထူရာတွင် အကူအညီဖြစ်စေသည်။
အခိုင်မာဆုံးအထောက်အထား
ရှေးဟောင်းသုတေသနပညာ၊ နက္ခတ္တဗေဒပညာ၊ သမိုင်းနှင့် အခြားသောအသိပညာနယ်ပယ်များသည် သမ္မာကျမ်းစာကိုထောက်ခံသော်လည်း သမ္မာကျမ်းစာကိုယုံကြည်ခြင်းသည် ထိုအချက်များအပေါ်မူမတည်ပါ။ သမ္မာကျမ်းစာသည် ဘုရားသခင်ထံမှမှုတ်သွင်းခံလက်ဆောင်ဖြစ်ကြောင်း မြောက်မြားစွာသောသက်သေများအနက် သမ္မာကျမ်းစာပရောဖက်ပြုချက်များ၏ပြည့်စုံချက်များထက် ခိုင်မာသည့်အထောက်အထား မရှိပါ။
ယေဟောဝါဘုရားသခင်သည် စစ်မှန်သောပရောဖက်ပြုချက်၏မူလအမြစ်ဖြစ်တော်မူသည်။ မိမိ၏ပရောဖက်ဟေရှာယအားဖြင့် ကိုယ်တော်မိန့်တော်မူသည်မှာ “အရင်ဟောသောအရာတို့သည် ဖြစ်ကြပြီ။ အသစ်သောအရာတို့ကို ယခုငါဟော၏။ မပေါ်လာမီသင်တို့အားငါပြနှင့်၏” ဟူ၍ဖြစ်သည်။ (ဟေရှာယ ၄၂:၉) ထို့ပြင် သမ္မာကျမ်းစာက ယင်းကိုရေးသားသူများသည် ဘုရားသခင်၏ဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသည့်စွမ်းအား,အားဖြင့်မှုတ်သွင်းခံခဲ့ရကြောင်း ဖော်ပြထားသည်။ ဥပမာ၊ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်” သည်ဟု ခရစ်ယာန်တမန်တော်ပေါလုရေးသားခဲ့သည်။ (၂ တိမောသေ ၃:၁၆) တမန်တော်ပေတရုက “ကျမ်းစာ၌ပါသောအနာဂတ္တိစကားမည်သည်ကား ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေးဦးစွာသိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့်ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကိုခံရ၍ ဟောပြောကြ၏” ဟုရေးသားခဲ့သည်။ (၂ ပေတရု ၁:၂၀၊ ၂၁) ထို့ကြောင့် သမ္မာကျမ်းစာ၏ပရောဖက်ပြုချက်များကို ကြည့်ကြစို့။
ကျမ်းစာတွင်ပါသော ပရောဖက်ပြုချက်ရာပေါင်းများစွာထဲမှ တစ်ခုမှာ အရှေ့အလယ်ပိုင်းဒေသတစ်လျှောက်လုံးကို ၁၅ ရာစုနှစ်ကျော်ကာလအထိ အကြမ်းဖက်မှုများပျံ့နှံ့စေခဲ့သော “လူအသက်ကိုသတ်တတ်သောမြို့” ဖြစ်သည့် အာရှုရိမြို့တော်နိနေဝေနှင့်ပတ်သက်သော အကြောင်းအရာများဖြစ်သည်။ (နာဟုံ ၃:၁) နိနေဝေမြို့တန်ခိုးအာဏာအကြီးမားဆုံးအချိန်တွင် “နိနေဝေမြို့ကို လူဆိတ်ညံရာအရပ်၊ လွင်ပြင်ကဲ့သို့သွေ့ခြောက်သောအရပ်ဖြစ်စေတော်မူမည်။ မြို့အလယ်၌ သိုးစုများနှင့်တစ်ပါးအမျိုး သားရဲအပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌နေရာကျ၍ ပြတင်းပေါက်၌မြည်ကြလိမ့်မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား၌အပြောက်ပယ်ရှင်းလျက်ရှိလိမ့်မည်” ဟုသမ္မာကျမ်းစာကြို၍ပြောခဲ့သည်။ (ဇေဖနိ ၂:၁၃၊ ၁၄) ယနေ့ ရှေးနိနေဝေမြို့ပျက် နေရာဖြစ်သည့်မြေပုံကိုသာ လည်ပတ်သူများတွေ့ရှိကြရသည်။ ထို့အပြင်၊ ကြိုတင်ဟောထားသည့်အတိုင်း ထိုတွင်သိုးအုပ်များကျက်စားနေကြသည်။
ဘုရားသခင်ပရောဖက်ဒံယေလသည် ရှည်သောချိုနှစ်ချောင်းရှိသိုးထီးတစ်ကောင်နှင့် မျက်စိနှစ်လုံးကြား၌ ချိုကြီးတစ်ခုရှိသောဆိတ်ထီးတစ်ကောင်တို့ကို ရူပါရုံအားဖြင့်မြင်ခဲ့ရသည်။ ဆိတ်ထီးသည် သိုးထီးကိုခတ်လှဲချလိုက်ပြီး ချိုနှစ်ချောင်းကိုကျိုးပဲ့စေခဲ့သည်။ ထိုနောက် ဆိတ်၏ချိုကြီးသည် ကျိုးပဲ့ပြီး ယင်း၏နေရာတွင် ချိုငယ်လေးချောင်းပေါ်ထွက်လာသည်။ (ဒံယေလ ၈:၁-၈) ကောင်းကင်တမန်ဂါဗြေလက ဤသို့ရှင်းပြသည်မှာ “ချိုနှစ်ချောင်းနှင့်ပေါ်လာသောသိုးသည် မေဒိ [မီးဒီးစ်] ရှင်ဘုရင်၊ ပေရသိ [ပါးရှား] ရှင်ဘုရင် ဖြစ်၏။ အမွေးကြမ်းသောဆိတ်သည် ဟေလသ [ဂရိ] ရှင်ဘုရင်ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသောချိုကြီးသည် ပထမမင်းဖြစ်၏။ ထိုချိုကျိုးပဲ့၍ သူ့အရာ၌ချိုလေးချောင်းပေါက်သည်မှာ အရင်နိုင်ငံတွင် နိုင်ငံလေးပါးတည်ထောင်လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့်မပြည့်စုံကြ။” (ဒံယေလ ၈:၂၀-၂၂) သမိုင်းကသက်သေထူခဲ့သည့်အတိုင်း မေဒိ၊ ပေရသိအင်ပါယာဖြစ်သည့် ချိုနှစ်ချောင်းရှိသိုးထီးသည် “ဂရိဘုရင်” ၏မှောက်လှန်ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ပုံဆောင်ဆိတ်ထီးသည် ယင်းပုံဆောင်သည့်ပုဂ္ဂိုလ်ဖြစ်သည့် မဟာအလက်ဇန္ဒား၏လက်ထဲတွင် သူ၏ “ချိုကြီး” ရှိသည်။ သူသေသွားပြီးနောက်ပိုင်း သူ၏စစ်ဗိုလ်ချုပ်လေးဦးတို့သည် “နိုင်ငံလေးခု” ခွဲဝေ၍ တန်ခိုးအာဏာကိုရယူကြခြင်းအားဖြင့် ထို “ချိုကြီး” ကို အစားထိုးခဲ့ကြသည်။
ဟေဗြဲကျမ်း (“ဓမ္မဟောင်းကျမ်း”) ပါပရောဖက်ပြုချက်မြောက်မြားစွာတို့သည် ယေရှုနှင့်ပတ်သက်၍ ပြည့်စုံလာခဲ့ကြသည်။ ယင်းတို့အနက်အချို့သည် ဘုရားသခင်မှုတ်သွင်းခြင်းခံရသော ခရစ်ယာန်ဂရိကျမ်း (“ဓမ္မသစ်ကျမ်း”) ကိုရေးသားသူများအားဖြင့် ကိုယ်တော်၌ပြည့်စုံခဲ့သည်။ ဥပမာ၊ အပျိုကညာမှယေရှုမွေးဖွားလာမည့်အကြောင်း၊ ကိုယ်တော်၌ ရှေ့ပြေးရှိမည်အကြောင်း၊ မြည်းကလေးတစ်ကောင်ကိုစီး၍ ယေရုရှလင်မြို့ထဲသို့ဝင်မည့်အကြောင်းစသည့် ကျမ်းစာပရောဖက်ပြုခြင်း၏ပြည့်စုံချက်ကို ခရစ်ဝင်ကျမ်းရေးသူမဿဲက ညွှန်ပြခဲ့သည်။ (မဿဲ ၁:၁၈-၂၃။ ၃:၁-၃။ ၂၁:၁-၉ တို့ကို ဟေရှာယ ၇:၁၄။ ၄၀:၃။ ဇာခရိ ၉:၉ တို့နှင့်နှိုင်းယှဉ်ပါ) ထိုပရောဖက်ပြုချက်ပြည့်စုံခြင်းတို့က သမ္မာကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံလက်ဆောင်တစ်ခုဖြစ်ကြောင်းသက်သေထူရန် အကူအညီပေးသည်။
ကျမ်းစာပရောဖက်ပြုချက်၏ လက်ရှိပြည့်စုံနေချက်များက ကျွန်ုပ်တို့သည် “နောက်ဆုံးကာလ” အတွင်းအသက်ရှင်နေကြကြောင်း သက်သေပြသည်။ (၂ တိမောသေ ၃:၁-၅) စစ်၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါများ၊ မြေငလျင်ကြီးများတို့သည် ဘုရားသခင့်နိုင်ငံတော်အာဏာဖြင့် ယေရှု “ရောက်ရှိခြင်း” ၏ “နိမိတ်လက္ခဏာ” ဖြစ်ကြသည်။ နိမိတ်လက္ခဏာထဲတွင် လေးသန်းကျော်သော ကျွန်ုပ်တို့ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီဟူသော သတင်းကောင်းကို ကြေညာခြင်းလုပ်ငန်းလည်းပါဝင်သည်။ (မဿဲ ၂၄:၃-၁၄။ လုကာ ၂၁:၁၀၊ ၁၁) ယခုဖြစ်ပျက်လျက်ရှိသော ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံခြင်းများသည်လည်း ယေရှုအားဖြင့်ဘုရားသခင့်ကောင်းကင်အစိုးရသည် နာခံမှုရှိလူသားများအတွက် ထာဝရပျော်ရွှင်မည့်ကမ္ဘာသစ်တစ်ခုကို မကြာမီလုပ်ဆောင်ပေးတော့မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည်။—၂ ပေတရု ၃:၁၃။ ဗျာဒိတ် ၂၁:၁-၅။
“ပြည့်စုံပြီးသောကျမ်းစာပရောဖက်ပြုချက်များ” ခေါင်းစဉ်တပ်ထားသည့် နောက်ဆက်တွဲပါဇယားသည် ရာပေါင်းများစွာသောကျမ်းစာပရောဖက်ပြုချက်များအနက်မှ အနည်းငယ်မျှသာဖြစ်သည်။ ယင်းတို့မှ အချို့တို့၏ပြည့်စုံချက်ကို သမ္မာကျမ်းစာကိုယ်နှိုက်က မှတ်တမ်းတင်ထားပြီး အထူးမှတ်သားထိုက်သည်မှာ ယနေ့ပြည့်စုံနေသောပရောဖက်ပြုချက်များဖြစ်သည်။
သမ္မာကျမ်းစာတွင် ကြိုတင်ဖော်ပြထားသော ကမ္ဘာချီဖြစ်ပျက်နေသည့်အကြောင်းအရာတစ်ခုကို သင်တွေ့မြင်ပေလိမ့်မည်။ သို့သော် အဘယ်ကြောင့် ပိုမိုသိရှိနိုင်ရန်မစုံစမ်းသနည်း။ သင်တောင်းဆိုမည်ဆိုပါက ယေဟောဝါသက်သေများသည် နောက်ထပ်အသေးစိတ်အကြောင်းအရာများကို ဝမ်းမြောက်စွာသင့်အားပြောပြပေးပါမည်။ အမြင့်ဆုံးသောဘုရားသခင်နှင့် ကိုယ်တော်၏ရည်ရွယ်တော်မူချက်ဆိုင်ရာအသိပညာများကို စိတ်ရင်းမှန်နှင့်သင်၏စုံစမ်းမှုက သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင်မှုတ်သွင်းသည့်လက်ဆောင်ဖြစ်ကြောင်း သင်အားယုံကြည်စိတ်ချမှုပေးပါစေ။
[စာမျက်နှာ ၇ ပါ ဇယား]
ပြည့်စုံပြီးသောပရောဖက်ပြုချက်များ
ပရောဖက်ပြုချက် ပြည့်စုံချက်
ကမ္ဘာဦး ၄၉:၁၀ ယုဒသည် ဣသရေလမင်းမျိုးမင်းနွယ်ဖြစ်လာ(၁ ရာဇဝင်ချုပ် ၅:၂; ဟေဗြဲ ၇:၁၄)
ဇေဖနိ ၂:၁၃၊ ၁၄ ဘီစီအီး ၆၃၂ ခုနှစ်လောက်တွင် နိနေဝေမြို့ဖျက်ဆီးခံခဲ့ရ
ယေရမိ ၂၅:၁-၁၁။ ဟေရှာယ ၃၉:၆ ယေရုရှလင်ကိုအောင်နိုင်ခြင်းသည် အနှစ် ၇၀ ပျက်စီးခြင်းကိုအစပြု (၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁။ ယေရမိ ၃၉:၁-၉)
ဟေရှာယ ၁၃:၁၊ ၁၇-၂၂။ ဗာဗုလုန်ကိုကုရုမင်းအောင်မြင်၊ ဂျူးလူမျိုးများမိမိတို့နိုင်ငံသို့ပြန်လာခဲ့ကြ ၄၄:၂၄-၂၈။ ၄၅:၁၊ ၂ (၂ ရာဇဝင်ချုပ် ၃၆:၂၀-၂၃။ ဧဇရ ၂:၁-၆)
ဒံယေလ ၈:၃-၈၊ ၂၀-၂၂ မေဒိ-ပေရသိသည် မဟာအလက်ဇန္ဒားအားဖြင့်မှောက်လှန်ခံရပြီး ဂရိနိုင်ငံကွဲပြားခြင်း
ဟေရှာယ ၇:၁၄။ မိက္ခာ ၅:၂ ယေရှုသည် ဗက်လင်မြို့တွင် အပျိုကညာမာရိမှမွေးဖွားခြင်း (မဿဲ ၁:၁၈-၂၃; ၂:၁-၆)
ဒံယေလ ၉:၂၄-၂၆ မေရှိယအဖြစ်ယေရှုဘိသိက်ပေးခံရခြင်း (စီအီး ၂၉ ခုနှစ်) (လုကာ ၃:၁-၃၊ ၂၁-၂၃)
ဟေရှာယ ၉:၁၊ ၂ ယေရှု၏တက်ကြွသည့်ဓမ္မအမှုဆောင်ခြင်းဂါလိလဲနယ်တွင်စတင် (မဿဲ ၄:၁၂-၂၃)
ဟေရှာယ ၅၃:၄၊ ၅၊ ၁၂ ရွေးဖိုးပူဇော်သက္ကာအဖြစ်ယေရှုသေခြင်း (မဿဲ ၂၀:၂၈။ ၂၇:၅၀)
ဆာလံ ၂၂:၁၈ ယေရှု၏အဝတ်ကိုမဲခွဲယူကြခြင်း (ယောဟန် ၁၉:၂၃၊ ၂၄)
ဆာလံ ၁၆:၁၀။ သုံးရက်မြောက်သောနေ့တွင်ယေရှုရှင်ပြန်ထမြောက်ခြင်း မဿဲ ၁၂:၄၀ (မာကု ၁၆:၁-၆။ ၁ ကောရိန္သု ၁၅:၃-၈)
လုကာ ၁၉:၄၁-၄၄၊ ၂၁:၂၀-၂၄ ရောမလူမျိုးများအားဖြင့်ယေရုရှလင်ပျက်စီးခြင်း (စီအီး ၇၀ ခုနှစ်)
လုကာ ၂၁:၁၀၊ ၁၁; မဿဲ ၂၄: တစ်ခါမျှမဖြစ်ဖူးသောစစ်ပွဲ၊ ငတ်ပြတ်မှု၊ မြေငလျင်များ၊ ကပ်ရောဂါများ ၃-၁၃။ ၂ တိမောသေ ၃:၁-၅ မတရားမှုများနှင့် အခြားသောအရာများသည် “နောက်ဆုံးကာလ” ကိုဖော်ပြ
မဿဲ ၂၄:၁၄။ ဟေရှာယ ၄၃:၁၀။ ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ပြီးဖြစ်၍ မကြာမီ ဆန့်ကျင်သူများကို ဆာလံ ၂:၁-၉ အောင်မြင်တော့မည့်အကြောင်း ယေဟောဝါသင်သေများကြွေးကြော်ကြခြင်း
မဿဲ ၂၄:၂၁-၃၄။ အပြည်ပြည်ဆိုင်ရာမိသားစုဖြစ်သည့်ယေဟောဝါသက်သေတို့သည် ဘုရားသခင်ကို ဗျာဒိတ် ၇:၉-၁၇ ဝတ်ပြုနေကြခြင်းနှင့် “ကြီးစွာသောဒုက္ခ” အတွက်ပြင်ဆင်နေကြခြင်း၊