အသင်သည် များစွာကြဲနေသလော
၁ “များများထည့်လေ များများရလေ” ဟူ၍ ဆိုရိုးရှိသည်။ ယင်းသည် အထူးသဖြင့် ဝတ်ပြုရေးနှင့်ပတ်သက်၍ မှန်ကန်လှသည်။ စည်းဝေးများအတွက် ပြင်ဆင်ခြင်း၊ နိုင်ငံတော်သတင်း ဟောပြောခြင်း၊ ညီအစ်ကိုများအား မေတ္တာပြခြင်း၌ အချိန်နှင့် ခွန်အားများများစိုက်ထုတ်လေ ဝိညာဏတိုးတက်မှုဘက် များများရလေဖြစ်မည်။ ဆန့်ကျင်ဘက်သဘောလည်း မှန်ပါသည်။ ကျွန်ုပ်တို့အလုပ်ကို လျှော့ပေါ့လုပ်ကိုင်မည်၊ စိတ်မပါ့တပါ့ရှိမည်ဆိုလျှင် ကျေနယ်ဖွယ်ရလဒ်များ ရနိုင်မည်ထင်သလော။
၂ ဤမူကို ၂ ကောရိန္သု ၉:၆ တွင် တမန်တော်ပေါလု ကောင်းစွာဖော်ပြသည်– “အနည်းငယ်သောမျိုးစေ့ကို ကြဲသောသူသည် စပါးအနည်းငယ်သာ ရိတ်ရမည်။ များစွာကြဲသောသူသည် များစွာ ရိတ်ရမည်။” အသင်သည် များစွာကြဲနေသလော။
၃ ကိုယ်ပိုင်ကျမ်းစာလေ့လာမှု– အသီးသီးသော ဓမ္မအမှုဆောင်များဖြစ်နိုင်ရန် ဦးဆုံး ကျွန်ုပ်တို့၏ကိုယ်ပိုင်လေ့လာမှုကို များစွာပြုလုပ်ရမည်။ ထက်သန်သော ဝိညာဏာဆိုင်ရာလိုလားတောင့်တမှု ရှိသင့်သည်။ (ဆာ. ၁၁၉:၉၇၊ ၁၀၅; မ. ၅:၃) နေ့စဉ် ဝေယျာဝိစ္စများ၏ ဖိစီးမှုများကို ခံနေရသောကြောင့် မိမိသည် ဝိညာဉ်ရေးတွင် လိုအပ်နေကြောင်းကို တကယ်သိရှိရန် ကြိုးစားစိစစ်ရမည်။ ကျွန်ုပ်တို့အနက် အများစုသည် အခွင့်အရေးရရန် “အချိန်ကိုရွေးနှုတ်” ဖို့လိုနေပါသည်။ (ဧ. ၅:၁၆) ကိုယ်ပိုင်လေ့လာမှုပြုလုပ်ရန် အဘယ်နေ့ရက်များတွင် အိပ်ရာမှ စောစောနိုးထမည်ဟု အချို့စီစဉ်ကြသည်။ အခြားသူတို့မှာမူ ထိုသို့ပြုလုပ်ရန်အတွက် အချို့နေ့ရက်၏ ညနေချိန်ကို သတ်မှတ်ထားကြသည်။ အဘယ်နည်းဖြင့် များစွာရိတ်သိမ်းနိုင်မည်နည်း။ ယုံကြည်ခြင်းပိုခိုင်မြဲလာမည်၊ မျှော်လင့်ချက် ပိုတောက်ပလိမ့်မည်၊ ပိုပျော်ရွှင်မှုရ၍ အပြုသဘောရှိ စိတ်ထားကိုလည်း ရလာပါလိမ့်မည်။—ရော. ၁၀:၁၇; ၁၅:၄; ၁ ပေ. ၁:၁၃။
၄ အသင်းတော်အစည်းအဝေးများ– ဆာလံ ၁၂၂:၁ တွင် ဒါဝိဒ် ဤသို့ဆိုသည်– “‘ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့’ ဟု သူတစ်ပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။” အသင်လည်း ထပ်တူခံစားရသလော။ များစွာကြဲသည်ဟုဆိုရာတွင် ပတ်စဉ်အစည်းအဝေးငါးခုကို မှန်မှန်တက်ခြင်းဖြစ်သည်။ ရာသီဥတုမကောင်းသည့်အတွက် စည်းဝေးပျက်ကွက်ခြင်းကို ခွင့်မပြုရန် စိတ်ဆုံးဖြတ်ပါ။ များသောအားဖြင့်ဆိုလျှင် အတားအဆီးများများ ကျော်လွှားလေ ကောင်းချီးများများရလေဖြစ်သည်။
၅ စောစောရောက်လာ၍ ချက်ချင်းပြန်မသွားဘဲ သင့်ညီအစ်ကိုများကို စကားလက်ဆုံပြောခြင်းဖြင့် တည်ဆောက်အားပေးပါ။ အတတ်နိုင်ဆုံး လူများစွာပါဝင်စေရန် သင့်အပေါင်းအသင်းကို ကျယ်ပြန့်စေပါ။ အခွင့်အရေးရတိုင်း ဖြေဆိုခြင်းအားဖြင့် များစွာကြဲနိုင်ရန် ကင်းမျှော်စင်သင်တန်းနှင့် အခြားအစည်းအဝေးများအတွက် ကောင်းစွာပြင်ဆင်ပါ။ အစည်းအဝေးများတွင် အခြားသူတို့အတွက် များများ “ရေလောင်း” ခြင်းအားဖြင့် အသင်သည် များစွာ “ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မည်။”—သု. ၁၁:၂၅။
၆ လယ်ကွင်းဓမ္မအမှု– လယ်ကွင်းဓမ္မအမှုနှင့်ပတ်သက်၍ များစွာကြဲခြင်းမူသည် ပိုမှန်ကန်ပုံရသည်။ ယင်းအတွက် အချိန်များများစိုက်ထုတ်လေ စိတ်ဝင်စားဖွယ်တွေ့ကြုံမှုများ၊ အကျိုးဖြစ်ထွန်းသော ပြန်လည်ပတ်မှုများနှင့် တိုးတက်မှုရှိသော ကျမ်းစာသင်အံမှုများကို ရိတ်သိမ်းရရန် အခွင့်အရေးပိုများလေဖြစ်သည်။
၇ လယ်ကွင်းဓမ္မအမှု၌ များစွာကြဲခြင်းတွင် အရည်အချင်းနှင့်အရေအတွက်ပါ ပါဝင်ပတ်သက်သည်။ ကျွန်ုပ်တို့ဓမ္မအမှု၏ အရည်အသွေးတိုးတက်လာရန် အကောင်းဆုံးအကူအညီသည် ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ်ဖြစ်သည်။ အိမ်ပေါက်ဝ၌ စိတ်ဝင်စားမှုကို နှိုးဆွပေးနိုင်မည့် အကြောင်းအရာ ၁၈ ခုအတွက် နိဒါန်း ၄၀ ကျော်ကို စာမျက်နှာ ၉-၁၅ တွင်တွေ့ရမည်။ စိတ်ဝင်စားသူတွေ့လျှင် သူ့ထံပြန်လည်ပတ်၍ ကြဲသည်အတိုင်း ရိတ်သိမ်းခြင်းအကျိုး ခံစားရရန် ရေးမှတ်ထားပါ။ ကျွန်ုပ်တို့ကြိုးစားခြင်းအားဖြင့် ကျမ်းစာသင်အံမှုရနိုင်ပေမည်။ ထိုအခါ များစွာကြဲနိုင်မည့်နည်းကို အခြားသူတစ်ဦးအား သွန်သင်ပေးနိုင်ပေမည်။
၈ များစွာကြဲကြမည်ဆိုလျှင် ယေဟောဝါထံတော်မှ ကောင်းချီးများစွာရရှိရန် မျှော်လင့်နိုင်ပါသည်။—မာလ. ၃:၁၀။