ဘရိုရှာများ—ဓမ္မအမှုအတွက် တန်ဖိုးရှိကိရိယာများ
၁ ကျွမ်းကျင်သော လက်မှုပညာသည်တစ်ဦးသည် သက်ဆိုင်ရာအလုပ်အတွက် ကိရိယာ မျိုးပေါင်းစုံကို သယ်ဆောင်လေ့ရှိသည်။ နိုင်ငံတော်ကြွေးကြော်သူများအနေနှင့် ကျွန်ုပ်တို့ဟောပြောရမည့်သူများ၏ ဝိညာဏလိုအပ်ရာများကို ကျွမ်းကျင်လိမ္မာစွာ ဖြည့်ဆည်းပေးရန် အကူအညီဖြစ်စေသည့် ဘရိုရှာအမျိုးမျိုးရှိသည်။ (သု. ၂၂:၂၉) တစ်အိမ်တွင် စိတ်ဆင်းရဲနေသူတစ်ဦးနှင့် တွေ့ဆုံပေမည်။ အခြားတစ်အိမ်တွင် အိမ်ရှင်က ဖြောင့်မတ်မှန်ကန်သော အုပ်ချုပ်ရေးကို လိုလားတမ်းတနေမည်။ အခြားတစ်ဦးမှာမူ ဘဝတွင် ရည်ရွယ်ချက် ရှိမရှိ သိလိုပေမည်။ ဤသူများအား အကူအညီပေးနိုင်ရန် ဘရိုရှာများကို ကျွန်ုပ်တို့မည်သို့အသုံးပြုနိုင်မည်နည်း။
၂ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော” ဘရိုရှာကို ဝေငှသည့်အခါ ဤသို့ပြောဆိုလိုပေမည်–
▪ “တချို့သောသူတွေဟာ ကမ္ဘာပေါ်ရှိတဲ့ ဆင်းရဲဒုက္ခနဲ့ မတရားမှုကိုမြင်ပြီး ဘုရားကို အပြစ်ဖို့ချင်ကြတယ်။ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဖြစ်တဲ့အတွက် ကျွန်တော်တို့ကို တကယ်ဂရုစိုက်တယ်ဆိုရင် ဆင်းရဲဒုက္ခတွေကို အဆုံးတိုင်စေမယ်ဆိုပြီး ယူဆကြတယ်။ အဲ့ဒါကို ခင်ဗျားဘယ်လိုသဘောထားသလဲ။ [ဖြေဆိုပါစေ။] ဘုရားသခင်ဟာ ကျွန်တော်တို့ကို တကယ်ဂရုစိုက်တယ်လို့ ဆာလံ ၇၂:၁၂-၁၄ ကဆိုတယ်။ ဆင်းရဲဒုက္ခနဲ့ မတရားမှုဟာ ဘုရားသခင်ကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဘူး။ မတရားသဖြင့်ပြုတဲ့သူတွေကို မကြာခင် ဖယ်ရှင်းပစ်မယ်လို့ ဘုရားသခင် ကတိပေးထားတယ်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလောဆိုတဲ့ ဒီဘရိုရှာက ကိုယ်တော်လုပ်မယ့်အလုပ်နဲ့ ကျွန်တော်တို့ဘယ်လိုအကျိုးခံစားရမယ်ဆိုတဲ့အကြောင်းကို ဖော်ပြထားတယ်။” စာမျက်နှာ ၂၇ အပိုဒ် ၂၂ ပါအကြောင်းများကို သင်ဆက်ဆွေးနွေးနိုင်ပေမည်။
၃ “ဘဝ၏ရည်ရွယ်ချက်” ဘရိုရှာ (လိပ်) ကိုသင်အသုံးပြုမည်ဆိုလျှင် ဤသို့စတင်ပြောဆိုလိုပေမည်–
▪ “လူတိုင်းလိုလို တစ်ချိန်ချိန်မှာ ဘဝရဲ့ရည်ရွယ်ချက်ဟာ ဘာလဲဆိုပြီး စဉ်းစားတတ်ကြတယ်။ အနှစ် ၇၀၊ ၈၀ ပဲအသက်ရှင်ပြီး သင်္ချိုင်းကိုရောက်သွားဖို့ပဲလား။ ဒါမှမဟုတ် ဘဝဟာ ဒီထက် အဓိပ္ပာယ်ရှိသေးသလား။ ခင်ဗျားဘယ်လိုထင်သလဲ။ ဆာလံ ၃၇:၂၉ မှာ လူနဲ့ကမ္ဘာမြေကြီးအတွက် ဘုရားသခင်ရဲ့ တကယ်ကောင်းတဲ့ရည်ရွယ်ချက်ကို တွေ့ရှိရပါတယ်။” ကျမ်းချက်ကိုဖတ်ရှုပြီးနောက် စာမျက်နှာ ၃၁ ပါရုပ်ပုံကိုဖွင့်၍ ပရဒိသုတွင် အသက်ရှင်ရခြင်းသည် မည်သို့မည်ပုံဖြစ်မည့်အကြောင်း ဆက်ရှင်းပြပါ။
၄ “ကြည့်ရှုလော့!” ဘရိုရှာ၏ မျက်နှာဖုံးရုပ်ပုံတစ်ခုလုံးကို ပြပြီး ဤသို့ပြောဆိုခြင်းဖြင့် ယင်းကိုတင်ဆက်နိုင်မည်–
▪ “ကမ္ဘာကြီး ဒီလိုဖြစ်လာအောင် ဘာလုပ်ရမယ်လို့ထင်သလဲ။ [ဖြေဆိုပါစေ။] ဒီရုပ်ပုံမှာတွေ့ရတဲ့လူတိုင်းမှာ နေစရာအိမ်ရှိပြီး ပျော်ရွှင်စရာလုပ်ငန်းတွေ ရှိကြတယ်။ ငြိမ်သက်မှုနဲ့ စားစရာလည်း အများကြီးရှိတယ်။ ကမ္ဘာမြေကြီးလည်း ညစ်ညမ်းမှု မရှိဘူး။ ဘယ်လိုပဲကြိုးစားကြိုးစား လူ့အစိုးရများက ဒီလိုကမ္ဘာမျိုးကို မဖြစ်ပေါ်စေနိုင်ဘူး။ ဒါပေမဲ့ ဘုရားသခင်ဟာ ‘အရာခပ်သိမ်းကို အသစ်ဖြစ်စေမယ်’ လို့ ကျမ်းစာက အာမခံထားတယ်။ [စာမျက်နှာ ၃၀ သို့ဖွင့်၍ ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါ။] အဲ့ဒီကမ္ဘာသစ်မှာနေနိုင်ဖို့ ဘာလုပ်ဖို့လိုတဲ့အကြောင်း ဒီဘရိုရှာက ကူညီပေးနိုင်ပါတယ်။” စိတ်ဝင်စားပုံရှိလျှင် စာမျက်နှာ ၃ သို့ဖွင့်၍ ကျမ်းစာသင်အံမှုကို မည်သို့ကျင်းပကြောင်း တင်ပြပါ။
၅ “ကမ္ဘာသားဘဝ” ဘရိုရှာကိုအသုံးပြုရာတွင် ဤနည်းဖြင့် ချဉ်းကပ်လိုပေမည်–
▪ ထာဝရအသက်ရဖို့ ကောင်းကင်သွားရမယ်လို့ လူအများကထင်ကြတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ထာဝစဉ်အသက်ရှင်ရမယ်ဆိုတာကို ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] ထာဝရအသက်ရနိုင်တယ်လို့ ကျမ်းစာက အာမခံထားတယ်။ အဲ့ဒီပန်းတိုင်ကို ဘယ်လိုရောက်နိုင်မယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။” ယောဟန် ၁၇:၃ ကိုဖတ်ပါ။ ထို့နောက် အိမ်ရှင်အား ရုပ်ပုံ ၄၉ ကိုပြကာ ဤသို့မေးပါ– “ဒီလိုကမ္ဘာမျိုးမှာ နေချင်သလား။” ဘရိုရှာကို ဝေငှပြီး ပြန်လည်ပတ်မှုပြုလုပ်ရန် စီစဉ်ပါ။
၆ ဘရိုရှာများသည် အခန့်သင့်အကြောင်းများကို ဖော်ပြပြီး လူတို့၏ မေးခွန်းများကို ဖြေဆိုပေး၍ စိတ်သက်သာမှုလည်း ပေးသည်။ ဤကိရိယာများကို ကျွမ်းကျင်လိမ္မာစွာ အသုံးပြုခြင်းအားဖြင့် စိတ်ရင်းမှန်သူတို့အား “သမ္မာတရားကိုသိစေရန်” အကူအညီပေးနိုင်ပါလိမ့်မည်။—၁ တိ၊ ၂:၄။