ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ခြင်း
၁ ဓမ္မအမှုဆောင်ခြင်းကို လယ်လုပ်ခြင်းနှင့် သင့်တော်စွာ နှိုင်းယှဉ်ထားသည်။ ပြန်လည်ပတ်မှုများ ပြုလုပ်ခြင်းကိုကား စိုက်ပျိုးခြင်း၊ ရေလောင်းခြင်းနှင့် နှိုင်းယှဉ်ထားသည်။ (မ. ၁၃:၂၃; လု. ၁၀:၂; ၂ ကော. ၉:၁၀) “ဘုရားသခင်၏ အလုပ်လုပ်သောသူချင်းများ” အဖြစ် အညှောက်ထွက်ခါစ မည်သည့်အစေ့ကိုမဆို ကြီးရင့်လာ၍ အသီးသီးနိုင်ရန် ကူညီပေးဖို့တာဝန်ရှိသည်။ (၁ ကော. ၃:၆၊ ၉) ယင်းအမှုကို ဆောင်ရွက်ရန် အကောင်းဆုံးနည်းကား အဘယ်နည်း။
၂ စိတ်ဝင်စားသူအားလုံးထံ ချက်ချင်းပြန်လည်ပတ်သွားပါ။ သင့်တစ်အိမ်မှတစ်အိမ်မှတ်တမ်းများကို စစ်ဆေးကြည့်ပါ။ မည်သူ့ထံလည်ပတ်ပြီး အဘယ်အကြောင်း ဆွေးနွေးမည်ကို ဆုံးဖြတ်ပါ။ များသောအားဖြင့် ဆွေးနွေးမည့်အကြောင်းမှာ ပထမလည်ပတ်ချိန်တွင် ဆွေးနွေးခဲ့သောအကြောင်းပင်ဖြစ်မည်။ တင်ပြနိုင်မည့် အခြားကျမ်းစာအကြောင်းများကိုလည်း စိတ်ထဲ၌မှတ်ထား၍ ပြောင်းသာလွဲသာဖြစ်စေပါ။ ကျမ်းစာသည် စိတ်နှလုံးကို ထိမိနိုင်သောအစွမ်းရှိကြောင်း အသိအမှတ်ပြုကာ ယင်းကို အမြဲအသုံးပြုသင့်သည်။—ဟေ. ၄:၁၂။
၃ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော” ဘရိုရှာကို အသင်ဝေငှခဲ့မည်ဆိုလျှင် ဤသို့စတင်ပြောဆိုလိုပေမည်–
▪ “ဘုရားသခင်ဟာ ကမ္ဘာကို ဖျက်ဆီးပစ်မယ်လို့ စိတ်ရင်းမှန်တဲ့လူအများ ယုံကြည်ကြတယ်။ အခြားသူတို့ကြတော့ လူကိုယ်တိုင် ဖျက်ဆီးပစ်မယ်လို့ ထင်ကြတယ်။ ခင်ဗျား ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ။] ကမ္ဘာကိုဖျက်ဆီးမယ့်အစား မတရားမှုကို ဘုရားသခင်ရှင်းပစ်ပြီး ငြိမ်းချမ်းလုံခြုံတဲ့နေရာဖြစ်စေမယ်လို့ ကျမ်းစာကပြောတယ်။” စာမျက်နှာ ၂၂ ကိုအာရုံပြုစေပြီး ထိုတွင်ကိုးကားထားသည့် သုတ္တံ ၂:၂၁၊ ၂၂ ကိုဖတ်ပါ။ စိတ်ဝင်စားမှုရှိမည်ဆိုလျှင် အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်အကြောင်း ရှင်းပြပါ။ သို့မဟုတ် နောက်ဆုံးထုတ် မဂ္ဂဇင်းများကို ဝေငှပါ။ ထို့နောက် ဘုရားသခင်ကတိတော်ရှိရာ ကမ္ဘာသစ်အကြောင်း ပိုမိုဆွေးနွေးဖို့အတွက် ပြန်လာမည့်နေ့ရက်ကို ချိန်းချက်ထားပါ။
၄ “ကြည့်ရှုလော့!” ဘရိုရှာကို သင်ဝေငှခဲ့လျှင် ဤသို့ဆိုနိုင်သည်–
▪ “အရင်တစ်ခေါက်က ကမ္ဘာကို ပရဒိသုဖြစ်စေမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်အကြောင်း ကျမ်းစာထဲက ဖတ်ခဲ့ကြတယ်။ ကျွန်တော်ထားခဲ့တဲ့ ဘရိုရှာမျက်နှာဖုံးပုံထဲကလို နေရာမျိုးလေ။ ဘုရားသခင့်အလိုတော်အကြောင်းနဲ့ အလိုတော်ဟာ ကျွန်တော်တို့အတွက် ဘယ်လိုအကျိုးပြုတဲ့အကြောင်း ပိုပြီး သင်ယူနေမယ်ဆိုရင် အဲ့ဒီကောင်းချီးကို ခံစားနိုင်မယ်။” ယောဟန် ၁၇:၃ ကိုဖတ်ပြီးနောက် စာမျက်နှာ ၂၇ ရှိ အပိုဒ် ၅၂ နှင့် ၅၃ သို့ဖွင့်ပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ တိကျမှန်ကန်သောအသိပညာကို ဆည်းပူးဖို့ အဘယ်ကြောင့်လိုအပ်ကြောင်း လိုရင်းတိုရှင်း ဆွေးနွေးပါ။
၅ ဘာသာတရား ကိုင်းရှိုင်းသူတစ်ဦးအား “ဘဝ၏ရည်ရွယ်ချက်” ဘရိုရှာကို ဝေငှခဲ့၍ ပြန်သွားသည့်အခါ ဤသို့ပြောဆိုရန် သင့်လျော်ပေမည်–
▪ “သခင့်ဆုတောင်းချက်ကို အကြိမ်ကြိမ်ရွတ်ဖူးမှာပါ။ ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပါစေလို့ တောင်းဆိုတဲ့အခါ စိတ်ထဲ ဘာပေါ်လာသလဲ။” အိမ်ရှင်ဖြေဆိုပြီးနောက် စာမျက်နှာ ၂၆ ရှိ၊ အပိုဒ် ၈ နှင့် ၉ ကိုညွှန်းပြီး ဒံယေလ ၂:၄၄ ကိုဖတ်ပါ။ ဘုရားသခင့်နိုင်ငံတော် တည်ထောင်ခြင်းသည် မတရားမှုနှင့် ဒုက္ခဆင်းရဲခြင်း ရှိတော့မည်မဟုတ်ကြောင်းကို ဆိုလိုကြောင်း ဆက်ရှင်းပြနိုင်ပေမည်။ ကျွန်ုပ်တို့သာ ဘုရားသခင့်မျက်မှောက်တွင် ဖြောင့်မတ်သူများဖြစ်မည်ဆိုလျှင် ဤကမ္ဘာပေါ် ပရဒိသုတွင် ထာဝရအသက်ရနိုင်မည်ဖြစ်ကြောင်း ထောက်ပြပါလေ။
၆ စာပေယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ နားထောင်လိုသူ မည်သူ့ထံကိုမဆို ပြန်လည်ပတ်မှုသွားနိုင်ကြောင်း သတိရပါ။ ပတ်စဉ် ပြန်လည်ပတ်မှုများပြုလုပ်ဖို့အတွက် အချိန်အနည်းငယ် ကန့်သတ်ထားရန် ကြိုးစားပါ။ စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးရန် သင့်ကြိုးစားမှုကို ယေဟောဝါ ကောင်းချီးပေးပါလိမ့်မည်။ သို့အားဖြင့် ကိုယ်တော်၏ဘုန်း ထင်ရှားစေရန် အကျိုးဖြစ်ထွန်းပါလေစေ။—ယော. ၁၅:၈။