ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၂ စာ. ၁၆-၂၄
  • ထာဝရအသက်၏ ရန်သူတစ်ပါး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထာဝရအသက်၏ ရန်သူတစ်ပါး
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာရ်နတ်ကား မည်သူ
  • ကမ္ဘာ့ဒုက္ခများ၏ အစမူလ
  • လူတို့ကို စာတန်လှည့်ဖြားပုံ
  • ဝိညာဏဘောင်တွင်ရှိ အစိုးရသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • စာတန်ရှိကြောင်း သင်အမှန်တကယ် ယုံကြည်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေရှုပြုတော်မူခဲ့သကဲ့သို့ ‘စာတန်ကို ဆီးတားကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၂ စာ. ၁၆-၂၄

အခန်း ၂

ထာဝရအသက်၏ ရန်သူတစ်ပါး

၁။ ပျော်ရွှင်မှုနှင့် ငြိမ်သက်ခြင်းကို များသောအားဖြင့် မခံစားရကြသောကြောင့် အဘယ်မေးခွန်းများ ပေါ်လာသနည်း။

ကမ္ဘာပေါ်ပျော်ရွှင်ခြင်းဟူသည် လူတိုင်းလိုလို ရချင်စရာပင်။ သို့ဖြစ်လျှင် မပျော်သူများ အဘယ်ကြောင့် ဤမျှတိုင် များနေသနည်း။ ဘယ်လိုဖြစ်နေသနည်း။ လူတိုင်းလိုလို ငြိမ်းချမ်းရေး လိုလားလျက်နှင့် နိုင်ငံတို့သည် အဘယ်ကြောင့် စစ်ချီတိုက်ခိုက်ကြပြီး တစ်ဦးကိုတစ်ဦး မုန်းစိတ်ပွားနေကြရသနည်း။ ဆိုးသော ထိုအမှုများကိုလုပ်ရန် ပို့ဆောင်သောအရာတစ်ခုခုများ ရှိနေ၍လော။ မျက်စိဖြင့် မမြင်နိုင်သော အာဏာစက်တစ်ခုကများ တိုင်းနိုင်ငံများကို ချုပ်ကိုင်နေရော့သလား။

၂။ အဘယ်ရာဇဝတ်များကြောင့် လူသားများကို ဆိုးသွမ်းသော တန်ခိုးရှင်တစ်ပါးပါးကများ ချုပ်ကိုင်နေရော့သလားဟူ၍ လူအမြောက်အမြား တွေးတောလာကြသနည်း။

၂ စစ်တွင် လူကိုမွန်းစေပြီး လောင်မြိုက်၍ သေစေရန် အသုံးပြုသော ကြောက်ဖွယ်ဓာတ်ငွေ့များ၊ မီးလောင်ဗုံးများ၊ အနုမြူဗုံးများစသော လူသားတို့၏ ကြောက်မက်ဖွယ်ကောင်းလှသော ရက်စက်ပုံများကို သုံးသပ်လိုက်သောအခါ လူတော်တော်များများ အထက်ပါအချက်ကို တွေးလာကြသည်။ မီးပန်းလက်နက်များ၊ ချွေးတပ်စခန်းများ၊ မကြာသေးမီက ကမ်ပူးချားနိုင်ငံမှာဖြစ်သကဲ့သို့ သနားစဖွယ် လူသန်းပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်ရပ်များကိုလည်း ကြည့်ပါဦး။ ဤဆိုးယုတ်မှုများမှာ တိုက်ဆိုင်၍ ဖြစ်လာကြသည်ဟု သင်ထင်သလော။ လူကိုယ်၌က ကြောက်ဖွယ်ကောင်းသောအမှုများ ပြုလုပ်နိုင်သော်လည်း သူ့အပြုအမူ၏ ဆိုးသွမ်းယုတ်မာပုံကို စဉ်းစားလိုက်သောအခါ မျက်စိဖြင့် မမြင်နိုင်သော ဆိုးယုတ်သည့် တန်ခိုးရှင်တစ်ပါးက သူ့ကို ဩဇာလွှမ်းနေပုံမရပေလော။

၃။ လောကကိုအစိုးရသောမင်းနှင့်စပ်လျဉ်း၍ ကျမ်းစာ မည်သို့ဆိုသနည်း။

၃ ဤကိစ္စကိုတွေးဆနေရန်မလို။ လူ့မျက်စိဖြင့်မမြင်နိုင်သော ဉာဏ်ရှင်တစ်ပါး လူများနှင့်တိုင်းနိုင်ငံများကို ချုပ်ကိုင်လာကြောင်း ကျမ်းစာက ရှင်းလင်းစွာတင်ပြ၏။ ကျမ်းစာထဲ၌ ဤတန်ခိုးရှင်များကို ယေရှုက “ဤလောကကို အစိုးရသောမင်း” ဟု ခေါ်တော်မူ၏။ (ယောဟန် ၁၂:၃၁; ၁၄:၃၀; ၁၆:၁၁) သူကား မည်သူနည်း။

၄။ ယေရှုကို မာရ်နတ်က ဘာကိုပြသ၍ အဘယ်သို့ ကမ်းလှမ်းခဲ့သနည်း။

၄ သူမည်သူဖြစ်သည်ကို သိနိုင်ရန် ယေရှုကမ္ဘာပေါ် အမှုတော်ဆောင်ခါစက အဖြစ်အပျက်ကို ပြန်စဉ်းစားပါ။ ယေရှုနှစ်ခြင်းခံပြီးနောက် တောထဲသို့ ကြွတော်မူ၍ စာတန်မာရ်နတ်ခေါ် လူ့မျက်စိဖြင့် မမြင်နိုင်သော သတ္တဝါ၏ သွေးဆောင်ခြင်းကို ခံရသည်ဟု ကျမ်းစာကဆို၏။ သွေးဆောင်မှုတစ်ပိုင်းကား ဤသို့ ဖြစ်၏– “တစ်ဖန် မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသောတောင်ပေါ်သို့ဆောင်သွား၍ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်၍ ‘ကိုယ်တော်သည် ငါ့ကိုညွတ်ပျပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်’ ဟုဆိုလေ၏။”​—မဿဲ ၄:၈၊ ၉။

၅။ (က) လောကီအစိုးရအားလုံးကို မာရ်နတ် ပိုင်မပိုင် အဘယ်အရာက ပြသနည်း။ (ခ) ကျမ်းစာအရ “ဤလောကဘုရား” ကား အဘယ်သူနည်း။

၅ မာရ်နတ်က ယေရှုခရစ်အား ဘာကမ်းလှမ်းနေသည်ကို စဉ်းစားကြည့်ပါ။ “ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့” ဖြစ်သတည်း။ ဤလောကီနိုင်ငံများသည် တကယ်ပင် မာရ်နတ်ပိုင်ဆိုင်ရာလော။ မှန်၏၊ သို့မဟုတ်ပါက ယေရှုအား သူမည်သို့ကမ်းလှမ်းနိုင်မည်နည်း။ ၎င်းတို့သည် စာတန့်ပိုင်ရာဖြစ်သည်ဟူသောအချက်ကို ယေရှုမငြင်းခဲ့။ စာတန်သာ မပိုင်ခဲ့လျှင် ယေရှုက သင်မပိုင်ဟု ပြောခဲ့လိမ့်မည်။ စာတန်သည် တကယ်ပင် လောကီနိုင်ငံအားလုံးကို အုပ်စိုးသော မျက်မြင်မရ အုပ်စိုးရှင်ပင်တည်း။ ကျမ်းစာ ဤသို့ရှင်းလင်းစွာဆို၏– “တစ်လောကလုံးသည် မာရ်နတ်၏လက်၌ရှိသည်။” (၁ ယောဟန် ၅:၁၉၊ သမ္မာ) တကယ်ဆိုရလျှင် ဘုရားသခင့်နှုတ်ကပါဌ်တော်က စာတန်ကို “ဤလောကကို အစိုးရသောဘုရား” ဟုပင် ခေါ်ထား၏။​—၂ ကောရိန္သု ၄:၄။

၆။ (က) စာတန်၏ အုပ်စိုးခြင်းအခွင့်နှင့်ပတ်သက်သော ဤအကြောင်းက အဘယ်အရာကို နားလည်စေရန် ထောက်ကူသနည်း။ (ခ) စာတန် ကျွန်ုပ်တို့ကို မည်သို့ပြုချင်သနည်း။ ယင်းကြောင့် ကျွန်ုပ်တို့ဘာပြုရမည်နည်း။

၆ ဤအချက်ကို သိထားလျှင် “ငါ၏နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်” ဟူ၍ ယေရှုအဘယ်ကြောင့်ဆိုခဲ့ကြောင်း သဘောပေါက်နိုင်မည်။ (ယောဟန် ၁၈:၃၆) သာမန်လူအားလုံး ငြိမ်းချမ်းစွာနေထိုင်လိုပါလျက်နှင့် လူမျိုးများအချင်းချင်း မုန်းတီးကာ တစ်ဦးကိုတစ်ဦး အဘယ်ကြောင့် ဖျက်ဆီးချင်ကြသည်ဟူသည့်အချက်ကိုလည်း နားလည်စေ၏။ မှန်သည်၊ “ဤလောကတစ်နိုင်ငံလုံးကို [စာတန်] လှည့်ဖြား” နေခြင်းဖြစ်သည်။ (ဗျာဒိတ် ၁၂:၉) ကျွန်ုပ်တို့ကိုလည်း သူလှည့်ဖြားလို၏။ ဘုရားသခင်ပေးသော ထာဝရအသက်ဆု ကျွန်ုပ်တို့ရသွားမည်ကို သူမလိုလားပါ။ သို့ဖြစ်၍ သူ့သြဇာအလွှမ်းခံပြီး မကောင်းမှုများ မပြုလုပ်မိရန် ကျွန်ုပ်တို့တိုက်လှန်ဖို့လိုသည်။ (ဧဖက် ၆:၁၂) စာတန်အကြောင်း၊ စာတန်လုပ်ဆောင်ပုံတို့ကိုသိမှ သူ့လှည့်စားမှုကို တွန်းလှန်နိုင်မည်။

မာရ်နတ်ကား မည်သူ

၇။ မာရ်နတ်ကို အဘယ်ကြောင့် မမြင်နိုင်သနည်း။

၇ စာတန်မာရ်နတ်ကား တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်၏။ အချို့ပုဂ္ဂိုလ်များ ယူဆသလို လူအားလုံး၌ရှိသော မကောင်းသည့်စိတ်မျှသာမဟုတ်။ လူသားများသည် မာရ်နတ်ကိုမမြင်နိုင်ပါ။ ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ပင်ဖြစ်၏။ ဘုရားသခင်နှင့် မာရ်နတ်နှစ်ပါးစလုံး နာမ်ဝိညာဉ်များဖြစ်ကြသည်။ လူသားများထက် အဆင့်မြင့်သော သက်ရှိများဖြစ်ပြီး ကျွန်ုပ်တို့မျက်စိဖြင့် မမြင်နိုင်ချေ။​—ယောဟန် ၄:၂၄။

၈။ မာရ်နတ်ကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဟု လူအများ အဘယ်ကြောင့် ယုံကြည်ယူဆကြသနည်း။

၈ တစ်ယောက်ယောက်ကမေးမည်။ ‘ဘုရားသခင်ဟာ မေတ္တာရှင်ဆိုရင် သူဘာဖြစ်လို့ မာရ်နတ်ကို ဖန်ဆင်းခဲ့ရတာလဲ။’ (၁ ယောဟန် ၄:၈) အမှန်မှာ ဘုရားသခင်သည် မာရ်နတ်ကို မဖန်ဆင်းခဲ့ပါ။ ‘ဘုရားသခင်ဟာ လူတိုင်းကို ဖန်ဆင်းခဲ့တယ်ဆိုရင်၊ မာရ်နတ်ကိုလည်း ဖန်ကိုဖန်ဆင်း ခဲ့မှာပဲ။ သူမှမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ။ မာရ်နတ် ဘယ်ကလာသလဲ’ ဟုမေးပေဦးမည်။

၉။ (က) ကောင်းကင်တမန်များသည် မည်သို့သောပုဂ္ဂိုလ်များနည်း။ (ခ) “မာရ်နတ်” နှင့် “စာတန်” ဟူသောစကားလုံးများ အဘယ်အဓိပ္ပာယ်ရှိသနည်း။

၉ ကျမ်းစာက ဘုရားသခင်သည် မိမိနှင့်အလားတူသော နာမ်ဝိညာဉ်ပုဂ္ဂိုလ် အမြောက်အမြား ဖန်ဆင်းခဲ့သည်ဟု ရှင်းပြထား၏။ ကျမ်းစာ၌ ၎င်းတို့ကို ကောင်းကင်တမန်များဟု ခေါ်ထားသည်။ ‘ဘုရားသခင်၏သားများ’ ဟုလည်း ခေါ်ထားသည်။ (ယောဘ ၃၈:၇; ဆာလံ ၁၀၄:၄; ဟေဗြဲ ၁:၇၊ ၁၃၊ ၁၄) ဘုရားသခင် သူတို့အားလုံးကို စုံလင်အောင် ဖန်ဆင်းထားခဲ့သည်။ တစ်ဦးမျှ မာရ်နတ်မဟုတ်။ စာတန်လည်းမဟုတ်။ “မာရ်နတ်” ဟူသောစကားလုံးသည် ရှုတ်ချ ဂုဏ်ဖျက်သူကိုဆိုလိုပြီး “စာတန်” ဟူသောစကားက ဆန့်ကျင်သူကိုဆိုလိုသည်။

၁၀။ (က) စာတန်မာရ်နတ်ကို မည်သူ ဖန်တီးခဲ့သနည်း။ (ခ) လူကောင်းတစ်ယောက် မိမိကိုယ်ကို ရာဇဝတ်ကောင် မည်သို့ဖြစ်စေနိုင်သနည်း။

၁၀ သို့ရာတွင် တစ်နေ့သော် ဘုရားသခင့် နာမ်ဝိညာဉ်သားတစ်ပါးက မိမိကိုယ်ကို မာရ်နတ် ဖြစ်စေခဲ့သည်။ (မာရ်နတ်ဆိုသည်မှာ အခြားတစ်ယောက် မကောင်းကြောင်းကို အမုန်းစိတ်ဖြင့် မုသားပြောသောသူပင်ဖြစ်သည်။) သူ့ကိုယ်သူ စာတန်လည်း ဖြစ်စေခဲ့သည်။ (စာတန်ဆိုသည်မှာ ဘုရားသခင်ကို အတိုက်အခံပြုသူပင်ဖြစ်သည်။) သူ့ကို ထိုသို့ ဖန်ဆင်းတော်မူခဲ့သည်မဟုတ်။ နောက်ပိုင်း၌ သူ ထိုသို့သောပုဂ္ဂိုလ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ပမာပြောရလျှင်– သူခိုးသည် မွေးကတည်းက သူခိုးဖြစ်လာသည်မဟုတ်။ မိကောင်းဖခင်မှ ပေါက်ဖွားလာပြီး သူ့မိဘများသည် ရိုးသား၍ ညီအစ်ကိုမောင်နှမများလည်း ဥပဒေလေးစားသူများ ဖြစ်နိုင်သည်။ သို့ရာတွင် ငွေဝယ်ပစ္စည်းများကို တပ်မက်လိုချင်သော သူ့စိတ်က သူ့ကို နောက်ပိုင်းတွင် သူခိုးတစ်ယောက် ဖြစ်စေခဲ့ခြင်းဖြစ်နိုင်သည်။ သို့ ဖြစ်လျှင် ဘုရားသခင့်နာမ်ဝိညာဉ်သားတစ်ဦး မိမိကိုယ်ကို စာတန်မာရ်နတ် မည်သို့ဖြစ်စေခဲ့သနည်း။

၁၁။ (က) ပုန်ကန်သော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင့် အဘယ်ရည်ရွယ်ချက်အကြောင်းကို သိရှိခဲ့သနည်း။ (ခ) ထိုကောင်းကင်တမန်၌ အဘယ်ဆန္ဒရှိ၍ ၎င်းကြောင့် သူအဘယ်အရာကို ပြုခဲ့သနည်း။

၁၁ မာရ်နတ်ဖြစ်လာသော ကောင်းကင်တမန်သည် ကမ္ဘာနှင့် ပထမလူမောင်နှံ အာဒံနှင့်ဧဝတို့ကို ဘုရားသခင် ဖန်ဆင်းစဉ်ကရှိခဲ့သည်။ (ယောဘ ၃၈:၄၊ ၇) သို့ ဖြစ်၍ သားသမီးများမွေးဖွားပါဟု ဘုရားသခင် သူတို့အား မိန့်ကြားသည်ကို သူကြားခဲ့ပေမည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) အတန်ကြာလျှင် တစ်ကမ္ဘာလုံး ဘုရားသခင်ကို ကိုးကွယ်သော ဖြောင့်မတ်သူများဖြင့် ပြည့်လာမည်ကို သူသိ၏။ ဤကား ဘုရားသခင့်ရည်ရွယ်ချက်။ သို့ရာတွင် ထိုကောင်းကင်တမန်သည် မိမိအလှကျက်သရေနှင့် ဉာဏ်ရည်ကို အထင်ကြီးကာ ဘုရားသခင်သာရရှိရမည့် ကိုးကွယ်မှုကို လိုချင်တပ်မက်လာသည်။ (ယေဇကျေလ ၂၈:၁၃-၁၅; မဿဲ ၄:၁၀) မှားယွင်းသော ဤတပ်မက်မှုကို စိတ်ထဲမှ တိုက်ထုတ်ပစ်မည့်အစား ၎င်းကို တွေးတောစဉ်းစားလျက်သာနေ၏။ သို့နှင့် မိမိရလိုသော ဂုဏ်ရှိန်နှင့် ကြီးမြင့်မှုကို ရယူနိုင်ရန် လုပ်ဆောင်လေတော့သည်။ သူ မည်သို့ လုပ်ဆောင်သနည်း။​—ယာကုပ် ၁:၁၄၊ ၁၅။

၁၂။ (က) ထိုကောင်းကင်တမန်သည် ဧဝအား အဘယ်နည်းဖြင့် စကားပြောခဲ့သနည်း။ သူမအား မည်သို့ ပြောခဲ့သနည်း။ (ခ) ထိုကောင်းကင်တမန်သည် စာတန်မာရ်နတ် မည်သို့ဖြစ်လာသနည်း။ (ဂ) မာရ်နတ်၏ရုပ်သွင်နှင့်စပ်လျဉ်းသော အမြင်မှားကား အဘယ်နည်း။

၁၂ သူပုန် ကောင်းကင်တမန်သည် နိမ့်ကျသောသတ္တဝါ မြွေကိုသုံးကာ ပထမမိန်းမ ဧဝနှင့် စကားပြောလေသည်။ ကျင်လည်သူတစ်ဦးသည် အနီးအပါးရှိ တိရစ္ဆာန်တစ်ကောင် သို့မဟုတ် ဟန်ပြလူရုပ်တစ်ရုပ် စကားပြောသယောင်ဖြစ်အောင် ဖန်တီးနိုင်သကဲ့သို့ပင် သူပြုခဲ့သည်။ အမှန်ကား ဧဝနှင့် စကားပြောနေသူမှာ ဤသူပုန် ကောင်းကင်တမန်၊ ကျမ်းစာ၌ “ရှေးမြွေဟောင်း” ဟုခေါ်သော သူသာလျှင်ဖြစ်သည်။ (ဗျာဒိတ် ၁၂:၉) သူက ဘုရားသခင်သည် သူမအား အမှန်မပြောသည့်ပြင် သူမ၌ ရှိသင့်ရှိထိုက်သော အသိပညာကိုလည်း မပေးဘဲနေခဲ့သည်ဟု ပြော၏။ (ကမ္ဘာဦး ၃:၁-၅) ဤကား မုန်းစိတ်ဖြင့် ပြောလိုက်သောမုသားဖြစ်ပြီး ၎င်းကြောင့် သူ မာရ်နတ်ဖြစ်လာ၏။ ဤနည်းဖြင့် သူသည် ဘုရားသခင်ကို ဆန့်ကျင်သူ သို့မဟုတ် စာတန်လည်းဖြစ်လာသည်။ သင်သိမြင်နိုင်သည့်အတိုင်း မာရ်နတ်သည် မြေအောက်ညှဉ်းဆဲရာနေရာကို ကြီးကြပ်သူ၊ ချိုပေါက်၍ ခက်ရင်းကြီးကိုင်ဆောင်ထားသော သတ္တဝါဖြစ်၏ဟု ထင်လျှင် မှား၏။ သူသည် တကယ်ပင် တန်ခိုးကြီး၍ ဆိုးယုတ်သော ကောင်းကင်တမန်တစ်ပါးဖြစ်သည်။

ကမ္ဘာ့ဒုက္ခများ၏ အစမူလ

၁၃။ (က) မာရ်နတ်၏ မုသားကို ဧဝ မည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) မာရ်နတ်က အဘယ်သို့ အခိုင်အမာဆိုခဲ့သနည်း။

၁၃ ဧဝအား မာရ်နတ်ပြောခဲ့သည့် မုသားသည် သူကြံရွယ်ခဲ့သည့်အတိုင်း အလုပ်ဖြစ်လာသည်။ ဧဝသည် ၎င်းကို ယုံသဖြင့် ဘုရားသခင်ကို လွန်ဆန်လေသည်။ ဧဝသည် အာဒံကိုပါ ဘုရားသခင့်ပညတ် ကျူးလွန်ရအောင် ဖန်တီးနိုင်ခဲ့သည်။ (ကမ္ဘာဦး ၃:၆) မာရ်နတ်အပြောမှာ လူသားတို့သည် ဘုရားသခင်မပါဘဲနှင့်လည်း နေနိုင်သည်ဟူ၍ဖြစ်၏။ ဘုရားသခင့်ကူညီမှုမယူဘဲနှင့် လူသားများ မိမိတို့ကိုယ်ကို အောင်မြင်စွာအုပ်ချုပ်နိုင်သည်ဟု စာတန် ငြင်းခုံပြောဆို၏။ အာဒံနှင့် ဧဝ၏ သားမြေးအားလုံးကို ဘုရားသခင်နှင့် ဝေးသွားအောင် မိမိဖန်တီးနိုင်သည်ဟုလည်း မာရ်နတ်ကပြောသေး၏။

၁၄။ စာတန်ကို ဘုရားသခင် အဘယ်ကြောင့် ချက်ချင်းမဖျက်ဆီးခဲ့သနည်း။

၁၄ စာတန်ကို ဘုရားသခင် ချက်ချင်းဖျက်ဆီးပစ်နိုင်တာပေါ့။ သို့သော် ထိုသို့ပြုလျှင် စာတန်ပေါ်ပေါက်စေခဲ့သော မေးခွန်းများကို ဖြေရှင်းခဲ့မည်မဟုတ်။ ၎င်းမေးခွန်းများသည် အကဲခတ်နေသော ကောင်းကင်တမန်များစိတ်ထဲတွင် စွဲထင်ကျန်ရစ်နေနိုင်သည်။ ထို့ကြောင့် စာတန်အား မိမိအဆိုကို သက်သေထူရန် ဘုရားသခင်အချိန်ပေးလိုက်လေသည်။ သို့နှင့် မည်သို့ ဖြစ်ခဲ့ပြီနည်း။

၁၅၊ ၁၆။ (က) မာရ်နတ်အဆိုနှင့်ပတ်သက်၍ ကုန်လွန်ခဲ့သည့်အချိန်ကာလက ဘာကို သက်သေပြနေသနည်း။ (ခ) အဘယ်အခြင်းအရာသည် ဖြစ်တော့မည်နည်း။

၁၅ အချိန်ကုန်လွန်လာသောအခါ လူသားများသည် ဘုရားသခင့်အကူအညီမပါဘဲ မိမိကိုယ်ကို မိမိအောင်မြင်စွာ မအုပ်ချုပ်နိုင်ကြောင်း သက်သေထူလာလေသည်။ ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ရပြီ။ လူ့အုပ်ချုပ်မှုအောက်၌ လူသားများသည် အတိဒုက္ခရောက်ခဲ့ကြပြီဖြစ်သည်။ (ကျမ်းစာ၌ ပြထားသည့်အတိုင်း လူ့အစိုးရများကို နောက်ကွယ်တွင် မာရ်နတ်က ကြိုးကိုင်လျက်ရှိသည်။) ထို့ပြင် ဘုရားသခင်အချိန်ပေးခဲ့သည့်အတွက် ဘုရားကိုမကိုးကွယ်ရအောင် လူသားအားလုံးကို စာတန်မဖန်တီးနိုင်ခဲ့ကြောင်းကိုလည်း ထင်ရှားစေခဲ့ပြီ။ ဘုရားသခင့် အုပ်ချုပ်ရေးပေါ် သစ္စာစောင့်သောသူများ အစဉ်သဖြင့် ရှိခဲ့ပေသည်။ ဥပမာအနေနှင့် ဘုရားသခင်ကို ယောဘ မကိုးကွယ်ရအောင် စာတန်အားထုတ်၍ နှောင့်ယှက်သော်လည်း မအောင်မြင်ခဲ့ကြောင်း ကျမ်းစာ၌ အသင်ဖတ်ရှုနိုင်သည်။​—ယောဘ ၁:၆-၁၂။

၁၆ သို့နှင့် မာရ်နတ်၏ အဆိုများမှားကြောင်း သက်သေထင်ရှားလာသည်။ ဘုရားသခင်ကို ပုန်ကန်ခြင်းတည်းဟူသော ဆိုးယုတ်မှုကို သူအစပြုခဲ့သည့်အလျောက် ဖျက်ဆီးခြင်းဧကန်ခံထိုက်သည်။ စာတန့်အုပ်ချုပ်ရေးကို ဘုရားသခင် အဆုံးသတ်မည့်အချိန်ပိုင်းသို့ ယခု ကျွန်ုပ်တို့ရောက်ပြီဖြစ်သဖြင့် ဝမ်းမြောက်ဖွယ်တကား။ သို့အဆုံးသတ်သည့်အနေနှင့် ပထမခြေလှမ်းအဖြစ် မည်သို့ပြုခဲ့ကြောင်း ကျမ်းစာဖော်ပြရာတွင် ကောင်းကင်၌ အရေးပါသော စစ်ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း ရေးသား၏။ ၎င်းစစ်ပွဲကို ကမ္ဘာပေါ်ရှိ လူများမမြင်ရ၊ မကြားရပါ။ အောက်ပါ ကျမ်းမှတ်တမ်းကို ဂရု

တစိုက် ဖတ်ကြည့်ပါ–

၁၇။ (က) ကောင်းကင်တွင်ဖြစ်ခဲ့သောစစ်ကို ကျမ်းစာက မည်သို့ ဖော်ပြထားသနည်း။ (ခ) ကောင်းကင်၌ရှိသော သူများအတွက်လည်းကောင်း၊ မြေကြီးပေါ်ရှိ သူများအတွက်လည်းကောင်း၊ ၎င်းစစ်ပွဲက အဘယ်ရလဒ်အသီးသီး ဖြစ်စေခဲ့သနည်း။

၁၇ “ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလ [ရှင်ပြန်ထမြောက်ခဲ့သော ယေရှုခရစ်] နှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်း တည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း မြေကြီးသို့ ချလိုက်ကြ၏။ ‘ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။’”​—ဗျာဒိတ် ၁၂:၇-၉၊ ၁၂။

၁၈။ (က) ထိုကောင်းကင်စစ်သည် အဘယ်အချိန်တွင် ဖြစ်ပွားခဲ့သနည်း။ (ခ) စာတန် “ပစ်ချ” ခံရသည့်နောက်ပိုင်း ကမ္ဘာပေါ် အဘယ်အရာများ ဖြစ်လျက်ရှိလာခဲ့သနည်း။

၁၈ အဘယ်အခါက ကောင်းကင်တွင် ထိုစစ်ဖြစ်ခဲ့သနည်း။ ၁၉၁၄ ခုတွင် အစပြုခဲ့သော ပထမကမ္ဘာစစ်ကာလတစ်ဝိုက်တွင် ဖြစ်ခဲ့ကြောင်း သာဓက က ပြ၏။ ဗျာဒိတ်ကျမ်း တင်ပြသည့်အတိုင်း ထိုအချိန်တွင် စာတန်ကို ကောင်းကင်မှ ဖယ်ရှားခဲ့ပြီ။ သို့ဖြစ်၍ ထိုအချိန်မှအစပြုသော “ကာလတစ်ခဏ” အတွင်းသို့ ကျွန်ုပ်တို့ရောက်နေပြီဖြစ်၏။ ထို့ကြောင့် ယခုကာလမှာ စာတန့်လောက၏ “နောက်ဆုံးသောနေ့ရက်များ” ဖြစ်နေသည်။ ကျွန်ုပ်တို့တွေ့ကြုံခဲ့သော မတရားမှုတိုးပွားခြင်း၊ ကြောက်စိတ်၊ စစ်မက်များ၊ အစာခေါင်းပါးမှု၊ ရောဂါများနှင့် စိတ်ဆင်းရဲဖွယ်အခြေအနေများက ယင်းအချက်ကို သက်သေပြနေ၏။​—မဿဲ ၂၄:၃-၁၂; ၂ တိမောသေ ၃:၁-၅၊ သမ္မာ။

၁၉။ (က) ယခု စာတန် အဘယ်အရာကို တအားကုန် ပြုလုပ်နေသနည်း။ (ခ) ကျွန်ုပ်တို့ ဘာပြုလုပ်လျှင် ပညာရှိရာရောက်မည်နည်း။

၁၉ စာတန်သည် မိမိ၏ ‘တစ်ခဏသောကာလ’ ကုန်လုသည်ကို သိသောကြောင့် ဘုရားသခင်ကို လူတို့မကိုးကွယ်ရအောင် ယခင်ထက်ပို၍ အားထုတ်လျက်ရှိသည်။ တတ်နိုင်သ၍ လူများတို့အား မိမိနှင့်အတူ ပျက်စီးခြင်းသို့ ရောက်စေလို၏။ ထို့ကြောင့်လည်း ကျမ်းစာက သူ့အား တစ်ဦးတစ်ယောက်ကို ကိုက်စားရန် ရှာဖွေနေသော ဟောက်နေသည့် ခြင်္သေ့ကြီးအဖြစ် ဖော်ပြရခြင်းဖြစ်သည်။ (၁ ပေတရု ၅:၈၊ ၉) သူ့သားကောင်မဖြစ်လိုလျှင် သူ၏တိုက်ခိုက်ပုံနှင့် လှည့်စားနည်းများကို ကျွန်ုပ်တို့သိရန်လိုသည်။​—၂ ကောရိန္သု ၂:၁၁။

လူတို့ကို စာတန်လှည့်ဖြားပုံ

၂၀။ (က) စာတန့်တိုက်ခိုက်မှု မည်မျှအထိ အောင်မြင်ခဲ့ပြီနည်း။ (ခ) သူ၏အကြံအစည်များသည် အပြစ်မဲ့ပုံပေါက်ရုံမက အကျိုးပေးဟန်ပင် ရှိတတ်သည်ဟု ကျွန်ုပ်တို့ အဘယ်ကြောင့် မျှော်လင့်သင့်သနည်း။

၂၀ မိမိနောက်သို့ လူတို့လိုက်ပါစေရန် စာတန်အသုံးပြုသော နည်းများစွာရှိသည်ဖြစ်ရာ ၎င်းတို့ကို လွယ်လွယ်နှင့် တွေ့မြင်နိုင်သည်ဟု မထင်ပါနှင့်။ သူသည် လူတို့ကို လှည့်စားရာ၌ အလွန်ပါးနပ်၏။ လွန်ခဲ့သော အနှစ်ထောင်ပေါင်းများစွာအတွင်း သူအသုံးပြုခဲ့သောနည်းများသည် အလွန်ဉာဏ်များလှရကား ယနေ့လူအတော်များများက သူတည်ရှိသည်ဟုပင် မယုံကြည်ကြ။ ဤသူတို့က ဆိုးယုတ်မှုနှင့် မကောင်းမှုတို့ မည်သည် သာမန်အခြေအနေများဖြစ်ပြီး အစဉ်တည်ရှိသွားမည်ဟု ယူမှတ်ကြ၏။ စာတန်သည် ယခုခေတ် ရာဇဝတ်ခေါင်းဆောင်များနှင့်တူ၏။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် ရိုသေဖွယ်ဖြစ်သော်လည်း နောက်ကွယ်တွင်မူ အလွန်ယုတ်မာသောအမှုများကို ပြုကြ၏။ ကျမ်းစာ ဤသို့ ရှင်းပြ၏– “စာတန်ပင်လျှင် လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။” (၂ ကောရိန္သု ၁၁:၁၄) သို့ဖြစ်သောကြောင့် လူကိုလှည့်စားရာ၌ သူ၏အကြံအစည်သည် အပြစ်ကင်းဟန်ရှိရုံမက အကျိုးပေးသယောင်ပင် ဖြစ်မည်ကို မျှော်လင့်နိုင်သည်။

၂၁။ စာတန်အသုံးပြုခဲ့သော အကြံအစည်တစ်ခုကား အဘယ်နည်း။

၂၁ စာတန်သည် မိတ်ဆွေအသွင်ယူကာ ဧဝထံ ချဉ်းကပ်ခဲ့သည်ကို ပြန်သတိရပါ။ ၎င်းနောက် ဧဝက မိမိကောင်းကျိုးဟု ထင်မှတ်သောအမှုကိုပြုရန် ဧဝအား လှည့်စားခဲ့သည်။ (ကမ္ဘာဦး ၃:၄-၆) ယနေ့လည်း ထို့အတူပင်။ ဥပမာ၊ မိမိ၏လူသား ကိုယ်စားလှယ်များမှတစ်ဆင့် စာတန်သည် လူတို့အား ဘုရားဝတ်ထက် လူ့အစိုးရများ၏ အကျိုးစီးပွားကို ဦးစားထားရန် ပါးနပ်စွာ အားပေးနေသည်။ သို့နှင့်လူမျိုးရေးစိတ်ဓာတ်ပေါက်ဖွားလာပြီး ကြောက်ဖွယ်စစ်မက်များဖြစ်ပေါ်လာရသည်။ မကြာသေးမီအချိန်တွင် စာတန်သည် လူတို့အား ငြိမ်းချမ်းရေးနှင့်လုံခြုံမှုရရှိရေး ကြိုးပမ်းရာ၌ အကြံအစည်အမျိုးမျိုး ထုတ်ဖော်စေကြရန် စေ့ဆော်ခဲ့သည်။ ၎င်းတို့အနက်တစ်ခုမှာ ကုလသမဂ္ဂပင်ဖြစ်၏။ သို့သော် ၎င်းသည် ငြိမ်းချမ်းသော ကမ္ဘာကို ဖန်တီးခဲ့ပြီလော။ ဝေးလေစွ! လူသားတို့အဖို့ ငြိမ်းချမ်းရေးဆိုင်ရာ ဘုရားသခင့်အစီအစဉ်တည်းဟူသော ‘ငြိမ်သက်ခြင်းမင်းသား’ ယေရှုခရစ် အုပ်ချုပ်မည့် လာလတ္တံ့သော ဘုရားသခင့်နိုင်ငံတော်အကြောင်းကို လူတို့ အာရုံမပြုမိအောင် ပြုလုပ်ရာ၌သုံးသော ကိရိယာတစ်ခုသာ ဖြစ်ခဲ့သည်။​—ဟေရှာယ ၉:၆; မဿဲ ၆:၉၊ ၁၀။

၂၂။ ကျွန်ုပ်တို့ အဘယ်အသိပညာရယူမည်ကို စာတန်အလိုမရှိသနည်း။

၂၂ ကျွန်ုပ်တို့ ထာဝရအသက်ရလိုလျှင် ဘုရားသခင်၊ ဘုရားသခင်ခန့်အပ်ရာဘုရင်ဖြစ်သော သားတော်နှင့် ကိုယ်တော့်နိုင်ငံတော်အကြောင်း တိကျမှန်ကန်စွာ သိဖို့လို၏။ (ယောဟန် ၁၇:၃) ထိုအသိပညာ အသင်ရယူမည်ကို စာတန်မလိုလားကြောင်း၊ သင့်အနေနှင့် ၎င်းကို မရစေရန် သူသည် အစွမ်းရှိသမျှ အားထုတ်တားဆီးမည်ဖြစ်ကြောင်း တထစ်ချယူမှတ်ပါ။ သူ မည်သို့ ပြုမည်နည်း။ တစ်နည်းမှာ သင်ဆန့်ကျင်တိုက်ခံမှုခံရလေအောင် မရမနေ ဖန်တီးမည်။ ကဲ့ရဲ့ပြောင်လှောင်မှုအသွင်ဖြင့် လာလျှင်လာမည်။ ကျမ်းစာက “ယေရှုခရစ်၏ တရားတော်နှင့်အညီ ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်” ဟုဆို၏။​—၂ တိမောသေ ၃:၁၂။

၂၃။ (က) စာတန်သည် ကျွန်ုပ်တို့၏မိတ်ဆွေ၊ ဆွေမျိုးသားချင်းများကိုပင်သုံးကာ ကျွန်ုပ်တို့ စိတ်ဓာတ်ကျအောင် မည်သို့ ပြုကောင်းပြုမည်နည်း။ (ခ) သင် အဘယ်ကြောင့် ဘယ်တော့မျှ အတိုက်အခံကို အရှုံး မပေးသင့်သနည်း။

၂၃ ရင်းနှီးသော သင့်မိတ်ဆွေများ၊ သွေးသားရင်းချာများကပင် သင်ကျမ်းစာ ဆန်းစစ်သည်ကို မကြိုက်ဟု သင့်အား ဆိုချင်ဆိုလှာကြမည်။ ယေရှုခရစ်ကိုယ်တော်တိုင် ဤသို့သတိပေးတော်မူ၏– “ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။” (မဿဲ ၁၀:၃၆၊ ၃၇) ဆွေမျိုးများသည် ကျမ်းစာပါ မွန်မြတ်လှသော အမှန်တရားများကို မသိကြသဖြင့် သင် စိတ်လျှော့အောင် စိတ်ရင်းစေတနာဖြင့် ပြုကြမည်။ သို့သော် အတိုက်အခံကြုံရစဉ် ဘုရားသခင့်နှုတ်ကပါဌ်တော် သင်အံမှုကို လက်လျှော့လိုက်လျှင် ဘုရားသခင် သင့်ကို မည်သို့ မြင်မည်နည်း။ ထို့ပြင် သင့်အနေနှင့် လက်လျှော့လိုက်လျှင် သေရေးရှင်ရေးတမျှ အရေးပါလှသော ကျမ်းစာအသိပညာကို သင့်မိတ်ဆွေများ၊ သင်ချစ်ခင်သောပုဂ္ဂိုလ်များ သိရှိကြစေရန် သင်မည်သို့ ကူညီနိုင်တော့မည်နည်း။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ လေ့လာသိရှိခဲ့သည့် အချက်များနှင့်အညီ အသင် စွဲမြဲကျင့်သုံးလျှင် တစ်နေ့နေ့တွင် သူတို့လည်း အမှန်တရား သင်အံလိုစိတ် ပေါ်ပေါက်လာနိုင်သည်။

၂၄။ (က) အသက်ပေး အသိပညာ မရယူကြရန် လူတို့အား ဆီးတားရာ၌ အခြားအဘယ်နည်းများကို မာရ်နတ် အသုံးပြုသေးသနည်း။ (ခ) ဘုရားသခင့်နှုတ်ကပါဌ်တော် လေ့လာဖတ်ရှုခြင်းကို မည်မျှ အရေးကြီးသည်ဟု သင်သဘောထားသနည်း။

၂၄ တစ်ဖက်သို့ ကြည့်ပြန်လျှင် ဘုရားသခင် မနှစ်သက်သော အကျင့်သီလပျက်သည့် အလုပ်တစ်မျိုးမျိုး လုပ်ကိုင်ရန် စာတန် သင့်ကို သွေးဆောင်ကောင်း သွေးဆောင်မည်။ (၁ ကောရိန္သု ၆:၉-၁၁) သို့မဟုတ် သင် ကျမ်းစာ မလေ့လာအားဟု ထင်စေရန် သူပြုချင်ပြုမည်။ တကယ်စဉ်းစားလိုက်သောအခါ ဤသို့သောအသိပညာဆည်းပူးခြင်းထက် အရေးပါသောအရာ ရှိသေးသလော။ မြေကြီးပရဒိသုပေါ် ထာဝရအသက် ခံစားစေရန် သင့်ကို ပို့ဆောင်နိုင်သော ဤအသိပညာကို မဆည်းပူးရအောင် အဘယ်အရာကမျှ အတားအဆီးမဖြစ်စေပါနှင့်။

၂၅။ မာရ်နတ်ကို ကျွန်ုပ်တို့အစဉ်ဆန့်ကျင်တိုက်လှန်လျှင် ကျွန်ုပ်တို့ကို သူဘာလုပ်နိုင်တော့မည်မဟုတ်သနည်း။

၂၅ “မာရ်နတ်ကို ဆီးတားကြလော့” ဟု ကျမ်းစာက တိုက်တွန်း၏။ ထိုသို့ပြုလျှင် “သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။” (ယာကုပ် ၄:၇) စာတန်၏ တိုက်ခိုက်မှုကို သင်တွန်းလှန်ခုခံလျှင် သူသည် လက်လျှော့၍ သင့်ကို ဘယ်တော့မျှ လာ၍ဒုက္ခမပေးတော့ဟု ပြောလိုသလော။ မဟုတ်။ သူလုပ်စေလိုရာကို သင်မလုပ်လုပ်အောင် အကြိမ်ကြိမ် အားထုတ်ဖန်တီးလိမ့်မည်။ သို့သော် သင်သည် သူ့ကို အမြဲဆန့်ကျင် တွန်းလှန်နေလျှင် ဘုရားသခင်ကို ဆန့်ကျင်သောလမ်းသို့ သင့်အား လိုက်စေရန် သူဘယ်တော့မျှ ဖန်တီးနိုင်မည်မဟုတ်။ သို့ဖြစ်၍ အရေးအကြီးဆုံးသော ကျမ်းစာပညာကိုရအောင် လုံ့လစိုက်ပါ။ သိရှိရာကိုလည်း ကျင့်သုံးပါ။ စာတန်၏ လှည့်ကွက်နောက်တစ်ခုဖြစ်သော မှောက်မှားသည့်ဘာသာ၏ လှည့်စားမှု မခံရလေအောင် ထိုသို့ပြုရန် အလွန်အရေးကြီးသတည်း။

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

စာတန်သည် ဤလောကီအစိုးရအားလုံးကို မပိုင်ခဲ့လျှင် ခရစ်တော်အား ၎င်းတို့ကို ပေးနိုင်မည်လော

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဤသူခိုးသည် သူခိုးအဖြစ် မွေးဖွားခဲ့သည်မဟုတ်၊ မာရ်နတ်သည် “မာရ်နတ်” အဖြစ် ဖန်ဆင်းခြင်း မခံရသည့်နည်းတူပင်

[စာမျက်နှာ ၂၀၊ ၂၁ ပါ ရုပ်ပုံ]

စာတန်နှင့် နတ်ဆိုးများကို မြေကြီးသို့ချလိုက်သည်နှင့် ကောင်းကင်စစ်ပွဲပြီးဆုံးခဲ့သည်။ ၎င်း၏ အကျိုးဆက်များကို သင်ယခုခံနေရပြီ

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

သင် ကျမ်းစာဆက်လက်လေ့လာလျှင် အတိုက်အခံ ကြုံရဖွယ်ရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ