စိတ်လှုပ်ရှားဖွယ်သတင်းကို မိသားစုများအား ကြေညာ
၁ ကျမ်းစာမူများကို ကျင့်သုံး၍ ဘုရားသခင့်နိုင်ငံတော်အတွက် အသက်ရှင်နေထိုင်ကြသော မိသားစုများသည် ပြဿနာများကို လုံးဝဖြေရှင်းမပေးနိုင်သည့်တိုင် အနည်းဆုံးတော့ လျော့နည်းကြောင်း တွေ့ရှိကြပြီး ပျော်ရွှင်ကြပါသည်။ သင့်ရပ်ကွက်ရှိ မိသားစုများအား သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်ဖြင့် ဤကောင်းသောသတင်းကို သင်သိရှိစေမည်လော။
၂ ယင်းကို မည်သို့ပြုလုပ်မည်နည်း။ ပျော်ရွှင်သာယာသောမိသားစုဘဝအတွက် မူများကို ဖော်ပြသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အာရုံပြုစေခြင်းအားဖြင့်ဖြစ်သည်။ မိသားစုဘဝကို လူတို့စိတ်ဝင်စားကြသည်။ ယင်းအကြောင်း ပြောဆိုရန် အသင့်ရှိပါ။ ဤစာအုပ်သည် သူတို့ကို မည်သို့အကူအညီပေးနိုင်ကြောင်း ဖော်ပြပါ။ သို့သော် ကမ္ဘာပေါ်မှ ဆိုးသွမ်းမှုရှိရှိသမျှကို ဘုရားသခင့်နိုင်ငံတော်က မဖယ်ရှားမချင်း မိသားစုဘဝအတွက် ပြဿနာများ လုံးလုံးလျားလျား ပျောက်သွားလိမ့်မည်မဟုတ်ကြောင်းကိုလည်း ပြောပါ။ သခင့်ဆုတောင်းချက်ကို ရွတ်ဆိုကြသည့်အခါ ယင်းအတွက်သူတို့ ဆုတောင်းနေကြသော်လည်း လူအများစုက ယင်းကိုမသိကြပါ။ (မ. ၆:၉၊ ၁၀) မိသားစုဘဝစာအုပ်၏ နောက်ဆုံးအခန်းက ဤအမှန်တရားကို တန်ဖိုးထားရန် သူတို့ကို ကူညီပေးနိုင်ပါသည်။
၃ သို့သော် မိသားစုဘဝ၏ ပြဿနာများအကြောင်း လူတို့အား ပြောဆိုသည့်အခါ လိမ္မာပါးနပ်ရမည်။ အိမ်ရှင်မှာ ပြဿနာများရှိနေမည်ဟု သင်ယူဆကြောင်း မထင်မှတ်စေပါနှင့်။ ယေဘုယျအားဖြင့် လူအများတွေ့ ကြုံနေကြရသော ပြဿနာတစ်ခုအဖြစ် တင်ပြလျှင် ပိုကောင်းပါမည်။
၄ ဤသို့စတင်ပြောဆိုနိုင်ပေမည်– “ယနေ့လောကမှာ အဖြစ်များတဲ့ ပြဿနာတချို့ကို ဆွေးနွေးဖို့လာတာပါ။ အဲ့ဒီထဲမှာမိသားစုဘဝပါ အပါအဝင်ပေါ့။ ကိုယ့်မိသားစုကို ပျော်ရွှင်စေချင်တဲ့ လူချည်းပဲမဟုတ်လား။ ဒါပေမဲ့လည်း မိသားစုအများဟာ မပျော်နိုင်ကြဘူး။ မိသားစုဘဝမှာ ပိုပျော်ရွှင်မှုရနိုင်ဖို့ ဘာအကူအညီရှိတယ်လို့ ထင်သလဲ။ [ဖြေပါစေ။] မိသားစုဘဝကို တီထွင်ခဲ့တဲ့ ဖန်ဆင်းရှင်စကားကို နားထောင်ရင် အကျိုးရှိမယ်လို့မထင်ဘူးလား။ ကျမ်းစာထဲမှာ လိုအပ်တဲ့ လမ်းပြညွှန်ကြားချက်တွေကို ကိုယ်တော်ဖော်ပြထားတယ်။ အဲ့ဒီမူတွေကို သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်ထဲမှာ ဆွေးနွေးထားတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အဘက်ဘက်ကနေ ဆွေးနွေးထားတာကို သတိပြုပါ။ [မာတိကာကိုပြ။] ဒီစာအုပ်က လူ့ပြဿနာတွေရဲ့ တည်မြဲတဲ့ ဖြေရှင်းနည်းကိုလည်း ဖော်ပြတယ်။ အဲ့ဒီအတွက် ခင်ဗျားဆုတောင်းနေပါလိမ့်မယ်။ သခင့်ဆုတောင်းချက်ကို သိတယ်မဟုတ်လား။ [မဿဲ ၆:၉၊ ၁၀ ကိုကိုးကားဖော်ပြပါ။] ဒီကမ္ဘာပေါ်ကနေ ဆိုးသွမ်းမှုအားလုံးကို ဘုရားသခင့်နိုင်ငံတော်က ချေမှုန်းပစ်ဖို့ ကိုယ်တော်အလိုရှိတယ်။ ဘုရားသခင့်နိုင်ငံတော်ကို ယုံကြည်အားထားတဲ့လူအားလုံးရဲ့ မိသားစုဘဝဟာ ဘယ်လိုအကျိုးခံစားကြရမယ်ဆိုတာကို ဒီစာအုပ်ရဲ့ နောက်ဆုံးအခန်းက ဖော်ပြတယ်။ ဒီစာအုပ်ကို ကျပ် ၃၀ နဲ့ယူထားနိုင်တယ်။”
၅ ဤလအတွင်း မိသားစုများစွာနှင့် ဤအကြောင်းကို ပြောဆိုနိုင်ရန် ပန်းတိုင်ထားမည်ဆိုလျှင် ကောင်းမည်မဟုတ်ပေလော။ သင့်ပြန်လည်ပတ်မှုအတွက် လမ်းကြောင်းခင်းသည့်အခါ ယင်းကို သတိရပါ။ ပထမအကြိမ်လည်ပတ်၍ နိဂုံးတွင် ဤသို့ပြောနိုင်သည်– “မိသားစုများနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးချင်တဲ့အတွက် ဒီအကြောင်းကို ဆက်ဆွေးနွေးနိုင်ဖို့ တစ်မိသားစုလုံး ရှိတဲ့အခါ ပြန်လာချင်တယ်။ [အဆင်ပြေမည့်အချိန်ကို မေးပါ။] ဒီအတောအတွင်း စာအုပ်ကိုအစမှအဆုံး ဖတ်ချင်မှာပဲ။ ပြန်လာတဲ့အခါ ခင်ဗျားနဲ့ ခင်ဗျားမိသားစု အကြိုက်ဆုံးအခန်းကို ဆွေးနွေးကြတာပေါ့။”
၆ သင့်ရပ်ကွက်ရှိ မိသားစုများအတွက် ဤစာအုပ်သည် အလွန်အထောက်အကူပြုလိမ့်မည်ဟု သင်ဝန်ခံမည်မှာသေချာပါသည်။ စာအုပ်ပါ ကောင်းသောသြဝါဒများကို တန်ဖိုးထားသည့်စာများ များစွာရရှိခဲ့ပြီ။ အမျိုးသားတစ်ဦး ဤသို့ဆိုသည်– “ကျွန်တော်တို့မောင်နှံစုံ ဒီစာအုပ်ကို ဆက်ဖတ်လေ ကျွန်တော်တို့ မိသားစုဘဝ အခြေအနေ တိုးတက်လေပဲ။” အသင်ကိုယ်တိုင်လည်း ဤစာအုပ်ကိုဖတ်ရှုချိန်တွင် ထပ်တူခံစားခဲ့ရပေမည်။
၇ ထိုကြောင့် တပည့်ဖြစ်စေရန် ကြိုးစားရာတွင် မိသားစုတစ်စုလုံးကို ကူညီပေးနိုင်ရန် ထည့်စဉ်းစားပါ။ ဘုရားသခင့်နိုင်ငံတော်သတင်း၏တန်ဖိုးကို တွေ့မြင်စေရန်ကူညီပေးခြင်းဖြင့် အနာဂတ်ကောင်းချီးများတွင် သူတို့ပါအတူတကွပါဝင်နိုင်ကြမည်။—ဗျာ. ၂၁:၄။