အခန့်သင့် နိုင်ငံတော်သတင်း ကို ကမ္ဘာအနှံ့ ဖြန့်ချိ
၁ ဧပြီ ၂၃၊ တနင်္ဂနွေနေ့တွင် “မှားယွင်းသောဘာသာတရား၏ အဆုံးနီးပြီ” ဟူသောစိတ်ဝင်စားဖွယ် အထူးဟောပြောချက်ကို ပေးပါလိမ့်မည်။ ထိုနေ့ အစည်းအဝေးပြီးသည့်အခါ စိတ်နိုးဆွပေးမည့် စာမျက်နှာ လေးမျက်နှာရှိ နိုင်ငံတော်သတင်း ကိုထုတ်ဝေပါမည်။ ယင်း၌ပါသည့် အခန့်သင့်သတင်းကို ဧပြီ ၂၄ မှ မေ ၁၄ ရက်ထိ သုံးပတ်တာကာလအတွင်း ကမ္ဘာတစ်ခွင်ဖြန့်ချိပါလိမ့်မည်။
၂ ကမ္ဘာအနှံ့အပြားတွင် လူတို့သည် ကြံရာမရစိတ်ရှုပ်ထွေးနေကြ၏။ အဘယ်နေရာတွင်ပင် နေထိုင်စေကာမူ ပြဿနာနှင့်မကင်းကြပါ။ ဖြစ်ပျက်နေသမျှတို့ကြောင့် စိတ်ရင်းမှန်ဖြင့် စိုးရိမ်နေကြသူတို့အတွက် နိုင်ငံတော်သတင်းသည် တကယ်စိတ်ဝင်စားစရာဖြစ်လိမ့်မည်။ ယင်းသည် လူသားအတွက် စိတ်ချရသောလမ်းပြအဖြစ် ဘုရားသခင်၏နှုတ်ကပါဌ်တော်သို့ ဤသူများအား လမ်းညွှန်ပေးပါလိမ့်မည်။ (ဆာ. ၁၁၉:၁၀၅) ဧပြီ ၂၃ ရက်နေ့တွင် နိုင်ငံတော်သတင်း ကိုထုတ်ဝေသည့်အခါ တစ်စောင်စီရရန် ကျွန်ုပ်တို့အားလုံး စောင့်မျှော်နေကြသည်။ တစ်ကြိမ်တည်းတွင် ထိုသုံးပတ်တာအတွင်း အပြင်းအထန် ထမ်းဆောင်ကြရမည့် ယင်းလုပ်ငန်းအတွက် ကျွန်ုပ်တို့အသင့်ပြင်ထားစရာများရှိသည်။
၃ ဇွဲလုံ့လဖြင့် အားလုံးပါဝင်ကြရန် တိုက်တွန်းပါ– ဤလုပ်ငန်းတွင် မည်သူများပါဝင်နိုင်သနည်း။ ကြေညာသူဖြစ်နေသည့် မည်သူမဆို ပါဝင်လိုမည်ကား အမှန်တကယ်ပင်ဖြစ်သည်။ အသင်းတော်အစည်းအဝေးများကို မှန်မှန်တက်နေသော ကျမ်းစာသင်အံမှုများကော။ အချို့ဆိုလျှင် ကျွန်ုပ်တို့နှင့် အတန်ကြာပေါင်းသင်းခဲ့ပြီဖြစ်၍ တဖြည်းဖြည်းတိုးတက်လာနေပါသည်။ သူတို့သည် ကျမ်းစာမူများနှင့်အညီ ဘဝအသက်တာကို ပြုပြင်ပြောင်းလဲခဲ့ပြီဆိုလျှင် နိုင်ငံတော်ကြွေးကြော်သူများအဖြစ် သတ်မှတ်ခံရရန် အရည်အချင်းပြည့်ပြီလော။ ယင်းကိစ္စကို ကျမ်းစာသင်ပေးသောကြေညာသူသည် သင်သားနှင့် ဆွေးနွေးလိုပေမည်။ သင်သားကလည်း လယ်ကွင်းလုပ်ငန်းတွင် ပါဝင်လိုပါက မိမိတို့ဓမ္မအမှုကိုကျေပွန်ရန်အဖွဲ့အစည်း စာအုပ်၊ စာမျက်နှာ ၁၂၃ နှင့် ၁၂၄ ပါအကြောင်းများကို အကြီးအကဲနှစ်ဦးက သူနှင့်ဆွေးနွေးလိုပေမည်။ နှစ်ခြင်းမခံရသေးသော ကြေညာသူများအဖြစ် အရည်အချင်းရှိသူများလည်း အဆိုပါလုပ်ငန်းတွင် အပြည့်အဝပါနိုင်ရန် အကြီးအကဲများက သူတို့နှင့်အမြန်ဆုံး ဆွေးနွေးသင့်သည်။ နှစ်ခြင်းမခံရသေးသောကြေညာသူများအဖြစ် ရေတွက်ခံနိုင်ရန် အရည်အချင်းမရှိသေးသူ ကျမ်းစာလေ့လာနေသူများကိုပင် ဤအခန့်သင့် နိုင်ငံတော်သတင်း ကိုအသိမိတ်ဆွေများ၊ သို့မဟုတ် ဆွေမျိုးတို့အား ဝေငှကြရန်သူတို့ကို အားပေးနိုင်ပါသည်။—ကင်းမျှော်စင်၊ နိုဝင်ဘာ ၁၅၊ ၁၉၈၉၊ စာမျက်နှာ ၁၆၊ အပိုဒ် ၈ ကိုရှု။
၄ ဤလုပ်ငန်းသည် မခဲယဉ်းပါ; အားလုံးပါဝင်နိုင်ပါသည်။ မိသားစုအဝင်ဖြစ်သူများသည် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် နိုင်ငံတော်သတင်း ကိုဝေငှပေးရန် ကောင်းစွာပြင်ဆင်ပြီးသားဖြစ်ဖို့ ပတ်စဉ်မိသားစုကျမ်းစာသင်အံမှုပြုချိန်တွင် မိဘများသည် ယင်းကိုဝေငှရန်လေ့ကျင့်သည့်ကဏ္ဍကို ထည့်သွင်းပေမည်။ ရိုးရိုးကလေးဝေငှပုံသည် အကောင်းဆုံးဖြစ်သည်။ လိုရင်းတိုရှင်း နိဒါန်းပျိုးပြီးနောက် အိမ်ရှင်အား နိုင်ငံတော်သတင်း ကိုပေးနိုင်သည်။ ပြီးနောက်သူ့အားဖတ်ကြည့်ရန် တိုက်တွန်းပါ။ အိမ်ရှင်များ စိတ်ဝင်စားမှုတင်ပြမည်ဆိုလျှင် ပြန်လည်ပတ်မှုပြုလုပ်နိုင်ရန် နာမည်နှင့်လိပ်စာကို မှတ်ထားပါ။ (၁ ကော. ၃:၆၊ ၇) အောင်မြင်မှု၏သော့ချက်ကား ရိုးရိုးကလေးနှင့် ကောင်းစွာပြင်ဆင်ထားသော တင်ဆက်ပုံဖြစ်သည်။
၅ ဧပြီနှင့်မေလအတွင်း “လုပ်ကိုင်စရာများစွာ“ ရှိပါလိမ့်မည်။ နောက်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင်ပါမည့် “သခင်ဘုရား၏လုပ်ငန်းတော်၌ လုပ်ကိုင်စရာများစွာရှိ” ကြားညှပ်အကြောင်းတွင် ထပ်ဆင့်သိသင့်သိအပ်သော အကြောင်းများကို တင်ပြထားပါလိမ့်မည်။—၁ ကော. ၁၅:၅၈။