အခြားသူတို့၏လိုအပ်ရာများနှင့်အညီ မျှဝေခြင်း
၁ ယေဟောဝါသည် သစ္စာရှိသော “ကျွန်” မှတစ်ဆင့် ကျွန်ုပ်တို့၏ဝိညာဏလိုအပ်ရာများကို ဖြည့်စွက်ပေးရန် ပြင်ဆင်ပေးတော်မူသည်။ (မ. ၂၄:၄၅-၄၇) ယင်းပြင်ဆင်ပေးမှုများမှမြောက်မြားစွာသည် စာအုပ်များ၊ ကျမ်းစာအုပ်များ၊ နှစ်ချုပ်စာအုပ်တွဲများ၊ ဗီဒီယိုခွေ၊ ကက်ဆက်ခွေနှင့် ကျမ်းစာသုတေသနပြုရန်အတွက် ကွန်ပျူတာဓာတ်ပြားများအသွင်ဖြင့်ဖြစ်သည်။ ယေဟောဝါထောက်ပံ့ပေးရာများသည် ဆုတ်ယုတ်သွားခြင်းမရှိဘဲ အစဉ်ပင် လုံလုံလောက်လောက်ရှိသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား အချင်းချင်းမျှဝေရန်မျှော်လင့်ပြီး အားလုံး သာတူညီမျှအကျိုးရရှိစေရန် သေချာစေသည်။
၂ ထိုပြင်ဆင်ပေးမှုအားလုံးကို အလွန်မြင့်မားသောငွေကြေးအကုန်အကျဖြင့် လုပ်ဆောင်ပါသည်။ ဤကုန်ကျစရိတ်များကို ကမ္ဘာချီညီအစ်ကိုအသင်းအပင်းက ကြည့်ရှုထောက်ပံ့ပါသည်။ ယင်းသည် ကုန်ကျစရိတ်လုံလောက်စေရန် စေတနာအလျောက်လှူဒါန်းငွေများကို လုံးဝမှီခိုနေရသောအချို့နိုင်ငံများတွင် အဖွဲ့အစည်းက စာပေများကို အခမဲ့ဝေငှသည့်အစီအစဉ်ကို စတင်ခဲ့ချိန်ကတည်းက အထူးသဖြင့်မှန်ကန်သည်။ ထို့အပြင် ညီအစ်ကိုများသည် ပစ္စည်းဥစ္စာအလွန်ပင်ချို့တဲ့ကြသော်ငြား အစည်းအဝေးများနှင့် လယ်ကွင်းလုပ်ငန်းအတွက် သူတို့၏လိုအပ်ရာကိုဖြည့်စွက်ပေးနိုင်ရန် ဌာနခွဲများစွာသည် အသင်းမထံမှ ဤပြင်ဆင်ပေးမှုများကို ရယူကြသည်။
၃ ကျွန်ုပ်တို့ကူညီနိုင်ပုံ– ကျွန်ုပ်တို့သည် အခြားသူများကို “သူတို့၏လိုအပ်ရာများနှင့်အညီ” ဝေငှပေးကမ်းပါဟူသည့် ပေါလု၏မှာကြားချက်ကို တုံ့ ပြန်နိုင်သည်။ (ရော. ၁၂:၁၃) ကျွန်ုပ်တို့သည် ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေးအလှူငွေများပေးသည့်အခါ ကမ္ဘာတစ်ဝန်းရှိကျွန်ုပ်တို့၏ညီအစ်ကိုများကို တိုက်ရိုက်မျှဝေနေခြင်းဖြစ်သည်။ ယင်းအတွက်ရည်စူး၍ အချို့တို့သည် နိုင်ငံတော်ခန်းမကုန်ကျစရိတ်များအတွက် ထည့်ဝင်သကဲ့သို ကမ္ဘာချီလုပ်ငန်းအတွက်ထည့်ဝင်ရန် လစဉ် အတိုင်းအတာတစ်ခု သတ်မှတ်ထားဖို့ စိတ်ပိုင်းဖြတ်ကြသည်။ ဤငွေကြေးများကို စာအုပ်စာတမ်းများထုတ်လုပ်ဖို့အတွက်သာမဟုတ်ဘဲ လုပ်ငန်းတော်၏ကဏ္ဍအားလုံးအတွက် အသုံးပြုသည်ကို သူတို့သိကြသည်။ ဤနည်းဖြင့် များစွာသောသူတို့သည် မှန်မှန်မျှဝေသွားမည်ဆိုပါက ကျွန်ုပ်တို့၏ကမ္ဘာချီညီအစ်ကိုအသင်းအပင်းခံစားရမည့် ကြီးမားသောအကျိုးကို စဉ်းစားကြည့်ပါ။
၄ ထို့အပြင် ကျွန်ုပ်တို့အသင့်ရနိုင်သောပစ္စည်းများ မှာယူသောအခါ အစဉ် ချင့်ချင့်ချိန်ချိန်ရှိခြင်းဖြင့် သူတို့အားမျှဝေနိုင်ပါသည်။ အမှန်တကယ်လိုအပ်သလောက်သာမှာယူခြင်းသည် အခြားနေရာရှိညီအစ်ကိုများကို ဝိညာဏပြင်ဆင်ပေးမှုများရရှိစေသည်။ သူတို့၏ကမ္ဘာ့အစိတ်အပိုင်းတွင်လည်း သတင်းကောင်းဟောပြောခြင်းလုပ်ငန်း ထိရောက်ပြီးတိုးတက်ရန်လိုအပ်သည်။—ဟေဗြဲ ၁၃:၁၆။
၅ အသင်းမ၏ကြီးမားသောကုန်ကျစရိတ်ဖြင့် ထုတ်လုပ်သောပစ္စည်းများမှာယူသောအခါ ယင်းကို ကျွန်ုပ်တို့အထူးသဖြင့်သတိရသင့်သည်။ ယင်းတို့တွင် ဗီဒီယိုခွေ၊ ကွန်ပျူတာဓာတ်ပြား၊ ရည်ညွှန်းချက်စာအုပ်ကြီးများ၊ နှစ်ချုပ်စာအုပ်တွဲများနှင့် အသံသွင်းကက်ဆက်ခွေနှစ်စဉ်ကြေးများပါဝင်သည်။ အိမ်သားတစ်ဦးလျှင် တစ်ခုစီမှာယူမည့်အစား မိသားစုတစ်ခုလုံးသည် တစ်ခုလောက်ကိုသာအသုံးပြုနိုင်သလော။ ကျွန်ုပ်တို့အတွက်မှာယူရာကို ကန့်သတ်ထားပါက ကျွန်ုပ်တို့ရရှိသည့်ကောင်းမွန်သည့်အရာများအတိုင်း အခြားသူများကို တစ်ပုံစံတည်းရရှိသွားစေမည်ဖြစ်သည်။—ဖိ. ၂:၄။
၆ လယ်ကွင်းတွင် ကျွန်ုပ်တို့ဝေငှသောစာအုပ်စာတမ်းများ၏ ကုန်ကျစရိတ်သည် အသင်းမ၏ကမ္ဘာချီလုပ်ငန်းအတွက် နိုင်ငံတော်ခန်းမ၌ ကျွန်ုပ်တို့ပေးသောအလှူငွေနှင့် ယင်းတို့ကိုလက်ခံသောစိတ်ဝင်စားသူတို့ပေးသည့်အလှူငွေများ၏တစ်စိတ်တစ်ပိုင်းနှင့် ကာမိကောင်းကာမိနိုင်သည်။ သို့ရာတွင် သီချင်းစာအုပ်အပါအဝင် နှစ်ချုပ်စာအုပ်၊ အထူးချုပ်ကျမ်းစာအုပ်များစသောစာအုပ်စာတမ်းတို့ကို ကျွန်ုပ်တို့ကိုယ်ပိုင်အသုံးပြုရန် မှာယူသောအခါ အပြင်လူများထံမှ ကျွန်ုပ်တို့၏လိုအပ်ရာများအတွက် ကြည့်ရှုထောက်မရန် မမျှော်လင့်နိုင်ပါ။ ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များသည် ဤငွေကြေးအထောက်အပံ့၏အဓိကရင်းမြစ်ဖြစ်သည်။ ယင်းကိုစွဲမှတ်ထားကာ အကယ်၍စီးပွားဖြစ်ထုတ်လုပ်ပါက ကုန်ကျနိုင်သည့်တန်ဖိုးကို ကြေညာသူများစွာသည် တွက်ချက်ပြီး ပေးကြသည်။ ဥပမာ၊ အနားရွှေရောင်သုတ်အထူးချုပ်ကျမ်းစာတစ်အုပ်သည် ဒေါ်လာ ၂၀ သို့မဟုတ် ထိုထက်ပို၍ကုန်ကျနိုင်သည်၊ ရည်ညွှန်းချက်စာအုပ်သည် ဒေါ်လာ ၄၀ နှင့်အထက်ကုန်ကျနိုင်သည်၊ ရောင်စုံနံရံကပ်ပြက္ခဒိန်ကို အနည်းဆုံး ၅ ဒေါ်လာဖြင့်ရောင်းပေမည်၊ ကွန်ပျူတာဓာတ်ပြားပါစွယ်စုံကျမ်းတစ်ခုသည် ဒေါ်လာ ၅၀ မှ ၁၀၀ အထိ သို့မဟုတ် ထို့ထက်ကုန်ကျသည်၊ သီချင်းဓာတ်ပြားများသည် များသောအားဖြင့် ဒေါ်လာ ၂၀ နီးပါးကုန်ကျပြီး အချို့ဗီဒီယိုခွေများကို ထို့ထက်မကတန်ဖိုးဖြင့်ရောင်းလေ့ရှိသည်။ ကုန်ကျစရိတ်များကိုကာမိရန် အတော်အသင့်ထည့်ဝင်ကြဖို့ပျက်ကွက်ခြင်းသည် နောက်ထပ်ကမ္ဘာချီလုပ်ငန်းတွင် အဖွဲ့အစည်းမှ အခြားလုပ်ဆောင်နိုင်သည့်အရာများကို ရပ်တန့်သွားစေမည်ဖြစ်သည်။
၇ အချင်းချင်းချစ်ခြင်းအားဖြင့် မိမိ၏တပည့်စစ်များကို သိသာစွာခွဲခြားသိမြင်နိုင်မည်ဟု ယေရှုကြေညာခဲ့သည်။ (ယော. ၁၃:၃၄၊ ၃၅) ရုပ်ပစ္စည်းအရပေးကမ်းရာတွင်ရက်ရောမှုရှိခြင်းနှင့် သူတို့၏လိုအပ်ရာများနှင့်အညီအခြားသူတို့ကိုမျှဝေရာတွင် အတ္တစိတ်ကင်းမဲ့ခြင်းက ကျွန်ုပ်တို့သည် အမှန်ပင် ခရစ်ယာန်စစ်များဖြစ်ကြောင်းသက်သေပြရန် နည်းလမ်းကောင်းများဖြစ်သည်။