ရှေ့ဆောင်ခြင်း—ကျွန်ုပ်တို့၏အချိန်ကို ပညာရှိစွာအသုံးပြုခြင်း!
၁ ‘ငါ့မှာလုပ်စရာအများကြီးရှိတယ်! ဒီလိုအချိန်မှာ ရှေ့ဆောင်လုပ်ရင် ငါ့အတွက် တကယ်ပဲပညာရှိရာကျမလား။’ “ရှေ့ဆောင်ဓမ္မအမှုကို မမှိတ်မသုန်ဆက်လုပ်ဆောင်ခြင်း” ဟူ၍ခေါင်းစဉ်ရှိသည့် တိုက်နယ်စည်းဝေးအပိုင်းတစ်ခုကို ရှေ့ဆောင်အကြီးအကဲတစ်ဦးတင်ဆက်သည်ကို နားထောင်ခဲ့စဉ်က ညီအစ်မတစ်ဦးထိုသို့အတွေးဝင်ခဲ့သည်။ ထိုပရိသတ်ထဲရှိ ညီအစ်ကိုငယ်တစ်ဦးသည် ‘သူ ဘယ်လိုများရှေ့ဆောင်နိုင်ပါလိမ့်၊ ငါဟာ အကြီးအကဲတစ်ဦးမဟုတ်ပေမဲ့ ငါ့အသက်တာဟာ အလုပ်နဲ့ပြည့်နှက်နေတယ်!’ ဟူ၍တွေးတောခဲ့သည်။
၂ အကြီးအကဲသည် ရှေ့ဆောင်ခြင်း၏ကောင်းချီးများကို ဆက်ဆွေးနွေးသည့်အခါ ရှေ့ဆောင်နိုင်ရန် မိမိတို့ပြုလုပ်ခဲ့ရသည့်ပြုပြင်ပြောင်းလဲမှုများနှင့် မိမိတို့၏ကြိုးစားမှုကို ယေဟောဝါကြွယ်ဝစွာကောင်းချီးပေးခဲ့ပုံတို့ကို ပြောပြကြသည့် တိုက်နယ်အတွင်းမှ ရှေ့ဆောင်အချို့ကို လူတွေ့မေးမြန်းခဲ့သည်။ တစ်ဦးသည် မသန်မစွမ်းဖြစ်၏၊ တစ်ဦးမှာ မယုံကြည်သူအိမ်ထောင်ဖက်နှင့်နေရ၏၊ နောက်တစ်ဦးမှာ လောကီလုပ်ငန်းကို စွန့်ခဲ့ရသော်လည်း မိမိ၏ဝင်ငွေနှင့်အသက်ရှင်နေထိုင်နိုင်ခဲ့သူတို့ဖြစ်သည်။ ဤရှေ့ဆောင်များသည် ယေဟောဝါ၏ကူညီမစမှုဖြင့် မည်သို့အောင်မြင်နေသည်ကိုကြားရသည့်အခါ ပရိသတ်ထဲရှိ ညီအစ်ကိုညီအစ်မများသည် သူတို့၏စဉ်းစားတွေးခေါ်ပုံနှင့်အခြေအနေများကို ပြန်ဆန်းစစ်ခဲ့ကြသည်။ အထူးသဖြင့် ယခုအခါ ရှေ့ဆောင်များအတွက်တောင်းဆိုသောနာရီကို လျှော့ထားပေးခြင်းက နောက်ထပ်သတင်းကောင်းကြေညာသူများစွာ ပါဝင်စေနိုင်သောကြောင့် ထိုသို့ပြန်ဆန်းစစ်ရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ရခြင်းဖြစ်သည်။
၃ ယေဟောဝါသည် ဖန်ဆင်းရှင်နှင့် စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့အသက်ရှင်ရခြင်းသည် ကိုယ်တော်ကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ (ဒံ. ၄:၁၇; တ. ၁၇:၂၈) ယေဟောဝါသည် အဖွဲ့အစည်းတစ်ခုတည်းကိုသာ အသုံးပြုနေကြောင်း ကျွန်ုပ်တို့ကောင်းစွာသိထားပါသည်။ အဆုံးမတိုင်မီ နိုင်ငံတော်သက်သေခံခြင်း၌ “သစ္စာနှင့်သတိပညာရှိသောကျွန်” ကိုထောက်ကူကာ အဖွဲ့အစည်းနှင့်အတူ သစ္စာရှိရှိအမှုဆောင်ရန်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားကြသည်။ (မ. ၂၄:၄၅၊ သမ; ၂၅:၄၀; ၁ ပေ. ၂:၉) ‘နောက်ဆုံးကာလ’ ၏အဆုံးစွန်ပိုင်းတွင်အသက်ရှင်နေရ၍ ဟောပြောဖို့အချိန်သည် ကုန်လုပြီဖြစ်ကြောင်း ကျွန်ုပ်တို့သဘောပေါက်ကြသည်။ (၂ တိ. ၃:၁) ထိုအတောအတွင်း ကျွန်ုပ်တို့၏မိသားစုများကို ရုပ်ပိုင်းအရထောက်ပံ့ဖို့လိုသည်။ (၁ တိ. ၅:၈) လူတစ်ဦး၏ဝင်ငွေသည် ယခင်ကကဲ့သို့ အသက်မွေးမှုအတွက် လောက်ငပုံမရပါ။ ကျွန်ုပ်တို့၏ကျန်းမာရေးသည် ယခင်ကကဲ့သို့ ကောင်းချင်မှကောင်းမည်။ အမှန်အတိုင်းဆိုရလျှင် ကျွန်ုပ်တို့သည် ကိုယ်တိုင်အသုံးပြုရန် အချိန်အနည်းငယ်နှင့် ဥစ္စာအင်ခွင်အချို့ရရှိလိုကြပါသည်။ (ဒေ. ၃:၁၂၊ ၁၃) ထို့ကြောင့် ရှေ့ဆောင်လုပ်ရန်ဖိတ်ခေါ်ချက်ကို တုံ့ပြန်ခြင်းသည် အမှန်တကယ်ပညာရှိရာကျမကျ ကျွန်ုပ်တို့သိလိုကြပေမည်။
၄ ကျွန်ုပ်တို့၏အခြေအနေများကို အသေအချာဆန်းစစ်ပြီး ရှေ့ဆောင်လုပ်နိုင်မနိုင်ဆုံးဖြတ်ခြင်းသည် တစ်ဦးစီ၏တာဝန်ဖြစ်၏။ (ရော. ၁၄:၁၂; ဂလ. ၆:၅) ရှေ့ဆောင်လုပ်ရန်ဖိတ်ခေါ်ချက်ကို တုံ့ပြန်ခဲ့ကြသူအရေအတွက် တိုးများလာသည်ကိုတွေ့ရခြင်းသည် အားရှိစရာဖြစ်၏။ ဤနောက်ဆုံးကာလ၏ဖိစီးမှုများနှင့် ပြဿနာများရှိသည့်ကြားမှပင် ၁၉၉၉ နှစ်ချုပ်စာအုပ်တွင်ထုတ်ပြန်ကြေညာထားသည့် လုပ်ငန်းတော်မှတ်တမ်းက ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူမျိုး ၇၀၀,၀၀၀ နီးပါးသည် ရှေ့ဆောင်ဓမ္မအမှုတွင် မမှိတ်မသုန်ဆက်လုပ်ဆောင်နေကြောင်း ဖော်ပြသည်။ စီးပွားရေးကျပ်တည်းခြင်း၊ သယ်ယူပို့ဆောင်ရေးမရှိခြင်း၊ ကျန်းမာရေးပြဿနာများခံစားရခြင်းအခြေအနေများအောက် အမှုဆောင်ရသည်ဖြစ်စေ၊ အခြားအခက်အခဲနှင့် ဆင်းရဲဒုက္ခများရင်ဆိုင်ရသည်ဖြစ်စေ ဤညီအစ်ကိုညီအစ်မများသည် ကောင်းမှုများပြုရာတွင် လက်ပန်းမကျကြပါ၊ ယင်းသည် ချီးမွမ်းစရာပင်ဖြစ်၏။ (ဂလ. ၆:၉) မိမိအားစုံစမ်းပါဟူ၍ ယေဟောဝါကမ်းလှမ်းသည်ကို သူတို့လက်ခံခဲ့ကြသည်။ (မာလ. ၃:၁၀) ရှေ့ဆောင်ခြင်းသည် မိမိတို့၏အကန့်အသတ်ရှိသောအချိန်နှင့် ဥစ္စာအင်ခွင်များကို အလွန်ပညာရှိစွာအသုံးပြုခြင်းဖြစ်ကာ ရှေ့ဆောင်လုပ်ငန်းသို့ဝင်ရောက်ရန်နှင့် ဆက်တည်မြဲနေရန် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းအတွက် မိမိတို့အား ယေဟောဝါအမှန်ကောင်းချီးပေးခဲ့သည်ဟု သူတို့ခံစားကြရသည်။
၅ ရှေ့ဆောင်များသည် ကောင်းချီးခံစားရ– အလွန်ငယ်သည့် သမီးကလေးတစ်ဦးရှိသော ကဲန်မရွန်းရှိညီအစ်မတစ်ဦးက ဤသို့ရှင်းပြသည်– “မွေးကတည်းက ကျွန်မသမီးကလေးဟာ ဓမ္မအမှုမှာ ကျွန်မနဲ့အမြဲပါတယ်။ သူလမ်းမလျှောက်တတ်ခင်ကတည်းက အဝတ်အပိုင်းတစ်ခုနဲ့သေသေချာချာသိုင်းပြီး ကျွန်မရဲ့ကျောပေါ်မှာပိုးသွားတယ်။ အမှုဆောင်ထွက်နေတဲ့တစ်မနက်၊ လမ်းဘေးဆိုင်လေးတစ်ဆိုင်မှာ ကျွန်မရပ်လိုက်တယ်။ ကျွန်မသမီးကလေးဟာ ကျွန်မအိတ်ထဲကမဂ္ဂဇင်းအချို့ကိုယူပြီး ကျွန်မဘေးကနေထွက်သွားတယ်။ အနားကဆိုင်ကို တောက်တက်တောက်တက်လျှောက်သွားတယ်။ စကားသိပ်မပြောတတ်ပေမဲ့ အမျိုးသမီးရဲ့အာရုံကိုဆွဲဆောင်ပြီး မဂ္ဂဇင်းတစ်စောင်ကိုပြတယ်။ ဒီလိုမျိုးကလေးလေးက ဒီလုပ်ငန်းမှာပါဝင်တာကိုတွေ့ရတော့ အမျိုးသမီး အတော့်ကိုအံ့သြသွားတယ်။ အမျိုးသမီးဟာ မဂ္ဂဇင်းအပြင် အိမ်တွင်းကျမ်းစာသင်အံမှုကိုပါ လိုလိုလားလားလက်ခံခဲ့တယ်!”
၆ နောက်ထပ်အရန်ရှေ့ဆောင်များအတွက် ဖိတ်ခေါ်ချက်ကိုတုံ့ပြန်ရာတွင် အချိန်ပြည့်လောကီလုပ်ငန်းတစ်ခုရှိသော ဇမ်ဘီယာနိုင်ငံရှိ အကြီးအကဲနှင့်အိမ်ထောင်ဦးစီးဖြစ်သူတစ်ဦးသည် မိမိ၏အချိန်ပြည့်အစီအစဉ်ဇယားရှိသည့်ကြားမှပင် အရန်ရှေ့ဆောင်ဖို့ဆုံးဖြတ်ခဲ့သည်။ သူသည် အသင်းတော်နှင့် သူ၏မိသားစုအတွက် ပုံသက်သေတစ်ရပ်ချမှတ်ပေးလိုသည်။ သူသည် အချို့အချိန်အခါများ၌ လမ်းဘေးတွင်ကားရပ်ပြီး မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်ကက်ဆက်ခွေကိုဖွင့်ကာ လမ်းသွားလမ်းလာများအား အသံကျယ်ကျယ်နှင့်ဖတ်သည့်အရာများကို လာ၍နားထောင်ရန် ဖိတ်ခေါ်သည်။ ဤနည်းဖြင့် သူသည် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ် ၁၆ အုပ်နှင့် အသိပညာစာအုပ် ၁၃ အုပ်ကိုဝေငှနိုင်ပြီး ကျမ်းစာသင်အံမှုနှစ်ခုစခဲ့ရသည်။
၇ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဇင်ဘာဘွေနိုင်ငံတွင်လည်း အလွန်ကောင်းသောရှေ့ဆောင်စိတ်ဓာတ်ကိုတွေ့ရှိရသည်။ ၁၉၉၈ ဧပြီလတွင် ကြေညာသူ ၁၁၇ ယောက်ရှိသည့်အသင်းတော်တစ်ခုသည် အရန်ရှေ့ဆောင် ၇၀ နှင့် မှန်မှန်ရှေ့ဆောင် ၉ ယောက်မှတ်တမ်းသွင်းခဲ့သည်။ ကြေညာသူ ၉၄ ယောက်ရှိသည့် အခြားအသင်းတော်တစ်ခုတွင် အရန်ရှေ့ဆောင်မှတ်တမ်းသွင်းသူ ၅၈ ယောက်ရှိခဲ့သည်။ ကြေညာသူ ၁၂၆ ယောက်ရှိသည့် နောက်အသင်းတော်တစ်ခုမှာမူ မှန်မှန်ရှေ့ဆောင် ၄ ယောက်နှင့်အတူ အရန်ရှေ့ဆောင်ဖို့ ၅၈ ယောက်ဆုံးဖြတ်ခဲ့ကြသည်ဟု မှတ်တမ်းရရှိသည်။ လွန်ခဲ့သည့်လုပ်ငန်းတော်နှစ်က ဇင်ဘာဘွေနိုင်ငံတွင် ထူးခြားမှုတစ်ခုကိုတွေ့ခဲ့ရသည်။ ထိုနိုင်ငံရှိညီအစ်ကိုများသည် မိသားစုရေးရာများ၊ အသင်းတော်လုပ်ငန်းများနှင့် ဌာနခွဲဆောက်လုပ်ရေးတို့နှင့်အလွန်အလုပ်များသော်လည်း ဓမ္မအမှုတွင် သူတို့၏အချိန်ကို ပညာရှိရှိအသုံးပြုရန် အာရုံစိုက်ခဲ့ကြသည်။
၈ ရှေ့ဆောင်လုပ်ငန်းတွင် အစပြုပါဝင်ခြင်းနှင့် စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်းဟူသည် မိမိတို့၏ခွန်အားအပေါ်တွင် မူမတည်ကြောင်း ရှေ့ဆောင်များသဘောပေါက်ကြသည်။ မိမိတို့လုပ်ဆောင်နိုင်သမျှသည် “ထာဝရဘုရားပေးတော်မူသော စွမ်းအားကို အမှီပြု” သောကြောင့်ဖြစ်သည်ဟု သူတို့ဦးစွာဝန်ခံကြသည်။ (၁ ပေ. ၄:၁၁၊ သတင်းကောင်း) သူတို့၏ယုံကြည်ခြင်းသည် သူတို့အား ဓမ္မအမှုကို နေ့စဉ်ရက်ဆက် ဆက်၍ထမ်းဆောင်နိုင်စေသည်။ အောင်မြင်သောရှေ့ဆောင်များသည် မိမိတို့၏အဆင်ပြေမှုနှင့် သက်သောင့်သက်သာရှိမှုကို ရှာကြံမည့်အစား မမှိတ်မသုန်ဆက်လုပ်ဆောင်ဖို့ “ကြိုးစားအားထုတ်” မှုလိုမည်ဖြစ်ကြောင်း၊ သို့သော် ရလဒ်အနေနှင့် ကောင်းချီးမြောက်မြားစွာကို မိမိတို့ခံစားကြရမည်ဖြစ်ကြောင်း သဘောပေါက်ကြသည်။—၁ သက်. ၂:၂၊ သမ။
၉ ပေါလု၏ပုံသက်သေသည် တုပစရာဖြစ်– သမ္မာကျမ်းစာသည် ဓမ္မအမှုတွင် တမန်တော်ပေါလု၏ပြီးမြောက်မှုများနှင့် များစွာသောသူတို့အား သူပေးခဲ့သည့်အလွန်ကောင်းသောအကူအညီကို မှတ်တမ်းတင်ထားသည်။ သို့တိုင် တစ်စုံတစ်ဦးသည် မတန်တဆဝန်ပိနေမည်ဆိုလျှင် ပေါလုလည်းထိုသို့ပင်ဖြစ်ခဲ့သည်။ သူသည် သတင်းကောင်းကိုဟောပြောရန်နှင့် အသင်းတော်များကို အားပေးရန် နှိပ်စက်ညှဉ်းပန်းမှုနှင့် ကိုယ်ကာယနှင့်ဆိုင်သောဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံခဲ့သည်။ သူသည် ကျန်းမာရေးပြဿနာများစွာကိုလည်း သည်းခံခဲ့သည်။ (၂ ကော. ၁၁:၂၁-၂၉; ၁၂:၇-၁၀) မိမိ၏အချိန်ကို ပညာရှိရှိအသုံးပြုဖို့ သူသန္နိဋ္ဌာန်ချခဲ့သည်။ ယေဟောဝါ၏ကူညီမစမှုဖြင့် မိမိ၏လုပ်ငန်းအားလုံးကို လုပ်ဆောင်ခဲ့သည်ဟု သူအသိအမှတ်ပြုသည်။ (ဖိ. ၄:၁၃) ပေါလုကူညီခဲ့သူတစ်ဦး၌မျှ ယေဟောဝါ၏လုပ်ငန်းတော်တွင် သူ၏အချိန်နှင့်အားစိုက်ထုတ်မှုများသည် အချည်းနှီးဖြစ်သွားသည် သို့မဟုတ် ယင်းတို့ကို သာ၍ကောင်းသောနည်းဖြင့် အသုံးပြုနိုင်သည်ဟူ၍ ကောက်ချက်ချရန်အကြောင်း ရှိမည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် အချိန်ကိုပညာရှိရှိ ပေါလုအသုံးပြုခြင်းမှ ယနေ့ထိတိုင် အကျိုးခံစားနေရပါသည်တကား! ဤခက်ခဲသောအချိန်တွင် ကျွန်ုပ်တို့၏ဦးစားပေးမှုများကို ရွေးထုတ်တတ်ရန်နှင့် သမ္မာတရားတွင်ခိုင်မြဲရန် ကူညီပေးသည့် သူ၏မှုတ်သွင်းခံသြဝါဒကို ကျွန်ုပ်တို့အလွန်တန်ဖိုးထားကြပါသည်!
၁၀ ယခုအခါ တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ‘သတင်းကောင်းကိုဟောပြောရန် ကျန်ရှိသောအချိန်သည် တိုတောင်းနေပြီ’ ဖြစ်သည်။ (၁ ကော. ၇:၂၉၊ သမ္မာ; မ. ၂၄:၁၄) ထို့ကြောင့် ‘ငါ့ရဲ့အသက်တာဟာ မမျှော်လင့်ဘဲ မနက်ဖန်မှာကုန်ဆုံးသွားရင် ကျွန်တော့်ရဲ့အချိန်ကို ပညာရှိရှိအသုံးပြုခဲ့ပါတယ်လို့ ယေဟောဝါကို ဒီကနေ့ငါပြောနိုင်မလား’ ဟူ၍ မိမိတို့ကိုယ်ကိုမေးခြင်းသည် လျော်ကန်၏။ (ယာ. ၄:၁၄) ကိုယ်တော်၏သက်သေတစ်ဦးအနေနှင့် သင့်အချိန်ကို ပညာရှိရှိအသုံးပြုလိုသည့်ဆန္ဒကို ကိုယ်တော်အားစိတ်ချစေရန် ယခုဆုတောင်းရာတွင် ယေဟောဝါအားပြောပါလေ။ (ဆာ. ၉၀:၁၂) သင့်အသက်တာကိုရိုးရှင်းစေရန် ယေဟောဝါ၏အကူအညီရဖို့ ဆုတောင်းပါ။ ယခင်က သင် မလုပ်နိုင်ဟုဆုံးဖြတ်ခဲ့သော်လည်း ရှေ့ဆောင်လုပ်ငန်းသည် သင့်အသက်တာနှင့်အံဝင်ခွင်ကျဖြစ်ကြောင်း ယခု သင်တွေ့ရှိနိုင်သလော။
၁၁ သင့်အခြေအနေများကို အစွမ်းကုန်အသုံးချပါ– အခြေအနေအရပ်ရပ်ကြောင့် ရှေ့ဆောင်လုပ်ရန်ဆန္ဒရှိသူတိုင်းသည် မှန်မှန်ရှေ့ဆောင်များအနေနှင့်အမှုဆောင်ရန် တစ်လနာရီ ၇၀ ရအောင် စီစဉ်နိုင်မည်မဟုတ်ကြောင်း နားလည်နိုင်ပေသည်။ သို့ရာတွင် ကြေညာသူများစွာသည် တတ်နိုင်သရွေ့ သို့မဟုတ် ဆက်တိုက် အရန်ရှေ့ဆောင်များအနေနှင့် ဓမ္မအမှုတွင် တစ်လနာရီ ၅၀ အချိန်ပေးရန်စီစဉ်ကြသည်။ သင့်အခြေအနေသည် လောလောဆယ် အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်မလုပ်နိုင်လျှင် စိတ်ဓာတ်မကျပါနှင့်။ သင့်အခြေအနေများပြောင်းလဲရန် ဆက်၍ဆုတောင်းပါ။ ထိုအတောအတွင်း ပြုပြင်ပြောင်းလဲမှုများသည် လုံးဝမဖြစ်နိုင်ပါက လုပ်ငန်းတော်တွင် စိုးလ်အကြွင်းမဲ့ဖြင့် သင်လုပ်ဆောင်နိုင်သမျှကို ယေဟောဝါနှစ်သက်တော်မူကြောင်း သိရှိရခြင်းမှနှစ်သိမ့်မှုရယူပါ။ (မ. ၁၃:၂၃) သင်သည် ကိုယ်တော့်ဘက်တွင် ခိုင်မြဲစွာရပ်တည်နေကြောင်း၊ သက်သေခံရန်အခွင့်အရေးများကို လက်လွတ်ခံခြင်းဖြင့် လတစ်လကိုကုန်ဆုံးသွားစေရန် ဘယ်သောအခါမျှခွင့်မပြုသည့် သစ္စာရှိသောကြေညာသူတစ်ဦးအဖြစ် အင်တိုက်အားတိုက်ကြိုးစားနေကြောင်း ကိုယ်တော်သတိပြုမိပါသည်။ သင်သည် သတင်းကောင်းဆိုင်ရာဟောပြောသူနှင့်သွန်သင်သူတစ်ဦးအဖြစ် ထူးချွန်ရန်လုပ်ဆောင်ကာ သင့်သက်သေခံခြင်းစွမ်းရည်များကို ထက်မြက်စေခြင်းဖြင့် တိုးတက်ကောင်းတိုးတက်နိုင်ပါသည်။—၁ တိ. ၄:၁၆။
၁၂ ‘ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့ကြီး’ သည် အလွန်နီးကပ်လာရာ ကျွန်ုပ်တို့သည် မိမိတို့အား ပေးအပ်ထားသည့်လုပ်ငန်းကိုပြီးဆုံးလိုပါက ကျန်ရှိသောအချိန်ကို ပညာရှိရှိအသုံးပြုဖို့လိုသည်။ (ယောလ ၂:၃၁) စာတန်သည် မိမိ၏အချိန်ကာလ တစ်ခဏသာရှိသည်ကိုသိ၍ တစ်ချိန်တစ်ခါနှင့်မျှမတူအောင် ကျွန်ုပ်တို့၏အသက်တာများကို ခက်ခဲရှုပ်ထွေးစေရန်၊ အမှန်တကယ်အရေးကြီးရာများအပေါ် အာရုံစိုက်ဖို့ခက်စေရန် သူ၏အစွမ်းတန်ခိုးဖြင့်ကြိုးစားနေပါသည်။ (ဖိ. ၁:၁၁; ဗျာ. ၁၂:၁၂) သင့်အပေါ် ဘုရားသခင်၏စိတ်ဝင်စားမှုကို ဘယ်သောအခါမျှလျှော့မတွက်ပါနှင့်။ ယေဟောဝါသည် သင့်အသက်တာကိုရိုးရှင်းစေကာ ဓမ္မအမှုတွင် သင့်အစွမ်းရှိသမျှဖြင့်လုပ်ဆောင်နိုင်ရန် ကူညီပေးနိုင်ပါသည်။ (ဆာ. ၁၄၅:၁၆) ဝမ်းသာစရာမှာ များစွာသောသူတို့သည် မိမိတို့၏အခြေအနေများကို ပြန်ဆန်းစစ်ခြင်းဖြင့် အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်အုပ်စုများတွင်ပါဝင်နိုင်ကြောင်း တွေ့ရှိကြခြင်းပင်ဖြစ်သည်။ မှန်ပါသည်၊ ရှေ့ဆောင်များသည် မိမိတို့၏အချိန်ကို ပညာရှိရှိအသုံးပြုခြင်းဖြင့် အလွန်အားရကျေနပ်မှုရရှိကြသည်။ သင်သည် သူတို့ထဲမှတစ်ဦးဖြစ်မည်လော။