အဆုံးနီးလာသည်နှင့်အမျှသက်သေခံခြင်းအရှိန်အဟုန်ကိုတိုးမြှင့်ခြင်း
၁ ရိတ်သိမ်းရာကာလသည် ပျော်ရွှင်ဖွယ်အခါသမယတစ်ခုဖြစ်၏။ ကြိုးစားပမ်းစားလုပ်ဆောင်ရသောအခါသမယလည်းဖြစ်၏။ ကောက်ပဲသီးနှံများကိုစုသိမ်းရန် ကန့်သတ်ထားသောအချိန်တစ်ခုတည်းသာရှိသည်။ လုပ်သားများသည် မိမိတို့၏အလုပ်တွင် ဖင့်နွှဲဆိုင်းတွမနေရပါ။
၂ ယေရှုသည် ပုံဆောင်စကားဖြင့် “အစီအစဉ်စနစ်၏ဆုံးခန်း” ကိုရိတ်သိမ်းချိန်နှင့်နှိုင်းယှဉ်ခဲ့သည်။ (မ. ၁၃:၃၉၊ ကဘ) ကျွန်ုပ်တို့သည် “လူနေရာမြေတစ်ပြင်လုံးတွင်” သက်သေခံရန်အတွက် ကန့်သတ်ထားသောအချိန်နှင့်အတူ ဤအစီအစဉ်စနစ်၏ဆုံးခန်းတွင် အသက်ရှင်နေကြသည်။ (မ. ၂၄:၁၄၊ ကဘ) အဆုံးနီးကပ်လာသည်နှင့်အမျှ ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ပါဝင်မှုကိုတိုးမြှင့်ရန်လိုအပ်သည်။ အဘယ်ကြောင့်နည်း။ ယေရှုက “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏” ဟုရှင်းပြခဲ့သည်။—မ. ၉:၃၇၊ ၃၈; ရော. ၁၂:၁၁။
၃ ထိုအမှုကိုအရေးတကြီးပြုလော့– ယေရှုသည် ထူးမြတ်သောဟောပြောခြင်းလုပ်ငန်းကိုစတင်ခဲ့ချိန်တွင် လုပ်ဆောင်ရန် သူ့အားပေးအပ်ထားသည့်အရာကိုပြီးမြှောက်ရန် သုံးနှစ်ခွဲသာအချိန်ရခဲ့သည်။ ကိုယ်တော်သည် အရေးတကြီးသဘောထားဖြင့် ဟောပြောခဲ့သည်၊ ကိုယ်တော် ဤသို့ဆို၏– “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို . . . ငါဟောပြောရမည်။ ထိုသို့အလိုငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်။”—လု. ၄:၄၃၊ ၄၄။
၄ ယေရှုသည် မိမိ၏တပည့်တော်များတွင် ထပ်တူအရေးတကြီးသဘောထားကို သွတ်သွင်းပေးခဲ့သည်။ (မာ. ၁၃:၃၂-၃၇) ယင်းကြောင့် “ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ်ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” (တ. ၅:၄၂) အရေးမကြီးလှသည့်လုပ်ဆောင်မှုများကို သူတို့၏အသက်တာတွင် ဦးစားမပေးခဲ့ကြပါ။ သူတို့သည် အရေအတွက်အားဖြင့် နည်းနေသော်လည်း “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား” သတင်းကောင်းဟောပြောရာတွင် အောင်မြင်ခဲ့ကြသည်။—ကော. ၁:၂၃။
၅ “ခပ်သိမ်းသောအမှုအရာများ၏အဆုံးသည် ရောက်လုနီးပြီ” ဖြစ်သောကြောင့် ထပ်တူအရေးတကြီးသဘောထားကို ယခုပျိုးထောင်ရန် ကျွန်ုပ်တို့အတွက် သာ၍ပင်ခိုင်လုံသောအကြောင်းရင်းရှိပါသည်။ (၁ ပေ. ၄:၇၊ ကဘ) ဤအစီအစဉ်စနစ်၏အဆုံးအတွက် နေ့နှင့်အချိန်နာရီကို ယေဟောဝါသတ်မှတ်ထားပြီးဖြစ်သည်။ (မ. ၂၄:၃၆) ဟောပြောခြင်းလုပ်ငန်းသည် ကျန်ကြွင်းသည့်အချိန်တွင် ပြီးဆုံးမည်ဖြစ်သည်။ ယင်းကြောင့် ကျွန်ုပ်တို့သည် လူများများထံ သတင်းကောင်းရောက်ရှိရန် မိမိတို့၏ကြိုးစားမှုအရှိန်အဟုန်ကို ဆက်၍တိုးမြှင့်ကြခြင်းဖြစ်သည်။
၆ အဆုံးနီးကပ်လာသည်နှင့်အမျှ သက်သေခံခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့၏ပါဝင်မှုကို တိုးမြှင့်ခြင်းဖြင့် ယေရှုပြောခဲ့သကဲ့သို့ ‘အကျွန်ုပ်တို့ဆောင်ရွက်စရာဖို့ အကျွန်ုပ်တို့၌အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်တို့ဆောင်ရွက်၍ပြီးပါပြီ’ ဟုယေဟောဝါကိုပြောဆိုရခြင်းမှ ကျေနပ်မှုခံစားရမည်ဖြစ်သည်။—ယော. ၁၇:၄။