အစည်းအဝေးများမှ ရွှင်လန်းမှုပိုမိုရရှိနိုင်ပုံ
၁ အစည်းအဝေးများသည် ကျွန်ုပ်တို့၏ဝိညာဏကောင်းစားရေးအတွက် အရေးပါ၏။ ၎င်းတို့မှကျွန်ုပ်တို့ရရှိသောရွှင်လန်းမှုသည် အစည်းအဝေးများမတိုင်မီ၊ အတောအတွင်းနှင့် ပြီးသည့်နောက်တွင် ကျွန်ုပ်တို့လုပ်ဆောင်သည့်အရာနှင့် တိုက်ရိုက်ဆက်စပ်သည်။ အစည်းအဝေးများတက်ရောက်ရာတွင် ရွှင်လန်းမှုများများရရှိစေရန် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများကို မည်သို့ကူညီပေးနိုင်သနည်း။
၂ အစည်းအဝေးများမတိုင်မီ– ပြင်ဆင်မှုသည် အစည်းအဝေးများမှ ကျွန်ုပ်တို့ရရှိသည့်ရွှင်လန်းမှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။ ကျွန်ုပ်တို့သည် ကောင်းစွာပြင်ဆင်ကြသောအခါ အာရုံစိုက်ရန်နှင့်ပါဝင်ရန် ပို၍စိတ်ပါလာသည်။ ထို့အပြင် ကျွန်ုပ်တို့ရရှိသည့် မည်သည့်အစည်းအဝေးတာဝန်ကိုမဆို ညွှန်ကြားချက်များနှင့်အညီ အချက်အလက်များအား တိကျစွာတင်ပြရန်နှင့် ပရိသတ်စိတ်ဝင်စားမှုကိုရရှိရန်ဟူသော ဦးတည်ချက်တို့ဖြင့် ကောင်းစွာပြင်ဆင်သင့်သည်။ စေ့စပ်စွာ အစမ်းလေ့ကျင့်သင့်သည်။ ယောက်တိုင်းအတွက်အကျိုးရှိသည့် တက်ကြွမှုရှိသော၊ တည်ဆောက်မှုပေးသောအစည်းအဝေးများဖြစ်စေသောအခါ ကျွန်ုပ်တို့ကိုယ်တိုင်၏တိုးတက်မှုသည် ထင်ရှားလာကာ သာ၍ကြီးမားသောရွှင်လန်းမှုကိုရရှိသည်။—၁ တိ. ၄:၁၅၊ ၁၆။
၃ အစည်းအဝေးများအတွင်း– အစည်းအဝေးများတွင်အဖြေပေးခြင်းသည် ၎င်းတို့၌ပို၍ပျော်မွေ့ရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်၏။ ပရိသတ်ပါဝင်ဖို့တောင်းဆိုသည့်အပိုင်းများကို အသင်းတော်ရှိယောက်တိုင်းအတွက် ကိုယ်ပိုင်တာဝန်များအဖြစ် ယူမှတ်သင့်၏။ တိုတိုနှင့် လိုရင်းသို့ရောက်သောအဖြေများသည် အထိရောက်ဆုံးဖြစ်လေ့ရှိသည်။ တည်ဆောက်မှုပေးသောတွေ့ကြုံမှုများကို အကျဉ်းချုံးတင်ပြခြင်းသည် အလွန်အားရှိစေပြီး ခွန်အားတိုးပွားစေနိုင်ရာ အစီအစဉ်ကတောင်းဆိုသည့်အခါတိုင်း ယင်းတို့ကိုထည့်သွင်းတင်ပြရန် နိုးကြားနေသင့်၏။ (သု. ၁၅:၂၃; တ. ၁၅:၃) အစည်းအဝေးတွင် အပိုင်းတစ်ခုကိုတင်ပြသောအခါ ယင်းကို စိတ်ဝင်စားစရာကောင်းပြီး အရှိအတိုင်းဖြစ်စေကာ လက်တွေ့ကျစေလျက် အားတက်သရောနှင့် ယုံကြည်မှုတို့ဖြင့်ပြောသင့်သည်။
၄ အစည်းအဝေးများပြီးနောက်– ကြင်နာသည့်စကားတစ်ခွန်း၊ ဖော်ရွေသည့်နှုတ်ဆက်စကားတစ်ခွန်းနှင့် အစည်းအဝေးများတွင်သုံးသပ်ခဲ့သည့် အဓိကအချက်အနည်းငယ်တို့ကို အခြားသူများအားဝေမျှခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် အကျိုးရှိစေပါမည်။ လူငယ်၊ လူကြီးနှင့် လူသစ်များပါဝင်ကြသည်ကိုမြင်ရ၍ ကျွန်ုပ်တို့ရွှင်လန်းကြောင်းကို ဖွင့်ဟဖော်ပြခြင်းသည် ညီအစ်ကိုအသင်းအပင်း၏မေတ္တာကို နက်ရှိုင်းစေသည်။ အစည်းအဝေးပျက်သူအချို့ကို အပြစ်တင်ပြောဆိုမည့်အစား တက်ရောက်ခြင်းမှရရှိသည့် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို သူတို့အား ဝေမျှခြင်းအားဖြင့် တက်ရောက်ရန် အားပေးသင့်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
၅ အပြန်အလှန်အားပေးမှုရရှိရန်အတွက် မရှိမဖြစ်လိုအပ်သော ဤပြင်ဆင်ပေးချက်ကို လက်လွတ်မခံကြစို့နှင့်။ (ရော. ၁:၁၁၊ ၁၂) ကျွန်ုပ်တို့အားလုံးသည် အသိစိတ်ရှိရှိ အတတ်နိုင်ဆုံးကြိုးစားအားထုတ်ခြင်းဖြင့် ခရစ်ယာန်အစည်းအဝေးများတက်ရောက်ရာတွင် ရွှင်လန်းမှုကို ထိန်းသိမ်းထားနိုင်ပါသည်။