ယေဟောဝါ၏နာမတော်ကိုမြေတစ်ပြင်လုံးတွင် ထင်ရှားစေခြင်း
၁ ယေရှုသည် မိမိ၏တပည့်များအား “မြေကြီးစွန်းတိုင်အောင်” သက်သေများဖြစ်ရန် တာဝန်အပ်နှင်းခဲ့ချိန်တွင် သူတို့လိုက်လျှောက်ရန်အတွက် ပုံသက်သေကိုချမှတ်နှင့်ခဲ့ပြီးဖြစ်သည်။ (တ. ၁:၈) ကိုယ်တော်သည် လူတို့ကိုတွေ့သည့်အချိန်တိုင်းနှင့် နေရာတိုင်းတွင် လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို ဟောပြောခဲ့သည်။ ယေရှုကိုတုပသောအားဖြင့် သစ္စာရှိကျေးကျွန်အတန်းအစားသည် ယေဟောဝါ၏နာမတော်ကို “မြေတစ်ပြင်လုံး၌ထင်ရှား” စေရန် နည်းအမျိုးမျိုးကိုအသုံးပြုနေပါသည်။—ဟေရှာ. ၁၂:၄၊ ၅။
၂ ယခင်အချိန်ကလုပ်ဆောင်ခဲ့သည့်အရာ– လွန်လေပြီးသောနှစ်များက အားလုံးထံ သတင်းကောင်းကိုဟောပြောရန်—ဟောပြောချက်များကို သတင်းစာတွင်ကြေညာခဲ့သည်; “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုထုတ်လုပ်ကာ သန်းပေါင်းများစွာတို့အား ပြသခဲ့သည်; အသံချဲ့စက်ပါသောကားများကို အသုံးပြုခဲ့ကြသည်; ဓာတ်စက်ကို ကျယ်ပြန့်စွာအသုံးပြုခဲ့ကြသည့်အပြင် ရေဒီယိုကိုလည်း အချိန်အတန်ကြာအသုံးပြုခဲ့ကြသည်။ မှန်ပါသည်၊ တွေ့ခဲ့ရသည့်စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးနိုင်ရန် လူတို့နှင့်ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံမှုပြုခြင်းအပေါ် အမြဲတစေ အဓိကထားအလေးပေးခဲ့သည်။ သို့ဖြစ်ရကား တစ်အိမ်မှတစ်အိမ်ဓမ္မအမှုသည် နေရာအနှံ့တွင် ယေဟောဝါ၏နာမတော်ကိုထင်ရှားစေရန် အလွန်ထိရောက်သောနည်းဖြစ်ကြောင်း သက်သေထူခဲ့သည်။—တ. ၅:၄၂။
၃ ကျွန်ုပ်တို့၏အချိန်တွင်လုပ်ဆောင်နေသည့်အရာ– ပြောင်းလဲနေသောအချိန်ကာလနှင့်အတူ လောကသည် မနားတမ်းရွေ့လျားနေကာ နေရာများစွာတွင် လူတို့ကို အိမ်၌တွေ့ရခဲသည်။ ဝိညာဉ်ရေးရာများကို ဖတ်ရှုဆင်ခြင်သုံးသပ်ဖို့ အချိန်ပေးလိုသူမရှိသလောက်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ဓမ္မအမှုကို ၎င်းနှင့်အညီပြုပြင်ပြောင်းလဲရမည်။ တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းကို ဆက်၍လုပ်ဆောင်နေရမည့်အပြင် လူတို့ရှိသည့်နေရာသို့သွားရန်နှင့် ကျွန်ုပ်တို့၌ရှိသည့်မျှော်လင့်ချက်အတွက် ခုခံချေပဖို့ “အသင့်ရှိနေကြ” ရန်အားပေးခံခဲ့ကြရပြီ။ (၁ ပေ. ၃:၁၅) ယင်းက အလုပ်ဖော်များ၊ ကျောင်းနေဖက်များ၊ လမ်းပေါ်နှင့် ပန်းခြံ သို့မဟုတ် ကားရပ်ရန်နေရာ၊ တစ်ဆိုင်မှတစ်ဆိုင်နှင့် လူတို့ကိုတွေ့နိုင်သည့် အခြားမည်သည့်နေရာ၌မဆို တွေ့ရသောလူများအား ဟောပြောရန်ကြိုးစားရမည်ကိုဆိုလိုသည်။ ယေဟောဝါ၏ထောက်မမှုကိုရရှိခြင်းဖြင့် ကျွန်ုပ်တို့၏ကြိုးစားမှုများမှာ အောင်မြင်မှုကောင်းရရှိပါသည်။ နေရာတိုင်းရှိလူတို့ထံရောက်ရှိရန် သင်ပါဝင်လုပ်ဆောင်နေသလော။
၄ ကျွန်ုပ်တို့၏ရပ်ကွက်တွင် ယေဟောဝါ၏နာမတော်ကိုထင်ရှားစေရန် တစ်ဦးစီ ဖြစ်နိုင်သမျှနည်းဖြင့် ကြိုးစားလုပ်ဆောင်ကြစို့။ ကျွန်ုပ်တို့သည် နှလုံးရိုးဖြောင့်သူများအားဆွဲဆောင်ရန် ယေဟောဝါကိုမျှော်ကိုးကြစဉ် ကျွန်ုပ်တို့၏ဓမ္မအမှုကို ပြည့်ဝစွာပြီးမြောက်စေရာ၌ ကျေနပ်မှုများစွာရရှိနိုင်ပါသည်။—ယော. ၆:၄၄။