ထိုနေရာတွင် သင် ရှိနေမည်လော
၁ တစ်ခါက သက်တမ်းကြာသက်သေခံတစ်ဦး ဤသို့ပြောခဲ့သည်– “စည်းဝေးကြီးရဲ့ပထမနေ့ကိုလွတ်သွားရင် အများကြီးလွတ်သွားတဲ့အတိုင်းပဲ။” အဘယ်ကြောင့် သူ ထိုသို့ခံစားခဲ့ရသနည်း။ အကြောင်းမှာ ပထမနေ့သည် ကျွန်ုပ်တို့အတွက် ယေဟောဝါ၏အဖွဲ့အစည်းပြင်ဆင်ပေးထားသော ကြွယ်ဝသည့်ဝိညာဏစားပွဲကြီး၏အစဖြစ်သောကြောင့်ပင်။ (ဟေရှာ. ၂၅:၆) အစပြုကတည်းက ထိုတွင်ကျွန်ုပ်တို့ရှိနေခြင်းသည် ဆာလံဆရာနှင့် ကျွန်ုပ်တို့သဘောချင်းတိုက်ဆိုင်ကြောင်းပြသသည်– “‘ငါတို့သည် ထာဝရဘုရား၏အိမ်တော်သို့ သွားကြကုန်အံ့’ ဟုသူတစ်ပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။”—ဆာ. ၁၂၂:၁။
၂ သို့သော် လွန်ခဲ့သည့်နှစ် “ဘုရားသခင့်ပရောဖက်ပြုချက်စကားတော်” ခရိုင်စည်းဝေးကြီးအချို့တွင် သောကြာနေ့၌တက်ရောက်သည့်ဦးရေသည် စနေနှင့်တနင်္ဂနွေထက် အလွန်နည်းသည်။ ယင်းက ကျွန်ုပ်တို့၏ညီအစ်ကိုများစွာသည် ပရောဖက်ပြုချက်စကားနှင့်ပတ်သက်၍ အရေးကြီးသည့်အကြောင်းအရာတင်ဆက်ခဲ့သည့် စည်းဝေးကြီးအပိုင်းများကို မကြားရဘဲလက်လွတ်ဆုံးရှုံးခဲ့ရသည်ကို ဆိုလိုသည်။ ယုံကြည်သူချင်းများနှင့် ပျော်ရွှင်ဖွယ်ပေါင်းသင်းမှုကိုလည်း သူတို့ဆုံးရှုံးခဲ့ရသည်။
၃ လောကီလုပ်ငန်းကြောင့်အပျက်မခံပါနှင့်– အချို့သူတို့ သောကြာနေ့တွင်မတက်ခဲ့ကြခြင်းမှာ အလုပ်ကိုထိခိုက်မည်စိုး၍ဖြစ်နိုင်သည်။ သို့သော် သက်သေခံများစွာသည် ကြိုတင်၍ကောင်းစွာခွင့်တောင်းထားလျှင် အလုပ်ရှင်များက ဤကိစ္စတွင် မိမိတို့နှင့်ပူးပေါင်းလိုကြကြောင်းကို တွေ့ရှိခဲ့ကြသည်။ အသင်းတော်စည်းဝေးများနှင့် အစည်းအဝေးများအားလုံးကို တက်ရောက်ရန်ဟူသော ရှေ့ဆောင်ညီအစ်မတစ်ဦး၏ခိုင်မာသောသန္နိဋ္ဌာန်ကြောင့် အလွန်စွဲမှတ်သွားခဲ့သည့် အလုပ်ရှင်တစ်ဦးသည် စည်းဝေးကြီးကို တစ်ရက်လုံးလုံးတက်ရောက်ခဲ့သည်!
၄ သင့်အလုပ်ရှင်သည် သင့်ကိုခွင့်ပေးလိုမည်မဟုတ်ဟူ၍လည်းကောင်း၊ စည်းဝေးကြီးတစ်ရက်လွတ်သွားခြင်းသည် အရေးကြီးမည်မဟုတ်ဟူ၍လည်းကောင်း မယူဆသင့်ပေ။ လှိုက်လှဲသောခံယူချက်ဖြင့် သင့်အလုပ်ရှင်အား စည်းဝေးကြီးကိုတက်ရောက်ခြင်းသည် သင့်ဝတ်ပြုရေး၏အရေးကြီးသောအစိတ်အပိုင်းတစ်ခု အဘယ်ကြောင့်ဖြစ်ကြောင်းကို ကျမ်းစာဖြင့်လိမ္မာပါးနပ်စွာပြောပြရန် ပြင်ဆင်ပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့နောက် သင့်အသက်တာတွင် ဝိညာဏလိုအပ်ရာများကို အရေးကြီးဆုံးဖြစ်စေမည်ဆိုလျှင် ရုပ်ပိုင်းအရ သင်လိုအပ်သည့်အရာမှန်သမျှကို စီမံပေးမည်ဖြစ်ကြောင်းအသိအမှတ်ပြုလျက် ယေဟောဝါ၏ကတိတော်များကို အပြည့်အဝယုံကြည်စိတ်ချပါ။—မ. ၆:၃၃; ဟေဗြဲ ၁၃:၅၊ ၆။
၅ အဓိကသော့ချက်မှာ “သာ၍အရေးကြီးသောအရာများ” ကိုတန်ဖိုးထားလေးမြတ်ခြင်းဖြစ်သည်။ (ဖိ. ၁:၁၀၊ ၁၁၊ ကဘ; ဆာ. ၂၇:၄) ယင်းက ကျွန်ုပ်တို့အား ယေဟောဝါထံတော်မှလာသော ဤအရေးပါသည့်ပြင်ဆင်ပေးမှုမှ အကျိုးအပြည့်အဝရရှိရန် အစီအစဉ်များပြုလုပ်ဖို့လှုံ့ဆော်ပေးသည်။ ယခုပင် သင်၏တိကျသောအစီအစဉ်များကို စတင်ပြုလုပ်ပါ၊ သုံးရက်စလုံး ထိုနေရာတွင် သင် ရှိနေမည်ဟု သန္နိဋ္ဌာန်ချပါ!